News @ M-Media

Blog

  • ဖိုင်နယ်အရှုံးလောက် ပိုမိုနာကျင်ရမှု မရှိဟု မက်ဆီဆို

    ဖိုင်နယ်အရှုံးလောက် ပိုမိုနာကျင်ရမှု မရှိဟု မက်ဆီဆို

    ဇူလိုင် ၇၊ ၂၀၁၅
    M-Media

    messi

    – နောက်ဆုံးဗိုလ်လုပွဲရောက်ရှိချိန်မှ အရှုံးပေးရခြင်းထက် ပိုမိုနာကျင်သည့်အရာ မရှိဟု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပြီး မိမိတို့အသင်းကို အားပေးခဲ့ကြသည့် ပရိတ်သတ်များအား ကျေးဇူးတင်ရှိသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် ဘရာဇီးလ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အာဂျင်တီးနားနှင့်အတူ အချိန်ပို၌ ရှုံးပွဲကြုံတွေ့ခဲ့ရသည့် မက်ဆီမှာ မကြာသေးမီက ပြီးစီးသွားခဲ့သည့် ကိုပါအမေရိကဖလား ဗိုလ်လုပွဲတွင်လည်း အိမ်ရှင်ချီလီအား ပင်နယ်တီဖြင့်ရှုံးကာ ရှုံးနိမ့်မှုအရသာကို ထပ်မံခံစားနေရသည်။

    ထိုအရှုံးကြောင့် အာဂျင်တီးနားအသင်းမှာ ၂၂ နှစ်ကြာ ဆုဖလားမိုးခေါင်မှုကို ဆက်လက် တည်တံ့စေခဲ့ပြီး မက်ဆီကမူ အားပေးခဲ့ကြသည့် ပရိတ်သတ်များကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “ဘောလုံးလောကမှာ ဖိုင်နယ်ရောက်မှ ရှုံးနိမ့်တာထက် ပိုပြီး နာကျင်ရတာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို အမြဲတမ်း အားပေးတဲ့၊ ခက်ခဲတဲ့အချိန်တွေမှာ ဆက်လက်ရှိနေခဲ့တဲ့ လူတိုင်းကို ကျေးဇူးတင်ကြောင်းပြောဖို့ ဒါက ထပ်ပြီး အဟန့်အတား မဖြစ်စေချင်ပါဘူး” ဟု မက်ဆီက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    အတည်မပြုနိုင်သည့် စပိန်သတင်းများအရ ကိုပါအမေရိကဖလားတွင် မက်ဆီအား အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့သော်လည်း ၎င်းက ဆုလက်ခံရယူရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

    Ref: Goal

  • တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဟု မလေးရှားဝန်ကြီးချုပ် ပြော

    တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဟု မလေးရှားဝန်ကြီးချုပ် ပြော

    ဇူလိုင် ၇၊ ၂၀၁၅
    M-Media

    malay

    – နိုင်ငံပိုင် ငွေကြေးအရှုပ်အရှင်း ပြဿနာနှင့် ရင်ဆိုင်နေရသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ် ရာဇက်က မိမိမှာ တိုင်းပြည်အား သစ္စာမဖောက်ခဲ့ဘဲ ပြည်သူများအနေဖြင့် တည်တည်ငြိမ်ငြိမ်ရှိကြရန် တိုက်တွန်းပြောကြားလိုက်သည်။

    နိုင်ငံပိုင် ဖွံ့ဖြိုးရေးကုမ္ပဏီဖြစ်သော 1MDB မှ ကန်ဒေါ်လာ သန်း ၇၀၀ နီးပါးကို နာဂျစ်ဘ်က ရယူခဲ့သည်ဟု Wall Street ဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း မလေးရှား နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် တင်းမာမှုများမှာ မြင့်တက်လာခဲ့သည်။

    နာဂျစ်ဘ်ကမူ ထိုသတင်းမှာ “နိုင်ငံရေး အဖျက်အမှောက်လုပ်ခြင်း” ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး ဂျာနယ်အား တရားစွဲဆိုရန် စီစဉ်နေသည်ဟု ဆိုသည်။

    သို့သော်လည်း နာဂျစ်ဘ်မှာ ထိုးနှက်မှုများနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံများက ၀န်ကြီးချုပ်အား အယုံအကြည်မရှိအဆို တင်သွင်းမဲခွဲရေးအတွက် အရေးပေါ်အစည်းအဝေးခေါ်ရန် ပါလီမန်အား တိုက်တွန်းထားကာ နာဂျစ်ဘ်၏ အနာဂတ်အတွက် ဆွေးနွေးချင်နေသည်။

    မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်မှ ကျောင်းသားရေးရာ ကောင်စီကလည်း လက်ရှိအချိန်တွင် နာဂျစ်ဘ်အား ရာထူးမှအနားပေးကာ ၎င်းနှင့်ပတ်သက်သည့် ချစားမှုစွဲချက်များကို စုံစမ်းစစ်ဆေးမှု ပြီးသည်အထိ ဒုတိယ၀န်ကြီးချုပ် မူဟ်ယစ်ဒင် ယာစင်က တိုင်းပြည်အား ဦးဆောင်ရန် တိုက်တွန်းခဲ့သည်။

    နာဂျစ်ဘ်ကမူ မိမိ၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ စွပ်စွဲချက်များအားလုံးကို တွန်းလှန်ရေးအတွက် မှန်ကန်သည့်လမ်းကြောင်းကို ရှာဖွေရန် ကြိုးစားသွားမည်ဖြစ်ပြီး UMNO ပါတီခေါင်းဆောင်များ၊ PAS ပါတီမှ နာမ်ပိုင်းဆိုင်ရာခေါင်းဆောင် ဟာရွန်ဒင်တို့၏ မိမိအား ထောက်ခံအားပေးမှုကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ပြည်သူတွေကို သစ္စာမဖောက်ခဲ့ပါဘူး။ အမှန်တရားကို ထိန်းသိမ်းဖို့ နည်းလမ်းတွေ ရှာဖွေသွားမှာပါ။ တည်ငြိမ်ကြပါ။ အမှန်တရားဟာ ပြန့်နှံ့လာပါလိမ့်မယ်” ဟု ယမန်နေ့က အခမ်းအနားတစ်ခုတွင် နာဂျစ်ဘ်က ပြောကြားခဲ့သည်။

    ထို့ပြင် အစိုးရနှင့်ပတ်သက်၍ စွပ်စွဲချက်များအားလုံးကို မမှန်ကန်ကြောင်း ပြသရေးတွင် နိုင်ငံရေး ခံယူချက်များ မတူညီသော်လည်း ပြည်သူများ၊ ခေါင်းဆောင်များအနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြင့် စုစုစည်းစည်းရှိကြရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Channelnewsasia

  • မဒီနာတွင် ကမ္ဘာ့အဆင့်မီ လေဆိပ်သစ်ကြီးတစ်ခု ဖွင့်လှစ်

    မဒီနာတွင် ကမ္ဘာ့အဆင့်မီ လေဆိပ်သစ်ကြီးတစ်ခု ဖွင့်လှစ်

    ဇူလိုင် ၇၊ ၂၀၁၅
    M-Media

    airport 1

    – ဆော်ဒီအာရေဗျနိုင်ငံရှိ မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်များသို့ ကမ္ဘာတစ်ဝှမ်းမှ နှစ်စဉ်လာရောက်ကြသည့် သိန်းပေါင်းများစွာသော ခရီးသည်များ ပိုမိုလွယ်ကူစေရန်အတွက် လေဆိပ်သစ်ကြီးတစ်ခုကို မဒီနာမြို့တွင် ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    ဆော်ဒီရှိ လေယာဉ်ကွင်းတည်ဆောက်ရေးကုမ္ပဏီ ၅ ခုခန့်က မဒီနာမြို့ရှိ ရှိပြီးသား လေယာဉ်ကွင်းအနီးတွင် တိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်ကွင်းကို “မင်းသား မိုဟာမက် ဘင် အဘ်ဒူလ် အဇစ်” နိုင်ငံတကာလေယာဉ်ကွင်းဟု အမည်ပေးထားကာ ပြီးခဲ့သည့် ကြာသာပတေးနေ့က ဘုရင်ကြီး ဆလ်မာန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

    “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒီလေယာဉ်ကွင်းကို နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီးနောက်ပိုင်းမှာ လေကြောင်းကုမ္ပဏီ ၃၆ နဲ့အတူ ခရီးသည်တွေ သွားလာမှုအကြပ်အတည်းဟာ လေဆိပ်မှာ ပုံမှန်တိုးလာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဟဂ်ျခရီးမှာဆိုရင်တော့ လေကြောင်း ကုမ္ပဏီအရေအတွက်ဟာ ၄၅ ခုလောက်အထိ တက်လာပါတယ်” ဟု အရက်ဖက်လေကြောင်း အထွေထွေအာဏာပိုင်အဖွဲ့ GACA မှ ဥက္ကဌဖြစ်ပြီး မဒီနာအုပ်ချုပ်ရေးမှူးဖြစ်သူ ဆူလိုင်မန် အလ်-ဟမ်ဒန်က အဆိုပါလေဆိပ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ထိုလေယာဉ်ကွင်းမှာ ပထမအဆင့် လည်ပတ်မှုအတွင်း တစ်နှစ်လျှင် ခရီးသည် ၈ သန်းကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး၊ ဒုတိယအဆင့်တွင် ၁၈ သန်းနှင့် တတိယအဆင့်တွင် ခရီးသည် သန်း ၄၀ ကို ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

