News @ M-Media
Blog
  • အီရန်နျူအရေး သဘောတူညီချက်ရပြီ
    အီရန်နျူအရေး သဘောတူညီချက်ရပြီ
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    iran
    – ၁၀ စုနှစ်တစ်ခုကြာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည့် နျူကလီးယားအရေးအတွက် အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက်ရရှိခဲ့သည်ဟု အီရန်သံတမန်များက ယနေ့တွင် ပြောကြားလိုက်သည်။
    အဆိုပါ သဘောတူညီချက်အရ အီရန်၏ နျူကလီးယားအစီစဉ်ကို ၁၀ စုနှစ် တစ်ခုကျော် ကန့်သတ်ထားမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်၏ ရေနံတင်ပို့မှုနှင့် နိုင်ငံ၏ စီးပွားရေးကို ထိုခိုက်စေသော ပိတ်ဆို့မှုများအားလုံးကို တစ်ဖြည်းဖြည်း ဖယ်ရှားပေးမည်ဖြစ်သည်။
    “အလုပ်တွေအားလုံး အောင်မြင်ခဲ့ပြီး ကျွန်တော်တို့ သဘောတူညီချက် ရရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ပြည်သူတွေအားလုံးကို ဘုရားသခင် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူပါစေ” ဟု အမည်မဖော်လိုသည့် အီရန်သံတမန်တစ်ဦးက ပြောကြားခဲ့ပြီး အခြား အီရန်တာဝန်ရှိသူ
    တစ်ဦးကလည်း သဘေတူညီချက် ရရှိခဲ့သည်ဆိုခြင်းကို အတည်ပြုခဲ့သည်။
    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ ဗီယင်နာရှိ ကုလရုံးချုပ်တွင် ဒေသစံတော်ချိန် ယနေ့နံနက် ၁၀ နာရီခွဲ၌ တွေ့ဆုံမည်ဖြစ်ပြီး၊ သဘောတူညီချက်အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားမည်ဟု ဥရောပသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်နှင့် ဥရောပနိုင်ငံရေးရာပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟီရီနီတို့မှာ ပူးပေါင်း၍ ကြေညာချက်တစ်ခု ထုတ်ပြန်ရန်လည်း ရှိနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။
    အဆိုပါ သဘောတူညီချက်ရရန် လပေါင်း ၂၀ ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဇွန်လ ၃၀ ရက်နေ့က နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း မပြီးပြတ်သဖြင့် ဆက်လက်ဆွေးနွေးခဲ့ရခြင်း ဖြစ်သည်။
    Ref: Channelnewsasia
  • ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော
    ဒဏ်ရာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါပြော
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    mu
    – ဒဏ်ရာကြောင့် ဘွန်ဒစ်လီဂါတွင် ခြေစွမ်းမပြနိုင်ခြင်းကို ကျော်လွှားနိုင်ခဲ့ပြီး မန်ယူအသင်းမှာလည်း လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ကို ဆွတ်ခူးရရှိနိုင်သည်ဟု အသင်း၏ ကွင်လယ်လူသစ် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်သည်။
    အသက် ၃၀ အရွယ်ရှိ ရှဝိုင်းစတိုင်ဂါကို မန်ယူက ပြီးခဲ့သည့် သီတင်းပတ်တွင် ကမ်းလှမ်းခဲ့ပြီးနောက် ယမန်နေ့က မန်ယူနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
    ၎င်းမှာ ဒဏ်ရာပြဿနာများကြောင့် ယမန်နှစ်က ဘိုင်ယန်မြူးနစ်အသင်းတွင် ၁၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း မိမိမှာ ဒဏ်ရာပြဿနာမှ ကျော်လွန်ခဲ့ပြီဟု ရှဝိုင်းစတိုင်ဂါက ဆိုသည်။
