News @ M-Media
Blog
  • ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့
    ရာသီဥတုပြောင်းလဲမှုကိုပင် မိမိအား အပြစ်တင်ကြမည်ဟု ဘလတ္တာ ခနဲ့
    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media
    fifa
    – အခြားသူများ၏ ကျရှုံးမှုများအတွက် မိမိမှာ ဓားစားခံဖြစ်နေရပြီး ကမ္ဘာကြီးပူနွေးလာမှုအတွက်ပင် မိမိမှာ အပြစ်တင်ခံရလိ့မ်မည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ထေ့ငေါ့ ပြောကြားလိုက်သည်။
    အဖွဲ့အတွင်း ချစားမှုပြဿနာများဖြင့် ရှုပ်ထွေးနေသော်လည်း ငါးကြိမ်မြောက် ဥက္ကဌအဖြစ် မေလက ရွေးချယ်ခြင်းခံခဲ့ရသည့် ဘလတ္တာမှာ လေးရက်အကြာတွင်ပင် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။
    ဖီဖာရှိ အကြီးတန်းအရာရှိအချို့မှာ ချစားမှု၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးခြင်း၊ စုံစမ်းစစ်ဆေးခြင်း ခံနေရသော်လည်း ဘလတ္တာမှာ ပါဝင်ခြင်းမရှိသောကြောင့် အချို့က ဝေဖန်မှုများ ရှိနေပြီး ဘလတ္တာကမူ ထိုသို့ဝေဖန်မှုများက မိမိအား မမျှမတ မလိုမုန်းထားခြင်းဖြစ်ကာ ဖီဖာမှ ၀န်ထမ်းတစ်ဦးချင်းဆီတိုင်း၏ လုပ်ရပ်အတွက် မိမိမှာ တာဝန်မယူနိုင်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော် အားလုံးကို လိုက်ကြည့်နေတာ မဟုတ်ပါဘူး။ မကြာခင်က ကမ္ဘာ့ဖလားမှာ အင်္ဂလိပ် အမျိုးသမီးကစားသမား ကိုယ့်ဂိုးကိုယ်သွင်းတာ၊ အဲဒါတွေအားလုံးကို ကျွန်တော် တာဝန်ယူရမှာလား။ ရာသီဥတုပြောင်းလဲတာကိုရော ကျွန်တော် တာဝန်ယူရမှာလား” ဟု Reuters သို့ ဘလတ္တာက ပြောကြားခဲ့သည်။
    လူများက ၎င်းအပေါ် မနာလိုဝန်တိုမှု ထားရှိနေသည်ဟု ဘလတ္တာက ထင်မြင်ယူဆနေသည်။
    “အားကျမှုဟာ နှစ်နဲ့ချီအောင်းနေတာပါ။ အဲဒီ အားကျမှုက မနာလိုဝန်တိုမှုကို အခိုင်အမာ ဖြစ်စေပါတယ်။ ပြီးတော့ မနာလိုမှုက ချစ်ခြင်းမေတ္တာမှာ သွားပြီး အမြစ်တည်ပါတယ်။ ဒါက အမုန်းကို ပြောင်းသွားနိုင်ပြီး ကျွန်တော်တို့ ကွန်ဂရက်မလုပ်ခင် ၂ ရက်အရင်က ၀ရုန်းသုန်းကားဖြစ်လာတဲ့အခါ ပေါ်လာတော့တာပါပဲ”
    FBI မှာ ဖီဖာမှ တာဝန်ရှိသူ ၁၄ ဦးကို ၁၉၉၁ ခုနှစ်မှ စတင်ခဲ့သည့် ချစားမှုစွဲချက်များဖြင့် ဖမ်းဆီးထားပြီး ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    Ref: Goal
  • အမေရိကန် မွတ်စလင်ပရဟိတအဖွဲ့ အရီဇိုနားရှိ ချို့တဲ့သူများအား အစားအသောက်များ လှူဒါန်း
    အမေရိကန် မွတ်စလင်ပရဟိတအဖွဲ့ အရီဇိုနားရှိ ချို့တဲ့သူများအား အစားအသောက်များ လှူဒါန်း
    ဇူလိုင် ၁၀၊ ၂၀၁၅
    M-Media
    us
    – နိုင်ငံတစ်ဝှမ်း မြို့ပေါင်း ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရမ်ဇာန်ပရဟိတ အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် အမေရိကန်ရှိ ထိပ်တန်း အစ္စလာမ့် ပရဟိတအဖွဲ့ဖြစ်သော Islamic Relief USA မှာ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ချို့တဲ့သူများအတွက် အစားအသောက်များ လှူဒါန်းခဲ့သည်ဟု သိရသည်။
