News @ M-Media
Blog
  • အီရန် နျူကလီးယား သဘောတူညီချက် ကွဲလွဲမှုများ ရှိနေဆဲ
    အီရန် နျူကလီးယား သဘောတူညီချက် ကွဲလွဲမှုများ ရှိနေဆဲ
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    iran
    – မနက်ဖြန်တွင် ကုန်ဆုံးမည့် နောက်ဆုံးရက်မတိုင်ခင် နိုင်ငံ၏ နျူအရေး သဘောတူညီချက်အတွက် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား ကွဲလွဲမှုအချို့ ရှိနေဆဲဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားခဲ့သည်။
    “ဘာမှ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။ ကွဲလွဲချက်အချို့ ကျန်ရှိနေသေးပြီး ကျွန်တော်တို့ ကြိုးစားပြီး အားထုတ်လုပ်ဆောင်နေပါတယ်” ဟု ဇာရစ်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    နောက်ဆုံးအဆင့် သဘောတူညီချက်ရရေးအတွက် နောက်ဆုံးရက်ကို ဇွန်လ ၃၀ ရက်နေ့ သတ်မှတ်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့သောကြောင့် တစ်ပတ်တာ သက်တမ်းထပ်တိုးခဲ့ပြီး ထိုသတ်မှတ်ရက်မှာ မနက်ဖြန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
    အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကမူ အဆိုပါသဘောတူညီချက် ရရှိနိုင်သကဲ့သို့ ပျက်ပြယ်သွားနိုင်ပြီး အမေရိကန်မှာလည်း ထိုဆွေးနွေးပွဲမှ ထွက်သွားရန် အဆင်သင့်ရှိနေသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
    အနောက်နိုင်ငံများမှ သံတမန်အချို့နှင့် အီရန်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါဆွေးနွေးပွဲမှာ ဇူလိုင်လ ၉ ရက်နေ့အထိ ဆက်သွားနိုင်သည်ဟု ပြောကြားထားသော်လည်း ကယ်ရီက ညှိနှိုင်းဆွေးနွေးသူများမှာ မနက်ဖြန် နောက်ဆုံးရက်ကိုသာ ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။
    ကယ်ရီနှင့် ဇာရစ်ဖ်တို့မှာ ပြီးခဲ့သည့် တစ်ပတ်လုံး အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး ယမန်နေ့ကလည်း ကုလမှ အီရန်အပေါ် ပိတ်ဆို့ထားမှုများ ဖယ်ရှားရေးတို့အပါအ၀င် ကျန်ရှိနေသည့် သဘောထားကွဲလွဲမှုများအား ကျော်ဖြတ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
    အီရန်တာဝန်ရှိသူတစ်ဦးကမူ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA မှ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင် အီရန်တာဝန်ရှိသူများနှင့် ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။
    Ref: Reuters
  • နိုင်ငံခြားထွက်ပါက အဖမ်းခံရမည်ကို ကြောက်သည်ဟု ဘလတ္တာပြော
    နိုင်ငံခြားထွက်ပါက အဖမ်းခံရမည်ကို ကြောက်သည်ဟု ဘလတ္တာပြော
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    fifa
    – မိမိအနေဖြင့် ချစားမှုပြဿနာတွင် ပါဝင်ခြင်းမရှိသော်လည်း ဆွစ်ဇာလန်မှ အခြားနိုင်ငံသို့ သွားရောက်ပါက အဖမ်းခံရမည်ကို စိုးရိမ်မိသည်ဟု ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။