    စကွဲယားမီတာပေါင်း ၁၅၅၀၀၀ အကျယ်အ၀န်းရှိသည့် အဓိက လေဆိပ်အဆောက်အအုံတွင် ခရီးဆောင်အိတ် အကြီးများအတွက် check-in ကောင်တာ ၈ ခု၊ တစ်ဦးချင်းစီအတွက် check-in ကောင်တာ ၂၄ ခုတို့ အပါအ၀င် စုစုပေါင်း check-in ကောင်တာ ၇၂ ခု ပါဝင်ပြီး၊ ဆိုက်ရောက်၊ ထွက်ခွာ ခရီးသည်များအတွက် နိုင်ငံကူးလက်မှတ်စစ်ဆေးသည့် ကောင်တာ ၂၆ ခု ပါဝင်သည်။

    မီဂါ စီမံကန်း

    ကန်ဒေါ်လာ ၁.၂ ဘီလီယံ ကုန်ကျခဲ့သည့် အဆိုပါလေယာဉ်ကွင်းသစ် စီမံကိန်းမှာ ဆော်ဒီ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီများ တည်ဆောက် လည်ပတ်သည့် ပထမဆုံး လေယာဉ်ကွင်းလည်းဖြစ်သည်။

    လေယာဉ်ကွင်းအကျယ်မှာ စုစုပေါင်း စကွဲယားမီတာ ၄ သန်း ရှိပြီး ဖွင့်ပွဲအခမ်းအနားတွင် ဘုရင်ကြီးဆလ်မာန်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

    အဆိုပါ လေယာဉ်ကွင်းတွင် ဓာတ်လှေကား ၃၆ ခု၊ စက်လှေကား ၂၈ ခု၊ ရွေ့လျား ပစ္စည်းပို့စက် ၂၃ ခု ပါဝင်ပြီး၊ နားနေခန်းတွင် လူပေါင်း ၄၀၀၀ ကို နေရာချထားပေးနိုင်မည်ဖြစ်သည်။

    ဟဂ်ျဘုရားဖူးလာရောက်သူများအတွက် သတ်မှတ်ပေးထားသည့် Termianl အနီးတွင် နောက်ထပ် Terminal ၆ ခုကိုလည်း ထပ်မံ ထည့်သွင်း တည်ဆောက်ထားသည်။ အဆိုပါ လေယာဉ်ကွင်းကို ပြီးခဲ့သည့် ဧပြီလက စမ်းသပ်သုံးစွဲခဲ့သည်။

    ထိုလေယာဉ်ကွင်းတွင် ပြည်တွင်းနှင့် ပြည်ပမှ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် ကဖေးများလည်း ပါဝင်ပြီး၊ ဘဏ်စနစ်များ၊ ဘတ်စ်ကားနှင့် တက္ကစီတို့ကဲ့သို့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုများလည်း ပါဝင်မည်ဖြစ်သည်။

    မြင့်မြတ်ရာမြေသို့ ဘုရားဖူးလာရောက်ကြသည့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်အရေအတွက် မြင့်တက်လာမှုနှင့်အညီ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ဆော်ဒီအစိုးရမှာ ပြီးခဲ့သည့်နှစ်များအတွင်း မက္ကာနှင့် မဒီနာမြို့များ၌ တိုးချဲ့ တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။

    မစ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်နှင့် ကအ်ဘာကျောင်းတော် ပရ၀ုဏ်တို့ကိုလည်း တိုးချဲ့ခဲ့ပြီး ယခုနှစ် ရမ်ဇာန်လတွင် ဖွင့်လှစ်ခဲ့သည်။

    Ref: Onislam

  • သတင်းအမှားဖြင့် လုပ်ကြံ ဝါဒဖြန့်ခံရသည့် မြန်မာမွတ်စလင်မ်တို့၏ သမိုင်းဝင် ခံလူးကျေးရွာကြီး

    သတင်းအမှားဖြင့် လုပ်ကြံ ဝါဒဖြန့်ခံရသည့် မြန်မာမွတ်စလင်မ်တို့၏ သမိုင်းဝင် ခံလူးကျေးရွာကြီး

    ဇူလိုင် ၇ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- ညီနေမင်း
    (4)_Wira_Thu_-_2015-07-07_00.03.21
    အထက်မြန်မာပြည် မဘသမှ စီစဉ်ထုတ်ဝေသည့် အတုမရှိသတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၄ တွင် မျိုးချစ်သူ (၉၇)ဆိုသူက ခံလူးရွာအကြောင်းကို ရွာ၏ မြန်မာမွတ်စလင်မ်တို့ သမိုင်းကြောင်းနှင့် လက်ရှိ လက်တွေ့အခြေအနေမှန်ကို ရိုးသားပြည့်စုံစွာ တင်ပြခြင်းမရှိဘဲ half-truth ခေါ် တဝက်မှန်သည့် အချက်များနှင့် အထောက်အထားမဲ့ ယိုးစွပ်ချက်များကို ရောနှောက မိမိလိုရာစွဲရေး တင်ပြခဲ့သည်။ ခံလူးရွာကြီးမှာ မွတ်စလင်မ်တို့က နောက်ပိုင်းမှဝင်ရောက်နေထိုင်ကာ ရွာကြီးကို မျိုသွားသယောင်ယောင်၊ တစ်ဖက်သတ် ဘာသာရေးသွတ်သွင်းမှုများပြုလုပ်နေသယောင်ယောင်၊ ဗုဒ္ဓဘာသာကို စော်ကားနေသယောင်ယောင်၊ ခေတ်ပညာရေးကိုပဲ လက်ဝါးကြီးအုပ်နေသယောင်ယောင် ရိုးသားသော စာဖတ်သူတို့နှင့် ပြည်သူများ အထင်အမြင် လွဲမှားအောင် တစ်ဖက်သတ်ရေးသား ထားတာကို တွေ့ရှိရသည်။ ထိုအချက်အလက် အမှားများပါဝင်နေသည့် သတင်းဆောင်းပါးကို ဘာသာတရားနှင့် လူမျိုးရေး အမုန်းတရားများဖြန့်ဝေသူဟု ပြည်တွင်း ဗုဒ္ဓ့တရားစစ်တရားမှန်ကို ကျင့်သုံးလိုက်နာသူများ အကြားတွင် သာမက ကမ္ဘာတွင်ပါ နာမည်ဆိုးနှင့် ကျော်ကြားနေသူ ဦးဝီရသူမှ Facebook စာမျက်နှာတွင် ဇွန်လ ၈ရက်နေ့က ပို့စ်တင်ဖြန့်ဝေခဲ့သည်။ တိုက်ရိုက် ထပ်ဆင့် ဖြန့်ဝေမှု ၅၀၀၀ ကျော်ရှိခဲ့တာကို တွေ့ရှိရပါသည်။ https://goo.gl/Z9GN8K

    ရှေးကတည်းက မြန်မာမွတ်စလင်မ်တို့စတင်နေထိုင်ခဲ့သည့် ခံလူးရွာကြီး
    ———————————————–

    မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ ခံလူးရွာမှာ သမိုင်းဝင်ရွာကြီးဖြစ်ပြီး ရှေးနှစ်ပေါင်း ပဝေသဏီကတည်းက မွတ်စလင်မ်များ ထိုရွာတွင် အခြေချနေထိုင်ခဲ့ကြသည်။ ခံလူးတွင် မွတ်စလင်မ်များ ခုနှစ်သက္ကရာဇ်အလိုက် အခြေချနေထိုင်ခဲ့မှုသမိုင်းကို နဝတအစိုးရက တရားဝင်ထုတ်ပြန်ခဲ့သော သာသနာရောင်ဝါထွန်းစေဖို့ စာအုပ်ငယ် စာမျက်နှာ ၆၇တွင် အောက်ပါအတိုင်း အတိအလင်း မှတ်တမ်းတင် ဖော်ပြထားပြီးဖြစ်သည်။

    Na Wa Ta
    “၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ်နှင့် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက်ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်ဆလင်များ၊ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ကို ဝင်တိုက်ခဲ့စဉ်နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သော မွတ်ဆလင်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန်လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်ဆလင်များအား (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်းမှ ရောက် ရှိလာသော သင်္ဘောများမှ မွတ်ဆလင်များအား ရွှေဘိုခရိုင် မြေဒူး၊ စစ်ကိုင်းခရိုင် ပင်းယနှင့် ခံလူး၌လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်းကောင်း၊ ရမည်းသင်းခရိုင် ယင်းတော်တို့၌ လည်းကောင်း နေရာ ချထား ခဲ့ကြောင်း တွေ့ရသည်။”