    “ဒီလရဲ့ နာမ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုက ဘ၀တိုက်ပွဲဝင်နေရတဲ့ တစ်ဦးတစ်ယောက်ရဲ့ နေရာမှာ အစားဝင်ကြည့်တာပါပဲ။ စာလောင်မွတ်သိပ်နေမှုကို ခံစားရတာ၊ ပြီးတော့ စာနာနားလည်မှုကို တိုးမြှင့်ရတာတွေဟာ လူတွေ ပရဟိတပိုလုပ်ဖို့အတွက် တွန်းအားဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု Islamic Relief USA အစီအစဉ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မင်ကိုင်လူ ဂျာလိုဟ်က ဇူလိုင်လ ၇ ရက်နေ့တွင် ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။
    Islamic Relief USA အဖွဲ့မှာ ဖီးနစ်မြို့ရှိ ချို့တဲ့သူများအား ဝေငှနိုင်ရန်အတွက် အင်္ဂါနေ့က အလေးချိန် ပေါင် ၃၀ ခန့်ရှိမည့် အစားသောက်အထုတ် ၃၀၀၀ ကို မြို့အခြေစိုက် အစားအသောက်ဘဏ်သို့ ပေးပို့ခဲ့သည်။
    ဂျာလိုဟ်၏ ပြောကြားမှုအရ အဆိုပါ အထုတ်တစ်ထုတ်စီတွင် ခေါက်ဆွဲခြောက်၊ ဆန်၊ ပဲ၊ ဆီ၊ စည်သွတ်ဘူး၊ ချီစ်နှင့် စွံပလွန်သီးတို့ ပါဝင်ပြီး ယခုလအစောပိုင်းက ဗာဂျီးနီးယားပြည်နယ် စပရင်းဖီးလ်ဒ်ရှိ စေတနာ့ဝန်ထမ်းများက ပါကင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    “ရမ်ဇာန်လအတွင်းမှာ အလှူအတန်းတွေ ပိုလုပ်ဖို့ တိုက်တွန်းထားပါတယ်” ဟု ဂျာလိုဟ်က ထည့်သွင်းပြောကြားခဲ့သည်။
    အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လဖြစ်သော ရမ်ဇာန်ဥပုသ်လတွင် အရွယ်ရောက်ပြီးသည့် အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ ဥပုသ်သီလဆောက်တည်ရန် မလုပ်မနေရအဖြစ် အစ္စလာမ်က သတ်မှတ်ထားသည်။
    သို့သော်လည်း ကျန်းမာရေးမကောင်းသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားမည်ကို စိုးရိမ်ရသောသူများအတွက် ပလပ်ခွင့်ရှိသည်။
    ဥပုသ်သီလဆောက်တည်ခြင်း၏ ရည်ရွယ်ချက်များမှာ ခန္တီတရား လက်ကိုင်ထားတတ်စေရန်၊ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာတို့ကို ထိန်းချုပ်နိုင်စေရန်နှင့် ၀တ်ပြုခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းနှင့် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်မှု ရယူရန်အတွက် ဖြစ်သည်။
    “တကယ်လို့များ လူတွေဟာ သတင်းတွေမှာ ဘယ်လို ကြားရတာမျိုးကိုမှ ဂရုမထားဘဲ မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ အပြန်အလှန် ဆက်သွယ်အကျိုးပြုမှုရှိမယ်၊ ပိုပြီး ထဲထဲဝင်ဝင်ရှိမယ်ဆိုရင် စံချိန်စံညွှန်းတွေက ဒါမျိုးဆိုတာ သူတို့ တွေ့ရမှာပါ” ဟု ဂျာလိုဟ်က ထပ်လောင်းပြောကြားခဲ့သည်။
    Islamic Relief USA ၏ မိခင်အဖွဲ့ဖြစ်သော Islamic Relief Worldwide (IRW) မှာ ကမ္ဘာတစ်ဝှမ်းတွင် ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး မွတ်စလင်အဖွဲ့အစည်း ၁၅ ဖွဲ့ပါဝင်ကာ ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံး ပြည်သူများကို ဖေးမကူညီမှုပေးရန် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
