News @ M-Media
Blog
  • ၀င်းဂါးကြောင့် တူရကီသို့ပြောင်းရွှေ့ခြင်းဟု ပိုဒေါစကီးဆို
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    podol
    – နည်းပြအာဆင်ဝင်းဂါးက တိုက်တွန်းခဲ့သောကြောင့် ဂါလာတာစာရေးသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း ပိုဒေါစကီးက ပြောကြားခဲ့ပြီး လာမည့်နှစ် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို အာဆင်နယ်မှာ စိန်ခေါ်နိုင်မည်ဟုလည်း တစ်ပေးခဲ့သည်။
    အာဆင်နယ်အသင်းတွင် ၃ နှစ်ကြာ ကျင်လည်ခဲ့ရသည့် ပိုဒေါစကီးမှာ ခြေစွမ်းကောင်းများ ပြသနိုင်ခြင်းမရှိဘဲ ယမန်နှစ် ဒုတိယ ရာသီဝက်တွင် အင်တာမီလန်သို့ အငှားချထားခြင်း ခံခဲ့ရသည်။ ထို့နောက် ပြီးခဲ့သည့်တစ်ပတ်တွင် တူရကီကလပ် ဂါလာတာစာရေးသို့ ပြောင်းရွှေ့ခဲ့ပြီး ၀င်းဂါက အသင်းမှထွက်ခွာရန် စွဲဆာင်သောကြောင့်ဖြစ်သည်ဟု ပိုဒေါစကီးက ဆိုသည်။
    “၀င်းဂါးနဲ့ ပွင့်ပွင့်လင်းလင်း ကောင်းကောင်းမွန်မွန် ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ အပြောင်းအလဲက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျွန်တော် ကောက်ချက်ချခဲ့တာပါပဲ။ ဂါလာတာစာရေးဟာ ကျွန်တော့်ကို ရဖို့ ၅ နှစ်လောက် အသည်းအသန် ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အားလုံး အထမြောက်ခဲ့ပါတယ်” ဟု ပိုဒေါစကီးက Sport Blid သို့ ပြောကြားခဲ့သည်။
    တူရကီအမှတ်ပေးချန်ပီယံဖြစ်ပြီး နိုင်ငံအတွင်း သြဇာကြီးမားသည့် ဂါလာတာစာရေးနှင့် အနာဂတ်အတွက် ပိုဒေါစကီးက စိတ်လှုပ်ရှားနေသည်။
    “(တူရကီ) လိဂ်က ပရီးမီးယားလိဂ်လို၊ ဘွန်ဒစ်လီဂါလိုအဆင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဂါလာတာစာရေးဟာ ချန်ပီယံလိဂ်မှာ အမြဲတမ်း ပါဝင်ခွင့်ရတဲ့အသင်းပါ။ ပြီးတော့ ကမ္ဘာကျော်တဲ့ ၀က်စလေ စနိုက်ဒါတို့လို နာမည်ကြီးကစားသမားတွေလည်း ရှိပါတယ်”
    ထို့ပြင် ၎င်း၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့သည့် ဗီဒီယို၌ ပိုဒေါစကီးက အာဆင်နယ်ပရိတ်သတ်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အာဆင်နယ်အသင်းမှာ ယခုနှစ်ပရီးမီးယားလိဂ်အား ဆွတ်ခူးရရှိနိုင်မည်ဟု တစ်ပေးခဲ့သည်။
    ဂျာမန်တိုက်စစ်မှူး ပိုဒေါစကီးမှာ ဘောလုံးလောကမှ အနားမယူခင် မွေးရပ်မြေကလပ် Koln အသင်းတွင် နောက်ဆုံး ကစားသွားရန် အစီအစဉ်ရှိနေသည်။
    Ref: Goal
  • မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြရန် ယူကေရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး  ဥပုသ်သီလဆောက်တည်
    မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်းပြရန် ယူကေရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး ဥပုသ်သီလဆောက်တည်
    ဇူလိုင် ၉၊ ၂၀၁၅
    M-Media
    bt
    – ရမ်ဇာန်ဥပုသ်လ၏ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရကို အားကျသည့်အနေဖြင့် အင်္ဂလန်မှ သင်းအုပ်ဆရာတစ်ဦးမှာ ရမ်ဇာန်လအတွင်း ဥပုသ်သီလ ဆောက်တည်ခဲ့ပြီး ယူကေမွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကာ ဒုက္ခရောက်နေသူများအတွက် ရန်ပုံငွေလည်း ရှာဖွေပေးခဲ့သည်ဟု သိရသည်။
    “အယူဝါဒနှစ်ခုအကြားမှာ နားလည်မှု တိုးမြှင့်ဖို့ ပြီးတော့ ဥပုသ်သီလဆောက်တည်ခြင်းရဲ့ ရှုထောင့်တွေ၊ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတစ်ခုချင်းဆီက အစားသောက်၊ အပျော်အပါး ရှောင်ရှားရတာတွေကို မျှဝေဖို့ ဒါဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းပါပဲ။ ကျွန်တော်တို့ရဲ့ အယူဝါဒနှစ်ခုအကြားက ခြားနားမှုတွေကိုလည်း ကျွန်တော်တို့ သတိမူမိသလို၊ လူ့အဖွဲ့အစည်းကို