     Dr Than Tun 2
    ကမ္ဘာသိ မြန်မာ့သမိုင်းသုတေသီကြီး ဒေါက်တာသန်းထွန်းကလည်း ခံလူးသည် ကျောက်ဆည်နယ်၏ အနောက်မြောက်တွင်ရှိကာ ခံလှူ၊ ခံမှူ၊ ခံမှု၊ ကန်လု၊ ကန်ဗု၊ ကန်လူး  စသဖြင့် နာမည်ရှစ်မျိုးရှိခဲ့ပြီး မွန်တို့ဒေသဖြစ်ခဲ့ကြောင်းကို သူ၏ နယ်လှည့်ရာဇဝင် စာအုပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ပုဂံခေတ် ကျောက်ဆည်နယ် တစ်ဆယ့်ခရိုင်တွင် ခံလူး ပါဝင်ခဲ့ပြီး စစ်ကိုင်းမင်း ဘကြီးတော်လက်ထက် အေဒီ ၁၈၁၉ မှ ကျောက်ဆည်နယ် ကိုးခရိုင်အဖြစ်ပြောင်းခေါ်ရာတွင် ကျန်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းလင်းရေးသားထားသည်။

    Bagan Khit

    ထိုကျောက်ဆည်နယ်တွင် ပုဂံခေတ်ကတည်းက နေရာဒေသအမျိုးမျိုးက လူတွေကို ခေါ်လာပြီး တာဝန်ပေးစေခဲ့ကာ ထိုအစု အမှုထမ်းများသည် ရွာတည်ကာ အခြေချနိုင်ထိုင်ခဲ့ကြကြောင်းနှင့် ထိုအစုတို့တွင် မွတ်စလင်မ် များလည်း ပါဝင်ကြောင်း သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းမှ သမိုင်းမှတ်တမ်း တင်ထားသည်။

    Dr Than Tun

    ဘိုးတော် ဗဒုံမင်း လက်ထက်တွင်လည်း ထိုနယ်များတွင် အစု အမှုထမ်းများနေခဲ့ကြရာ ခံလူးရွာသားများမှာ အမြောက်အစုအမှုထမ်းများအဖြစ် ဘုရင့်အမှုတော်ထမ်းခဲ့ကြသည်ကို ထိုစာအုပ် စာမျက်နှာ ၁၉၄ နှင့် ၁၉၇ တွင် သမိုင်းမှတ်တမ်းတင် ဖော်ပြထားပြန်သည်။

    ဘာသာရေးအရ မင်္ဂလာရှိစေလိုကာ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကြိုဆိုခြင်းသာ
    ————————————————
    အစ္စလာမ်ဘာသာဝင် ရွာသား မော်လဝီ ဟာဖိဇ် (ကုရ်အာန်ကျမ်းမြတ်အာဂုံဆောင်နှင့် သာသနာ့ပညာ ဘွဲ့ရဖြစ်သူ) ဦးကိုကိုနိုင် ၏ အိမ်သည် ခံလူးရွာအဝင် အိမ်တန်းများအနက် တစ်အိမ်ဖြစ်သည်။ ဦးကိုကိုနိုင်သည် ၂၀၁၀တွင် မိမိခြံအိုးရိုးပြုလုပ်ခဲ့ပြီး အစ္စလာမ် ဘာသာဝင်ဖြစ်သည့် အလျောက် မင်္ဂလာရှိစေရန် မိမိ ကိုးကွယ်ယုံကြည်ရာ အရှင်မြတ်၏ အမည်နာမတော်ဖြင့် အစပြုကြောင်း သင်္ချာဂဏန်းဖြင့် ကိုယ်စားဆောင်သည့် 786 နှင့်အစပြုပြီး မြန်မာ့ ယဉ်ကျေးမှုအရ ကြိုဆိုကြောင်းကို အင်္ဂလိပ်လို WELCOME နှင့် အာရဗီလို ဘာသာ စကားနှစ်မျိုးဖြင့် မိမိရွာသို့ အိမ်သို့ လာရောက်သူများကို ကြိုဆိုသည့် သဘောဖြင့် ရေးထိုးထားခဲ့သည်။

    “၂၀၁၀မှာ ဒီအုတ်တံတိုင်းလုပ်တယ်။ အင်္ဂလိပ်လိုနဲ့ အာရဗီလို ကြိုဆိုကြောင်း စာသားထိုးခဲ့တယ်။ ဘာရည်ရွယ်ချက်မှ မပါပါဘူး။ မြန်မာ့ယဉ်ကျေးမှုအရ ကြိုဆိုကြောင်းသက်သက်ပါပဲ။ မန္တလေးနိုင်ငံတကာလေယာဉ်ကွင်းနဲ့ နီးတဲ့အပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တွေများ ကျွန်တော်တို့ သမိုင်းဝင်ရွာကြီးကို အလည်ရောက်လာခဲ့ရင် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးပျူငှာမှုကို သိစေလိုလို့ နိုင်ငံတကာသုံး ဘာသာစကားတွေနဲ့ ရေးထိုးဖြစ်သွားတာပါ။ ဟိုအရင်က ရွာအလယ်မှာ မနေနိုင်ဘဲ ရွာပြင် လမ်းထွက်နေရာတာက ငွေရေးကြေးရေး မပြည့်စုံလို့ပါ။ အခုတော့ ခရိုင် လမ်းမကြီးဖောက်လိုက်တော့မှ ရွာဝင်လမ်းက ခြံတွေ ဈေးကောင်းကုန်တာ” ဟု ဦးကိုကိုနိုင်က ရင်ဖွင့်ခဲ့ပါသည်။

    ဗုဒ္ဓဘာသာဝင်များတွင် ဘာသာတရား ကိုင်းရှိုင်းသူများမှ မည်သည့်အရာမဆို နမောဗုဒ္ဓဿ နှင့် အစပြုကြသလို အစ္စလာမ်ဘာသာရေး ဘွဲ့ရတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်မှာ မိမိကိုးကွယ်ယုံကြည်ရာ အရှင်မြတ်၏ နာမတော်ဖြင့် အစပြုကြောင်းကို သင်္ချာဂဏန်း ၇၈၆ ထည့်သွင်းရေးထိုးထားခြင်းသာဖြစ်သည်။

    Khan Lu Village

    ဘာသာရေးခံယူမှုတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်နဲ့ ရွာကြီး
    ————————————————
    ဦးဝီရသူ၏ Facebook တွင်ဖော်ပြထားသလို၊ အထက်မြန်မာပြည် မဘသမှ ထုတ်ဝေသော အတုမရှိဂျာနယ် တွဲ ၂ အမှတ် ၄တွင် ယိုးစွပ်ထားသလို လက်တွေ့တွင် ခံလူးရွာကြီးတွင် ခေါင်ဖြိုစနစ်မဟုတ်ဘဲ ဘာသာရေးတွင် ရွာသူရွာသားများမှ ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်နှင့် ကိုယ်ကြိုက်သည့် ဘာသာဝင်အဖြစ် ကိုယ်ခံယူသည့် စနစ်သာဖြစ်သည်။

    A Thu Ma Shi Journal

    ခံလူးရွာတွင် နှစ်ပေါင်း လေး ငါးဆယ်အတွင်း လူဦးရေ လေး ငါးဆယ် အစ္စလာမ်မှ ဗုဒ္ဓဘာသာဝင်အဖြစ်၊ ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာဝင်အဖြစ် အပြန်အလှန် ဘာသာကူးပြောင်းမှုများ ရှိခဲ့ကြသည်။ ပြီးခဲ့သည့် သုံးလခန့်ကပင် မွတ်စလင်မ်အမျိုးသမီးပျိုတစ်ဦးမှာ ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးနှင့် (လိုက်ပြေး)အကြောင်းပါကာ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခံယူသွားသည်။ ကိုယ်ကြိုက်သည့် ဘာသာ ကိုယ်လွတ်လပ်စွာခံယူကြကြောင်းကို ဥပမာအချို့ပေးရလျှင် ခံလူးရွာဦး ဘုန်းကြီးကျောင်းကြီးတွင် သံကူကွန်ကရစ် နှစ်ထပ်ကျောင်းဆောင်သစ်ကြီး မကြာသေးမီက လှူဒါန်းထားသော ကျောင်းဒါယိကာမမှာ အစ္စလာမ်မှ ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခံယူခဲ့သူဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ကျောင်းဒါယိကာ၏ မိခင်မှာ မွတ်စလင်မ် တစ်ဦးဖြစ်သည်။

    11653344_1873922622831915_669065219_n

    ထိုကျောင်းဒါယိကာမသည် ခံလူးရွာဗလီရှေ့ဆောင် ဆရာကြီး၏ ညီမဝမ်းကွဲတော်စပ်ကာ အလားတူ ဆရာကြီး၏ ကျန်ညီမ ဝမ်းကွဲနှစ်ဦးမှာလည်း အစ္စလာမ်မှ ဗုဒ္ဓဘာသာသို့ သက်ဝင် ကူးပြောင်းခဲ့သေးသည်။ ထို့ပြင် ခန့်နေ ဦးပဇ္ဇင်းကြီး ဟာမန်မှာလည်း မွတ်စလင်မ်ဖြစ်ခဲ့ရာမှ ဘာသာပြောင်းကာ ဘုန်းကြီးဖြစ်လာသူဖြစ်သည်။ ရွာဦးကျောင်းဂေါပက ဥက္ကဌဟောင်း ဦးချစ်တီးမှာလည်း အစ္စလာမ်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင်သွားသူဖြစ်သည်။