    ၁၉၈၄ ခုနှစ်တွင် ယူကေ၌ စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါအဖွဲ့က မိမိတို့၏ လုပ်ငန်းစဉ်မှာ အသားအရောင်၊ မျိုးနွယ်၊ အယူဝါဒတို့ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ထိခိုက်ခံစားရသူများ၊ ဆာလောင်မွတ်သိပ်သူများ၊ ပညာမတတ်သောသူများနှင့် ရောဂါဝေဒနာ ခံစားနေရသောသူများအား အားပေးကူညီရေးဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ Islamic relief အဖွဲ့မှာ ယခုအချိန်တွင် အနောက်ကမ္ဘာတစ်ခြမ်း၌ အကြီးဆုံး မွတ်စလင် ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ဖြစ်နေပြီဖြစ်သည်။
    Ref: Onislam
  • IS နောက်ကွယ်မှ အမှန်တရား အပိုင်းအစများ(သို့) ဆီးရီးယားနှင့် အီရတ်က ပြည်တွင်းစစ်မှာ CIA ခြေရှုပ်မှုများ
    IS နောက်ကွယ်မှ အမှန်တရား အပိုင်းအစများ(သို့) ဆီးရီးယားနှင့် အီရတ်က ပြည်တွင်းစစ်မှာ CIA ခြေရှုပ်မှုများ
    ဇူလိုင် ၁၀ ၊ ၂၀၁၅
    M-Media
    Eva-Bee-illustration-009
    လွန်ခဲ့တဲ့ ၁၄ နှစ်က ဂျော့ဂ်ျ ဘုရှ် စတင်လိုက်ပြီး အဆုံးမသတ်နိုင်တော့တဲ့ အကြမ်းဖက် ၀ါဒပေါ်စစ်ဆင်ရေး လှုပ်ရှားမှုက ရုပ်ပျက်ဆင်းပျက်ပြောင်းပြန်ရလဒ်အကြားမှာ သူ့ချည်ခင်နဲ့သူ ပြန်ရစ်ရှုပ်ထွေးနေလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆီးရီးယားမှာ အကြမ်းဖက်သူအဖြစ် စွပ်စွဲခံထားရတဲ့ ဆွီဒင်လူမျိုး Bherlin Gildo ကို လန်ဒန်တရားရုံးတင်စစ်ဆေးပါတယ်။ သူဟာ ဗြိတိသျှထောက်လှမ်းရေးအဖွဲ့က အဆိုပါသူပုန်အုပ်စုများကို လက်နက်တပ်ဆင်ပေးနေခဲ့ကြောင်း ပေါ်လွင်သွားလို့ တရားခံဖြစ်သူဟာ အားပေးကူညီသူအဖြစ် အရေးယူခံရပြီးတဲ့နောက် အဲ့ဒီအမှုကို လျှောချလိုက်ပါတယ်။
    တရားလိုများဖက်က အမှုကို ပိတ်သိမ်းလိုက်ပါတယ်။ ဒါဟာ ထောက်လှမ်းရေးကိစ္စတွေနဲ့ ထိပ်တိုက် မတွေ့အောင် ရှောင်လိုက်ကြောင်း ထင်ရှားနေပါတယ်။ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် အုပ်စုကို ဗြိတိသျှ ကိုယ်တိုင်က မဟားဒယားထောက်ပံ့ကူညီခြင်း အထောက်အထား အပုံအပင် ရှိနေလျက် စစ်ဆေးခြင်းကို ရှေ့ဆက်မယ်ဆိုရင် တရားစီရင်ရေးအပေါ် အရိုအသေတန်မှု ဖြစ်သွားနိုင်ကြောင်း တရားခံများဖက်ကလည်း ဆိုခဲ့ကြတယ်။
    သေကြေပျက်စီးစေနိုင်တဲ့ ထောက်ပံ့ကူညီမှုတွေ မပါဝင်ဘူးလို့ အစိုးရဖက်က လေလုံးထွား ခဲ့သော်လည်း လေ့ကျင့်ရေး၊ နည်းစံနစ် အကူအညီနဲ့ လက်နက် ပမာဏအများအပြား လျှို့ဝှက်ထောက်ပံ့မှုတွေ ပေး ခဲ့ကြပါတယ်။ လစ်ဗျားမှာ ကဒါဖီ အစိုးရပြုတ်ကျပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ ဆီးရီးယားသူပုန်တွေဆီ လစ်ဗျား ရိက္ခာပို့ယာဉ်များမှတဆင့် လက်နက် လွှဲပြောင်းခြင်းအမှုကို ဗြိတိသျှထောက်လှမ်းရေးအဖွဲ့ MI 6 က စီအိုင်အေနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တယ်လို့ သတင်းများက ဖော်ပြနေပါတယ်။
    သို့သော်လည်း ခုချိန်မှာ အကြမ်းဖက်ဝါဒဆိုတာ ကြည့်ရှုသူရဲ့အမြင်မှာ ဘောင်ခတ်ခံနေရတယ်။ အရှေ့အလယ်ပိုင်း ဒေသ အတွင်း ယနေ့ကာလရဲ့ အကြမ်းဖက်သမားများက မတရားမင်းနဲ့ အပေါင်းအပါများကို ဆန့်ကျင်သော နောက်တစ်နေ့ရဲ့တိုက်ခိုက်ရေးသမားတွေဟာ ရန်သူများဖြစ်ကြတယ် ဆိုတဲ့ အနောက်တိုင်းဝါဒ လမ်းကြောင်းသူတစ်ဦးရဲ့ညီလာခံဆင့်ဆိုချက်က တောင်စဉ်ရေမရ ဗလုံးဗထွေးအတွေးစိတ်ကူးဆိုတာ ယေဘူယျအားဖြင့် သိမြင်နိုင်ပါတယ်။
