News @ M-Media
Blog
  • ရလဒ်ပြတ်သားစွာနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း
    ရလဒ်ပြတ်သားစွာနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    us 2
    – ကနေဒါမှာ ကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဒီနေ့မနက်မှာ ကစားခဲ့ပြီး အမေရိကန်အသင်းက ဂျပန်ကို ပြတ်ပြတ်သားသားအနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
    ပွဲအစကတည်းက စိုးမိုးခဲ့တဲ့ အမေရိကန်တို့ ပထပပိုင်း ၁၆ မိနစ်အတွင်းမှာပဲ ၄ ဂိုးဆက် သွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ပွဲက ပြီးသလောက် ဖြစ်သွားခဲ့ပါတယ်။ ဒီဂိုးတွေကိုတော့ စီအလ်လွိုက်ဒ်က ဟက်ထရစ်နဲ့ အလ် ဟော်လီးဒေးတို့က တစ်ဂိုး သွင်းယူပေးခဲ့တာပါ။
    အလ်လွိုဒ်ရဲ့ တတိယမြောက်ဂိုးဟာ တော်တော်လေး ရင်သပ်ရှူမောစရာဖြစ်ခဲ့ပြီး ကွင်လယ်စည်းနားကနေ အပြင်းကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီ ဟက်ထရစ်ကြောင့် အလ်လွိုက်ဒ်ဟာ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ ဟက်ထရစ်သွင်းတဲ့ စာရင်းမှာ တစ်ဦးတည်းရှိနေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂျီအော့ဟာ့စ် (၁၉၆၆) နဲ့ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ သူဟာ ပထမဆုံး ဗိုလ်လုပွဲဟက်ထရစ်သွင်းသူ ဖြစ်ခဲ့ပါတယ်။
    လက်ရှိချန်ပီယံဖြစ်တဲ့ ဂျပန်တို့ဟာ အမေရိကန်အသင်းရဲ့ တစ်ဦးချင်းစွမ်းရည်ကို မယှဉ်နိုင်ခဲ့ဘဲ ၂၇ မိနစ်မှာ အိုဂီမီရဲ့ ဂိုး၊ ၅၂ မိနစ်မှာ အမေရိကန်က ဂျွန်စတန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေနဲ့ မျှော်လင့်ချက် အနည်းငယ် ရှင်သန်လာခဲ့ရပေမယ့် ၅၄ မိနစ်မှာ တီဟဲလ်သ်က အမေရိကန်တို့အတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် အရာမထင်ခဲ့ပါဘူး။
    အမေရိကန်ဟာ ၂၀၁၁ ဗိုလ်လုပွဲကရှုံးကြွေးကို ထိုက်ထိုက်တန်တန် ပြန်ဆပ်နိုင်ခဲ့တာဖြစ်သလို ၁၆ နှစ်အတွင်းမှာ အမျိုးသမီးကမ္ဘာ့ဖလားကို ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ်။
    Ref: Dailymail
  • စင်ကာပူနာမည်ကြီး အဆိုတော်တစ်ဦး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်
    စင်ကာပူနာမည်ကြီး အဆိုတော်တစ်ဦး အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်
    ဇူလိုင် ၆၊ ၂၀၁၅
    M-Media
    sg
    – စင်ကာပူနိုင်ငံ၏ လူကြိုက်အမျာဆုံး သီချင်းဆိုပြိုင်ပွဲဖြစ်သော Singapore Idol တွင် ဒုတိယဆု ရရှိခဲ့ပြီး အလ်ဘမ်တစ်ခု ထုတ်ဝေခဲ့သူ အဆိုတော် ဆဲလ်ဗီယာ ရာတိုနဲလ်မှာ မကြာသေးမီက အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။
    စင်ကာပူရှိ ဒါရွလ်အရ်ကမ် အစ္စလာမ့်စင်တာတွင် ဆဲလ်ဗီယာမှာ အစ္စလာမ်သို့ သက်ဝင်ယုံကြည်ကြောင်း သက်သေခံချက် ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး သူမ၏ Instagram အကောင့်မှနေ၍လည်း သူမ၏ အယူဝါဒသစ်ကို လက်ခံမှုအတွက် ကြေညာခဲ့သည်။
    အမည်အပြည့်အစုံ ဆဲလ်ဗီယာ အန်နီ ရာတိုနဲလ်ဖြစ်သည့် သူမမှာ မွတ်စလင်အမည်ဖြစ် နူရ် ဆဲလ်ဗီယာ ရာတိုနဲလ်ဟု ခံယူခဲ့သည်။
    လွန်ခဲ့သည့် ၃ ပတ်ကတည်းက သူမမှာ အစ္စလာမ်သို့ပြောင်းလဲသက်ဝင်ကြောင်း Instagram တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ရမ်ဇာန်ဥပုသ်လမှာ သူမအတွက် ပထမဆုံး ဥပုသ်သီလ ဆောက်တည်ရမည့်အချိန် ဖြစ်သည်။
