News @ M-Media
Blog
  • နိုင်ငံတကာ သတင်းတို (ဇူလိုင် ၃၊ ၂၀၁၅)
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    တရုတ်တွင် ငလျင်လှုပ်၊ လူ ၆ ဦးသေဆုံး
    …………………………
    တရုတ်နိုင်ငံအနောက်ပိုင်း ဇင်ဂျန်းပြည်နယ်တွင် ပြင်းအား ၆.၄ မဂ္ဂနီကျုရှိ ငလျင်တစ်ခု ယနေ့တွင် လှုပ်ခတ်သွားသောကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ခန့်ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူနေအိမ်ပေါင်း အနည်းဆုံး ၃၀၀၀ ခန့် ပျက်ဆီးခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်။ တရုတ်နိုင်ငံတွင် ငလျင်များ မကြာခဏ လှုပ်လေ့ရှိပြီး ၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လူပေါင်း ၇၀၀၀၀ နီးပါး သေဆုံးခဲ့သည်။
    ထိုင်းရှိ မားစ်လူနာ ဆေးရုံကဆင်း
    ……………………..
    မားစ်ရောဂါကြောင့် ပြီးခဲ့သည့်လကတည်းက ဆေးကုသမှုခံယူနေရသည့် အသက် ၇၅ နှစ်အရွယ် အိုမန်အဘိုးအိုမှာ ရောဂါပျောက်ကင်း၍ ဆေးရုံးမှ ဆင်းသွားပြီဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါ အဘိုးအိုမှာ ထိုင်းနိုင်ငံသို့ နှလုံးရောဂါကုသရန် လာရောက်စဉ် ဘန်ကောက်လေဆိပ်၌ မားစ်ရောဂါပိုး တွေ့ခဲ့ရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် မားစ်ရောဂါပိုး
    ပထမဆုံးတွေ့ရခြင်းလည်း ဖြစ်သည်။ ထိုအဖိုးအိုမှာ အိုမန်သို့ ချက်ခြင်း ပြန်မည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်၍ မားစ်ရောဂါသံသယဖြင့် စောင့်ကြည့်ခံနေရသူ ၁၇၆ ဦးတွင်လည်း ရောဂါပိုးတွေ့ရှိခြင်းမရှိဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
    …………………………………
    အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နေသည့် ၀ီကီလိခ်ဝဘ်ဆိုက်ကို တည်ထောင်သူ ဂျူလီယံ အက်ဆန်ဂီ၏ ခိုလှုံခွင့်တောင်းခံမှုအား ပြင်သစ်အစိုးရက ယနေ့တွင် ပယ်ချလိုက်ပြီး အက်ဆန်ဂီ၏ အခြေအနေမှာ လတ်တလောတွင် အန္တရာယ်မရှိသေးဟု ပြောကြားခဲ့သည်။ အက်ဆန်ဂီမှာ ဆွီဒင်အစိုးရ၏ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုစွဲချက်ကြောင့် လွန်ခဲ့သည့် ၃ နှစ်လုံးလုံး အီကွေဒေါရှိ လန်ဒန်သံရုံးတွင် နေထိုင်ခဲ့ရသည်။
    မန်စီးတီးနှင့် ပီအက်စ်ဂျီတို့အား ပိတ်ပင်မှုများကို ယူအီးအက်ဖ်အေ ပယ်ဖျက်
    ………………………………
    မန်ချက်စတာစီးတီးအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့၏ ချန်ပီယံလိဂ်လူစာရင်း ကန့်သတ်ထားမှုနှင့် အပြောင်းအရွှေ့ ပိတ်ပင်ထားမှုကို ပယ်ဖျက်လိုက်ပြီဟု ယူအီးအက်ဖ်အေက ကြေညာခဲ့သည်။ ၎င်းတို့နှစ်သင်းစလုံးမှာ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းကို ချိုးဖောက်သည့်အတွက်ကြောင့် အပြောင်းအရွှေ့ ပိတ်ပင်မှုနှင့် ချန်ပီယံလိဂ်တွင် ကစားသမား ၂၅ ဦးအစား ၂၁ ဦးဖြင့်သာ
    Ref: News Agencies
  • မလေးရှားဝန်ကြီးချုပ် ငွေကြေးအရှုပ်တော်ပုံ သက်ဆိုင်သူများ ငြင်းဆို