    ISIS က အီရတ်နဲ့ ဆီးရီးယားပိုင်နက် အတော်များများကို ကျူးကျော်သိမ်းပိုက်ပြီး ကိုယ်ပိုင်ဟန် အစ္စလာမ့် ခလီဖဟ် လို့ ကြွေးကျော်လိုက်တဲ့နောက်ပိုင်း ယမန်နှစ်ကတည်းက အမေရိကန်၊ ဗြိတိန်နဲ့ အခြားအနောက်တိုင်း တပ်ဖွဲ့များဟာ အီရတ်ကို တစ်ကျော့ပြန်ရောက်လာခဲ့ကြတယ်။ (ယခင်က အီရတ်ရဲ့ အလ်ကိုင်ဒါအဖွဲ့ အဖြစ် သိကြတဲ့) တရားလွန် အစွန်းရောက် IS အကြမ်းဖက်အဖွဲ့ကို ဖြိုခွင်းရေးလို့ ဆိုကြတယ်။
    ဒီတိုးထွက်လှုပ်ရှားမှုက ထင်သလောက် အလုပ်မဖြစ်လာပါဘူး။ ပြီးခဲ့တဲ့လက ISIS က အီရတ်ရဲ့ ရာမာဒီမြို့ထဲ အလုံးအရင်း ၀င်ရောက်နိုင်ခဲ့သလို အခြားတစ်ဖက်မှာလည်း ဆီးရီးယားနယ်စပ်ရဲ့ ပါလ်မီရာမြို့ကို သိမ်းပိုက်ခဲ့ကြတယ်။ အလ်ကိုင်ဒါရဲ့တရားဝင်အဖွဲ့ နုဆ်ွရာတပ်ဦးကလည်း ဆီးရီးယားနယ်ထဲမှာ တိုးပွားလာနေတယ်။
    လက်ရှိဖြစ်နေသမျှအားလုံးဟာ အမေရိကန် လက်ထွက်များဖြစ်တယ်လို့ အီရတ်နိုင်ငံသားအချို့က ဆိုနေကြတယ်။ အမေရိကန်တွေကတော့ မိမိတို့ဟာ အရပ်သား ပျက်စီးမှုတွေကို ရှောင်ကြဉ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပြီး အရေးပါသောအောင်မြင်မှုတွေ ရရှိနေပြီလို့ ကြွေးကြော်ကြတယ်။ အရာရှိတွေ တိုးတိုးတိတ်တိတ် ဆိုကြတာကတော့ မိမိတို့ဟာ စွန္နီအမာခံနယ်မြေများကို လူမျိုးရေးစစ်ပွဲထဲ ချနင်းနေတာ၊ ပင်လယ်ကွေ့ဒေသထဲက မိမိတို့ရဲ့စွန္နီမဟာမိတ်တွေ ကမောက်ကမဖြစ်တာကို မမြင်လိုကြပါဘူးတဲ့။
    ၂၀၁၂ သြဂုတ်လအတွင်း ရေးခဲ့တဲ့ အမေရိကန်ထောက်လှမ်းရေး အထူးလျှို့ဝှက် အစီရင်ခံစာတစ်ရပ်ဟာ မကြားသေးမီက ပေါက်ကြားခဲ့တယ်။ အဲ့ဒီမှာ ဆီးရီးယားအရှေ့ပိုင်းထဲ စလဖီ စည်းမျဉ်းခံ စံနစ်ဖြစ်ထွန်းဖို့ အလားအလာ၊ ဆီးရီးယားနဲ့အီရတ်ထဲ အလ်ကိုင်ဒါထိန်းချုပ်ထားတဲ့ အစ္စလာမစ်နိုင်ငံ IS ကို ရှိကြောင်း၊ မယုံနိုင်စရာကောင်းလှစွာ ဟောကိန်းထုတ်ချက်တွေကို လိုလိုလားလား လက်ခံထားကြောင်း တွေ့လိုက် ရပါတယ်။ အဲ့ဒီကာလ အနောက်တိုင်းကျွေးကျော်ချက်များနဲ့ လုံးလုံးလျားလျား ဆန့်ကျင်လျက် တပ်မတော်ထောက်လှမ်းရေး အေဂျင်စီအထောက်အထားများက (ISIS ဖြစ်လာတဲ့) အီရတ်က အလ်ကိုင်ဒါအဖွဲ့(နဲ့) ဆီးရီးယားအတွင်း အနိဋ္ဌာရုံဖြစ်အောင် တွန်းအားပေး မောင်းနှင်ရာ အဓိက အင်အားစုဖြစ်တဲ့ စလဖီဝါဒီများနဲ့ ပါဝင်ပတ်သက်ခဲ့ပြီး၊ အနောက်နိုင်ငံများ ပင်လယ်ကွေ့တိုင်းပြည်များနဲ့ တူရကီနိုင်ငံတို့ဟာ ဆီးရီးယား အရှေ့ပိုင်း ထိန်းချုပ်ထားနိုင်အောင် အတိုက်အခံတို့ရဲ့အားထုတ်မှုကို အားပေးထောက်ခံနေကြောင်း ကြေငြာဖော်ပြခဲ့ပါတယ်။
    ဖွင့်ဟကြေညာထားတဲ့ သို့မဟုတ် ဖွင့်ဟကြေညာမှုမဲ့ စည်းမျဉ်းခံ စလဖီဝါဒီ အင်အားစုတစ်ရပ် တည်ထောင်ခြင်း အလားအလာကို ပေါ်ပေါက်လာစေမှုနဲ့အတူ ပင်တဂွန်စစ်ဋ္ဌာနချုပ် အစီရင်ခံစာထဲမှာလည်း “ဆီးရီးယားအစိုးရ ထီးတည်းကျန်စေရေး အလို့ငှာ အတိုက်အခံအင်အားစုကို သြဇာအင်အားကြီးထွားအောင် အတိအကျပြုရမည်၊ (အီရန်နှင့်အီရတ်မှ) ရှီအာတို့၏ လက်တံရှည်လာခြင်းဆိုင်ရာ ဗျူဟာအတိမ်အနက် ထည့်တွက်သုံးသပ်မှုဖြစ်သည်” လို့ ရှေ့ဆက်ဆိုထားပါတယ်။
