ဇူလိုင် ၁၀၊ ၂၀၁၅
M-Media
– စုစုပေါင်းလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် အကူအညီများ လိုအပ်နေသည့် ယီမင်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်ရန်အတွက် တစ်ပတ်တာ ခြွင်းချက်မဲ့ အပစ်ရပ်ရေး အစီအစဉ်ကို ကုလက ကြေညာလိုက်သည်။
အဆိုပါ အပစ်ရပ်ရေးမှာ ဇူလိုင်လ ၁၀ ရက် သောကြာနေ့ ဒေသစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်မှ စတင်ကာ ရမ်ဇာန်ဥပုသ်လအဆုံး ဇူလိုင် ၁၇ ရက်နေ့တွင် အဆုံးသတ်မည်ဟု ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခြွင်းချက်မဲ့ ဒီအပစ်ရပ်ရေးအတွက် ယီမင်ပဋိပက္ခမှာ ပါဝင်တဲ့သူတွေအားလုံးရဲ့ ကတိက၀တ်ကို အထွေထွေအတွင်းရေးမှူးချုပ်က စောင့်ကြည့်နေပါတယ်။ သောကြာနေ့ အပစ်ရပ်ရေးစမယ်ဆိုတာ ကြေညာဖို့ လိုအပ်တဲ့သဘောထား
ပါဝင်သူတွေအားလုံးမှာရှိတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်” ဟု ဒူဂျာရစ်က ဆိုသည်။
အဆိုပါ အပစ်ရပ်ရေးနှင့်ပတ်သက်၍ ယီမင်စစ်ပွဲတွင် ပါဝင်နေသည့် နှစ်ဘက်စလုံးက မည်သည့်မှတ်ချက်မှ မပေးသေးပေ။
ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အစ္စမေးလ် အွလ်ဒ် ချိခ် အဟ်မဒ် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ယီမင်သို့သွားရောက်ကာ ဟူသီသူပုန်များနှင့် သမ္မတဟာဒီ၏ အဝေးရောက်အစိုးရမှ တာဝန်ရှိသူများအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ အပစ်ရပ်ရေးကိစ္စ ပေါ်ထွက်လာခြင်းဖြစ်သည်။
စစ်ပွဲကြောင့် နိုင်ငံ၏ ၂၅ သန်းသော လူဦးရေတွင် ၈၀ ရာခိုင်နှုန်းကျော်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို ရင်ဆိုင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်။
Ref: Aljazeera