    ချစ်ခြင်းမေတ္တာနဲ့ အလုပ်အကျွေးပြုဖို့ ကျွန်တော်တို့ရဲ့ ဘုံဆန္ဓကိုလည်း သိရှိစေပါတယ်” ဟု ဘာမင်ဂမ် All Saints Church မှ ဘုန်းတော်ကြီး အန်သိုနီ မာလေးက ပြောကြားခဲ့သည်။
    ထို့ပြင် တစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံမှု မြှင့်တင်ခြင်း၊ မျှဝေသင်ယူခြင်းနှင့် စစ်မှန်သော ဆက်ဆံရေး တည်ဆောက်ခြင်းတို့ ဆောင်ရွက်နိုင်ပါက ကောင်းမွန်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    မာလေး၏ ထိုလှုပ်ရှားမှုမှာ ၎င်း၏ ဘုရားကျောင်း အနီးအနားရှိ ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်မှ အဖွဲ့ဝင်များက Lent ဟုခေါ်သည့် ခရစ်ယာန်တို့၏ ရက် ၄၀ ဥပုသ်တွင် ပါဝင်ခဲ့မှုကို အားကျသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ရက် ၄၀ ဥပုသ်တွင် ခရစ်ယာန်တို့မှာ မွတ်စလင်များကဲ့သို့ မကောင်းသော အလေ့အထများအား ရှောင်ကျဉ်ရသည်။
    ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်ခြင်းအပြင် မာလေးမှာ အီရတ်နိုင်ငံရှိ ငြှင်းပမ်းနှိပ်စက်ခံ မွတ်စလင်များနှင့် ခရစ်ယာန်များအား အကူအညီပေးနေသည့် Human Felief ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေရရှိရန်လည်း ဆောင်ရွက်ပေးခဲ့သည်။
    မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် ရမ်ဇာန်လတွင် ဥပုသ်သီလဆောက်တည်သည့် ခရစ်ယာန်ဘာသာဝင်များမှာ မာလေးတစ်ယောက်တည်း မဟုတ်ချေ။
    ယခုလအစောပိုင်းက ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်ဘာာဝင်များမှာ #Christian4Ramadan ဟု အမည်ပေးထားသည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး မြင့်မြတ်သော ရမ်ဇာန်ဥပုသ်လ၏ အနှစ်သာရကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များနှင့်အတူ မျှဝေခံစားခဲ့ကြသည်။
    ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကလည်း ခရစ်ယာန်တို့၏ ရက် ၄၀ ဥပုသ်တွင် ပါဝင်ကာ စည်းလုံးညီညွတ်မှုကို ပြသရန် #Muslims4Lent မည်ရသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
    ဘုန်းတော်ကြီး မာလေး၏ ထိုကဲ့သို့ ဥပုသ်သီလဆောက်တည်မှုကို မွတ်စလင်များက ချီးကျူးခဲ့ကြသည်။
    “ရက် ၄၀ ဥပုသ်ကို ဆောက်တည်ခဲ့ကြတဲ့ All Saints Church က ဒေသခံတွေနဲ့အတူ စည်းလုံးညီညွတ်မှုကိုပြဖို့ ဒါဟာ အကောင်းဆုံး လက္ခဏာလို့ ကျွန်တော်ထင်ပါတယ်” ဟု ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်မှ ဘာသာပေါင်းစုံကိစ္စများကို ဆောင်ရွက်နေသူ နာဆရင် ရှားက ပြောကြားခဲ့သည်။
    ဟူစိန်နီယာ ဗလီဝတ်ကျောင်းတော်နှင့် All Saints Church တို့၏ ဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ် ခရစ္စမတ်တွင် ဗလီဝတ်ကျောင်းတော်မှ ဘုရားကျောင်းအား ချောကလတ်သေတ္တာ လက်ဆောင်ပေးပြီးနောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဘုရားကျောင်းကလည်း အီဒ်းနေ့လက်ဆောင်ကို ဗလီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
    ထို့ပြင် အဆိုပါဘုရားကျောင်းနှင့် ဗလီတို့က ပူးပေါင်း၍ ဒေသခံများအား အခမဲ့ ကားရေဆေးပေးခြင်း၊ ဒေသစီတွင်းစီမံကိန်းအတွက် အစည်းအဝေးများလုပ်ခြင်း၊ ၀တ်ပြုရာနေရာများသို့ သွားရောက်လေ့လာနိုင်ရန် စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။
    Ref: Onislam
  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၈၊ ၂၀၁၅)
    ဇူလိုင် ၈၊ ၂၀၁၅
    M-Media
    ဗီယက်နမ်ကွန်မြူနစ်အကြီးအကဲတစ်ဦး အိမ်ဖြူတော်တွင် အိုဘားမားနှင့်တွေ့ဆုံ
    …………………………….
    ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ အထွေထွေအတွင်းရေးမှူး ငုယင် ပူသရောင်မှာ ယနေ့တွင် အိမ်ဖြူတော်၌ သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးကိစ္စများ၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် အငြင်းပွားနေသည့် ပိုင်နက်ကိစ္စများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ဗီယက်နပ်စစ်ပွဲပြီးနောက် ပူသရောင်၏ ယခု အမေရိကန်ခရီးစဉ်မှာ သမိုင်းဝင်ခရီး ဖြစ်ခဲ့ပြီး အိုဘားမားကလည်း နှစ်နိုင်ငံဆက်ဆံရေးကို ချီးကျူးခဲ့ကာ သိပ်မကြာခင်အချိန်တွင် ဗီယက်နမ်သို့ လာရောက်လည်ပတ်မည်ဟု ပြောကြားခဲ့သည်။
    တာလီဘန်နှင့် အာဖဂန်အစိုးရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး
    ………………………………….
    အာဖဂန်အစိုးရနှင့် တာလီဘန်တို့ ပါကစ္စတန်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သြဂုတ်လဒုတိယပတ်အတွင်း ဒိုဟာ၌ နောက်ထပ်တစ်ကြိမ်တွေ့ဆုံရန် သဘောတူညီချက်ဖြင့် ပြီးဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။
    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်ကမူ အဆိုပါ ဆွေးနွေးပွဲမှာ အခက်အခဲများကို ကျော်ဖြတ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
    IS အားတိုက်ရန် ဆီးရီးယားတွင် အမေရိကန်က လူ ၆၀ သာ လေ့ကျင့်ပေးခဲ့
    …………………………..
    IS အား တွန်းလှန်ရေးအတွက် ဆီးရီးယားအတိုက်အခံ တိုက်ခိုက်ရေးသမားများအား အမေရိကန်က လေကျင့်ပေးသည့် အရေအတွက်မှာ ၆၀ သာရှိသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ကွန်ဂရက်စ်သို့ ယနေ့တွင် ၀န်ခံပြောကြားခဲ့သည်။ ဂျော်ဒန်နှင့် တူရကီတို့တွင် ပြီးခဲ့သည့် မေလက စတင်ခဲ့သည့် အဆိုပါ လေ့ကျင့်ရေးမှာ တစ်နှစ်လျှင် တိုက်ခိုက်ရေးသမား ၅၄၀၀ ကျော် မွေးထုတ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
    ချီလီကွင်းလယ်လူ ဗီဒဲလ် အရက်မူးပြီး ကားမောင်းမှုဖြင့် လိုင်စင် ၂ နှစ် ပိတ်သိမ်းခံရ
    ………………………..
