News @ M-Media
Blog
  • ၂၀၃၀ ပြည့်နှစ်များတွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား ခြေချနိုင်ရန် နာဆာ စီစဉ်
    ၂၀၃၀ ပြည့်နှစ်များတွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသား ခြေချနိုင်ရန် နာဆာ စီစဉ်
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    mars
    – လာမည့် ၂၀၃၀ ပြည့်နှစ်များတွင် အင်္ဂါဂြိုဟ်သို့ လူများ ခြေချနိုင်ရန်အတွက် နာဆာက စီစဉ်နေပြီး သွားရောက်မည့်သူများကိုလည်း ရွေးချယ်ပြီးခဲ့ပြီဟု သိရသည်။
    သွားရောက်ရန် ရွေးချယ်ထားသော အာကာသယာဉ်မှူးများမှာ ရောဘတ် ဘန်ကန်၊ ဆွန်သီယာ ၀ီလီယံ၊ အဲရစ်ဘိုးနှင့် ဒေါက်ဟာလေးတို့ ဖြစ်ကြပြီး ၎င်းတို့အား ယခုအချိန်မှစ၍ လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
    “ကျွန်တော်တို့ အင်္ဂါဂြိုဟ်ခရီးအတွက် ဆောင်ရွက်နေပါတယ်။ အမေရိကန် အာကာသယာဉ်မှူးတွေကို ၂၀၃၀ ပြည့်နှစ်တွေမှာ ဂြိုဟ်နီကြီးပေါ်ကို ပို့ဖို့အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝစေဖို့ နက်ရှိုင်းတဲ့ အာကာသဟင်းလင်းပြင်နဲ့ ပတ်သက်လို့ရော နိုင်ငံတကာ အာကသစခန်းမှာ အဆင့်မြင့်တင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးဖို့နဲ့ ပတ်သက်လို့ရော နှစ်ခုစလုံး အာရုံစိုက်ဖို့
    လိုပါတယ်” ဟု နာဆာ၏ စီမံခန့်ခွဲရေးမှူး ချာလီ ဘိုလ်ဒန်က ပြောကြားခဲ့သည်။
    အဆိုပါ ပို့လွှတ်မှုအစီအစဉ်မှာ အမေရိကန်မြေပေါ်မှ အာကာသယာဉ်များ ပြန်လည်လွှတ်တင်ခြင်း အစီအစဉ်အစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ နာဆာမှာ အမေရိကန်မြေပေါ်မှ အာကာသယာဉ်များကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်လွှတ်တင်နိုင်ရန် ဆောင်ရွက်နေသည်။
    “ကျွန်တော် စီမံခန့်ခွဲနေတဲ့အချိန် တစ်လျှောက်လုံးမှာ သမ္မတအိုဘားမာက အမေရိကန် အာကာသယာဉ်မှူးတွေကို အမေရိကန်မြေပေါ်ကနေ အာကာသထဲကို လွှတ်တင်တာဟာ ထိပ်တန်း ဦးစားပေးရမယ့်အရာလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်” ဟု ဘိုလ်ဒန်က ဆိုသည်။
    အင်္ဂါဂြိုဟ်သို့ လူများ လွှတ်တင်ရေးအတွက် လေ့ကျင့်မှုများကို ချက်ခြင်းစတင်မည်ဖြစ်ပြီး အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ အစီအစဉ်အတွက် ပြည်နယ် ၃၆ ခုမှ အမေရိကန် ကုမ္ပဏီပေါင်း ၃၅၀ ကျော်မှာ နာဆာနှင့် ပူးပေါင်း ဆောင်ရွက်နေကြသည်။