    မလေးရှားဝန်ကြီးချုပ် ငွေကြေးအရှုပ်တော်ပုံ သက်ဆိုင်သူများ ငြင်းဆို
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    malay
    – မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်၏ ကိုယ်ပိုင်ဘဏ်အကောင့်သို့ အစိုးရပိုင် မလေးရှားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ 1MDB က ကန်ဒေါ်လာ သန်း ၇၀၀ နီးပါး လွှဲပြောင်းပေးခဲ့သည်ဟု Wall Street ဂျာနယ်၏ ဖော်ပြမှုအား 1MDB က ယနေ့တွင် ငြင်းဆိုလိုက်သည်။
    “ယမန်နေ့အစောပိုင်းက မီဒီယာမှာတက်လာခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး 1MDB မှ ရှင်းရှင်းလင်းလင်းပြောချင်တာက ကုမ္ပဏီဟာ ၀န်ကြီးချုပ်ကို ဘယ်လို ရန်ပုံငွေမှ မပေးခဲ့ပါဘူး။ နောက်ထပ်အကြံပြုလိုတာက မီဒီယာဌာနတွေဟာ အလွန့်အလွန်ကို တာဝန်မဲ့ပြီး
    ကုမ္ပဏီပျက်စီးစေဖို့ တမင်တကာ ကြိုးပမ်းမှုဖြစ်တယ်ဆိုတာပါပဲ” ဟု 1MDB က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    1MDB ကုမ္ပဏီမှာ ၎င်းတို့နှင့် ဆက်စက်နေသာ ကုမ္ပဏီများ၊ အေဂျင်စီများနှင့် ဘဏ်များမှတစ်ဆင့် ၀န်ကြီးချုပ် နာဂျစ်ဘ်၏ အကောင့်ထဲသို့ လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု အစိုးရ၏ စုံစမ်းစစ်ဆေးမှု စာရွက်စာတမ်းများကို ကိုးကား၍ Wall Street ဂျာနယ်က ဖော်ပြခဲ့ခြင်းဖြစ်သည်။
    ၎င်း၏ ဘဏ်အပ်ငွေစာရင်း ၅ ခုတွင် အများဆုံးအဖြစ် ကန်ဒေါ်လာ သန်း ၆၂၀ တစ်ကြိမ်၊ ၆၁ သန်း တစ်ကြိမ်တို့ဖြစ်ကာ ရွေးကောက်ပွဲ မဲဆွယ်မှုများပြုလုပ်နေစဉ် ၂၀၁၃ ခုနှစ် မတ်လအတွင်းက လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    1MDB ကုမ္ပဏီမှာ အကြွေး ၁၁.၆ ဘီလီယံရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး နာဂျစ်ဘ်မှာ အဆိုပါကုမ္ပဏီ အကြံပေးဘုတ်အဖွဲ့၏ ဥက္ကဌရာထူးကို ရယူထားသူဖြစ်သည်။ ထိုကုမ္ပဏီကို မလေးရှား ဗဟိုဘဏ်၊ စာရင်းစစ်ချုပ်၊ ရဲတပ်ဖွဲ့နှင့် ပါလီမန်၏ ပြည်သူ့ငွေစာရင်းကော်မတီတို့က သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    စာရင်းစစ်ချုပ်ကမူ ဇူလိုင်လ ၉ ရက်နေ့တွင် ပြည်သူ့ငွေစာရင်းကော်မတီနှင့် ပြုလုပ်မည့် အစည်းအဝေးတွင် ၎င်းတို့ စုံစမ်းစစ်ဆေးမှု ကြားဖြတ်အစီရင်ခံစာကို တင်သွင်းသွားရန် ရှိနေသည်။
    ထိုကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးချုပ်ရုံးကလည်း ယနေ့နံနက်ပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နာဂျစ်ဘ်နှင့်ပတ်သက်သည့် ပြောဆိုမှုများမှာ မိမိတို့စီးပွားရေးတွင် ယုံကြည်မှုပျက်ပြားစေရန်၊ အစိုးရအား ဂုဏ်သိက္ခာကျစေရန်နှင့် ဒီမိုကရေစီနည်းကျ
    ရွေးကောက်ထားသည့် ၀န်ကြီးချုပ်အား ဖယ်ရှားရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    Ref: Channelnewsasia
  • နိုက်ဂျီးရီးယားရှိ ဗလီများသို့ ဘိုကိုဟရမ် ၀င်ရောက်ပစ်ခတ်၊ လူ ၈၀ ကျော်သေဆုံး