    ဆဲလ်ဗီယာမှာ သူမ၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၄ ရက်နေ့တွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်ဟု Instagram တွင် ဖော်ပြထားမှုအရ သိရသည်။
    “ဒီနေ့တော့ ကျွန်မဟာ အသစ်မွေးဖွားလာတဲ့ ကလေးတစ်ယောက်လို ဘ၀ကို စတင်ပါပြီ။ ဘ၀တစ်လျှောက်လုံးမှာ ကျွန်မ တွေ့ခဲ့ဆုံခဲ့ရပြီး ဒီအခြေအနေအထိရောက်ဖို့ လျှောက်လှမ်းခဲ့ရတဲ့ခရီးမှာ အကူအညီပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ပိုကောင်းတဲ့ မွတ်စလင်တစ်ယောက်ဖြစ်ဖို့၊ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကျွန်မဟာ တတ်နိုင်သလောက် ဆက်လက်သင်ယူသွားမှာပါ။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီကနေ ရရှိခဲ့တဲ့ ထောက်ခံအားပေးမှုအတွက် ဘယ်လောက်ကျေးဇူးတင်လဲဆိုတာ ကျွန်မ မဖော်ပြနိုင်လောက်အောင်ပါပဲ။ မင်္ဂလာရှိတဲ့ တနင်္ဂနွေ ဖြစ်ပါစေ။ နူရ် ဆဲလ်ဗီယာ ရာတိုနဲလ်” ဟု ရေးသားကာ ဒါရွလ်အရ်ကမ်ရှိ တာဝန်ရှိသူများရှေ့မှောက်တွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်း သက်သေထွက်ဆိုနေသည့် ပုံနှင့်အတူ ဆဲလ်ဗီယာက သူမ၏ ဆိုရှယ် မီဒီယာအကောင့်တွင် လွှင့်တင်ခဲ့သည်။
    ဥရောပ-ဖီလီပီနို နွယ်ဖွားဖြစ်ပြီး လက်ရှိအတွင် အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆဲလ်ဗီယာမှာ Singapore Idol ၏ တတိယရာသီဖြစ်သော ၂၀၀၉ ခုနှစ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် နောက်ဆုံးဇကာတွင်စာရင်း၌ ပါဝင်ခဲ့သည့် ပထမဆုံး အမျိုးသမီးအဆိုတော် ဖြစ်ခဲ့ကာ ဒုတိယဆု ရရှိခဲ့သည်။
    Universal Music Singapore နှင့် စာချုပ်ချုပ်ခဲ့ပြီးနောက် သူမ၏ တစ်ကိုယ်တော် အလ်ဘမ်ဖြစ်သော Sylvia Ratonel ကို ၂၀၁၀ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ၂၀၁၁ ခုနှစ် စင်ကာပူအမျိုးသားနေ့ အခမ်းအနားတွင် In a Heartbeat ဟုအမည်ရသည့် Theme song ကို သီဆိုရန် ဆဲလ်ဗီယာမှာ ရွေးချယ်ခြင်း ခဲ့ရသည်။
    ထို့ပြင် စင်ကာပူစတိုင် ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သည့် Aladdin ဇာတ်လမ်းတွဲတွင်လည်း ဆဲလ်ဗီယာမှာ အဓိကဇာတ်ဆောင်ဖြစ်သော ဂျက်စမင်နေရာမှ သရုပ်ဆောင်ခဲ့သည်။
    Ref: mediacorp.sg
  • မြန်မာ့လူနည်းစု လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်
    မြန်မာ့လူနည်းစု လူ့အခွင့်အရေးဆိုင်ရာ ကုလဆုံးဖြတ်ချက်
    ဇူလိုင် ၆ ၊ ၂၀၁၅
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြပါသည်။
    ._2015-07-06_10.08.33
    ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအခြေအနေ ဆိုးနေတဲ့နိုင်ငံတွေတောင်မှ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် မြန်မာအစိုးရအပေါ် ထောက်ခံမှုမရှိဘူးဆိုတာကို မကြာသေးခင်ကချမှတ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကပြနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအရေးအတွင်း မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့တဲ့ အပေါ် HRW က အခုလို တုံ့ပြန်ပြောဆိုတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။
    .