    “အမေရိကရဲ့ ထိုးထွက်လာတဲ့ အာကာသ စီးပွားရေးဈေးကွက်ကို ထောက်ပံ့ပေးရာမှာ တကယ့် စီးပွားရေးအကျိုးအမြတ်တွေ ရှိပါတယ်။ အာကာသသွားမယ့်သူတွေဆီမှာ ရင်းနှီးမြှုပ်နှံတဲ့ ဒေါ်လာတိုင်းဟာ ရုရှားစီးပွားရေးမှာ မြှုပ်နှံတာထက် ကျွန်တော်တို့အတွက် ရင်းနှီးမြှုပ်နှံတာပါပဲ” ဟု ဘိုလ်ဒန်က ထည့်သွင်းပြောကြားခဲ့သည်။
    ရုရှား၏ အာကာသယာဉ်ဖြင့် သွားရောက်ပါက အာကာသယဉ်မှူးတစ်ဦးလျှင် ကန်ဒေါ်လာ ၇၆ သန်း ကုန်ကျမည်ဖြစ်ပြီး အမေရိကန် အာကာသယာဉ်ဖြင့် သွားရောက်ပါက တစ်ဦးလျှင် ကန်ဒေါ်လာ ၅၈ သန်းသာ ကုန်ကျမည်ဟု ဆိုသည်။
    လက်ရှိတွင် အင်္ဂါဂြိုဟ်ပေါ်သို့ ဂြိုဟ်ဆင်းယာဉ်ငယ်တစ်စင်းကို နာဆာက ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တင်ခဲ့ပြီး လွန်ခဲ့သည့် ၉ လက ဂြိုဟ်ပေါ်သို့ ရောက်ရှိကာ စူးစမ်းလေ့လာမှုများ ပြုလုပ်နေသည်။
    Ref: CNN
  • ၀န်ကြီးချုပ်၏ ချွေတာရေးအစီအစဉ်ကို ဂရိပါလီမန် အတည်ပြု
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    gred
    – ဘဏ္ဍာရေးပြိုလဲမှုကို ကယ်တင်ရန်အတွက် အကြွေးရှင်များအား တင်ပြရမည့် ချွေတာရေး အဆိုပြုချက်တစ်ခုကို ဂရိပါလီမန်က ယမန်နေ့နှောင်းပိုင်းတွင် အတည်ပြုလိုက်ပြီဟု သိရသည်။
    အစိုးရမှ တင်သွင်းသော အဆိုပါ အဆိုပြုချက်ကို ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ ထို့ကြောင့် မနက်ဖြန်တွင် ဥရောပခေါင်းဆောင်များနှင့် ပြုလုပ်မည့် ဂရိအကြွေးပြဿနာအား ကယ်တင်ရေး ဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်က ထိုအဆိုပြုချက်ကို တင်သွင်းသွားနိုင်မည် ဖြစ်သည်။
    ထို ချွေတာရေးအဆိုပြုချက်များတွင် အခွန်တိုးမြှင့်ကောက်ခံမှု၊ ပင်စင်နှုန်းထားများလျှော့ချမှုတို့ ပါဝင်ပြီး တီစီပရက်စ်ကမူ ထိုအစီအစဉ်များမှာ ပါတီရွေးကောက်ပွဲမ၀င်ခင်က ပေးထားသော ကတိများနှင့် တစ်ခြားစီဖြစ်နေသည်ဟု ၀န်ခံခဲ့သည်။
    သို့သော်လည်း နိုင်ငံ၏ အကြွေးပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်ချက်များ ပါဝင်မည့် အလွန်လိုအပ်နေသော အကူအညီကို ရရှိရေးအတွက် အဆိုပါ ချွေတာရေးအဆိုပြုချက်မှာ ဂရိနိုင်ငံ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဂရိနှင့် ဥရောပနိုင်ငံတို့မှာ မနက်ဖြန်တွင် ဆွေးနွေးကြမည်ဖြစ်ပြီး ဥရောပနိုင်ငံများက ဂရိ၏ ချွေတာရေးအဆိုပြုချက်ကို လက်ခံပါက အကြွေးပြဿနာ ဖြေရှင်းရေးအတွက် လိုအပ်သော ချေးငွေကို ၃ နှစ် စာချုပ်ဖြင့် ထုတ်ပေးမည်ဖြစ်သည်။ ထို့ပြင် အဆိုပါ ချွေတာရေးအစီအစဉ်မှာလည်း ဂရိနိုင်ငံအတွင်း ဥပဒေ ဖြစ်လာမည်ဖြစ်သည်။