    နောက် ၂ နှစ်ကြာတဲ့အခါ ရည်ရွယ်လမ်းကြောင်းချက်အတိုင်း အတိအကျ ဖြစ်ပျက်လာတော့တယ်။ ဆီးရီးယားထဲ အမေရိကန် တပ်များက သူပုန်တစ်စုကို ဗုံးကြဲရင်း နောက်ထပ်တစ်စုကို ကျားကန်ပေးခဲ့ကြတယ်။ ဒီအစီရင်ခံစာက မူဝါဒရေးရာ အထောက်အထားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဘောတရား အရ နှစ်ဖက်ချွန်အကြံနဲ့ သွယ်ဝိုက်ကြိုးနီ ညွှန်ကြားချက်ဖြစ်ကြောင်း သိသာထင်ရှားနေပါတယ်။ ဆီးရီးယားပုန်ကန်မှု တစ်နှစ်တာအတွင်း အမေရိကန်နဲ့မဟာမိတ်များက အတိုက်အခံအုပ်စုကို ထောက်ခံကူညီ လက်နက်တပ်ဆင်ပေးနေမှုမျှသာ မဟုတ်ပါဘူး။ အစွန်းရောက် အုပ်စုကွဲတွေ လွှမ်းမိုးလာမယ်ဆိုတာ သိနေခဲ့တယ်။ အီရတ်ညီညွတ်ရေးအတွက် စိုးရိမ်ဖွယ် အန္တရာယ်ရှိနေငြားလည်း ဆီးရီးယားအင်အားချည့်နဲ့ဖို့ အဲ့ဒီအုပ်စုကွဲတွေကို စွန္နီကြားခံအုပ်စုအဖြစ် (ယခုလူသိများတဲ့) IS ဖန်တီးနိုင်အောင် လမ်းကြောင်းပေး စီစဉ်စေခဲ့ပါတယ်။
    အမေရိကန်က IS ကို ဖန်တီး ထုတ်လုပ်လိုက်တယ်လို့ မဆိုနိုင်သော်လည်း အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင်ရဲ့အသိအမှတ်ပြုခြင်းကိုကြည့်ရင် ပင်လယ်ကွေ့ဒေသက သူ့ရဲ့ မဟာမိတ်များဟာ အဓိကအခန်းကဏ္ဍထဲ ပါဝင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် အမေရိကန်နဲ့ ဗြီတိန်တို့ ၀င်ရောက်စီးနင်းခဲ့မှု မတိုင်မီအချိန်အထိ အီရတ်မှာ အလ်ကိုင်ဒါဆိုလို့ မရှိခဲ့ပေဘူး။ ဒေသတွင်း အခြားသော အင်အားစုများကို ဆန့်ကျင်လာအောင် အမေရိကန်က IS ပေါ်ပေါက်လာခြင်းအပေါ် အသုံးချလိုက်တာဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ထိန်းချုပ်မှုကို ထိန်းသိမ်းထားနိုင်ရေးအတွက် ကျယ်ပြန့်တဲ့မောင်းနှင်အားတစ်ရပ်လို့ ဆိုရပါလိမ့်မယ်။
    IS က အနောက်တိုင်းသားတွေကို ခေါင်းဖြတ်သတ်ခြင်း စတင်ပြုမူပြီး အွန်လိုင်းပေါ် အဲ့ဒီကြမ်းကြုတ် ရက်စက်မှုများ တင်ပြလာချိန်မှာတော့ တွက်ကိန်းပြောင်းလဲ ကုန်ပါတယ်။ ပင်လယ်ကွေ့ဒေသနိုင်ငံများကလည်း ခုချိန်မှာ နုဆ်ွရာတပ်ဦးလို ဆီးရီးယားစစ်ပွဲက အခြားအုပ်စုများကို ကျားကန်ပေးလာကြတယ်။ ဂျိဟာ့ဒ်ဝါဒီ အုပ်စုများနဲ့ ဆော့ကစားတတ်တဲ့ ၀သီအတိုင်း အမေရိကန်နဲ့ ဥရောပသားတွေ အဖို့ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံကြရပါတယ်။ ၁၉၈၀ နှစ်များက အာဖဂန်နစ္စတန်နိုင်ငံမှာ ဆိုဗီယက်ယူနီယံ ဆန့်ကျင်ရေးစစ်ပွဲကို ပြန်ကြည့်လိုက်ပါ။ မူလ အလ်ကိုင်ဒါအဖွဲ့က စီအိုင်အေရဲ့ မွေးစားတပည့်ဖြစ်နေကြောင်း တွေ့ရပါလိမ့်မယ်။
    အီရတ်ကိုသိမ်းပိုက်စဉ် ကာလအတွင်း ဒီစံနှုန်းအတိုင်းဘဲ ဖြစ်ခဲ့တာပါ။ အီရတ်ခုခံမှုကို ချည့်နဲ့အောင် ဂိုဏ်းဂဏ မှိုင်းတိုက်သတ်ဖြတ်မှုသုံး အောက်တန်းကျစစ်ပွဲကို အမေရိကန်တပ်များက စီမံဆင်နွှဲခဲ့တယ်လေ။ ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်က ဂဒါဖီရဲ့ဇာတိမြို့ Sirte ကို ISIS ထိန်းချုပ်လိုက်တဲ့ လစ်ဗျားမှာ နေတိုးဦးဆောင်တဲ့ ၂၀၁၁ ခုနှစ် ဇာတ်တိုက်စစ်ပွဲအတွင်း လက်တုံ့ပြန်မှု ခံခဲ့ရတယ်။