    ထိုနည်းတူ လက်ရှိဥက္ကဌကတော်၏ မိခင်မှာလည်း ယခင် မွတ်စလင်မ်မှ ဗုဒ္ဓဘာသာဝင်ဖြစ်လာသူဖြစ်သည်။ ကိုယ်ကြိုက်သည့် ဘာသာတရားကို လွတ်လပ်စွာ ခံယူသည့် စနစ်ပင်ဖြစ်သည်။ ထိုကဲ့သို့လက်တွေ့ဖြစ်ရပ်မှန်များကို ပြည့်စုံစွာ ဖော်ပြခြင်း မရှိဘဲ မိန်းမပျိုတစ်ဦး နှစ်ဦး အစ္စလာမ်ဘာသာသို့ သက်ဝင်ကူးပြောင်းခြင်းနှင့် သူမတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်သော အိမ်ထောင်ရေးကိစ္စအကြောင်းကိုသာ မီးမောင်းထိုးဖော်ပြထားကာ ခေါင်ဖြိုစနစ် ဘာညာဆိုပြီး ဝါဒမှိုင်းတိုက်သည်မှာ အထက်မြန်မာပြည် မဘသ၏ အတုမရှိဂျာနယ် ဘာလဲ ဘယ်လဲ မေးရပေတော့မည်။

    သမိုင်းဝင် ရှေးဗလီဝတ်ကျောင်းတော်
    ————————————–
    ခံလူးရွာတွင် မွတ်စလင်မ်များ စတင်အခြေချနေထိုင်ခဲ့စဉ်ကတည်းက စုပေါင်းဝတ်ပြုရာ ဗလီဝတ်ကျောင်းတော် တည်ရှိခဲ့သည်။

    Khan Lu Masjid

    အဆင့်ဆင့်ပြုပြင်မွမ်းမံခဲ့ရာ ယခုလက်ရှိ ဗလီအဆောက်အဦးကို ၁၉၈၃ခုနှစ်က နောက်ဆုံးမွမ်းမံထားခဲ့ပြီး ထိုသို့မမွမ်းမံစဉ်က အဆောက်အဦးမှာ နှစ်တစ်ရာကျော် သက်တမ်းရှိခဲ့သည်။ ထိုဝတ်ကျောင်းတော်သည် အနိမ့်ဆုံးနှစ်ပေါင်း ၅၀၀ ခန့် သက်တမ်း ရှိသည့် ရှေးဟောင်း ဘာသာရေး အဆောက်အဦးဖြစ်ကာ မြန်မာမွတ်စလင်မ်တို့၏ သမိုင်းကြောင်း၊ မြန်မာ ဘုရင်မင်းတို့အပေါ် သစ္စာစောင့်သိ အမှုတော်ထမ်းခဲ့မှုတို့နှင့် ခိုင်မာစွာ ဆက်နွယ်လျက်ရှိရာ မွတ်စလင်မ်များသာမက ဘာသာပေါင်းစုံ ခံလူးရွာသားများ အတွက်ရော မြန်မာနိုင်ငံတော်အတွက်ပါ တန်ဖိုးရှိလှသည့် သမိုင်းဝင် အဆောက်အဦးပင်ဖြစ်သည်။

    ဗုဒ္ဓရုပ်ပွားတော်ကိစ္စ
    ——————-
    ဘာသာရေးနှင့် လူမျိုးရေးအမုန်းတရားများ ဖြန့်ချီနေသူဟု နိုင်ငံတကာမှ သတ်မှတ်ထားသည့် ဦးဝီရသူမှ ပရိုမုတ်လုပ်ပေးနေသည့် အထက်မြန်မာပြည် မဘသ၏ အတုမရှိဂျာနယ်တွင် ခံလူးရွာရှိ ရွှေဘုံသာဘုရားရှိ ဗုဒ္ဓရုပ်ပွားတော် ဦးခေါင်းတော်ပျက်စီးခြင်းကို မွတ်စလင်မ် ရွာသား ရွာသူများက ပြုလုပ်သယောင် ယိုးစွပ်ထားသည့် ကိစ္စမှ လုံးဝမဟုတ်ပေ။ ထိုကိစ္စမျိုးဖြစ်ပွားခြင်း လုံးဝ မရှိခဲ့ကြောင်း ခံလူးရွာသူရွာသားများက အခိုင်အမာပြောကြားခဲ့သည်။ ထိုဂျာနယ်တွင် ဟာလာလုပ်သွားသည်ဟု တလွဲသုံးဖော်ပြထားရာ အမှန်စင်စင် ဟလာဟ်ဆိုသည်မှာ အစ္စလာမ်သင်ကြားမှုအရ တရားတော်အရပြုပိုင်ခြင်းဟု အဓိပ္ပါယ်ရပြီး အခြားဘာသာတရားများကို ကိုယ်ထိလက်ရောက် မပြောနှင့် နှုတ်ဖြင့်စော်ကားခြင်းကိုပင် မပြုရန် မွတ်စလင်မ်များကို ကုရ်အာန်ကျမ်းမြတ် ကဏ္ဍ ၆ ပါဒတော် ၁၀၈မှာ အတိအလင်းကို တားမြစ် (ဟရာမ်)ထားပြီးဖြစ်သည်။

    အစ္စလာမ်တရားတော်အရ အခြားဘာသာတရားများနှင့် ကိုးကွယ်ရာများကို စော်ကားခြင်းကိုတားမြစ်ထားပြီး ခံလူးရွာတွင်လည်း ထိုသို့ကိစ္စမျိုးလုံးဝမရှိခဲ့ပါ။ ထို့ပြင် ထို မဘသ ဂျာနယ် ဆောင်းပါးခေါင်းစီးတွင် စာဖတ်သူတို့အထင်မြဲလွဲစေရန် ဖော်ပြထားသော ဦးခေါင်းမပါသည့် ဗုဒ္ဓရုပ်ပွားတော်ဟု ယူဆရသည့် ဆင်းတုနှစ်ခုမှာလည်း ခံလူးရွာတွင် ရိုက်ထားခြင်း လုံးဝမဟုတ်ဘဲ ဆင်းတုထုလုပ်သည့် နေရာ တစ်နေရာတွင် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်ဆင်ရိုက်ထားသည့် ဓာတ်ပုံသာဖြစ်ကြောင်း သတိမူကြည့်က အသိအသာပင်။ နောက်တွင် ဆင်းတုများထည့်သည့် သစ်သားစင်တို့ရှိနေကာ ဆောင်းပါးထဲတွင် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဟုဆိုထားသော်လည်း ခေါင်းစီးပုံတွင် ဆင်းတုနှစ်ခုဖြစ်နေသည်။

    ထို့ပြင် ဖြစ်ခဲ့သည်ဆိုဦးတော့ ဆောင်းပါးတွင် အင်းဝခေတ် ရုပ်ပွားတော်ဟုဆိုထားရာ (မိရိုးဖလာ)ဗုဒ္ဓဘာသာဝင် များစွာတို့ကိုယ်တိုင် ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များကို ငရဲမကြောက် ဦးခေါင်းတော်ဖြတ်ခိုးသည့် ဌာပနာဖောက်သည့် အမှုများမှာ နိုင်ငံအနှံ့ ကြားနေကျ မှုခင်းဖြစ်ရာ အထောက်အထားမဲ့ ရွာခံ မွတ်စလင်မ်တို့လုပ်သယောင် ရေးသားထားသည်မှာ သတိရှိသော အသိရှိသော စာဖတ်သူတို့ မိဘပြည်သူတို့ ဆောင်းပါးရှင်၏ မရိုးသားမှု၊ ပညာမဲ့မှုနှင့် ရည်ရွယ်ချက်ကို အလွယ်တကူသိမြင်နိုင်နေသည်။ သို့သော် အပေါ်တွင်ဖော်ပြခဲ့သည့် အတိုင်း ရွာသူရွာသားများမှ ထိုဗုဒ္ဓရုပ်ပွားတော်ကိစ္စမှာ အမှန်တကယ်ဖြစ်ပွားခြင်း မရှိကြောင်း လုပ်ကြံမှုသာဖြစ်ကြောင်း အခိုင်အမာပြောခဲ့ပါသည်။