    ကိုပါအမေရိက အုပ်စုအဖွင့်ပွဲစဉ်ပြီးနောက် ကားတိုက်မှုဖြစ်ခဲ့သည့် ချီလီကွင်းလယ်လူ အာတူရိုဗီဒဲလ်မှာ အရက်မူးပြီး ကားမောင်းသည့်အမှုဖြင့် ကားမောင်းခွင့် ၂ နှစ် ပိတ်ပင်ခံခဲ့ရသည်။ ထို့ပြင် အခင်းဖြစ်ပွားမှုတွင် ထိခိုက်ခဲ့သည့် ဒေသအတွက် လှူဒါန်းမှုများ ပြုလုပ်ရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ လာရောက်သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဗီဒဲလ်က စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်တောင်းပန်ခဲ့သည်။
    Ref: News Agencies
  • အမေရိကန်ကြည်းတပ်အင်အား လျှော့ချမည်
    အမေရိကန်ကြည်းတပ်အင်အား လျှော့ချမည်
    ဇူလိုင် ၈၊ ၂၀၁၅
    M-Media
    us
    – အမေရိကန်စစ်တပ်၏ ကြည်းတပ်အင်အားမှ လာမည့် ၂ နှစ်အတွင်း စစ်သား ၄၀၀၀၀ ကို လျှော့ချရန် စီစဉ်နေပြီး လျှော့ချသူများတွင် ပြည်တွင်းနှင့် နိုင်ငံရပ်ခြားတို့၌ တာဝန်ထမ်းဆောင်နေသူများအားလုံး အကျုံးဝင်မည်ဟု USA Today သတင်းစာက ဖော်ပြခဲ့သည်။
    စစ်ဘက်ဆိုင်ရာနယ်ပယ်မှ ရရှိသည့် အထောက်အထားများကို ကိုးကား၍ အဆိုပါ သတင်းစာက ထိုကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်ပြီး ငွေကြေးကုန်ကျမှုကို ကာမိစေရန်အတွက် ပြုလုပ်သော အဆိုပါလျှော့ချမှုမှာ ယခုတစ်ပတ်အတွင်း စတင် အသက်ဝင်မည်ဟု ဆိုသည်။
    စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အရပ်ဘက်ဝန်ထမ်း ၁၇၀၀၀ မှာလည်း ထိုလျှော့ချမှုတွင် ပါဝင်မည်ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပြီး USA Today ၏ ဖော်ပြမှုကိုလည်း အတည်ပြုခဲ့သည်။
    ထိုလျှော့ချမှု အစီအစဉ်အရ ၂၀၁၇ ဘဏ္ဍာရေးနှစ်အကုန်တွင် အမေရိကန်စစ်တပ်၌ စစ်သာစုစုပေါင်း ၄၅၀၀၀၀ ရှိမည်ဖြစ်သည်။အင်အားကို ၄၅၀၀၀၀ အောက်အထိ လျှော့ချရေးနှင့် ပတ်သက်သော ဘတ်ဂျက်ဆိုင်ရာ စာရွက်စာတမ်းများကို ၂၀၁၃ ခုနှစ်တွင် ကြည်းတပ်က ကန့်ကွက်ခဲ့သည်ဟုလည်း အဆိုပါ သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။
    အီရတ်နှင့် အာဖဂန်တို့အား ကျူးကျော်တိုက်ခိုက်မှု အထွတ်အထိပ်ရောက်ချိန်တွင် အမေရိကန်၏ ကြည်းတပ်အင်အားမှာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး စုစုပေါင်းအင်အား ၅၇၀၀၀၀ ခန့် ရှိခဲ့သည်။
    Ref: Aljazeera
  • “အကြမ်းဖက်မှု” စကားလုံးဟာ မွတ်စလင်တွေ အတွက်ပဲလား
    “အကြမ်းဖက်မှု” စကားလုံးဟာ မွတ်စလင်တွေ အတွက်ပဲလား
    ဇူလိုင် ၈ ၊ ၂၀၁၅
    M-Media
    .feaabb83-e601-4260-b8f2-aaa49de726d2
    – “ကျွန်တော်တို့တိုင်းပြည်ရဲ့ အကြမ်းဖက်သမိုင်းကို ဒီလောက် ကြောက်စရာ ပဲတင့်ထပ်ခဲ့ပေမယ့် ချာလ်စတန် သေနတ်ပစ်မှုကို “အကြမ်းဖက်မှု” အဖြစ် သတ်မှတ်ဖို့ မီဒီယာ ဌာနတွေက တွန့်ဆုတ်ခဲ့ကြပါတယ်။ အမေရိကန်စတိုင် အကြမ်းဖက်ဝါဒ ဆိုတာ နိုင်ငံရေးအာဏာမှာ ပထမဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်လာတဲ့ လွတ်မြောက်ခါစ လူမည်းတွေရဲ့ လှုပ်ရှားမှုနဲ့ လွတ်လပ်မှုကို ကန့်သတ်ဖို့ကနေ အစပြုတာဖြစ်ပါတယ်” လို့ နယူးယောက်တိုမ်းစ်သတင်းစာရဲ့ ဆောင်းပါးရှင် ဘရစ်ဘန်းနက်က ရေးသားခဲ့ပါတယ်။
    .