    ဖီဖာမှာ ချစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အကြီးတန်းအရာရှိ ၁၄ ဦးခန့်မှာလည်း ဖမ်းဆီကာ တရားစွဲဆိုခြင်း ခံထားရသည်။ ထို့ပြင် ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုများတွင် ဖီဖာမှာ ချစားမှု ရှိခဲ့သည်လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    ၅ ကြိမ်မြောက် ပြန်လည်ရွေးချယ်ခံရပြီးနောက် ရာထူးမှ နှုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည့် ဥက္ကဌဘလတ္တာမှာ ထိုပြဿနာများတွင် ငြိစွန်းမှုမရှိဘဲ ၎င်းကိုယ်တိုင်ကလည်း မိမိမှာ လိပ်ပြာသန့်သည်ဟု ပြောကြားထားဖူးသည်။
    သို့သော်လည်း ကနေဒါ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲကို စွန့်စား တက်ရောက်လိုက်ပါက အမေရိကန်အာဏာပိုင်များ၏ ဖမ်းဆီးခံရမှုကို ကြောက်ရွံ့နေသည်ဟု ဘလတ္တာက ပြောကြားခဲ့သည်။
    “အမေရိကန်က ကျွန်တော်နဲ့ပတ်သက်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တာတစ်ခုခု ရှိတာကြောင့် မဟုတ်ပါဘူး။ (ကျွန်တော့်ကိုဖမ်းတာဟာ) လူထုကြားထဲ မငြိမ်မသက် ဖြစ်မှာကြောင့်ပါ။ အားလုံး ပြီးဆုံးသွားတဲ့အချိန်အထိ ကျွန်တော်ဟာ စွန့်စားပြီး ခရီးမသွားပါဘူး။ တုန်လှုပ်ခြောက်ခြားစရာ ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်နည်းနည်း လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို သံသယရှိတာဟာ ခေါင်းဆောင်တစ်ယောက်အတွက် အကြီးဆုံးရန်သူတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့အရာကို ကျွန်တော် ယုံကြည်ပါတယ်” ဟု ဘလတ္တာက မီဒီယာသို့ ပြောကြားခဲ့သည်။
    ဘလတ္တာမှာ မိမိအား ချစားသည်ဟု ပြောပါက သက်သေအေထာက်အထားပြရန် ပြီးခဲ့သည့် တစ်ပတ်ကပင် စိန်ခေါ်ခဲ့ပြီး ယခုလည်း မိမိ ဤနေရာ၌ ရှိနေခြင်းမှာ ဖီဖာအတွက်သာ ဖြစ်သည်ဟု ဆိုသည်။
    “ဝေဖန်မှုတွေက ကျွန်တော့်ကို မနာကျင်စေပါဘူး။ ကျွန်တော့်ကိုနာကျင်တာဟာ အမုန်းတရားနဲ့ အပုပ်ချတဲ့စကားပါ။ မနာလိုဝန်တိုမှုက အမုန်းအဖြစ် ပြောင်းသွားကြတာပါ။ လူတွေက ကျွန်တော့်ရဲ့ ဖီဖာကို ဖျက်ဆီးချင်တာကို ကျွန်တော် ကြောက်ပါတယ်။ လူတိုင်းမှာ အကြောက်တရားရှိပါတယ်။ ဥပမာအားဖြင့် သေရမှာမျိုးပေါ့။ ဒါပေမယ့် ဖီဖာမှာ ကျွန်တော် အလုပ်လုပ်ရတဲ့အတွက်ကြောင့်
    ဘာကိုမှ မကြောက်ပါဘူး။ စိုးလည်း မစိုးရိမ်ပါဘူး”
    Ref: Goal
  • ၀ီဂါလူမျိုးများအတွက် တူရကီပြည်သူများ တရုတ်အစိုးရကို ဆန္ဒပြ
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    turk
    – တာ့က်နွယ်ဖွား ၀ီဂါမွတ်စလင်များအပေါ် တရုတ်အစိုးရ၏ ဆက်ဆံမှုကို မကျေနပ်သည့်အတွက် တူရကီတွင် တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု သိရသည်။
    တရုတ်နိုင်ငံအနောက်ပိုင်း ဇင်ဂျန်းပြည်နယ်ရှိ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များ၏ ၀တ်ပြုမှုနှင့် ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလဆောက်တည်မှုများကို တရုတ်အစိုးရက ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တူရကီနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးမှာ မကြာသေးမီအချိန်မှစ၍ တင်းမာလာခဲ့သည်။