    ဥရောပကော်မရှင်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF၊ ဥရောပ ဗဟိုဘဏ်နှင့် ဥရောပဇုန်မှ အကြီးအကဲများမှာ ဂရိ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အတွက် ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။
    Ref: Aljazeera
  • မန်ယူသို့ ပြောင်းရွှေ့ရန် ရှဝိုင်းစတိုင်ဂါ သဘောတူ
    မန်ယူသို့ ပြောင်းရွှေ့ရန် ရှဝိုင်းစတိုင်ဂါ သဘောတူ
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    sws
    – ဘိုင်ယန်မြူးနစ်အသင်း၏ ဂျာမန်အလယ်တန်းလူ ရှဝိုင်းစတိုင်ဂါမှာ မန်ချက်စတာယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီလိုက်သည်ဟု သိရသည်။
    မန်ယူက ဘိုင်ယန်အား ကြာသာပတေးနေ့တွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်တွင် ဗန်ဂါးလ်နှင့် လက်တွဲခဲ့ရခြင်းက ရှဝိုင်းစတိုင်းဂါ မန်ယူသို့ ပြောင်းရွှေ့ရန် လက်ခံရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။
    ယခုလက်ရှိတွင် ဘိုင်ယန်နှင့် မန်ယူတို့၏မှာ ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းရန် ကျန်ရှိနေသေးပြီး ဘိုင်ယန်က ပေါင် ၁၅ သန်းခန့် လိုချင်နေကာ အသက် ၃၀ အရွယ်ရှိပြီး ဘိုင်ယန်နှင့် ၁၂ လတာ စာချုပ်သက်တမ်း ကျန်ရှိနေသည့် ရှဝိုင်းစတိုင်ဂါအတွက် ထိုဈေးမှာ များလွန်းနေသည်ဟု မန်ယူက ယူဆနေသည်။ သို့သော်လည်း ဘိုင်ယန်က ဈေးအား ညှိနှိုင်းဖွယ် ရှိနေသည်။
    မန်ယူမှာ ယမန်နေ့အစောပိုင်းက ပေါင် ၂၅ သန်းဖြင့် ခေါ်ယူထားသည့် ဒက်ခ်ျ တိုက်စစ်မှူး မမ်ဖစ် ဒီပေးကို ပထမဆုံး မိတ်ဆက်ခဲ့သည်။
    “ကျွန်တော် ဒီမှာ ဂိုးတွေသွင်းနိုင်မယ်လို့ ထင်ပါတယ်။ တကယ်ပါ။ ကျွန်တော် ဒီအတွက် အလုပ်လုပ်မှာဖြစ်ပြီး ဒီလိုလုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီကိုလာပြီး အလုပ်လုပ်ဖို့၊ ဂိုးတွေသွင်းဖို့နဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်လှုပ်ရှားပါတယ်။ ကျွန်တော်ဟာ
    တိုက်စစ်မှူးတစ်ယောက် ဖြစ်တာကြောင့် ဂိုးတွေ သွင်းရပါမယ်” ဟု ဒီပေးက ပြောကြားခဲ့သည်။ ၎င်းမှာ မန်ယူ၏ အမေရိက ခရီးစဉ်သို့ သွားရောက်ပူးပေါင်းမည်ဖြစ်သည်။
    Ref: Dailymail
  • တောင်ကယ်ရိုလိုင်းနား လွှတ်တော်မှ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချ
    တောင်ကယ်ရိုလိုင်းနား လွှတ်တော်မှ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချ
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    us