    ယခုအရှေ့အလယ်ပိုင်း ခံစားနေရတဲ့ အမေရိကန်နဲ့ အနောက်တိုင်းရဲ့ မီးလောင်တိုက်သွင်းရေးမူဝါဒဆိုတာ ဘုရင်စနစ်သုံး ခွဲခြားအုပ်ချုပ်ရေး စည်းမျဉ်း ပုံစံခွက်ထဲကနေ ဖန်တီးဖော်ဆောင်နေခြင်းဖြစ်တယ်။ အမေရိကန်တပ်ဖွဲ့များက ဆီးရီးယားအတွင်း  သူပုန်တစ်စုကို တစ်ဖက်မှာ ဗုံးကြဲတိုက်ခိုက်သလို အခြားအုပ်စုတစ်ရပ်ကိုလည်း တချိန်တည်း ကျောကန်ပေးကြတယ်။ အဲ့ဒီနောက် အီရတ်မှာရှိတဲ့ ISIS ကို စစ်ဆင်ဖို့ အီရန်နဲ့ ထဲထဲဝင်ဝင် ပူးပေါင်းတိုက်ခိုက်တဲ့ တစ်ချိန်တည်းမှာ ယီမင်နိုင်ငံထဲက အီရန် ကျားကန်ပေးထားတဲ့ Houthi တပ်ဖွဲ့တွေကို ဆော်ဒီအာရေဗျရဲ့စစ်ဆင်ရေးမှာ ကူညီပံ့ပိုးနေပါတယ်။ မည်သို့ပင်ဆိုစေ ဒီလိုချဉ်းကပ်မှုနည်းလမ်းမျိုးနဲ့ ချည့်နဲ့နေတဲ့အီရတ်နဲ့ဆီးရီးယားကို အမေရိကန်ရဲ့ရှုပ်ရှက်ခတ်ပေါ်လစီက အောင်မြင်စွာ ပိုင်းခြားဖို့ ဖြစ်သွားနိုင်ပါတယ်။
    အရှင်းလင်းအထင်ရှားဆုံးကတော့ ISIS နဲ့ သူတို့ရဲ့စက်ဆုပ်ဖွယ်ရာများကိုဖြစ်စေ၊ နှစ်ပေါင်းများစွာကတည်းက ဖန်တီးခြင်းခံရတဲ့ ပြောင်ပြောင်တင်းတင်းတစ်မျိုး ခိုးကြောင်ခိုးဝှက်တစ်ဖုံ စစ်မက်ဖန်တီးခြင်းကိုဖြစ်စေ အီရတ်နဲ့ဆီးရီးယားက မူလဘူတ ပါဝါတူအင်အားစုတွေအဖို့ အနိုင်ယူနိုင်လိမ့်မှာ မဟုတ်ဘူး။ အရှေ့အလယ်ပိုင်းမှာ မဆုံးနိုင်တဲ့ အနောက်တိုင်း စစ်ရေးစွက်ဖက်မှုတွေက ပျက်စီးခြင်းနဲ့ကွဲပြားခြင်းကိုသာ သယ်ဆောင်လာခဲ့ကြတာ ဖြစ်တယ်။ ဒီရောဂါကို ကုစား ကင်းပျောက်စေနိုင်သူများကတော့ ဒေသတွင်း လူထုများသာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုးကို မွေးမြူပေါက်ဖွားစေခဲ့သူများ မဟုတ်ကြပါ။
    xxxxxxxxxxxxxxxxxxxxxxx
    The Guardian တွင်ဖော်ပြထားသော Seumas Milne ၏ Now the truth emerges: how the US fuelled the rise of Isis in Syria and Iraq ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုချက် ဖြစ်သည်။
    Seumas Milne သည် ဂါးဒီးယန်းသတင်းစာတိုက်၏ ပင်တိုင်ဆောင်းပါးရှင်နှင့် တွဲဖက်အယ်ဒီတာဖြစ်သည်။ အထွေထွေသတင်းထောက်နှင့် အလုပ်သင်အယ်ဒီတာအဖြစ် လုပ်ကိုင်ပြီးနောက် ၂၀၀၁ မှ ၂၀၀၇ ခုနှစ်အထိ အကြံပေးအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂါးဒီးယန်းအတွက် အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပအရှေ့ပိုင်း၊ ရုရှား၊ တောင်အာရှနှင့် လက်တင်အမေရိကမှ သတင်းရေးသားပေးပို့ခဲ့သည်။ ကနဦးပိုင်းက The Economist အတွက် လုပ်ကိုင်ပေးခဲ့ပြီး၊ The Enemy Within and The Revenge of History စာအုပ်ရေးသားသူ နှင့် Beyond the Casino Economy စာအုပ်တွဲဖက်ပြုစုသူလည်းဖြစ်သည်။
  • ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ်  ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း
    ကမ္ဘာတဝှမ်းမှ ကလေးအားလုံး အခမဲ့ ပညာသင်ကြားဖို့ စစ်အသုံးစ၇ိတ် ၈ ရက်စာ လျော့ချဖို့ မာလာလာ တိုက်တွန်း
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    mala