    ဇွန်လ (၁၅) ရက်နေ့ကနေ ဇူလိုင်လ (၃) ရက်နေ့ထိ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ (၂၉) ကြိမ်မြောက်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အစည်း အဝေးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ခြင်းမရှိဘဲ ပြီးခဲ့တဲ့သောကြာနေ့က အတည်ပြုခဲ့ပါတယ်။
    .
    ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုကို OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကိုယ်စား ပါကစ္စတန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက တင်သွင်း ခဲ့တာဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုး ကတောင် မြန်မာနိုင်ငံတွင်း လူမျိုးရေးခွဲခြားမှု အခြေအနေ ဆိုးရွားနေတာကို ထောက်ပြပြောဆိုလာတဲ့ အတွက် မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အပေါ် နိုင်ငံတကာထောက်ခံမှုတွေ ဘယ်လောက် ကျဆင်းလာသလဲဆိုတာကို တွေ့မြင်နိုင်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။
    .
    “တကယ့်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်ပါ။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံတွေကပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ပြောဆိုနေတာသာ ဖြစ်ပြီး အခြားနိုင်ငံတွေက စိတ်မဝင်စားဘူးလို့ မြန်မာအစိုးရ အမြဲတမ်းပြောနေတာပါ။ အခုမြန်မာ့အရေးဆုံးဖြတ်ချက်ကို ပါကစ္စတန်နိုင်ငံက ဦးဆောင် တင်သွင်းခဲ့တာဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံ အတော်များများက ထောက်ခံခဲ့ပါတယ်။ ဒါဟာ လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားနေတဲ့ ပါကစ္စတန်လိုနိုင်ငံမျိုးဆီကတောင် ထောက်ခံမှုတွေ မရနိုင်ဘူးဆိုတာ မြန်မာအစိုးရကို သတိပေးလိုက်တာပါပဲ။”
    .
    ဇူလိုင်လ (၂) ရက်နေ့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းအဆိုတင်သွင်းခဲ့တဲ့ ပါကစ္စတန် သံအမတ်ကြီး ကလည်း မြန်မာနိုင်ငံမှာ မူဆလင်တွေဟာ အသက်ရှင်နေထိုင်လုပ်ကိုင်ခွင့်၊ လက်ထပ်ထိမ်းမြားခွင့် ၊ မဲပေးပိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် စတာတွေ ချိုးဖောက်ခံနေရတာဟာ ခွဲခြားဆက်ဆံတဲ့ဥပဒေပြဌာန်းချက်တွေကြောင့်ဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။
    .
    “ဒီဆုံးဖြတ်ချက်မူကြမ်းအဆိုရဲ့အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ မူဆလင်တွေနဲ့ အခြားမြန်မာပြည်တဝှမ်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အထူးထောက်ပြဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ လူ့အခွင့်အရေးကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေကို သေချာအောင်ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။”
    .