    – ခွဲထွက်ရေးသဘောတရားများ၊ လူမျိုးရေးခွဲခြားသည့် သဘောထားများ ပါဝင်နေသည့် ကွန်ဖက်ဒရိတ်အလံအား အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ပြည်နယ်လွှတ်တော် အဆောက်အအုံမှ ဖြုတ်ချလိုက်သည်ဟု သိရသည်။
    ချာလ်စတန်မြို့ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းအား လူဖြူလူမျိုးကြီးဝါဒီ ဒိုင်လန်ရုဖ်က ပြီးခဲ့သည့်လတွင် ၀င်ရောက်ပစ်ခတ်ကာ လူ ၉ ဦး သေဆုံးခဲ့ရပြီးနောက် လူဖြူလူမျိုးကြီး ၀ါဒီများ တစ်စိုက်မတ်မတ် အသုံးပြုလာသည့် အဆိုပါ ကွန်ဖက်ဒရိတ်အလံကို ဖြုတ်ချရန် တိုက်တွန်းမှုများ မြင့်တက်လာခဲ့သည်။
    တောင်ကယ်ရိုလိုင်းနား လွှတ်တော်တွင် နှစ်ပေါင်း ၅၄ နှစ်ကြာ လွှင့်ထူလာခဲ့သည့် အဆိုပါအလံအား ဖြုတ်ချမှုမှာ ကောင်းမွန်သော စိတ်ဆန္ဒ၏ လက္ခဏာဖြစ်ပြီး၊ ပိုကောင်းသည့် အနာဂတ်အတွက် ကုစားသော၊ အဓိပ္ပါယ်ရှိသော ခြေလှမ်းဖြစ်သည်ဟု ကွန်ဖက်ဒရိတ်အလံအား ဖြုတ်ချအပြီး မိနစ်အနည်းငယ်အကြာတွင် သမ္မတ အိုဘားမားက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။
    အလံဖြုတ်ချခြင်းအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းသို့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ ထိုအလံကို တောင်ကယ်လိုင်းနား မြို့တော်ဖြစ်သော ကိုလံဘီယာရှိ ပြည်နယ်စစ်ဘက်ဆိုင်ရာပြတိုက်တွင် ပြသသွားမည်ဖြစ်သည်
    တောင်ကယ်ရိုလိုင်းနား ရီပက်ဘလစ်ကန် အုပ်ချုပ်ရေးမှူး နစ်ကီဟာလေးက အဆိုပါ ကွန်ဖက်ဒရိတ်အလံအား ဂုဏ်သိက္ခာဖြင့် ဖြုတ်ချမည်ဟု ကြာသာပတေးနေ့က ကတိပြုခဲ့ပြီး ဖြုတ်ချခဲ့သည့် သောကြာနေ့ကို ပြည်နယ်အတွက် ကြီးကျယ်သောနေ့တစ်နေ့ ဖြစ်သည်ဟု NBC ရုပ်သံသို့ ပြောကြားခဲ့သည်။
    အမေရိကန်ပြည်တွင်းစစ်တွင် ကျွန်စနစ်ကို လိုလားသည့် တောင်ပိုင်းပြည်နယ်များက အသုံးပြုသော အဆိုပါ ကွန်ဖက်ဒရိတ်အလံကို တောင်ကယ်ရိုလိုင်းနား ခေါင်းဆောင်များက ၁၉၆၁ ခုနှစ်တွင် ပြည်နယ်လွှတ်တော်၏ အမိုးခုံး၌ ပြည်တွင်းစစ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
    Ref: Aljazeera
  • ဘိုကိုဟရမ်၏ ရန်ကြောင့် နိုက်ဂျီးယားဗလီများတွင် အေသေကာ့ဖ်တရားထိုင်ခြင်း အစီအစဉ်အား ဖျက်သိမ်း
    ဘိုကိုဟရမ်၏ ရန်ကြောင့် နိုက်ဂျီးယားဗလီများတွင် အေသေကာ့ဖ်တရားထိုင်ခြင်း အစီအစဉ်အား ဖျက်သိမ်း
    ဇူလိုင် ၁၁၊ ၂၀၁၅
    M-Media
    nigeria