    – ကလေးငယ်များအား ၁၂ နှစ်ကြာ အခမဲ့ပညာရေး ပေးအပ်နိုင်ရန်အတွက် ၈ ရက်စာ စစ်အသုံးစားရိတ်ကို ဖယ်ထုတ်ပေးရန် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာယူစွဖ်ဇိုင်က ကမ္ဘာ့ခေါင်းဆောင်များအား အင်္ဂါနေ့တွင် တိုက်တွန်းခဲ့သည်။
    ကမ္ဘာတစ်ဝှမ်း ကလေးများ တစ်နှစ်စာ ပညာသင်ယူနိုင်ရေးအတွက် ရန်ပုံငွေမှာ ကန်ဒေါ်လာ ၃၉ ဘီလီယံရှိသည်ဟု မာလာလာတည်ထောင်ထားသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Malala Fund က ခန့်မှန်းတွက်ချက်ခဲ့သည်။
    “ဒီပမာဏဟာ တော်တော်ကြီးမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလောက် မများပါဘူး။ တကယ်တော့ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဒီ ၃၉ ဘီလီယံကို စစ်ဘက်မှာ ၈ ရက်လောက်နဲ့ သုံးနေတာပါပဲ” ဟု နော်ဝေနိုင်ငံ အော်စလိုတွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလ၏ ပညာရေးထိပ်သီးအစည်းအဝေးတွင် မာလာလာက ပြောကြားခဲ့သည်။
    အိန္ဒိယရှိ ကလေးငယ်များအရေး လှုပ်ရှားသူ ကိုင်လက်ရှ် ဆက်ယာသီနှင့် ပြီးခဲ့သည့် ဒီဇင်ဘာက နိုဘယ်ဆု အတူယူခဲ့ပြီးနောက် မာလာလာမှာ နော်ဝေသို့ ပထမဆုံး ပြန်ရောက်လာခြင်းလည်း ဖြစ်သည်။
    မာလာလာမှာ ဇွန်လအတွင်းကလည်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဂျင်မ် ယုံ ကင်နှင့် တွေ့ဆုံခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ရန် ကုလက စီစဉ်ထားသည့် “ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ရည်မှန်းချက်” အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြသည်။
    ထို့ပြင် အဆိုပါရည်မှန်းချက်များ ပြည့်မီရေးအတွက် ဘဏ္ဍာငွေရှာဖွေရန် နည်းလမ်းများနှင့် ပတ်သက်၍ လာမည့်သီတင်းပတ်၌ အီသီယိုးပီးယားတွင် အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားသည်။
    “ကျွန်မပေးချင်တဲ့ မက်ဆေ့ခ်ျက ဒီရည်ရွယ်တွေမှာ ပါရှိတဲ့ အလယ်တန်းပညာရေး ရည်မှန်းချက်ကို အသေအချာ ဆောင်ရွက်ရမယ် ဆိုတာပါပဲ။ ကလေးတစ်ယောက်ကို ၁၂ နှစ်လောက် မူလတန်းနဲ့ အလယ်တန်းပညာရေး သင်ပေးဖို့ ပိုက်ဆံတွေက အဲဒီမှာ (စစ်အသုံးစားရိတ်မှာ) ရှိနေပြီးပါပြီ” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
    ၂၀၀၀ ခုနှစ်က စတင်ခဲ့သည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းကို အစားထိုးမည့် အဆိုပါ ရည်မှန်းချက်အသစ်များကို ဦးတည်နိုင်ငံများအနေဖြင့် လာမည့် ၁၅ နှစ်အတွင်း အကောင်အထည်ဖော်နိုင်မည်လားဆိုသည်ကို စက်တင်ဘာလတွင် ကုလက ချိန်ဆ ဆန်းစစ်သွားမည်ဖြစ်သည်။
    ထောင်စုနှစ်ရည်မှန်းချက်တွင် သန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲမှ ကယ်ထုတ်နိုင်ခဲ့သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်သော ကုလ၏ အစီရင်ခံစာ၌ ဖော်ပြထားပြီး ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အလွန်ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်နေရသော အရေအတွက်မှာ ၁.၉ ဘီလီယံမှ ၈၃၆ သန်းအထိ ကျင်ဆင်းခဲ့ကာ ထက်ဝက်ကျော် ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။