    ခံလူးရွာတွင်း လူမှုရေးနှင့် အလှူအခင်း
    —————————————-
    ခံလူးရွာတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်သာရေး ဝန်ဆောင်မှုအဖွဲ့တို့ နှစ်ဖွဲ့ရှိကြရာ နှစ်ဖွဲ့လုံးမှ ရွာသူရွာသားများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ အစ္စလာမ်အဖွဲ့မှ ဝန်ဆောင်မှုတွင် အိုးခွက်ပန်းကန်ခွက်ယောက်များ ငှားရမ်းခြင်း၊ ခင်းကျင်းပြင်ဆင် သိမ်းဆည်းပေးခြင်းနှင့် ချက်ပြုတ်ပေးခြင်းတို့ပါဝင်ပြီး ဝန်ဆောင်ခမှာ ၆ သောင်းကျပ်ဖြစ်သည်။ ဗုဒ္ဓဘာသာအဖွဲ့၏ ဝန်ဆောင်မှုတွင်မူ ချက်ပြုတ်ပေးခြင်း မပါဘဲ ဝန်ဆောင်ခမှာ ၃ သောင်းကျပ်ဖြစ်ပြီး အခမဲ့ မဟုတ်ပါ။ မည်သည့်အဖွဲ့ကမှ မိမိတို့ထံမှ ဝန်ဆောင်မှုငှားရန် အတင်းအဓမ္မလုပ်ဆောင်နေခြင်း မရှိပါ။ မွတ်စလင်မ်များ အနေဖြင့် ဗုဒ္ဓဘာသာအဖွဲ့မှ ငှားရမ်းသည့် အိုးခွက်ပန်းကန် ခွက်ယောက်သုံးသည့် အလှူပွဲများတွင် စားသုံးခြင်း မရှိသော်လည်း တက်ရောက်ပါဝင်အားပေးခြင်းနှင့် သာရေးဆိုင်ရာ လက်ဆောင်များပေးခြင်းတို့ကို ပုံမှန်ပြုလုပ်လျက်ရှိပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ဘာသာရေးကို ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ် ကိုးကွယ် ယုံကြည်ကြသဖြင့် ဘာသာဝင်များအကြား အပြန်အလှန်ဆွေမျိုးတော်စပ်မှုများရှိနေပြီး အပြန်အလှန်လူမှုရေးဆက်ဆံမှုများ ပုံမှန်အတိုင်းရှိနေသည်။ မွတ်စလင်မ်များအနေဖြင့် ဘာသာကွဲအိုးခွက်ပန်းကန်များမှ မစားသုံးခြင်းမှာ ခွဲခြားခြင်း ဆန့်ကျင်ခြင်းသဘောလုံးဝမဟုတ်ဘဲ မိမိတို့ဘာသာတရားက မစားရန် တားမြစ်ထားသည့် စားစရာများ ထည့်ခပ် အသုံးပြုထားခြင်းကြောင်း ရှောင်ကြဉ်ခြင်းသာဖြစ်သည်။

    တရွာတည်းသား ဘာသာခြားများမှလည်း နားလည်ပေးကြပြီး ထိုကိစ္စမှာ အတုမရှိဂျာနယ် ဆောင်းပါးရှင်၏ တစ်စိတ်ကို တစ်အိတ်မက အိတ်တစ်ရာလုပ်သည့် ကိစ္စသာဖြစ်သည်။ ထို့ပြင် မွတ်စလင်မ်ရွာသူရွာသားတို့စုပေါင်း အလှူဖြင့် ဖြူစင်သစ္စာ လူမှုရေးအသင်း ၂၀၁၃တွင် တည်ထောင်ကာ လူမျိုးမရွေး ဘာသာမရွေး အကူအညီပေးလျက်ရှိသည်။ အထူးသဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စများကို အလေးထားကူညီပေးလျက်ရှိသည်။ ထိုလူမှုရေးအသင်းကိုပင် အထင်မြင်လွဲမှားအောင် ရေးသားထားသူ ဆောင်းပါးရှင် မျိုးချစ်သူ ဆိုသူ၏ စိတ်ရင်းဘာဆိုသည်ကို သိနိုင်ပေသည်။

    ဗုဒ္ဓဘာသာဝင် ဆရာကောင်းများမှ ပညာဖြန့်ဝေပေးနေသည့် ခံလူးရွာကြီး
    —————————————————-
    ခံလူးရွာကြီးတွင် အစိုးရအခြေခံအလယ်တန်းကျောင်းတစ်ကျောင်းရှိသည်။ ထိုကျောင်း၏ ကျောင်းအုပ် ဆရာကြီးရော ကျန်အချိန်ပြည့် တာဝန်ကျဆရာ ဆရာမများ အားလုံးမှာ ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြသည်။ ဆရာဆရာမများ အားလုံးမှာ ဘွဲ့ရများဖြစ်ကြကာ အချို့ဆိုလျှင် ဘွဲ့လွန်များပင်အောင်မြင်ထားပြီးဖြစ်သည်။ ကျောင်းအုပ်ကြီးမှာ စေတနာ အပြည့်ဖြင့် တပည့်များအား ပညာသင်ကြားပေးခဲ့ရာ တစ်ရွာလုံးရှိ အသက်၃၅နှစ်အောက် လူရွယ်၊ လူငယ်မှ ကျောင်းနေအရွယ်ကလေးအထိ အားလုံးသည် ဆရာကြီး၏ တပည့်များ တပည့်တော်ဖူးသူများပင်ဖြစ်ကြသည်။ အထက်မြန်မာပြည်မဘသ၏ ဂျာနယ်ဆောင်းပါးရှင်မှ ခံလူးရွာကြီး၏ ပညာရေးကလည်း ကုလားတွေလက်ထဲမှာဟု ပရမ်းပတာ ရေးသားထားခြင်းကို ကြည့်ပြီး စာပေအဆင့်အတန်းကို သြချမိပါတော့သည်။

    ဘာသာကွဲသော်လည်း ရင်းနီးချစ်ခင်ကြ
    —————————————-
    ပျံလွန်တော်မူသွားပြီဖြစ်သော ယခင် ရွာဦးကျောင်း ဆရာတော်နှင့် ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာကြီးတို့မှာ ရင်းနီး ချစ်ခင်ကြပြီး အပြန်အလှန် မုန့်ပို့ခြင်းများနှင့် ရွာရေးရပ်ရေး ကိစ္စများတွင် တိုင်ပင်ဆွေးနွေးမှုများပြုခဲ့ကြသည်။ တစ်ရွာတည်းသားချင်း ချစ်ခင်ရင်းနီးမှုသည် ဘာသာရေးခေါင်းဆောင်များမှ အစပြုကာ ရွာသူရွာသား အချင်းချင်း ဘာသာကွဲသော်လည်း အပြန်အလှန် ရင်းနီးနွေးထွေးမှုများ ဆွေစဉ် မျိုးဆက် နှစ်ပေါင်းများစွာ တည်ရှိခဲ့ကြသည်။ ၂၀၁၂မှစတင်ကာ မြန်မာနိုင်ငံတွင် ဘာသာရေး အမုန်းတရားများ ပေါ်ပေါ်တင်တင်ဖြန့်ဝေကြကာ နိုင်ငံတော်အစိုးရကလည်း ထိရောက်စွာ အရေးယူခြင်း မရှိသည့်အပေါ် ဘာသာရေးနှင့် လူမျိုးရေး အကြမ်းဖက်မှုများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည်။

    စဥ့်ကိုင်မြို့အနီးဝန်းကျင် မြို့များတွင် အကြမ်းဖက်မှုများဖြစ်ပွားနေခဲ့စဉ်တွင်ပင် ခံလူးရွာကြီးသို့ ထိုဘာသာရေးအမုန်းမှိုင်းများ အကြမ်းဖက်လှိုင်းများ ရိုက်ခတ်နိုင်ခဲ့ခြင်း မရှိခဲ့ရာ ခံလူးရွာ ဘာသာကွဲ ရွာသူရွာသားများအကြား ရင်းနီးချစ်ခင်မှုနှင့် ငြိမ်းချမ်းရေး လိုလားမှုက သက်ဆိုင်ရာ ဒေသအာဏာပိုင်များကပင် အသိအမှတ်ပြု ချီးကျူးခဲ့ရသည်။ ထိုချစ်ဖွယ်ကောင်းသော သဟဇတဖြစ်မှုနှင့် ရင်းနီးချစ်ခင်မှုတို့ကို အထောက်အထားမဲ့ စာပေ အဆင့်အတန်းမဲ့ တစ်ဖက်သတ် ရေးသားမှုတစ်ခုကြောင့် မပျက်ယွင်းစေလိုပါ။

    ကြားစကား အမှားဝင်၍ နှစ်ရာချီကြာငြိမ်းအေးမှု စည်းလုံးမှု မပြိုကွဲစေလိုပါ။ ရွာသူရွာသားအချင်းချင်းသွေးကွဲက အေးချမ်းမှုပျက်ပြယ်ကာ ကိုယ့်ရွာသာ နစ်နာကြမည်ဟု စေတနာသတိပေးလိုက်ပါသည်။ ခံလူးရွာသူရွာသားများကလည်း တကယ့်အခြေအနေမှန်ကို မည်သူမဆို ရွာအရောက်လာရောက် လေ့လာစုံစမ်းနိုင်ကြောင်း ဖိတ်ခေါ်သတင်းစကားပါးလိုက်ပါသည်။

  • ငြိမ်းချမ်းအေး – ဘာသာရေးဗန်းပြ အာဏာနိုင်ငံရေး အမြတ်ထုတ်မှုကို တကိုယ်ရေ ဆန့်ကျင်ကြပါ

    ငြိမ်းချမ်းအေး – ဘာသာရေးဗန်းပြ အာဏာနိုင်ငံရေး အမြတ်ထုတ်မှုကို တကိုယ်ရေ ဆန့်ကျင်ကြပါ