    – ဘိုကိုဟရမ် စစ်သွေးကြွများက ဗလီဝတ်ကျောင်းတော်များနှင့် အခြားသော ဘာသာရေးဆိုင်ရာ နေရာများအား တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာသည့်အတွက်ကြောင့် နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော် အများအပြားတွင် အေသေကာ့ဖ်ထိုင်ခြင်း (တရားထိုင်ခြင်း) နှင့် ညလုံးပေါက်ဝတ်ပြုခြင်း အစီအစဉ်တို့ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။
    “လုံခြုံရေး အကြောင်းအရင်းတွေကြောင့် ဒီနှစ် အေသေကာ့ဖ်အစီအစဉ်ကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ပါတယ်” ဟု ကာနိုပြည်နယ်ရှိ အူမာရ် အစ်ဗနေ့ ခသာ့ဘ် ဗလီဝတ်ကျောင်းတော်မှ အစ္စလာမ့် ဓမ္မပညာရှင် မိုဟာမက် အဘ်ဒူလာက ပြောကြားခဲ့သည်။
    ထို့ပြင် ထိုကဲ့သို့ ဖျက်သိမ်းမှုကို အခြားသော အဓိက ဗလီဝတ်ကျောင်းတော်ကြီးများတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေး စိုးရိမ်ရသည့် အကြောင်းအရင်းကြောင့်သာဖြစ်သည်ဟု အတည်ပြုခဲ့သည်။
    “ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းရေးပြန်ရဖို့၊ ပြီးတော့ ဒီလိုအကြမ်းဖက်မှုတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တွေအားလုံး ပျက်ဆီးသွားဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်။ မွတ်စလင်တွေအဖြစ် ကျွန်တော်တို့ဟာ ဒီအကြမ်းဖက်မှုနောက်ကွယ်မှာရှိနေတဲ့ လူဆိုးတွေအပေါ် အောင်နိုင်ဖို့လည်း ကျွန်တော်တို့ ဆက်လက် ဆုတောင်းသွားမှာပါ”
    အဆိုပါ အစ်ဗနေ့ ခသာ့ဘ် ဗလီဝတ်ကျောင်းတော်တွင် ပြီးခဲ့သည့် တစ်ပတ်က အမျိုးသမီး အသေခံ ဗုံးခွဲသမားတစ်ဦးမှာ ၀တ်ပြုသူများအကြား ဗုံးခွဲရန် ကြိုးစားခဲ့ပြီး မွတ်စလင်လူ့အဖွဲ့အစည်းမှ လုံခြုံရေးအဖွဲ့ဝင်များက မောင်းထုတ်ခဲ့သည်။ သို့သော်လည်း ၎င်းမှာ စနတ်တံဖြုခဲ့သောကြောင့် ကိုယ်တိုင်သေဆုံးကာ အခြားလူအနည်းငယ်မှာလည်း ဒဏ်ရာရခဲ့သည်။
    အသေခံဗုံးခွဲသမားများမှာ ရမ်ဇာန်ဥပုသ်လ စတင်ဝင်ရောက်လာကတည်းက နိုက်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော် ၃ လုံးကို ပစ်မှတ်ထား၍ ဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ရသည်။
    နိုက်ဂျီးရီးယားနှင့် အနောက်အာဖရိကတို့တွင် အကြီးဆုံး အစ္စလာမ့်အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် Nasrul-Lahi-L-Fatih Society ကာနိုအဖွဲ့ခွဲကလည်း ၎င်းတို့စီစဉ်ထားသည့် လဟာပြင်တွင် လူများစုဝေးကာ ညလုံးပေါက်ဝတ်ပြုမှု အစီအစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းခဲ့သည်။