    ဒါ့အပြင် မြန်မာအစိုးရရဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကြောင့် ရိုဟင်ဂျာတွေဟာ အလုံးအရင်းနဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ဒေသတွင်းနိုင်ငံတွေဆီ ထွက်ပြေး ခဲ့ကြတာ ဖြစ်တယ်လို့လည်း ပါကစ္စတန်သံအမတ်ကြီးကပြောသွားပါတယ်။ ဒီမူကြမ်းရေးဆွဲစဉ်ကာလတလျောက်လုံး OIC အနေနဲ့ ဂျီနီဗာမှာရှိတဲ့ မြန်မာ့ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
    .
    လူ့အခွင့်အရေးကောင်စီက OIC ကဦးဆောင်တင်သွင်းတဲ့မြန်မာ့ အရေးဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုလိုက်တဲ့အပေါ်မှာ မြန်မာ အစိုးရဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဇူလိုင်လ (၃) ရက်နေ့အစည်းအဝေးအတွင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးမောင်ဝေကလည်း ဒီမူကြမ်းအဆိုဟာ အစကတည်းက တင်ကိုမတင်သင့်တဲ့ အဆိုဖြစ်ပြီး မဟုတ်မမှန်စွပ်စွဲချက်တွေ ပါဝင်နေတယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားပါတယ်။
    .
    “ဒီဆုံးဖြတ်ကိုအတည်ပြုလိုက်တာဟာ ဘာကောင်းကျိုးမှာ ဖြစ်စေမှာမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်သက်ရောက်မှုပဲဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ မူဆလင်တွေရဲ့လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့အယူအဆဟာ အတော်လည်းကို လွဲနေပါတယ်။ မှားယွင်းနေတဲ့အမြင်သာဖြစ်ပြီး အဖြစ်အပျက် အမှန်တွေမဟုတ်ပါဘူး။”
    .
    (၂၉) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ အခြား လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လာမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွေမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးအနေနဲ့ တင်ပြပေးဖို့ ပန်ကြားထားပါတယ်ရှင်။
    .
    http://burmese.voanews.com/content/un-dicides-on-myanmar-minority-human-rights-/2850176.html
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၅၊ ၂၀၁၅)
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    တရုတ်နိုင်ငံတွင် ဖိနပ်စက်ရုံပြိုကျ၍ လူ ၉ ဦးသေဆုံး
    ………………………..
    တရုတ်နိုင်ငံအရှေ့ပိုင်း ဇီဂျီယန်ပြည်နယ် ၀မ်လင်းမြို့ရှိ ဖိနပ်စက်ရုံတစ်ခုမှာ ယနေ့တွင် ပြိုကျမှုကြောင့် လူ ၉ ဦး သေဆုံးခဲ့သည်။ အပျက်အဆီးများအောက်တွင် ပိမိနေသူ အလုပ်သမား ၄၂ ဦးကို ကယ်ထုတ်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် အဆိုပါ ၉ ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး စက်ရုံပြိုကျမှု၏ အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    ချွေတာရေးအစီအစဉ်ကို ထောက်ခံပါက ဂရိဘဏ္ဍာရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်မည်
    ………………………………
    ကြွေးရှင်နိုင်ငံများက အဆိုပြုထားသည့် ချွေတာရေးအစီအစဉ်အတွက် ယနေ့တွင်ပြုလုပ်မည့် ပြည်သူဆန္ဒခံယူပွဲတွင် ပြည်သူများက ထောက်ခံမဲပေးခဲ့ပါက မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်သွားမည်ဟု ဂရိဘဏ္ဍာရေးဝန်ကြီး ယာနစ် ဗာရူဖာကစ်က ဂျာမနီသတင်းစာ Blid သို့ ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်ကို ပြည်သူများက ထောက်ခံပါက ဂရိမှာ အကြွေးပြဿနာ ဖြေရှင်းရန်အတွက် ငွေးကြေးအကူညီ ရမည်ဖြစ်ပြီး ကန့်ကွက်ပါက ဥရောပဇုန်မှ ထွက်ရဖွယ်ရှိနေသည်။
    ပြည်တွင်းဖြစ် ရေဒါစနစ်အသစ်ကို အီရန်ချထား
    ………………………..