    ဘန်းနက်ဟာ ချာလ်စတန်က သမိုင်းဝင်ခရစ်ယာန် ဘုရားကျောင်းမှာ လူမည်း ၉ ဦးအသတ်ခံလိုက်ရတာကို “အကြမ်းဖက်မှု” လုပ်ရပ်အဖြစ် ဘာ့ကြောင့် မဖြစ်မနေ သတ်မှတ် ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး စောဒကတက်ခဲ့တဲ့ မရေတွက်နိုင်တဲ့ ဝေဖန် ဆန်းစစ်သူ၊ ဆောင်းပါးရှင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။
    နယူးယောက်တိုင်းမ်စ်က ဆောင်းပါး တစ်ခုမှာ ချားလ်စ် အမ် ဘလိုးဆိုသူ ဆောင်းပါးရှင်ကလည်း အဲဒီလူသတ်မှုအတွက် ၀န်ခံခဲ့တဲ့ လူသတ်သမားကို ရည်ညွှန်းပြီး ဒီလိုရေးပါတယ်။
    “(ဒိုင်လန်) ရုဖ်ဟာ လူမျိုးရေးအမုန်းတရားနဲ့ အစွန်းရောက်သွားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး လူမျိုးရေးစစ်ပွဲ ဖြစ်စေချင်တဲ့၊ ကနဦးပစ်ခတ်မှုမှာ လူ ၉ ယောက်ကို တစ်ပြိုင်တည်း သတ်ခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်ဝါဒ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဟာ ဒီစကားလုံးကို အဓိပ္ပါယ်ပြန်ဖွင့်ဖို့ လိုပါတယ်”
    ဂျီလာနီ ကော့ဘ် ဆိုသူက “၁၈၇၁ Ku Klux Klan အက်ဥပဒေက အမေရိကန်ရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျတ်ရေး ဥပဒေဟာ ဥပဒေဆိုင်ရာ အခြေခံ အကြောင်းအရင်းတွေရှိပြီး၊ ဒါတွေက လူမည်းတွေရဲ့ အခွင့်အရေးနဲ့စပ်လျဉ်းပြီး ဖက်ဒရယ်ဥပဒေကို မလေးစားမလိုက်နာမှုအတွက် Klan အဖွဲ့ဝင်တွေကို တရားစွဲဆိုဖို့ သမ္မတ အူလစ်ဆက် အက်စ် ဂရန့်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့်ပေးထားတယ်” လို့ ထောက်ပြခဲ့ပါတယ်။
    ထင်ရှားသည့် အထောက်အထားများ
    ————————————
    နောက်ထပ် ပိုပြီးသက်ဆိုင်တဲ့ အချက်တစ်ခုက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာ တစ်ခုမှာ “၉/၁၁ တိုက်ခိုက်မှုပြီး ကတည်းက လူဖြူလူမျိုးကြီးဝါဒီတွေ၊ တယူသန် အစိုးရဆန့်ကျင်သူတွေနဲ့ အခြား မွတ်စလင်မဟုတ်တဲ့ အစွန်းရောက်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံး ရသူတွေဟာ အစွန်းရောက် မွတ်စလင်တွေထက် ၂ ဆနီးနီးလောက် ရှိတယ်” ဆိုတဲ့ အချက်ပါပဲ။
    ဒါတောင် အချက်အလက် တစ်ခုအရ ၁၉၈၀ နောက်ပိုင်း အမေရိကန်ဟာ မွတ်စလင်နိုင်ငံ ၁၄ နိုင်ငံထက် မနည်း ကျူးကျော်၊ သိမ်းပိုက်၊ ဗုံးကြဲခဲ့ပြီး လူသိန်းနဲ့ချီ သေဆုံးခဲ့ရတာ၊ သန်းနဲ့ချီ ဒုက္ခသည်ဘ၀ ရောက်ခဲ့ရတာတွေ ထည့်မတွက်ထားပါဘူး။ အမေရိကန်က အားပေး အားမြှောက်ပြုထားပြီး လက်နက်တပ်ဆင်ပေးထားတဲ့ အစ္စရေးက မရေမတွက်နိုင်တဲ့ ပါလက်စတိုင်းတွေ (မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေ) ကို သတ်ဖြတ်ပစ်တာ၊ အိမ်ယာမဲ့ ဒုက္ခသည်ဘ၀ရောက်အောင် လုပ်ပစ်တာတွေလည်း မပါသေးပါဘူး။
    ဒီလို ထင်ရှားတဲ့ အထောက်အထားတွေ ရှိနေတာတောင် အမေရိကန် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေနဲ့ ထိပ်တန်းဂျာနယ်လစ်တွေကက ဒီလို စက်ဆုပ်စရာကောင်းတဲ့ ရာဇ၀တ်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ဘာ့ကြောင့် မသတ်မှတ်ကြတာလဲ?