    “အားလုံးအေးဆေးပါပဲ။ မန်ယူအတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်ဖို့ကိုပဲ စဉ်းစားနေပါတယ်။ ပြီးတော့ ဒီကိုရောက်လာတာ တကယ့်ကို ပျော်ပါတယ်။ တကယ်တော့ ကမ္ဘာ့ဖလားပွဲမှာ ကျွန်တော် ခက်ခဲခဲ့ပြီး အောက်တိုဘာလကုန်လောက်အထိ ဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရှဝိန်းစတိုင်ဂါက MUTV သို့ ပြောကြားခဲ့သည်။
    ထို့ပြင် နောက်ပိုင်းတွင် ဘိုင်ယန်အသင်းနှင့် အချိန်ကောင်းများရခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိမှာ ကောင်းဆုံးဖြစ်နေသည်ဟု ခံစားရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    “ကျွန်တော်ဟာ ဆုဖလားတွေရဖို့ ဒီကိုရောက်လာခဲ့တာပါ။ ပြီးတော့ ဆုဖလားရရှိခြင်းဆိုတာ မန်ယူက အသားကျနေတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ မန်ယူဂျာစီဝတ်ပြီး ကစားဖို့ စိတ်အားထက်သန်နေပါတယ်”
    Ref : Goal
  • အစ္စလာမ်အပေါ် အမြင်မှားများ ဖယ်ရှားရေး ဘီလ်ဘုတ်လှုပ်ရှားမှုကို အမေရိကန်တွင် ပြုလုပ်
    အစ္စလာမ်အပေါ် အမြင်မှားများ ဖယ်ရှားရေး ဘီလ်ဘုတ်လှုပ်ရှားမှုကို အမေရိကန်တွင် ပြုလုပ်
    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media
    us
    – အစ္စလာမ်၏ စစ်မှန်သော သတင်းစကားကို ဖော်ပြခြင်းဖြင့် သာသနာအပေါ် ရှိနေသည့် ထင်မြင်ယူဆချက်အမှားများကို ပြင်ဆင်ပေးရန်၊ အစ္စလာမ်နှင့်ပတ်သက်၍ သတင်းအချက်အလက်များ ပိုမိုရှာဖွေသူများအား ခိုင်မာတိကျသည့် အဖြေများ ပေးရန်အတွက်
    အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တွင် ဘီလ်ဘုတ်လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။
    ပြည်နယ်၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သော ဂျက်ဆွန်ဗီလီတွင် အဆိုပါလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိနေသည်။
    “ဖုန်းခေါ်ကြတဲ့သူ အများစုကတော့ သူတို့မှာ မေးခွန်းတွေရှိရင် သူတို့ဟာ အစ္စလာမ့်စင်တာကို လာရောက်ချင်ကြပြီး မွတ်စလင်တွေနဲ့ တွေ့ချင်ကြပါတယ်။ ပြီးတော့ ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန် ဒါမှမဟုတ် အစ္စလာမ့်စာပေတွေကိုလည်း သူတို့က လိုချင်ပါတယ်။ အစ္စလာမ့်စင်တာကို လာရောက်လည်ပတ်ရုံပါပဲ” ဟု မြောက်အမေရိက အစ္စလာမ့်အ၀န်းအ၀ိုင်း ICNA မှ ဒေသတွင်း ဥက္ကဌဖြစ်သူ မိုဟာမက်အီလ်ယက်စ်က ပြောကြားခဲ့သည်။
    အဆိုပါ ဘီလ်ဘုတ်လှုပ်ရှားမှုအသစ်ကို ICNA က ဆောင်ရွက်ခြင်းဖြစ်ပြီး “မုဟမ္မဒ်ဆိုတာဘယ်သူလဲ” ဟု ရေးသားထားသော ဘီလ်ဘုတ်ကြီး ၃ ခုကို ဂျက်ဆွန်ဗီလီမြို့တစ်ဝှမ်းတွင် စိုက်ထူထားကာ အစ္စလာမ်နှင့်ပတ်သက်၍ အသိပညာပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ အဆိုပါဘီလ်ဘုတ်များတွင် အစ္စလာမ်နှင့်ပတ်သက်၍ အခမဲ့မေးမြန်းနိုင်သော ဖုန်းနံပါတ်နှင့်
    အီလ်ယက်စ်၏ အဆိုအရ အဆိုပါလှုပ်ရှားမှုကို ပြီးခဲ့သည်လက စတင်ပြီးနောက်ပိုင်းတွင် ICNA မှ စေတနာ့ဝန်ထမ်းများမှာ ဖုန်းခေါ်ဆိုမှု ထောင်နှင့်ချီ ရရှိခဲ့သည်ဟု သိရသည်။