    (သည်လေဒီးစ်နယူးစ် / မိုးမခ)
    ဇွန် ၂၆၊ ၂၀၁၅

    118
    ၂၀၁၆ နိုဝင်ဘာ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဝင်ရောက်ရွေးချယ်ခံဖို့ ရည်မှန်း ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ သမ္မတဟောင်းကတော်လည်းဖြစ်သူ ဟီလာရီကလင်တန်က ဇွန်လ ၂၀ ရက်နေ့က ပြောလိုက်တယ်။  အမေရိကားရဲ့ လူမျိုးရေးခွဲခြားမှု ပပျောက်ရေးတိုက်ပွဲကြီးဟာ အောင်မြင်ပြီးမြောက်ဖို့ အဝေး ကြီး လိုပါသေးသတဲ့။  အသက် ၂၁ အရွယ် လူဖြူ လူငယ်ကလေးတယောက် ဇွန်လ ၁၇ ရက်နေ့တုန်းက ကျူးလွန်ခဲ့တဲ့  ချာလ်စတန် ဧမနွေလ အာဖရိကန်အမေရိကန် မက်သဒစ် ခရစ်ယာန်ဘုရားကျောင်း လူ ၉ ဦး သေနတ်ပစ်ခတ်ခံ သေဆုံးခဲ့ရမှု ရာဇဝတ်မှုကြီးကိုလည်း ‘လူမျိုးရေးခွဲခြားမှု အခြေခံအကြမ်းဖက်မှုကြီး’ အဖြစ် ပြစ်တင်ရှုတ်ချလိုက်တယ်။  အမေရိကန် ပြည် တွင်းစစ် (၁၈၆၁-၁၈၆၅) အတွင်းက လူမည်းတွေကို ကျွန်အဖြစ် ဆက်လက်ထားလိုကြတဲ့ တောင်ပိုင်းပြည်နယ်များရဲ့ ခွဲထွက်ရေးတပ်အလံကိုလည်း အမေရိကားရဲ့ လူမျိုးရေးခွဲခြားမှု အတိတ်ပုံရိပ်ဟောင်းဖြစ်တဲ့ ဒီလိုအလံတွေကို ဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိရောင်းချနေတာတွေရပ်ဖို့ ဟီလာရီက နှိုးဆော်လိုက်တယ်။

    အသားဖြူတဲ့ ကော့ကဆွိုတ် ဥရောပအနွယ်လူဖြူတွေ အစုအလိုက် အပြုံလိုက် လူသတ်တာမျိုး၊ လေယာဉ်တွေ ဖျက်ကြ တာမျိုး စတဲ့ လူသတ်အကြမ်းဖက်မှုကြီးတွေ ကျူးလွန်ကြရင် ဘက်မလိုက် တင်ပြရေးသားရမယ့် စာနယ်ဇင်းလိုမျိုးကအစ ‘Terrorism အကြမ်းဖက်မှု’ လို့ သုံးလေ့သုံးထနည်းပြီး တဦးချင် စိတ်ရူးသွပ်မှုသဘောသာ အရောင်ဖျော့ Low Profile လုပ် ဖော်ပြလေ့ရှိတတ်တဲ့ လူဖြူကြီးစိုးရာ အမေရိကန် နိုင်ငံလိုမျိုးမှာ အခုလို လူဖြူ အနွယ် သမ္မတလောင်း မျှော်လင့်ချက်ရှိတဲ့ အမျိုးသမီးခေါင်းဆောင် တယောက်က လူအများစု နားခံခက် မခံချိမခံသာစေမယ့် တိုင်းပြည်ရဲ့ ပကတိအခြေအနေ ခါးသီးတဲ့ အမှန်တရားတွေကို ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေမှာ ရဲရဲဝံ့ဝံ့ ပြောဆိုနေတာတွေ ဖတ်သိ နားထောင်ရတော့ သူတို့ရဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ရေချိန်ကို တွက်သိ တွေးကြည့် အားကျမိတယ်။

    ဟီလာရီ ဒီလိုတွေ ဒေါင်းတည်မောင်းတည် လူနည်းစုတွေဘက်က ရပ်တည် ပြောနေတာဟာ အာဖရိကန်အမေရိကန် လူနည်းစု မဲလိုချင်လို့ပါ လို့လည်း အလွယ်ကောက်ချက်ဆွဲလို့မရပါဘူး။  မစ်ဇူရီပြည်နယ် လူမည်းဘုရားကျောင်း တခုမှာ ဇွန်လ (၂၃) ရက်နေ့က သူပြောခဲ့တဲ့ စကားတခွန်းဖြစ်တဲ့ ‘All Lives Matter’ ဟာဆိုရင် အာဖရိကန်နွယ်အမေရိကန်များအရေး တက်ကြွလှုပ်ရှားနေသူတွေရဲ့ မကောင်းပြစ်တင် ဝေဖန်ခြင်းကိုတောင် ခံနေရပါတယ်။  ဟီလာရီရဲ့ ဒီ ‘လူသားအားလုံး အသက်ဟာ တန်ဖိုးရှိတယ်’ ဆိုတဲ့ စကားက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လတုန်းက မစ်ဇူရီပြည်နယ်၊ ဖာဂူဆန်မြို့ မှာ ဖြစ်ပွားခဲ့တဲ့ ၁၈ နှစ် အရွယ် လူမည်းလူငယ်လေးကို လူဖြူရဲအရာရှိက မလိုအပ်ဘက် ပစ်သတ်ခဲ့မှု ဖြစ်စဉ်အပြီး အမေရိကန် တနိုင်လုံးမှာ နှိုးဆော် တောင်းဆိုလှုပ်ရှားနေကြတဲ့ ‘Black Lives Matter’ ဆောင်ပုဒ်ကို ရှေ့တန်းမတင် အသားမပေးရာ ရောက်နေလို့ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ လူမည်းတချို့ရဲ့ အလိုမကျတုံ့ပြန်မှုကို သူ ရင်ဆိုင်နေရတာပါ။

    ဆိုတော့ အခု ဟီလာရီက တိုင်းပြည်ရဲ့ လူမျိုးရေးသူငယ်နာမစင်မှု အနာပြည်ပုပ်ကို ဘွင်းဘွင်း မချွင်းမချန် ဖောက်ထုတ် ထောက်ပြခြင်းဟာ လူမည်းတွေအပေါ် မဲဆွယ်ခြင်းဆိုတာထက် ပိုပါတယ်။  ပြောသင့်ပြောထိုက်တာကို ပြောခြင်း သဘော ယူဆနိုင်တယ်။  တိုင်းပြည်ရဲ့ လူမျိုး၊ ဘာသာ အစွန်းမရောက်ကြတဲ့ လူအများကလည်း လက်ခံစဉ်းစားပေးနိုင်ကြတယ်။  အမေရိကန်အများစု၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ စာနယ်ဇင်း အပါအဝင် လူထု အစုအဖွဲ့အသီးသီးဟာ ဒီလို ဦးဆောင် ဝေဖန် ဆော်သြမှုတွေကို ဆတ်ဆတ်ထိမခံ မဖြစ်၊ မရိုသေ့စကား ရင့်ရင့်သီးသီးနဲ့ ‘Nigger Lover — ငမည်းချစ်သူ’ လို ကက်ကက်လန် နင်ပဲငဆ ပြန်မပြောကြဘဲ တိုင်းပြည်မှာ လိုအပ်နေဆဲ ချို့ယွင်းအားနည်းချက်များဖြစ်တဲ့ လူမျိုးရေးအမြင် ပြင်းထန်စွန်းရောက်မှု (Racism)၊ အမုန်းရာဇဝတ်မှု (Hate Crime) နဲ့ အကြမ်းဖက်မှု (Terrorism) အလုပ်တွေကို လျော့ပါး ပပျောက်ရေးကို ရှေးရှု ဆင်ခြင်နိုင်ကြတယ်။

    ဒါက အာဏာလက်မဲ့ သြဇာရှိ အမေရိကန် နိုင်ငံရေးသမားတဦးရဲ့ လတ်တလော အဖြစ်အပျက်ပါ။  တဖန် အာဏာလည်း လက်ရှိ၊ သြဇာလည်း ကြီးတဲ့ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားရဲ့အလုပ်တွေကိုလည်း လေ့လာကြည့်ပါဦး။  အစ္စလာမ် ဘာသာဝင် မွတ်ဆလင်တွေရဲ့ ဥပုသ်လအထိမ်းအမှတ် ဝါဖြေ ညစာစားပွဲကို နှစ်စဉ်ကျင်းပနေကျအတိုင်း အိမ်ဖြူတော်မှာ ပြုလုပ်ပေးတယ်။  အမေရိကန် မွတ်ဆလင် တက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ သံတမန်တွေ တက်ရောက်ခဲ့ကြ တယ်။  မြန်မာပြည်က မြန်မာ-မွတ်ဆလင်အမျိုးသမီးအရေးလှုပ်ရှားသူတယောက်တောင် တက်ရောက်ခွင့်ရခဲ့တယ်။