    တာ့က်နွယ်ဖွား ၀ီဂါလူမျိုးများကို တူရကီပြည်သူများက ယဉ်ကျေးမှုနောက်ခံနှင့် ဘာသာရေး မျှဝေသူများအဖြစ် မှတ်ယူသောကြောင့် ၀ီဂါလူမျိုးများ၏ ပြဿနာများမှာ တူရကီပြည်သူများအတွက် အရေးပါလာခဲ့ပြီး တရုတ်အစိုးရအား ဆန္ဒပြသည်အထိ ဦးတည်ခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ်အတွင်း အုပ်စုငယ်တစ်ခုမှာ အစ္စတန်ဘူလ်မှ လူသိများသော တိုဖိန်း ခရိုင်ရှိ တရုတ်စားသောက်ဆိုင်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး ပြတင်းပေါက်များ ပျက်ဆီးခဲ့သည်ဟု တူရကီသတင်းစာ Hurriyet က ဖော်ပြခဲ့သည်။
    ယမန်နေ့ကလည်း အစ္စတန်ဘူလ်ရှိ တရုတ်ကောင်စစ်ဝန်ရုံးသို့ ရာပေါင်းများစွာသော တူရကီပြည်သူများက ချီတက်သွားကြကာ အဆောက်အဦးအပြင်ဘက်တွင် တရုတ်အစိုးရ ဆန့်ကျင်ရေး ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။ ယမန်နေ့မနက် အစောပိုင်းတွင်လည်း ဆန္ဒပြသူအချို့မှာ တရုတ်အလံကို မီးရှို့ခဲ့ကြသည်။
    “သူတို့ (၀ီဂါ)တွေဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဖြစ်ပြီး သူတို့ရဲ့ ယုံကြည်ချက်အတွက် ငြှင်းပန်းနှိပ်စက် ခံနေရပါတယ်။ သူတို့ ဘာအမှားမှ မလုပ်ပါဘူး။ သူတို့ရဲ့ ရမယ်ရှာခံရတဲ့ တစ်ခုတည်းသောအရာက မွတ်စလင်ဖြစ်ခြင်းပါပဲ” ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် ဂေါ့က်စီက ပြောကြားခဲ့သည်။
    တူရကီအစိုးရကလည်း ငြှင်းပန်းနှိပ်စက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသည့် ၀ီဂါလူမျိုးများအတွက် တံခါးဖွင့်ထားသည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။
    ထိုကဲ့သို့ တရုတ်အစိုးရဆန့်ကျင်မှုများ ဖြစ်ပွားနေသောကြောင့် တူရကီနိုင်ငံသို့ ခရီးသွားသည့် တရုတ်နိုင်ငံသားများအနေဖြင့် အထူးသတိပြုရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
    Ref: Aljazeera
  • တစ်ချိန်က မိမိမှာ အလွန်ညှက်သည်ဟု အပြောခံရဖူးကြောင်း ရော်နယ်ဒို ဖွင့်ဟ
    တစ်ချိန်က မိမိမှာ အလွန်ညှက်သည်ဟု အပြောခံရဖူးကြောင်း ရော်နယ်ဒို ဖွင့်ဟ
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    rnd
    – တစ်ချိန်တွင် ယခုကဲ့သို့ နာမည်ကြီးကစားသမားဖြစ်လာရန်အတွက် မိမိမှာ အလွန်ညှက်သည်ဟု ဆယ်ကျော်သက်ဘ၀က အပြောခံခဲ့ရကြောင်း ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။
    မန်ယူသို့ စတင်ရောက်ရှိသည့်အချိန်က ပိန်ပိန်ပါးပါးနှင့် ဆယ်ကျော်သက် တောင်ပံကစားသမားအဖြစ် နာမည်ကျော်ခဲ့ပြီး ရီးယဲလ်သို့ ၂၀၀၉ ခုနှစ် မပြောင်းရွှေ့ခင်အချိန်တွင် ရော်နယ်ဒိုမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့သည်။
    ယနေ့အချိန်တွင် ရော်နယ်ဒိုမှာ ၎င်း၏ ခန္ဓာကိုယ်အချိုးအဆစ်ကြောင့် ထင်ရှားပြီး အသက် ၃၀ အရွယ်ရှိ ၎င်းက မိမိမှာ ထိုကဲ့သို့ ရရှိအောင် ဂျင်မ်တွင် နာရီပေါင်းများစွာ အချိန်ပို လေ့ကျင့်ခဲ့ရသည်ဟု ဆိုသည်။
    “ကြိုးစားခဲ့ရတာပါ။ နေ့တိုင်းပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော် ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာကြာ ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကွင်းပြင်ပမှာ အလုပ်တွေ ထပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆိုရင် လူတွေက