    “ကျွန်တော့် အသားအရောင်ကို ကျွန်တော် စီမံလို့မရဘူး၊ ဘာသာစကားကိုလည်း ထိန်းချုပ်လို့မရဘူး၊ ကျွန်တော့် လူမျိုးကိုလည်း ကျွန်တော် မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းနိုင်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရား၊ ကျွန်တော့်ရဲ့အသိသတိ၊ အခြားသူတွေနဲ့ ဆက်ဆံရေး အဲဒါတွေကိုတော့ ကျွန်တော် ထိန်းနိုင်ပါတယ်။ တကယ်လို့များ တစ်ပါးသူတွေကို
    ဘယ်လိုယူဆမလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်ကို ကျွန်တော်တို့ပြင်နိုင်ရင် တရားမျှတမှုကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်” ဟု အီလ်ယက်စ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထိုကဲ့သို့သော ဘီလ်ဘုတ်လှုပ်ရှားမှုကို အမေရိကန်ရှိ အခြားသောမြို့များတွင်လည်း ပြုလုပ်ခဲ့ပြီး ဘီလ်ဘုတ် ၈၀ ကျော်ဖြင့် အစ္စလာမ်နှင့်ပတ်သက်သည့် တင်ကူးမှန်းဆမှုများကို ပပျောက်ရန် ဆောင်ရွက်နေသည်။
    ICNA မှာ မြောက်အမေရိကတွင် အောက်ခြေအထိရောက်ရှိသည့် အကျိုးအမြတ်မယူသော အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်ပြီး လူ့အဖွဲ့အစည်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအတွက် ကူညီရန် ဖော်ဆောင်ထားသော စီမံကိန်းများ
    အစီအစဉ်များနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်နေသည်။
    ICNA မှာ ၁၉၆၈ ခုနှစ်ကတည်းက ပညာရေး၊ ဆေးဘက်ဆိုင်ရာ၊ လူမှုဝန်ဆောင်မှုလုပ်ငန်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဖော်ဆောင်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းများအကြား ဆက်ဆံရေးတည်ဆောက်မှုတွင် လုပ်ဆောင်ခဲ့သည်။
    ပြီးခဲ့သည့်နှစ်တွင် ICNA မှာ ရှရီအာနှင့် ပတ်သက်၍ အမေရိကန်များအား ပညာပေးရန်၊ မှားယွင်းသော အမြင်များကို ဖယ်ရှားရန်အတွက် လှုပ်ရှားမှုတစ်ခုလည်း ပြုလုပ်ခဲ့သေးသည်။
    Ref: Onislam
  • သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်တော့
    သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်တော့
    ဇူလိုင် ၁၃ ၊ ၂၀၁၅
    BBC မြန်မာပိုင်း မှ ကူးယူဖော်ပြပါသည်။
    . U Thein Sein
    သမ္မတ ဦးသိန်းစိန်က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သူ့ကျန်းမာရေး အခြေအနေ အရ ဝင်ရောက် အရွေးခံမှာ မဟုတ်တော့ဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဌ တာဝန် ယူထားသူ သူရဦးရွှေမန်းဆီ စာရေးသား ပေးပို့ ခဲ့ပါတယ်။
    .
    ဘီဘီစီ သတင်းထောက်က တွေ့ခဲ့ရတဲ့ အဲဒီစာထဲမှာ ဦးသိန်းစိန်က သူ အရင်ဝင်ပြိုင်ခဲ့တဲ့ နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ်မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီက ယှဉ်ပြိုင်ခဲ့သူ မြို့နယ်အတွင်းရေးမှုး ဦးဋ္ဌေဝင်းကို ဝင်ရောက် ယှဉ်ပြိုင်စေဖို့ အဆိုပြုပြီး အဲဒီသူကိုလည်း သူ့အနေနဲ့ တတ်နိုင်သမျှ ကူညီ ပေးသွားမယ်လို့ ဖော်ပြ ထားတယ်လို့ ဆိုပါတယ်။
    .
    ကြံ့ခိုင်ရေးပါတီက သူတို့ပါတီက ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ဒီတစ်ပတ်ထဲမှာ အပြီးသတ် ထုတ်ပြန်မယ်လို့ ပြောပါတယ်။
    .