    နိုက်ဂျီးရီးယားရှိ ဗလီများသို့ ဘိုကိုဟရမ် ၀င်ရောက်ပစ်ခတ်၊ လူ ၈၀ ကျော်သေဆုံး
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    nig
    – နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ဗလီဝတ်ကျောင်းတော်များအား ရမ်ဇာန်ဥပုသ်လအတွင်း ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈၀ သေဆုံးခဲ့သည်ဟု ပြည်သူ့စစ်အဖွဲ့ဝင်များက ပြောကြားခဲ့သည်။
    ဝေးလံခေါင်သီသည့် ကူကာဝါမြို့တွင် အသတ်ခံရသူအများစုမှာ အမျိုးသားများဖြစ်ကြပြီး သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ် ရှိနေသည်။
    ဘိုကိုဟရမ်ဖွဲ့များမှာ ကား ၇ စီးနှင့် ဆိုင်ကယ် ၉ စီးတို့ဖြင့် ကူကာဝါမြို့သို့ ၀င်ရောက်လာကာ ဗလီဝတ်ကျောင်းတော်များသို့ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုမြို့နှင့် ၁၁ ကီလိုမီတာ အကွာအဝေးတွင် နိုက်ဂျီးရီးယားစစ်သား ၁၀၀၀ ခန့် ရှိနေသော်လည်း
    လာရောက်ကယ်ဆယ်ခဲ့ခြင်းမရှိဟု ဒေသခံများက ပြောကြားခဲ့သည်။
    ထိုတိုက်ခိုက်မှုမှာ ဗုဒ္ဓဟူးနေ့ ညပိုင်းက ဖြစ်ပွားခဲ့သော်လည်း ကြာသာပတေးနေ့မနက်မှ သိရှိခဲ့ရသည်။ ကူကာဝါမြို့မှ ပြည်သူများမှာ ၀ါဖြေချိန်မတိုင်မီ ဗလီဝတ်ကျောင်းတော်အတွင်း၌ ၀တ်ပြုဆုတောင်းနေကြစဉ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    တိုက်ခိုက်ရေးသမားအချို့မှာ လူနေအိမ်များသို့ ၀င်ရောက်ကာ ၀ါဖြေရန်အတွက် ပြင်ဆင်နေသော အမျိုးသမီးများနှင့် ကလေးငယ်များကို သတ်ဖြတ်ခဲ့သည်ဟု ကူကာဝါရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    အင်္ဂါနေ့ကလည်း ကူကာဝါမြို့နှင့် ၃၅ ကီလိုမီတာကွာဝေးသည့် ရွာတစ်ရွာတွင် ဘိုကိုဟရမ်များ ၀င်ရောက်ပစ်ခတ်မှုကြောင့် အမျိုသားနှင့် ယောင်္ကျားလေးစုစုပေါင်း ၄၈ ဦး သေဆုံးခဲ့သည်။
    ကာကူဝါမြို့မှာ နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ အကြီးဆုံးဖြစ်သော မိုင်ဒူဂူရီမြို့မှ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၈၀ အကွာတွင်ရှိသည့် မြို့တစ်ခုဖြစ်ပြီး ဘိုကိုဟရမ်အဖွဲ့ စတင်ရာ နေရာလည်းဖြစ်သည်။
    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုမှာ IS အဖွဲ့က ရမ်ဇာန်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားချက်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဘိုကိုဟရမ်မှာ ယခုနှစ်အတွင်း IS အဖွဲ့အား သစ္စာခံခဲ့သည်။
    Ref: Aljazeera
  • လူရုပ်တစ်ခုအား ပက်ကွီအိုဟု သတ်မှတ်ကာ မေ၀ယ်သာ ပါးရိုက်
    လူရုပ်တစ်ခုအား ပက်ကွီအိုဟု သတ်မှတ်ကာ မေ၀ယ်သာ ပါးရိုက်
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    may
    – မေလ ၂ ရက်နေ့က ထိုးခဲ့တဲ့ပွဲပြီးတဲ့နောက်မှာ ပက်ကွီအိုရဲ့ ပုခုံးမှာ ဒဏ်ရာရနေတယ်ဆိုတဲ့ ပြောကြားမှုကို မကျေနပ်တဲ့ မေ၀ယ်သာတစ်ယောက် လူအရုပ်ကို ပက်ကွီအိုလို့ သဘောထားပြီး ပါးရိုက်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ တက်လာခဲ့ပါတယ်။