    အိုဘားမားက ညစာစားပွဲ မိန့်ခွန်းမှာ လူသားတွေရဲ့ မူလအခွင့်အရေးရပိုင်ခွင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်၊ ဓလေ့ထုံးစံ တွေ ကျင့်သုံးခွင့်ဟာ အမေရိကန်တွေရဲ့ အသည်းနှလုံးမှာ စွဲမြဲနေတဲ့ တန်ဖိုးတွေ ဖြစ်ကြောင်း ထပ်လောင်း အသိပေးခဲ့တယ်။  လူတယောက်ဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘာယုံကြည်ကိုးကွယ်လို့၊ ဘယ်လူမှုအလွှာက လာလို့၊ ဘယ်လိုပုံပန်း သဏ္ဌာန်သွင်ပြင် အသားအရောင်ရှိလို့၊ ဘယ်သူ့ကို ချစ်မြတ်နိုးလို့ ဆိုပြီး မတူကွဲပြားမှုတွေအပေါ် ပစ်မှတ်မထားသင့်ကြောင်း လည်း ပြောဆို သတိပေးခဲ့တယ်။  လတ်တလော ဖြစ်ခဲ့တဲ့ ချာလ်စတန် အာဖရိကန်အမေရိကန် ၉ ဦး အသတ်ခံရမှုနဲ့ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီတုန်းက မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပယ်ဟေးလ် မှာ ဖြစ်ခဲ့တဲ့ အမေရိကန်မွတ်ဆလင် ၃ ဦး အသတ်ခံရမှုတွေအတွက် ဝမ်းနည်းဆုတောင်းစကားတွေ ဆိုခဲ့တယ်။  ဘာသာရေးထုံးတမ်း ခေါင်းခြုံ ပုဝါဆောင်းခွင့်အ တွက် ဥပဒေရေးရာ တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်မွတ်ဆလင် အမျိုးသမီးငယ်ကိုလည်း ညစာစားပွဲမှာ ဖိတ်ခေါ်ဂုဏ်ပြုခဲ့တယ်။

    ဆိုခဲ့တာကတော့ သူတို့ဆီက ခေါင်းဆောင် ၂ ဦးရဲ့ အလုပ်တွေ၊ စကားတွေပေါ့။  ကျွန်တော်တို့ တိုင်းပြည်နဲ့ ယှဉ်ကြည့်ရ အောင်ပါ။  နှိုင်းမှ နှိုင်းရက်ပလေလို့တော့ စာဖတ်သူများ ဆိုချင်မလား မသိ။  လေ့လာ နမူနာယူရင်တော့ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း နိုင်ငံသားအားလုံး ဘာသာ၊ လူမျိုး မခွဲ ခွင့်တူညီမျှရရှိ ဒီမိုကရေစီအရသာ အပြည့်အဝ စံစားနေရတဲ့ တိုင်းပြည်မျိုးကိုပဲ လှမ်းမျှော်ကြည့်တတ်ရမှာပေါ့။  အမျိုး၊ ဘာသာ အစွဲတွေကြီး အမုန်းတွေပွား၊ လူတွေသတ်နေတဲ့ ISIS လို အဖွဲ့တွေမျိုးရဲ့ အလုပ်၊ အကျင့်အကြံတွေ၊ လူမျိုးရေး ဘာသာရေးကို အာဏာအတွက် အသုံးချနေကြတဲ့ ရှေးရိုးစွဲ နိုင်ငံတွေကိုတော့ ဘာသွား အတုယူ နှိုင်းယှဉ် လေ့လာ စရာလိုတော့မလဲ၊ ကိုယ့်ဆီမှာလည်း ဒီအကျင့်အကြံတွေ အပြည့် ဖြစ်နေခဲ့ပြီကိုး။

    ဆိုခဲ့တဲ့ အမေရိကန်က ခေါင်းဆောင်း ၂ ယောက် ရဲ့ အလုပ်၊ အပြောတွေကို ကျွန်တော်တို့ တိုင်းပြည်က ခေါင်းဆောင် ၂ ယောက် လုပ်ကြည့်မယ် စဉ်းစားကြည့်ပါစို့ ခင်ဗျာ။  ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အတိုက်အခံ ဒီမိုကရေစီပါတီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကများ ဟီလာရီ ကလင်တန်လို စကားတွေပြောခဲ့တယ် တွေးကြည့်ရအောင်ပါ။

    မြန်မာပြည်မှာ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတယ်များ ဆိုကြည့်ပါလား၊ လူအများစု မြန်မာတွေချည်းပဲအတွက် မကြည့် နဲ့ လူနည်းစုအတွက်လည်း စဉ်းစား ခွင့်တူပေးပါ အော်ကြည့်ပါလား၊ မျိုးချစ်ဆိုသူများရဲ့ ဝိုင်းပြီး သမခံထိမှာ၊ ‘Muslim Lover’ ဆိုပြီး ဆော်ခံထိမှာ။  လူသာမန် လူအများ ကိုယ်နှိုက်ကလည်း ဒါမျိုး ဖြစ်သင့် ဖြစ်ထိုက်တာမျိုး၊ ခွင့်တူညီမျှမှု စကား တွေကို လူမျိုးရေး၊ ဘာသာရေး စိတ်အခံလေးနဲ့ နားဝင်လွယ်ကြမှာ မဟုတ်ပါ။  ဒါမျိုး လက်တွေ့ ဖြစ်မှာ မြေကြီးလက်ခတ်မလွဲ စိတ်ကူးကြည့်နိုင်ပါတယ်။

    ဒီလိုတွေ ပြင်းပြင်းထန်ထန် မဆိုမပြော တတ်နိုင်သမျှ နှုတ်ဆိတ်နေတာတောင် တရားဝင် စာနယ်ဇင်းမျိုးကအစ မုတ်ဆိတ်နဲ့ ဘာသာကွဲ ပုဂ္ဂိုလ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကန်တော့နေဟန် ပုံမှားရိုက် ဓာတ်ပုံတင် ယုံထင်ကြောင်ထင် ဖြစ်အောင် လုပ်ကြံခံနေရတယ်။  ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဟာ အမျိုးသားရေးတက်ကြွသူ ဘုန်းကြီးများ၊ လူများရဲ့ ပစ်မှတ်ထားခြင်း ခံနေရတယ်။

    ဒါမှမဟုတ် လက်ရှိ အာဏာရအစိုးရ သမ္မတ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကများ သူ့သမ္မတ အိမ်တော်မှာ မြန်မာ-မွတ်ဆလင် ခေါင်းဆောင်တွေဖိတ် ဝါဖြေညစာစားပွဲ လုပ်ကြည့်တယ် ဆိုကြပါစို့။  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ချစ်မြတ်နိုး လှချည်ရဲ့ဆိုပြီး တောင်းဆို ‘ဒီမိုမှ ဒီမို’ ဖြစ်နေသူများ ကိုယ်တိုင် ဝိုင်းဝန်း ‘ကုလားအားပေး စစ်အစိုးရ’ ဆိုပြီး ဆိုကြမှာ မြင်ယောင်ကြည့်မိပါတယ်။

    ကျွန်တော်တို့ တိုင်းပြည် အခြေအနေက ဒီလို အရေခွံပါးတဲ့ သူတွေ အများစုနဲ့ ဝမ်းနည်းဖွယ် ဖြစ်နေရပါတယ်။  စစ်အာဏာရှင် စနစ်ဆိုး တိုင်းပြည်မှာ နှစ်ငါးဆယ် ကြီးစိုးနေခြင်းရလဒ် လူမျိုးရေး၊ ဘာသာရေး သူငယ်နာမစင် အကဲဆတ်နေကြပါတယ်။  နိုင်ငံသားအချင်းချင်းမှာတောင်မှ ‘တိုင်းရင်းသားမဟုတ်’ ဆိုပြီး တရုတ်နဲ့ အိန္ဒိယ အနွယ် နိုင်ငံသားတွေကို ဒုတိယနိုင်ငံသား တဆင့်နိမ့် အတန်းနဲ့ နိမ့်ကျတဲ့ အခွင့်အရေးပဲယူစေ လုပ်ချင်နေကြပါတယ်။

    ဒါကြောင့်လည်း ဒီလို လူမျိုး၊ ဘာသာ အိုင်းအနာကို လိုရင်နှိုးဆွ မီးတောက်စေတဲ့နည်း တနည်းတည်းနဲ့ အာဏာသက်ဆိုး ရှည်လိုသူများ အမြဲ လုပ်စားခွင့်သာနေပါတယ်။  အခု လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်က ဆိုခဲ့ပြီ မဟုတ်ပါလား။  ၅၉-စ မပြင်လိုခြင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆိုင်ဟန် — ‘သွေးနှောသူ နိုင်ငံသားများက နိုင်ငံတော်ရဲ့ အရေးအရာကို စီမံခန့်ခွဲလုပ်ဆောင်၊ အုပ်ချုပ်ရေးကဏ္ဍမှာ ၀င်ရောက်လာပါက နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာပေါ်မှာ ဆိုးကျိုးများ သက်ရောက်လာမှာ’ မို့ပါဆိုပြီး တကယ့် တိုင်းပြည်ကို ချစ်လှတဲ့ မျိုးချစ်ကြီးများသဖွယ် ခပ်တည်တည်ပဲ ဆိုခဲ့နိုင်ပြီ မဟုတ်ပါလား။