    ပါတီက အဆိုပြုမယ့် သမ္မတလောင်း အဖြစ် လက်ရှိ ပါတီ ဥက္ကဌ၊ လွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်တို့ နှစ်ဦးရှေ့က ပြေးနေချိန်မှာ ဦးသိန်းစိန်က သူ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။
    .U Shwe Man
    ဒါကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သမ္မတလောင်း အဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ဖို့ ပိုနီးစပ်လာနိုင်တယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။
    .
    သမ္မတဟာရွေးချယ်ခံရသူ ဖြစ်စရာမလို
    ———————————–
    ဒါပေမယ့် လက်ရှိ အခြေခံ ဥပဒေပါ ပြဌာန်းချက် တွေအရ သမ္မတဟာ ရွေးချယ်တင်မြှောက်ခံရသူ ဖြစ်စရာ မလိုတဲ့ အတွက် သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်တာနဲ့ သူ ဒုတိယသက်တမ်း သမ္မတဖြစ်မလာနိုင်ဘူးလို့ ယတိပြတ် မပြောနိုင် သေးတဲ့ အကြောင်းလည်း နိုင်ငံရေးလေ့လာသူတွေက ထောက်ပြပါတယ်။
    .
    အခြေခံဥပဒေပါ သမ္မတရွေးကောက်ပုံ စနစ်အရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဒုတိယသမ္မတလောင်း တစ်ဦးစီ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ တစ်ဦးကို အမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စု လွှတ်တော်ထဲမှာ မဲခွဲလို့ မဲအများဆုံးရသူက သမ္မတ၊ ကျန်သူ နှစ်ယောက်က ဒုတိယသမ္မတတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
    .
    ဒီကနေ့မှာပဲ သူရဦးရွှေမန်းဟာ သူ့ရဲ့ ရုံးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နှစ်ယောက်ထဲ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံ ပြောဆိုကြတဲ့ အကြောင်းအရာတွေ ကိုတော့ မသိရသေးပါဘူး။
    http://www.bbc.com/burmese/burma/2015/07/150713_president_elex2015
  • အမုန်းတရားပြန့်ပွားမှု ဆန့်ကျင်ရေး လူငယ်တွေ အရှိန်မြှင့် ဆောင်ရွက်
    အမုန်းတရားပြန့်ပွားမှု ဆန့်ကျင်ရေး လူငယ်တွေ အရှိန်မြှင့် ဆောင်ရွက်
    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    ဇူလိုင် ၁၃ ၊ ၂၀၁၅
    .67D89A1B-E35F-4C17-8BEC-441A0A907C48_w640_r1_s_cx0_cy4_cw0
    မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် အမုန်းစကားတွေကြောင့် အကြမ်းဖက် ပဋိပက္ခတွေ ထပ်မံမဖြစ်ပေါ်ရအောင် မြန်မာကျောင်းသားလူငယ်တွေကနေ My Friend Campaign ကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ကျောင်းသားလူငယ်တွေဟာ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ ဘာတွေလှုပ်ရှားခဲ့ကြသလဲ ဆိုတာကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
    .
    မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုနဲ့ အမုန်းစကားတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် မနေ့က ရန်ကုန်မြို့ ရွှေတိဂုံစေတီအနီး ကန်တော်မင်ပန်းခြံမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသူကျောင်းသားတွေဟာ လူမျိုး၊ ဘာသာ မတူညီကြပေမဲ့ ညီညွတ်ချစ်ခင်ကြတယ်ဆိုတဲ့ အထိမ်းအမှတ်အဖြစ် Selfie ဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ယက် အင်တာနက် စာမျက်နှာပေါ်မှာ ဖြန့်နေကြတာပါ။
    .
    ဒီလှုပ်ရှားမှုဟာ My Friend Campaign ရဲ့ Selfie လှုပ်ရှားမှုအနေနဲ့ မိုဘိုင်လ်တယ်လီဖုန်း အင်တာနက်ကို အသုံးပြုပြီး လူမှုအသိုင်းအ၀ိုင်း ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် လှုပ်ရှားဆောင်ရွက်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ အထူးသဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာချိန် နိုင်ငံတွင်း အမုန်းစကားတွေ လှုံ့ဆော်မှု တိုးမြှင့်လာတာတွေ ရှိနေတာကြောင့် အခုလို လူငယ်တွေက လူမှုအသိုင်းအတွင်း ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်လို့  ဦးဆောင် လှုပ်ရှားနေသူတဦးဖြစ်တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုက ဗွီအိုအေ ကို ပြောပါတယ်။
    .