    လက်စ်ဗီးဂတ်စ်မှာလုပ်ခဲ့တဲ့ အဲဒီပွဲမှာ မေ၀ယ်သာဟာ ပက်ကွီအိုကို အမှတ်နဲ့ ကပ်နိုင်ခဲ့ပြီး လက်ဝှေ့ထိုးတဲ့ သက်တမ်းတစ်လျှောက် ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
    ဒါပေမယ့် ပွဲအပြီး နောက်တစ်နေ့မှာ ပက်ကွီအိုက လေ့ကျင့်နေစဉ်အတွင်း ပုခုံးဒဏ်ရာရရှိခဲ့ပြီး အဲဒီဒဏ်ရာက အကောင်းဆုံးထိုးသတ်ဖို့ အတားအဆီးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီပွဲကို သူနိုင်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။
    မေ၀ယ်သာကတော့ ဒီပြောဆိုမှုကို မကျေနပ်ဘဲ ပက်ကွီအိုဟာ အရှုံးအတွက် ဆင်ခြေပေးတာလို့ သိမ်ကြာခင်ကပဲ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူ့ရဲ့မကျေနပ်မှုကို ဖော်ပြချက်ဟာ တစ်ဆင့်တက်ခဲ့ပါပြီ။
    ဒါကတော့ ဈေးဝယ်စင်တာတစ်ခုမှာ လူပုံသဏ္ဍာန်အရုပ်ကို မေ၀ယ်သာက ပက်ကွီအိုလို့ သဘောထားပြီး ဒဏ်ရာပြဿနာနဲ့ပတ်သက်လို့ ရန်တွေ့ခဲ့တာပါပဲ။
    “ကဲ မန္နီ(ပက္ကြီအုိ)။ ငါက မျှမျှတတနဲ့ ပြတ်ပြတ်သားသား အနိုင်မရခဲ့ဘူးလို့ မင်း လူတွေကို ပြောတယ်မှတ်လား။ ဒီလက်ကလေးက ပြဿနာရှိတယ်ဆိုပြီးတော့လေ။ ဟုတ်လား။ မနောက်စမ်းပါနဲ့ကွာ။ မနောက်စမ်းပါနဲ့” လို့ ပက်ကွီအိုလို့ သူရည်ညွှန်းတဲ့ လူအရုပ်ကို မေ၀ယ်သာက မျက်နှာချင်းဆိုင် ပြောကြားခဲ့ပြီး နောက်ပိုင်းမှာတော့ ပါးရိုက်ခဲ့ပါတယ်။
    ဒီဗီဒီယို Instagram မှာ သူကိုယ်တိုင်တင်ခဲ့ပြီး မှတ်ချက်မှာ “ကျွန်တော်ဟာ ပျော်ရွှင်ရတာ၊ စတာနောက်တာနဲ့ ဘ၀ကိုဖြတ်သန်းရတာ ကြိုက်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
    ဒီနှစ်မကုန်ခင်မှာ နောက်ဆုံးတစ်ပွဲထိုးသွားမယ်လို့ ကြေညာထားတဲ့ မေ၀ယ်သာကို ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ထိုးသတ်ဖို့ လိုလားနေပေမယ့် မေ၀ယ်သာကတော့ တီမောသီ ဘရက်ဒလေနဲ့၊ အန်ဒရေဘာတိုတို့ထဲက တစ်ဦးဦးနဲ့ ထိုးသတ်သွားမယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။
    Ref: Dailymail
  • ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် Tawaf App ကို ဆော်ဒီ ဖြန့်ချီ
    ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် Tawaf App ကို ဆော်ဒီ ဖြန့်ချီ
    ဇူလိုင် ၃၊ ၂၀၁၅
    M-Media
    tawaf
    – မက္ကာမြို့ရှိ ကအ်ဘာကျောင်းတော်၌ ဟဂ်ျနှင့် အွမ္မရာ ပြုလုပ်ရာတွင် အဆင်ပြေစေမည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ဆော်ဒီ တက္ကသိုလ်တစ်ခုက ထုတ်လုပ်ဖြန့်ချီလိုက်သည်ဟု သိရသည်။
    Tawaf ဟု အမည်ပေးထားသည့် အဆိုပါ အက်ပလီကေးရှင်းမှာ ကအ်ဘာကျောင်းတော်အား လက်ဝဲရစ် သ၀ါးဖ်လှည့်ရာတွင် အကြိမ်အရေအတွက်ကို အလိုအလျောက် မှတ်သားပေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အကြိမ်အရေအတွက် ပြည့်သွားသည့်အခါ အသိပေးမည်ဖြစ်သည်။