    မွတ်စလင် တစ်ယောက်က ကျူးလွန်တဲ့ ဒီလို လုပ်ရပ်မျိုးကို အနည်းဆုံးအထောက်အထားတွေနဲ့ “အကြမ်းဖက်လုပ်ရပ်” အဖြစ်၊ အာဖရိကန်-အမေရိကန်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို “လူဆိုးဂိုးဏ်နဲ့ ဆက်စပ်တဲ့” လုပ်ရပ်အဖြစ် အဲဒီအုပ်စုတွေကပဲ သတ်မှတ်နေကြတာရော မရှက်ကြဘူးလား။
    စာရေးဆရာ ဖိလစ်ဘန့်ကတော့ ဘာ့ကြောင့် ရုဖ်ကို အကြမ်းဖက်သမားအဖြစ် မခေါ်နိုင်တာလဲဆိုတာကို ၀ါရှင်တန်ပို့စ်မှာ ရှင်းခဲ့ပါတယ်။ အဲဒါကတော့ “လူဖြူ” တစ်ယောက် ဖြစ်နေလို့ပါတဲ့။
    “အမေရိကန်အများစုက လူဖြူတွေပါ။ ပြီးတော့ ကျွန်တော်တို့က လူဖြူတွေကို ကျွန်တော့်တို့ ကိုယ်တိုင်လိုပဲ မြင်ကြပါတယ်။ ဒိုင်လန်ရုဖ်ကို ကျွန်တော်ကြည့်တဲ့အခါ သူ့အရွယ် လူဖြူအမျိုးသား တစ်ယောက်ဖြစ်ရတာ၊ ကျွန်တော့်ရဲ့ ဆယ်ကျော်သက်ဘ၀နဲ့၊ အဲဒီတုန်းက ခက်ခဲတဲ့အချိန်မှာ ထိတ်လန့်ဖွယ် ဒေါသတွေ ခံစားရတာကို ပြန်ပြောင်းသတိရပါတယ်။ ဒ့ါကြောင့်(လွှတ်တော်အမတ် လင်ဆေး) ဂရေဟန်က ရုဖ်ကို ထူးဆန်းတဲ့ နာမည်နဲ့ အကြမ်းဖက်သမား တစ်ယောက်အဖြစ် သူမမြင်ပါဘူး။ သူ့တူမရဲ့ အင်္ဂလိပ်စာအတန်းက ချာတိတ် တစ်ယောက်အဖြစ်ပဲ သမန်ကာလျှံကာ မြင်ပါတယ်”
    မွတ်စလင်တွေအတွက်သာ
    ————————–
    ဘန့်က အချက်တစ်ချက်ကို ထောက်ပြခဲ့ပါတယ်။ “အကြမ်းဖက်ဝါဒ” ဆိုတဲ့စကားလုံးဟာ မွတ်စလင်ဖြစ်ခြင်းဆိုတာနဲ့ လုံးဝကို အဓိပ္ပါယ်သွားတူနေတာမျိုး (ရာဇ၀တ်မှုတွေကို ကျူးလွန်တဲ့ သူတင်မဟုတ်ဘဲ မွတ်စလင်အကုန်လုံးကို ဆိုလိုတာမျိုး) ဖြစ်လာပြီး၊ ဒီအသုံးနှုန်းကို လူဖြူတွေအတွက်သုံးတဲ့ အခါ အမေရိကန် (နဲ့ အစ္စရေး) နိုင်ငံရေး ယဉ်ကျေးမှုရဲ့ အဘိဓာန်ပြုစုမှု တစ်ခုလုံးကို ဖြိုဖျက်လိုက်တာပဲလို့ သူ့ရဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
    ဂျူးအကြမ်းဖက်သမား တစ်ယောက်က ဟေဘရွန် ဒါမှမဟုတ် ပါလက်စတိုင်းရဲ့ ဘယ်နေရာမှမဆို သောင်းကျန်းတာ၊ ကေသုံးလုံးဂိုဏ်းကို အားကျတဲ့ အမေရိကန်တစ်ယောက်က  ချာလ်စတန် ဒါမှမဟုတ် အမေရိကန်ရဲ့ ဘယ်နေရာမှာမဆို ရက်ရက်စက်စက် သတ်ပစ်တဲ့ အချိန်တိုင်းမှာ ဒီနိုင်ငံရေး အဘိဓာန်ပြုမှုရဲ့ အခြေခံအုတ်မြစ်ကို တုန်ခါသွားစေပါတယ်။