    “အခုက အမုန်းစကားနဲ့ ပတ်သက်လို့ ကျမတို့ နိုင်ငံမှာက ဘယ်တွေမှာသွားပြီး ထိခိုက်မလဲဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာပါ ထိခိုက်တယ်ပေါ့နော်။ အမုန်းစကားလို့ ပြောလိုက်လို့ရှိရင် လူတွေက ဒီ ဘာသာခြား တိုင်းပြည်တွင်းမှာပဲ မြန်မာနိုင်ငံထဲမှာပဲ အတူတူ တမြေတည်း၊ တရေတည်း နေလာပြီးတော့မှ ဘာသာခြားရယ်လို့ ဒီနေရာမှာ အမုန်းစကားနဲ့ ပတ်သက်လို့ ထိခိုက်လာတာ ရှိတယ်။ လူမျိုးကြားထဲမှာ အဖွဲ့အစည်းကြားထဲမှာ အဲဒီလို ထိခိုက်လာတာရှိတယ်။ နောက်ပြီးတော့ တဦးနဲ့တဦး အမုန်းစကား ပြန့်ပွားဖို့အတွက် အဓိက လုပ်ဆောင်နေတာမျိုးတွေကိုလည်း ကျမတို့ ကြားနေရတယ်။ ကျမတို့ ဘယ်လောက်လိုက်ပြီးတော့ ကာကွယ်နိုင်မလဲပေါ့နော်။ ပတ်ဝန်းကျင်မှာ ကျမတို့ လက်လှမ်းမီသ၍ကတော့ ဒါဟာ အမုန်းစကား ပြန့်ပွားစေတဲ့ စကားလုံးတွေ ဒါတွေ မလုပ်သင့်ဘူးလို့ ပြောနေပေမဲ့ ကျမတို့ထက် ပိုပြီး ထိရောက်အောင် သူတို့က အမုန်းစကားတွေ ဖြန့်ချိတာမျိုးကိုလည်း ကျမတို့ တွေ့ရတယ်။ အခု ၂၀၁၅ နီးလာပြီ။ မြန်မာနိုင်ငံမှာ ကြုံတွေ့ရမယ့် ရွေးကောက်ပွဲကာလအတွင်းမှာ အဲဒါမျိုးတွေ ထပ်မဖြစ်စေချင်ပါဘူး။ ကျမတို့ ပြည်သူကြားမှာ စိတ်ဝမ်းကွဲတာတွေ၊ ညှိနှိုင်းလို့မရတဲ့ ဖြစ်စဉ်မျိုးတွေ ကျမတို့ မကြုံတွေ့ချင်ဘူး။ ဒီအမုန်းစကားကြောင့်။ ၂၀၁၅ မှာ ပိုပြီး အရေးကြီးလာပြီလို့ ကျမတို့ ထင်တယ်။”
    .
    လက်ရှိအခြေအနေမှာလည်း နယ်တွေမှာ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ အမုန်းစကားတွေကို ပိုပြီး ဖြန့်နေကြတယ်လို့ မဝေေ၀နုက ပြောပါတယ်။
    .
    “ဒီဘာသာရေး၊ လူမျိုးရေး အမုန်းစကား ဖြန့်ချိနေတဲ့ သူတွေကလည်း သူတို့ရဲ့ အဓိကသတ်မှတ်တဲ့ နယ်မြေတွေဟာ ကျေးလက်ဒေသတွေ ဖြစ်နေတယ်။ အဲဒီဒေသတွေမှာ အမုန်းစကားတွေကို ပိုပြီး ဖြန့်ချိနေတာ ကျမတို့ တွေ့ရတယ်။ ဥပမာ – အတိုက်အခံပါတီဘက်ကဆိုလို့ရှိရင် NLD ဘက်က ဆိုလို့ရှိရင် အဲလိုမျိုးလေးတွေ ပြောဆိုခံရတာပေါ့။ ဥပမာ – ခွပ်ဒေါင်းက မွတ်ဒေါင်းဖြစ်သွားပြီ ဆိုတဲ့ စကားလုံးမျိုးလေးတွေ၊ NLD ကို မဲပေးရင် ကုလားကြီးစိုးသွားမယ်ဆိုတဲ့ စကားလုံးမျိုးတွေ၊ အဲတော့ ဒီလူထုကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ခုတလောအတွင်းမှာ ပိုပြီးတော့ ကျေးလက်ဒေသမှာ ဖြန့်ချိတာ ကျမတို့ တွေ့ရတယ်။”
    .