    အဆိုပါအက်ပလီကေးရှင်းကို Google Play တွင် အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်မည်ဖြစ်ကာ ဖုန်းအတွင်း ထည့်သွင်းပြီးပါက ကအ်ဘာကျောင်းတော်ရှိ စနစ်များနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်သည်။
    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်၏ သတင်းအချက်အလက်နှင့် နည်းပညာဒါရိုက်တာဖြစ်သူ ဘန်ဒါ အလ်-ခါဇင်မ်က အဆိုပါ အက်ပလီကေးရှင်းကို အွမ် အလ်-ကူရာ တက္ကသိုလ်ရှိ နည်းပညာ တီထွင်ဆန်းသစ်ရေးစင်တာက တီထွင်ထုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်တွင်း မီဒီယာများသို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
    “Tawaf အက်ပလီကေးရှင်းဟာ သင့်ရဲ့ ပြီးဆုံးသွားတဲ့ သ၀ါးဖ်အရေအတွက်ကို မှတ်သားရာမှာ ကူညီမှာဖြစ်ပြီး အားလုံးပြီးဆုံးသွားတဲ့အခါ အကြောင်းကြားမှာဖြစ်ပါတယ်။ ဟရမ်ကျောင်းတော်အတွင်း ဘယ်နေရာမှာ တည်ရှိလဲဆိုတာကိုသိဖို့ Bluetooth၊ ၀ိုင်ဖိုင်နဲ့ လှုပ်ရှားမှု ဆင်ဆာတွေလို ဖုန်းအတွင်းက ဆင်ဆာတွေကို အသုံးပြုမှာဖြစ်ပါတယ်” ဟု Google Play တွင် ထုတ်လုပ်သူများက ဖော်ပြထားသည်။
    ထို့ပြင် GPS ထက် ဘတ္ထရီအစားသက်သာသည့် Bluetooth Low Energy နည်းပညာကို စမ်းသပ်နေသောကြောင့် လက်ရှိတွင် Bluetooth ကိုသာ အသုံးပြုနေကြောင်း ၎င်းတို့က ဆိုသည်။
    အလ်-ခါဇင်ကမူ ဘုရားဖူးလာသူများနှင့် ၀န်ထမ်းများအတွက် မိမိတို့၏ စင်တာမှာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း အခမဲ့ ၀ိုင်ဖိုင်ကို စီစဉ်ပေးသွားမည်ဖြစ်ပြီး အစ်ဖ်သာရ် ၀ါဖြေအစီအစဉ်နှင့် အေသေကားဖ် (ရမ်ဇာန်ဥပုသ်လ နောက်ဆုံး ၁၀ ရက်တွင် တရားထိုင်ခြင်း) အစီအစဉ်ကိုလည်း စီစဉ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထိုအက်ပလီကေးရှင်းကို အာရဘီ၊ အင်္ဂလိပ်၊ ပြင်သစ်၊ တူရကီ၊ အူရဒူနှင့် ဖာရ်စီ ဘာသာစကားများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
    အထူးအရေးပေါ်တပ်ဖွဲ့မှ အကြီးအကဲ ဗိုလ်ချုပ် ခါလစ်ဒ် ကွာရာ အလ်-ဟာဘီးကမူ ရမ်ဇာန်ဥပုသ်လ၏ ဒုတိယ ၁၅ ရက်တွင် ဘုရားဖူးလာရောက်ကြသူ အရေအတွက်မှာ ၈၀ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု မျှော်လင့်ရပြီး နောက်ဆုံး ၁၀ ရက်တွင် ပိုများမည်ဖြစ်ကာ မြင့်တက်လာသော လူဦးရေအတွက် အစီအစဉ်များကိုလည်း စီစဉ်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    သ၀ါးဖ်ဆိုသည်မှာ ကအ်ဘာကျောင်းတော်အား လက်ဝဲရစ် ၇ ပတ် လှည့်ပတ်ခြင်းဖြစ်ပြီး ဟဂ်ျနှင့် အွမ္မရာ ဘုရားဖူးခရီးစဉ်များတွင် ဆောင်ရွက်ရသည်။ ထို့သို့ဆောင်ရွက်ခြင်းမှာ တစ်ဆူတည်းသော ဘုရားသခင်အား ၀တ်ပြုရာတွင် ယုံကြည်သူများ၏ စည်းလုံးညီညွတ်မှုကို ဖော်ပြခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။
    Ref: Arabnews