    ပြည်တွင်း၌ထုတ်လုပ်ပြီး တာဝေးအတွက် ဖမ်းယူနိုင်မည့် ရေဒါစနစ်တစ်ခုကို လေကြောင်းရန် ကာကွယ်ရေးအတွက် တပ်ဆင်ချထားလိုက်ပြီဟု အီရန်နိုင်ငံက ကြောလိုက်သည်။ အဆိုပါ ရေဒါစနစ်မှာ လေယာဉ်အား ၆၀၀ ကီလိုမီတာ အကွာအဝေးမှလည်းကောင်း၊ တိုက်ချင်းပစ်ဒုံးကျည်အား ၁၁၀၀ ကီလိုမီတာ အကွာအဝေးမှလည်းကောင်း ဖမ်းယူနိုင်မည်ဖြစ်ပြီး
    လူမဲ့ ဒရုန်းလေယာဉ်များကိုလည်း ဖမ်းယူနိုင်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    …………………………….
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်မှာ နိုင်ငံပိုင် ဖွံ့ဖြိုးရေးကုမ္ပဏီမှ ဒေါ်လာ သန်း ၇၀၀ နီးပါး ရယူခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၀န်ကြီးချုပ်၏ အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အရေးအပေါ်အစည်းအဝေးခေါ်ရန် မလေးရှားရှိ အဓိကအတိုက်အခံပါတီ ၂ ခုက ပါလီမန်အား ယနေ့တွင် တောင်းဆိုလိုက်သည်။
    Ref: News Agencies
  • လှေပေါ်သို့ ငါးခုန်တက်မှုကြောင့် အမေရိကန်တွင် ၅ နှစ်အရွယ်ကလေးငယ် သေဆုံး
    လှေပေါ်သို့ ငါးခုန်တက်မှုကြောင့် အမေရိကန်တွင် ၅ နှစ်အရွယ်ကလေးငယ် သေဆုံး
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    fish
    – အမေရိကန်ပြည်ထောင်စု ဖလော်ရီရှိ အသက် ၅ နှစ်အရွယ် သမီးငယ်တစ်ဦးမှာ မိသားစုလှေပေါ်သို့  စတာဂျင်ငါးတစ်ကောင် အရှိန်ဖြင့် ခုန်တက်မှုအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။
    ဂျေလန် ရစ်ပီဆိုသူ သမီးငယ်ဖြစ်ပြီး ဂိန်းစ်ဗီလီမြို့အနီးရှိ ဆူဝါနီမြစ်အတွင်း မိခင်၊ အသက် ၉ နှစ်အရွယ် အကိုဖြစ်သူတို့နှင့် ကိုယ်ပိုင်လှေငယ်ဖြင့် အပျော်ခရီးထွက်စဉ် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    စတာဂျင်ငါးတစ်ကောင် အရှိန်ဖြင့် လှေပေါ်သို့ခုန်တက်စဉ် ခိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မိခင်နှင့် အကိုဖြစ်သူမှာလည်း ဆိုးရွားသည့် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရသည်ဟု ဒေသတွင်း သားရိုင်းတိရစ္ဆာန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    စတာဂျင်ငါးတစ်ကောင်မှာ အရှည် ၈ ပေအထိ ရှည်လျားနိုင်ကာ ပေါင် ၂၀၀ အထိ အလေးချိန်ရှိနိုင်သည်။ ထို့ပြင် ရေထဲမှ ရေပ်ါသို့ ၇ ပေကျော် ခုန်နိုင်ပြီး ဆိုးရွားသည့် ထိခိုက်ဒဏ်ရာရမှုများကိုလည်း ဖြစ်စေနိုင်သည်။
    ဖလော်ရီဒါ ငါးနှင့် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်က ယခုနှစ်အတွင်း စတာဂျင်ငါးများ အရှိန်ဖြင့် ခုန်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမှာ ၄ ဦးရှိပြီး ယခုသေဆုံးမှုမှာ ပထမဆုံးဖြစ်သည်ဟု ဒေသတွင်းသတင်းစာသို့ ပြောကြားခဲ့သည်။
    Ref: Independent