    မကြာသေးခင် နှစ်တွေအတွင်း အသိုင်းအ၀ိုင်း နှစ်ဘက်ကြား သေဆုံး၊ ဒဏ်ရာရစေခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေဟာ မိတ္ထီလာ၊ မန္တလေး စတဲ့ မြို့ကြီး တချို့မှာ ဖြစ်ခဲ့တာပါ။ ဒီအတောအတွင်း သဘောထား တင်းမာတဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဖွဲ့စည်းထားတဲ့ မဘသ အဖွဲ့ဟာ မူဆလင် လူနည်းစုတွေ ဆန့်ကျင်ရေးအတွက် ဆန္ဒပြပွဲတွေ၊ အင်တာနက် အွန်လိုင်းကနေ အမုန်းတရား လှုံ့ဆော်တာတွေ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန် ထောက်ပြနေကြတာပါ။ အခုလို နိုင်ငံတွင်း အမုန်းတရား ပြန့်ပွားအောင် လှုံ့ဆော်နေတာကို ရပ်တန့်ရေး အတွက် အစိုးရဘက်က ဆောင်ရွက်မှုတွေမှာ အားနည်းတာတွေ ရှိနေတယ်လို့ ဘလော့ဂါ ကိုနေဖုန်းလတ်က AFP သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် အချို့အုပ်စုတွေဟာ အမုန်းတရား ပြန့်ပွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြတာကို တွေ့နေရတယ်လို့ သူက အင်္ဂလိပ်ဘာသာစကားနဲ့ အခုလို ပြောသွားပါတယ်။
    .
    “နည်းပညာကို လူတချို့က ကောင်းတဲ့ကိစ္စတွေအတွက် အသုံးပြုပေမဲ့ အခြားတဘက်မှာတော့ မကောင်းတဲ့သူတွေက မကောင်းတာလုပ်ဖို့ ဒီနည်းပညာကို အသုံးချနေကြတာပါ။ အဲဒါကြောင့် လူတွေရဲ့ နားလည်သဘောပေါက်မှုအပေါ်မှာ မူတည်နေတဲ့အပြင် လူတွေရဲ့ အသိပညာဥာဏ်ဟာလည်း အလွန်အရေးကြီးပါတယ်။”
    .
    သူကိုယ်တိုင်လည်း လူမှုကွန်ယက် အင်တာနက်စာမျက်နှာဖြစ်တဲ့ Facebook မှာ အမုန်းတရား လှုံ့ဆော်မှုတွေကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြနေတဲ့ ပန်းစကားအဖွဲ့ကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ My Friend Campaign ရဲ့ Selfie ဓာတ်ပုံရိုက်လှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာဝင် လူငယ်တွေနဲ့ အစ္စလာမ်ဘာသာဝင် လူငယ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတကွ ဓာတ်ပုံရိုက်နေကြတာကို တွေ့မြင်ရပါတယ်။
    .
    ဧပြီလကစတင်ခဲ့တဲ့ My Friend Campaign လှုပ်ရှားမှုမှာတော့ လူမျိုး၊ ဘာသာပေါင်းစုံက ကျောင်းသားလူငယ်တွေ ပါဝင်နေပြီး မိတ်ဆွေသူငယ်ချင်းတွေအဖြစ် သူတို့မှာ ခွဲခြားမှုဆိုတဲ့ အကန့်အသတ် နယ်နိမိတ် မရှိကြဘူးလို့ အဖွဲ့ရဲ့တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
    http://burmese.voanews.com/content/selfie-campaign/2859217.html