    လူဖြူအမေရိကန်တွေ အတွက် ရုဖ်ရဲ့လုပ်ရပ်ကို အကြမ်းဖက်ဝါဒ အဖြစ် သတ်မှတ်လိုက်ခြင်းက အာဖရိကန်-အမေရိကန်တွေ၊ အာရှသားတွေ၊ လာတီနိုတွေ ဒါမှမဟုတ် အမျိုးမျိုးသော နောက်ခံတွေကလာတဲ့ မွတ်စလင်တွေအပေါ်မှာ သူတို့ သမိုင်းနဲ့ချီပြီး ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု အစစ်အမှန်ကို လက်ခံရာလည်း ရောက်သွားပါလိမ့်မယ်။
    ဒါက ဘာကိုပြသလဲဆိုတော့ ဌာနေ အမေရိကန်တွေရဲ့ဒေသမှာ စောစောပိုင်း အခြေချခဲ့ကြတဲ့ လူဖြူတွေကနေ ဆင်းသက်လာတဲ့ အမေရိကန် အချို့မှာရှိတဲ့ လူမျိုးခြားကြောက်ရောဂါ ကြို့တို့ကြဲတဲကို ပြနေပါတယ်။ ကျွန်ခေတ်ကနေ အခုအချိန်အထိ သူတို့ကြားက ဘယ်သူ့ကိုမဆို ဈေးပေါတဲ့ အလုပ်သမားတစ်ယောက်၊ ကျွန်တစ်ယောက်၊ လူမျိုးခြားတစ်ယောက်၊ ဒါမှမဟုတ် အကြမ်းဖက်သမား တစ်ယောက်အဖြစ် မြင်ကြတာပါပဲ။
    စိတ်ထဲက သမိုင်းနဲ့ချီတဲ့ ဒီအခြေအနေနဲ့ အတူ လူတွေက ဂီယာရ် ၀ိုင်းလ်ဒါး၊ ပါမယ်လာ ဂီလာ၊ ဘီလ် မာဟာရ်၊ ဒါမှမဟုတ် ဆမ်ဟားရစ်တို့ရဲ့ မျက်နှာကို ကြည့်တဲ့အခါ ပြီးတော့ အာဖရိကန်-အမေရိကန်တွေကနေ လာတီနိုတွေ၊ အာရှသားတွေ၊ မွတ်စလင်တွေအထိ သူတို့အားလုံးအပေါ်မှာ လူဖြူတွေရဲ့ သဘောထားတွေကနေ ထွက်ပေါ်လာတဲ့ အယူသည်းမှုကို မြင်ရတဲ့အခါ “အကြမ်းဖက်ဝါဒ” ဆိုတဲ့ ဒီ တရားမဲ့တဲ့ အသုံးအနှုန်းဟာ အမေရိကန်နဲ့ အစ္စရေးက လူဖြူလူမျိုးကြီးဝါဒီတွေက အကြမ်းဖက်မှု ပုံစံအားလုံးကို ပြတ်ပြတ်သားသား ရှုတ်ချဖို့မဟုတ်ဘဲ ဖိနှိပ်ချုပ်ချယ်မှုကို ငြိမ်းချမ်းစွာခုခံခြင်းကို ဂုဏ်သိက္ခာချဖို့ ဖော်ဆောင်ထားတဲ့ လူမျိုးရေးခွဲခြားတဲ့ စကားလုံးဖြစ်တယ်ဆိုတာ ထင်ရှားလာပါတော့တယ်။
    သိမ်းကြုံးရိုက်သည့် စကားလုံး
    ——————————-
    ချာလ်စတန် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် အာဖရိကန်-အမေရိကန်တွေက ၀မ်းနည်းပူဆွေးနေကြတုန်းမှာပဲ တူနီးရှား၊ ပြင်သစ်နဲ့ ကူဝိတ်နိုင်ငံ တို့မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို ဖော်ပြရာမှာ အကြမ်းဖက်ဝါဒဆိုတဲ့ စကားလုံးဟာ ပြန်ပြီး သံသရာလည်လာခဲ့ပါတယ်။