    ထိုကာလအတွင်း အသက် ၅ နှစ်အောက်ကလေးငယ်များ သေဆုံးမှုမှာလည်း လူ ၁၀၀၀ တွင် ၉၀ မှ ၄၃ ဦးအထိ လျော့ကျခဲ့သည်။
    “ဒါပေမယ့် တိုးတက်မှုက ဒေသတွေနဲ့ နိုင်ငံတွေကြားထဲမှာ အညီအမျှ မဖြစ်သေးဘဲ သိသာတဲ့ ကွာဟချက်တွေ ရှိနေပါတယ်။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဋိပက္ခတွေဟာ အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်နေပြီး၊ ပြိုကွဲကာ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေဟာ ဆင်းရဲမွဲတေမှုနှုန်း အမြင့်ဆုံးကို ကြုံတွေ့ခံစားနေရပါတယ်” ဟု ကုလ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
    Ref: Dawn
  • တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားသည့် IS နှင့် အဆက်သွယ်ရှိသူ ၂ ဦးကို မလေးရှား ဖမ်းဆီး
    တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ထားသည့် IS နှင့် အဆက်သွယ်ရှိသူ ၂ ဦးကို မလေးရှား ဖမ်းဆီး
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    Untitled-1
    – IS အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူ နိုင်ငံသား နှစ်ဦးကို မြို့တော် ကွာလာလမ်ပူတွင် ဖမ်းဆီးခဲ့သည်ဟု မလေရှားရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
    ရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် အဆိုပါနှစ်ဦစလုံးမှာ နိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။
    သံသယရှိသူ ပထမတစ်ဦးကို ဇူလိုင်လ ၂ ရက် ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ကွာလာလမ်ပူ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် အဆိုပါအမျိုးသားမှာ ဥရောပတွင် IS အဖွဲ့သားများနှင့် ထိတွေ့ခဲ့ပြီး ၎င်းတို့က ကလန်းဗာလီဒေသရှိ ဖျော်ဖြေရေးအဆောက်အဦးများနှင့် မြို့တော်အတွင်းရှိ အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို တိုက်ခိုက်မှုများ ပြုလုပ်ရန်
    ညွှန်းကြားခဲ့သည်ဟု ယုံကြည်ရသည်။
    ဒုတိယမြောက်တစ်ဦးမှာ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဆီးရီးယားတွင် IS အဖွဲ့နှင့် သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဒဏ်ရာရကာ မလေးရှားသို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်။
    ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းအပြင် အစွန်းရောက်အတွေးအခေါ်များကို ရေးသားထားသော စာရွက်စာတမ်းများ၊ ကိရိယာတန်ဆာပလာ ၀ယ်ယူထားသည့် ဘောက်ချာများကို သိမ်းဆည်းရမိခဲ့သည်။
    မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲကမူ ထိုအဖြစ်အပျက်အတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့ပြီး IS ၏ အကြီးတန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် ဒေသခံများမှာ အကြမ်းဖက်တိုက်ခိုက်မှုများ စီစဉ်ရန် အခြေအနေ မြင့်တက်လာမှုကို ရောင်ပြန်ဟပ်စေသည်ဟုလည်း ဆိုသည်။
    Ref: Channelnewsasia