    “ခရစ္စတီယာနို။ မင်းဟာ တော်တော်လေး ပါရမီရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် အရမ်းညှက်နေတယ်” လို့ ကျွန်တော့်ကို ပြောကြပါတယ်” ဟု ရော်နယ်ဒိုက ပရိုမိုးရှင်း ဗီဒီယိုတွင် ပြောကြားခဲ့သည်။
    ထို့ကြောင့် မိမိ၏ စိတ်အား ခန္ဓာကိုယ်ဖွံ့ဖြိုးရေးတွင် နှစ်မြှုပ်ခဲ့ပြီး ဂျင်မ်တွင် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်ဟု ၎င်းက ဆိုသည်။
    “အားကစားသမားဖြစ်ရခြင်းဆိုတာ အဓိပ္ပါယ် တော်တော်လေးရှိပါတယ်။ ဒီသေးသေးကွေးကွေး အချက်လေးက ထူးခြားမှုအကြီးကြီးကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုးလုပ်ဖို့ အရေးကြီးပြီး ကျွန်တော့်အတွက်တော့ တော်တော်ကောင်းခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ နှစ်တော်တော်များများ အမြဲတမ်း ပုံစံကောင်းမှာ ရှိနေခဲ့တာပေါ့”
    ရော်နယ်ဒိုမှာ ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအားလုံးတွင် ၅၄ ပွဲကစားပြီး စုစုပေါင်း ၆၁ ဂိုးသွင်းနိုင်ခဲ့ကာ တစ်ဦးချင်းစီတွင် အကောင်းဆုံး စံချိန်လည်းဖြစ်သည်။
    Ref: Goal
  • ဖိလစ်ပိုင်တွင် ဒုတိယမြောက် မားစ်ရောဂါကူးစက်သူ တွေ့ရှိ
    ဖိလစ်ပိုင်တွင် ဒုတိယမြောက် မားစ်ရောဂါကူးစက်သူ တွေ့ရှိ
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    plp
    – ဇွန်လ ၁၉ ရက်နေ့က ဒူဘိုင်းမှ မနီလာသို့ ရောက်ရှိလာသည့် အသက် ၃၆ နှစ်အရွယ် နိုင်ငံခြားသား အမျိုးသားတစ်ဦးတွင် မားစ်ရောဂါပိုး ရှိနေသည်ဟု ဖိလစ်ပိုင်တာဝန်ရှိသူများက အတည်ပြုခဲ့သည်။
    မနီလာသို့ ရောက်ရှိစဉ် ၎င်းမှာ မားစ်ရောဂါလက္ခဏာများ ပြခဲ့ပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် ဆေးရုံသို့ တင်ပို့ခဲ့ကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ဒွန် လီဆေးက ယနေ့တွင် ပြောကြားခဲ့သည်။
    ထို့ပြင် ရောဂါပြန့်နှံ့မှုအား တားဆီးရန် ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများကို နောက်ကြောင်းလိုက်မှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။
    အဆိုပါအမျိုးသားမှာ ဆော်ဒီအာရေဗျသို့လည်း သွားရောက်ခဲ့ပြီး လက်ရှိအခြေအနေမှာ တိုးတက်နေကြောင်း၊ ပြည်သူလူထုအတွင်း ကူးစက်ပြန့်နှံ့မှုသတင်းကို ယခုအချိန်အထိ မကြားရသေးကြောင်း လီဆေးက ထည့်သွင်းပြောကြားခဲ့သည်။
    ယခုကဲ့သို့ မားစ်ရောဂါကူးစက်နေသူကို ဖိလစ်ပိုင်တွင် တွေ့ရှိရခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီလကလည်း ဆော်ဒီအာရေဗျတွင် အလုပ်လုပ်ခဲ့သည့် ဖိလစ်ပိုင်သူနာပြုတစ်ဦးတွင် ရောဂါပိုးတွေ့ခဲ့ရကာ ယခုအချိန်တွင် ပျောက်ကင်း သက်သာသွားပြီဖြစ်သည်။
    အာရှတွင် မားစ်ရောဂါ အဆိုးရွားဆုံး ကူးစက်ပြန့်နှံ့နေသည့် တောင်ကိုရီးယားတွင် သေဆုံးသူမှာ ၃၃ ဦး ရှိလာပြီး ကူးစက်နေသူမှာ ၂၀၀ ခန့် ရှိနေသည်။
    ရောဂါပိုးကူးစက်ပြန့်နှံ့မှုကို တားဆီးရန်အတွက် တောင်ကိုရီးယားက ဥပဒေအသစ်များကို ပြဌာန်းခဲ့ပြီး ထိုဥပဒေအရ ရောဂါပိုးသံသယဖြင့် သီးသန့်ခွဲထားခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများအား မလိုက်နာသူများကို အာဏာပိုင်များက ဖမ်းဆီးကာ ထောင်ချနိုင်မည်ဖြစ်သည်။
    Ref: Aljazeera