ဇူလိုင် ၁၁၊ ၂၀၁၅
M-Media
– ရာစုနှစ်ပေါင်းများစွာအရင်က စပိန်တို့၏ တောင်အမေရိကတိုက်အား နယ်ချဲ့မှုအတွင်း တိုင်းရင်းသားဒေသခံများအပေါ် ခရစ်ယာန်များက ဘာသာရေးခေါင်းစဉ်တပ်ကာ ကျူးလွန်ခဲ့သည့် “ဆိုးဝါးသော အပြစ်များ” အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းပန်လိုက်သည်။
ဘိုလီဗီယားနိုင်ငံသို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီးက ကြာသာပတေးနေ့တွင် ပြည်သူများအား ပြောကြားခဲ့သော မိန့်ခွန်း၌ ထိုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်ပြီး ခရစ်ယာန် ကက်သလစ်အသင်းတော်၏ သမိုင်းမှာ အကျင့်သီလဖောက်ဖျက်မှုများမှ လုံးဝ မလွတ်ကင်းဟုလည်း ၀န်ခံခဲ့သည်။
အဆိုပါမိန့်ခွန်းတွင် ဖရန်စစ်က ပူးပေါင်းဆောင်ရွက်မှုများနှင့် ဘဏ်လုပ်ငန်းများမှာလည်း ကိုလိုနီနယ်ချဲ့ခြင်းနေရာကို ယူထားသည့် ကိုလိုနီလက်သစ်ဝါဒအဖြစ် သတ်မှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့သည်။
“နောင်တရမှုနဲ့အတူ သင်တို့အားလုံးကို ကျွန်ုပ်ပြောပါမယ်။ ဘုရားသခင်ရဲ့ နာမတော်ကို ကိုင်ပြီး အမေရိက က ဌာနေပြည်သူတွေအပေါ်မှာ (ခရစ်ယာန်တွေက) ပြစ်မှုတွေအများကြီး ကျူးလွန်ခဲ့ပါတယ်” ဟု ဆန်တာခရုဇ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါမိန့်ခွန်း၌ ပြောကြားခဲ့သည်။
ထို့ပြင် ၎င်း၏အရင်က ပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့သော စိန့် ဂျွန်ပေါလ် ၂ ကလည်း တောင်အမေရိကတွင် ကက်သလစ်အသင်းတော်၏ ထိုသမိုင်းအတွက် ၀န်ခံခဲ့သည်ဟု ဆိုသည်။
“အသင်းတော်ရဲ့ အပြစ်တွေကိုသာမကဘဲ၊ အမေရိကကို အောင်နိုင်ခြင်းလို့ခေါ်တဲ့ အချိန်အတွင်းမှာ ဒေသခံပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက်ပါ ခွင့်လွှတ်ပေးဖို့ ကျွန်ုပ် ရိုးသားစွာနဲ့ တောင်းပန်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ထည့်သွင်းပြောကြားခဲ့သည်။
ရဟန်းမင်းကြီး ဖရန်စစ်၏ ယခုကဲ့သို့ တောင်းပန်မှုမှာ ယခင် ပုပ်ရဟန်းမင်းကြီးများထက် ပို၍ တာသွားသည်ဟု ဗာဂျီးနီးယား ဓနသဟာယ တက္ကသိုလ်မှ ကက်သလစ်ဝါဒနှင့် လက်တင်အမေရိကဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သူ အန်ဒရူး ချက်စ်နတ်က ပြောကြားခဲ့သည်။
စပိန် ကက်သလစ် ပြည့်ရှင်ဘုရင် ဖာဒီနန် ၂ နှင့် ဘုရင်မ အစ္စဘယ်လာတို့က အေဒီ ၁၄၇၈ တွင် စတင်ခဲ့သည့် ခရစ်ယာန် ဘာသာရေးခုံရုံးစနစ်မှာ စပိန်ကိုလိုနီဖြစ်သော တောင်အမေရိတိုက်အထိပါ ပြန့်နှံ့သွားပြီး ကက်သလစ်ဘာသာဝင်မဟုတ်သည့် အခြားသောသူများအားလုံးမှာ ထိုခုံရုံးအောက်တွင် ငြှင်းပန်းနှိပ်စက်၊ သတ်ဖြတ်မှုများကို အလူးအလဲ ခံခဲ့ရသည်။
Ref: CNN