    ဒါဟာ “အကြမ်းဖက်ဝါဒ” ဆိုတဲ့ အသုံးအနှုန်းကို မွတ်စလင်တွေအတွက် ပြီးတော့ မွတ်စလင်သီးသန့် အတွက် အသုံးချတယ် ဆိုတဲ့ နောက်ထပ် သက်သေပါပဲ။
    အကြမ်းဖက်ဝါဒနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဒီနေ့အဖြစ်အပျက်တွေအတွက် အစ္စလာမ်နဲ့ မွတ်စလင်တွေဟာ ဘယ်လို တင်စားပြောဆိုစရာ ဖြစ်လာသလဲဆိုတာ ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ။ အတွေးအမြင်တိုးတက်တဲ့ အနောက်နိုင်ငံသား အများစုကတောင်မှ “ဂျီဟတ်” “ဂျီဟတ်ဝါဒီ” ဒါမှမဟုတ် “ဖသ်ဝါ” စတဲ့ စကားလုံးတွေကို အသုံးပြုကြပါတယ်။ သူတို့နဲ့ ဘာသာ၊ လူမျိုးတူတဲ့သူတွေ (ခရစ်ယာန် ဒါမှမဟုတ် ဂျူးတွေ) အတွက် သူတို့ရဲ့ ကိုယ်ပိုင်အကြမ်းဖက် လုပ်ရပ်တွေကို တံဆိပ်ကပ်ဖို့ကြတော့ အင်္ဂလိပ် ဒါမှမဟုတ် ဥရောပဘာသာ စကားတွေမှာ အခြားစကားလုံး မရှိတော့သလို “အယူသည်းသူ” လို့သာ ရည်ညွှန်းချင်ကြပါတယ်။
    ဒါပေမယ့် ဒီ “အကြမ်းဖက်ဝါဒ” ဆိုတဲ့ အသုံးအနှုန်းနဲ့ စိုးရိမ်စရာ အကောင်းဆုံး ပြဿနာက ဒါဟာ သိမ်းကျုံးရိုက်တဲ့ စကားလုံး ဖြစ်လာ တာပါပဲ။ အကြောင်းအရင်းအမျိုးမျိုးနဲ့အတူ လူမှုရေးဆိုင်ရာ အားနည်းမှုတွေကို သိမ်းကြုံးရိုက်မယ်။ ပြီးတော့ အဲဒါတွေအားလုံးကို အစ္စလာမ်အမည်ခံတဲ့ လုပ်ရပ်တွေနဲ့ မွတ်စလင်တွေရဲ့ လုပ်ရပ်တွေအောက်မှာ သွားပြီး ထည့်တော့တာပါပဲ။
    ကူဝိတ်၊ ပြင်သစ်နဲ့ တူနီးရှားနိုင်ငံတွေက အဖြစ်အပျက် ၃ ခုမှာ ကျူးလွန်တဲ့သူ မတူညီတဲ့အကြောင်းအရင်းတွေ၊ တစ်ယောက် ချင်းစီရဲ့ ပြည်တွင်း အဖြစ်အပျက်တွေရဲ့ သက်ဆိုင်ရဲ့ လှုံ့ဆော်မှုတွေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် “အကြမ်းဖက်ဝါဒ” ဆိုတဲ့ စကားလုံးဟာ ဒီ အကြမ်းဖက်မှုဖြစ်လာတဲ့ အခြေခံအကြောင်းအရင်းတိုင်းကို နားလည်အောင်လုပ်ဖို့ကို တားဆီး ဟန့်တားလိုက်ပြီး မွတ်စလင်တွေရဲ့ ၀မ်းတွင်း သန္ဓေကကို ဒီလိုလုပ်တာပါလားဆိုပြီး သတ်မှတ်မှုကို ဖြစ်စေခဲ့ပါတယ်။
    **Aljazeera တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Hamid Dabashi ၏ “Terrorism: For Muslim crimes only?” ခေါင်းစဉ်နှင့် ဆောင်းပါးအား လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။