    “ပြည်နယ်အတွင်းက လုံခြုံရေးအခြေအနေကြောင့် လိုက်လာသွလ်ကဒရ်ညမြတ် ရှာဖွေခြင်း အစီအစဉ်ကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ပါတယ်။ ကျွန်တော်တို့အားလုံးနဲ့အတူ အလ္လာဟ်အရှင်မြတ် ရှိနေတော်မူပါစေ” ဟု ထိုအဖွဲ့မှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    အေသေကာ့ဖ်ထိုင်ခြင်းကိုလည်း ဖျက်သိမ်း
    ရမ်ဇာန်ဥပုသ်လ၏ နောက်ဆုံး ၁၀ ရက်တွေင် ဗလီဝတ်ကျောင်းတော်များ၌ သွားရောက် အားထုတ်ရသည့် အေသေကာ့ဖ် တရားထိုင်ခြင်းအစီအစဉ်ကို နိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာ ပြည်နယ်၊ အရှေ့မြောက်ပိုင်းမှ ဘော်နိုနှင့် ယိုဘီပြည်နယ်၊ နိုင်ငံမြို့တော် အဘူဂျာစသည့် ဒေသများရှိ ဗလီဝတ်ကျောင်းတော်များတွင် လုံခြုံရေးအခြေအနေကြောင့် ဆောင်ရွက်ခြင်းမပြုရန် ကြေညာခဲ့သည်။
    “ဒီ ကာဒူနာပြည်နယ်က ဆူလ်တန်ဘဲလို ဗလီဝတ်ကျောင်းတော်မှာ ကျွန်တော်ဟာ အေသေကာ့ဖ် တရားထိုင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဘိုကိုဟရမ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဒီအစီအစဉ်ကို ဆောင်ရွက်မှာမဟုတ်ဘူးဆိုတာ သိခဲ့ရပါတယ်။ ၀တ်ပြုသူတွေကို တိုက်ခိုက်ဖို့ ဘိုကိုဟရမ် စစ်သွေးကြွတွေက အခွင့်ကောင်းရသွားမှာ စိုးတဲ့အတွက် အခြားသော ဗလီဝတ်ကျောင်းတော်တွေမှာလည်း ဒီလိုပဲ ဖျက်သိမ်းသွားမှာပါ” ဟု ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သူ အဟ်မဒ် လာဒန်က ပြောကြားခဲ့သည်။
    မြို့တော်အဘူဂျာရှိ အေပိုဓမ္မသတ်ရုံးချုပ်မှ အကြီးအကဲဖြစ်သူ ရှိခ် မိုဟာမက် ခါလစ်ကလည်း နှစ်စဉ် လူပေါင်းရာနှင့်ချီ၍ အေသေကာ့ဖ်တရားထိုင်လေ့ရှိသည့် အဘူဂျာမှ ဗလီဝတ်ကျောင်းတော်ကြီးတွင် ယခုနှစ်၌ ပြုလုပ်တော့မည်မဟုတ်ဟု ပြီးခဲ့သည့် ရက်အနည်းငယ်က ကြေညာခဲ့သည်။
    “လုံခြုံမှုမရှိမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်ဆိုတယ်ဆိုတဲ့အချက်ကို လူတိုင်းက လက်ခံနိုင်ပါတယ်။ ဗုံးခွဲမှုဟာ မြောက်ပိုင်းမှာ နေ့စဉ်လိုလိုဖြစ်လာတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသမှာပေါ့။ ဒီလိုကမောက်ကမဖြစ်နေတာကို ရင်ဆိုင်ဖြေရှင်းဖို့ တတ်နိုင်တာ ဘာပဲဖြစ်ဖြစ် အစိုးရနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု ခါလစ်က ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် နိုက်ဂျီးရီးယားရှိ အခြားသော ထိပ်တန်း မွတ်စလင်အဖွဲ့အစည်းများကလည်း နိုင်ငံအတွင်း မတည်ငြိမ်မှုများ ပပျောက်သွားရေးအတွက် ရမ်ဇာန်နောက်ဆုံး ၁၀ ရက်တွင် ဆုမွန်ကောင်းတောင်းကြရန် မွတ်စလင်များကို တိုက်တွန်းခဲ့သည်။
    Ref: Onislam