    ဒီလိုနဲ့ ၄၃၆ နဲ့ ၅၉-စ အပါအဝင် အခြေခံဥပဒေရဲ့ အရေးကြီး အချက်များလည်း မပြင်နိုင်ဘဲ နှစ်ကုန် ရွေးကောက်ပွဲ ဝင်ရတဲ့ အခြေဆိုက်ခဲ့ပြီ ဖြစ်ပါတယ်။  ဒီရွေးကောက်ပွဲ အတွက် ယှဉ်ပြိုင်ရာမှာကိုက လူမျိုးရေး၊ ဘာသာရေးက နိုင်ငံရေး အမြတ်ထုတ်ရာ အာဏာထောက်ကူပစ္စည်း ဖြစ်နေတာလည်း အခု အာဏာရှင်မှိုင်းမိ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ သဲသဲလှုပ် ထောက်ခံအားပေးဝန်းရံကြတဲ့ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး မဘသ ဆရာတော် သံဃာတော်များရဲ့ ‘ဘယ်လိုလူမျိုးပဲ မဲပေးရမယ်’ ဆိုတဲ့ တိုက်တွန်းချက် သြဝါဒဆိုတာတွေက သက်သေပါပဲ။  ရွေး ကောက်ခံမယ့် ကိုယ်စားလှယ်တွေဟာ မဘသ ဘုန်းကြီးများရဲ့ အစစ်အဆေးကို အရင်ခံရမယ် အခြေအနေ ဆိုက်နေရတယ် မဟုတ်လား။  ဘုန်းကြီး ကြည်ဖြူ ကျေနပ်သူသာ လူထု မဲရစေရမယ် ဆိုတဲ့ သဘောမျိုး အမျိုးသားရေး သံဃာများ လုပ်ဆောင်ချင်တာ ပြီးခဲ့တဲ့ မဘသ ဗဟို ဒု-ကြိမ် အစည်းအဝေးပြီး ထွက်လာခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက်တွေက ထင်ထင်ရှားရှား ပြသခဲ့ပါပြီ။

    အခုဆိုရင် မဘသ သံဃာ အစုအဝေးရဲ့ အလုပ်တွေဟာ မျိုးစောင့်ဥပဒေတွေကနေတဆင့် တိုင်းပြည်ရဲ့ ဥပဒေပြုရေးရာ ကဏ္ဍမှာလည်း ဝင်ရောက်ခြယ်လှယ်ခွင့်ရခဲ့ပါပြီ။  တိုင်းပြည်ရဲ့ ရပ်ထဲ ရွာထဲမှာလည်း နဂိုမူလ သဘောမှာကတည်းက ဘာသာရေး ကိုင်းရှိုင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်တာကြောင့် ဘာသာရေးခေါင်းဆောင်တွေရဲ့ သြဇာဟာ ကြီးလှလို့ ရပ်ရွာ အုပ်ချုပ်ရေးမှာ အမြဲ ဝင်ဆန့် အာဏာရှိခဲ့တယ်။  တိုင်းပြည်ရဲ့ တရားစီရင်ရေးစနစ်မှာလည်း သံဃာတွေရဲ့ အသံစူး လွှမ်းမိုး မှုကိုလည်း ဦးထွန်းလင်းဦး အမှုက ပြသခဲ့ပါတယ်။

    ဒီလို တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး ၃ ရပ်ကို ဘာသာရေးခေါင်းဆောင်တွေ လွှမ်းမိုး သက်ရောက်နေတာအပြင် အခုဆိုရင် တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဆိုကြတဲ့ စာနယ်ဇင်း ကဏ္ဍမှာပါ အမျိုးသားရေး သံဃာများရဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေ တွေ့နေရပါပြီ။  (ဒါက ပယောဂကင်းတဲ့ ဘာသာရေးစာပေ ကဏ္ဍကို ဆိုခြင်း မဟုတ်ပါ။)

    မဘသ ကိုယ်တော်များဟာ ရွေးကောက်ပွဲ ဖြစ်စဉ်မှာလည်း ဝင်ရောက် အရွေးခံခွင့် မရှိလို့ မပါတာကလွဲလို့ အမျိုးသားရေး အတွက် ဘယ်သူ့ ဘယ်ဝါ၊ တော်၏ မတော်၏ လူထုကို တအိမ်ဝင် တအိမ်ထွက်တောင် မဲဆွယ် စည်းရုံး၊ မှတ်ချက်ပြု လမ်းညွှန်ကာ ပါတီအာဏာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မယ် အခု တရားဝင် ဆိုနေနိုင်ပြန်ပါတယ်။

    ဆိုတော့ တိုင်းပြည်ကို ၂၀၀၈ အခြေခံဥပဒေ အကာအကွယ်နဲ့ စစ်ဗိုလ်အဟောင်းအသစ်များ အုပ်ချုပ်နေတဲ့အပြင် အမျိုးသား ရေးသံဃာအစုအဖွဲ့ကလည်း သူ့နည်းသူ့ဟန်နဲ့ သြဇာရှိ၊ အာဏာထက် ဦးဆောင်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။

    ဒါတွေအားလုံးရဲ့ ရင်းခံအကြောင်းကတော့ သူသူကိုယ်ကိုယ် လူအများရဲ့ မသိစိတ်နဲ့ ရင်ဘတ် နှလုံးသားမှာ စွဲထင်နေတဲ့ လူမျိုးရေး၊ ဘာသာရေး သူငယ်နာမစင်မှု ရောဂါ အခံကြောင့်ပါလို့ ကောက်ချက်ဆွဲချင်ပါတယ်။  ဒီလို ကုလားမုန်း၊ တရုတ် မုန်း လူမျိုး/ဘာသာ အလာဂျီ ရနေတဲ့ စိတ်အခံ Mindset တွေကို လူအများစုကြီးက မပြင်နိုင်သရွေ့တော့ အာဏာနိုင်ငံရေး၊ စစ်အုပ်စု အသက်ရှည်ရေးအတွက် ဝံသာနု အမျိုး၊ ဘာသာတရားများက ဓားစာခံ ဖြစ်နေဦးမှာပါပဲ။

    ဒီလို အနေအထားမှာ တကိုယ်ရေ မိသားစုအလိုက် တနိုင် လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။  လူမျိုးရေး၊ ဘာသာရေး အစွဲပြင်းထန်မှုတွေ လျှော့ကြပါ။  ဒီမိုကရေစီ ပြည်ထောင်စု တိုင်းပြည်မှာ လူမျိုး၊ ဘာသာအားလုံး နိုင်ငံသား အားလုံး သမ္မတ ဖြစ်ခွင့်ကနေ အသေးအဖွယ် စင်ပေါ်တက် တရားဟောခွင့်ပေးတဲ့ ကိစ္စမျိုး အထိ အားလုံး တန်းတူခွင့်တူ ဖြစ်ရမယ် ဆိုတာကို နှစ်နှစ်ကာကာ နှလုံးသွင်းနိုင်ကြပါ။  လာမယ့် ရွေးကောက်ပွဲ အတွက်ဆိုရင်လည်း ကိုယ့်အိမ်ကို ဘာသာရေးခေါင်းစဉ် အောက်မှာ မဲပေးရေးနဲ့ ပတ်သက်ပြီးလာရောက် ပြောဆိုဆွေးနွေးစည်းရုံးသူ ရှိရင် လက်မခံပါနဲ့။  ဒါဟာ လက်ရှိတည်ဆဲ အခြေခံဥပဒေနဲ့ ဆန့်ကျင်ကြောင်း ပြန်လည် ထောက်ပြကြပါ။

    ဒီလို တဦးချင်းက ဘာသာ၊ လူမျိုး ပြင်းထန်စွန်းရောက် ဇောင်းမပေး၊ ဘာသာရေးနဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး လုံးလုံး ခွဲခြား မြင်နိုင်တဲ့ အပြုအမူ၊ အကျင့်အကြံ၊ အတွေးအခေါ်တွေ တည်ဆောက်နိုင်ရင် အာဏာအတွက် ဘာသာကို အသုံးချလို သူများဖြစ်ဖြစ်၊ အမျိုးသားရေး တဖက်စွန်းရောက်သူများရဲ့ အန္တရာယ်ကို ဖြစ်ဖြစ်၊ အမုန်းတရားပွားလိုသူများရဲ့ သွေးထိုး လှုံ့ဆော် ရန်မီးပွားမှုကို ဖြစ်ဖြစ် တိုင်းပြည်မှာ ကာကွယ်နိုင်ပါပြီ။  လူများစု၊ လူနည်းစု၊ လူတဦးချင်း အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာကို တပြေးညီ အာမခံတဲ့ ဒီမိုကရေစီ အကျင့်အကြံတွေကို တိုင်းပြည်စနစ်မှာ ခိုင်မာအသားကျ အရိုးစွဲအောင် ကျွန်တော်တို့ လူတဦးချင်းမှာလည်း တာဝန်ရှိပါတယ်။  ၂၀၁၅ အလွန်မှာ ဒီမိုကရေစီ အဝါ၊ ဒီမိုကရေစီ အစိမ်းတွေ ပပျောက် ဖြူစင် စစ်မှန်တဲ့ ဒီမိုကရေစီစစ်စစ် အရိပ်အယောင်လေး မြင်ရဖို့ ဘာသာရေးဗန်းပြ အာဏာနိုင်ငံရေး အမြတ်ထုတ်နေမှုတွေကို သတိပြုဆင်ခြင်စေချင်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ကြောင်းပါ။

    ငြိမ်းချမ်းအေး
    ဇွန် ၂၅၊ ၂၀၁၅ (စာပြီးရက်စွဲ)

    (သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၇)၊ (၂၀၁၅) ခုနှစ် ဇွန်လ (၂၆) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်သည်။  မိုးမခတွင်လည်း အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါ သည်၊ [email protected] သို့လည်း စာရေးနိုင်ပါသည်။)