News @ M-Media
Blog
  • ဘရာဇီလ်းသမ္မတနှင့် အကြီးတန်းခေါင်းဆောင်များကို အမေရိကန်ထောက်လှမ်းမှု ၀ီကီလိခ် ဖော်ထုတ်ပြန်
    ဘရာဇီလ်းသမ္မတနှင့် အကြီးတန်းခေါင်းဆောင်များကို အမေရိကန်ထောက်လှမ်းမှု ၀ီကီလိခ် ဖော်ထုတ်ပြန်
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    ss
    – အမေရိကန် အမျိုးသားထောက်လှမ်းရေး အေဂျင်စီ NSA မှာ ဘရာဇီးလ်သမ္မတ ဒီလ်မာ ရူးဆက်ဖ်၊ ၎င်း၏ ထိပ်တန်း နိုင်ငံရေး တာဝန်ရှိသူများ၊ ဘဏ္ဍာရေးတာဝန်ရှိသူများ၏ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်ခဲ့သည်ဟု ၀ီကီလိခ်က ထပ်မံဖော်ထုတ်လိုက်သည်။
    ယမန်နေ့က ဖော်ထုတ်လိုက်ခြင်းဖြစ်ပြီး NSA က စောင့်ကြည့်ထောက်လှမ်းခဲ့သည့် ဘရာဇီးလ်အစိုးရ တာဝန်ရှိသူ ၂၉ ဦးတို့၏ ဖုန်းနံပါတ်များကိုလည်း ဖော်ပြခဲ့သည်။
    “ဒီထုတ်ပြန်မှုက သမ္မတ ဒီလ်မာ ရူးဆက်ဖ်တစ်ဦးတည်းသာ ပစ်မှတ်ထားခြင်း ခံရတာမဟုတ်ဘဲ၊ သူ့ရဲ့ လက်ထောက်၊ အတွင်းရေးမှူး၊ သူ့ရဲ့ အရာရှိချုပ်၊ သမ္မတနန်းတော် ရုံးခန်းနဲ့ သူ့ရဲ့ သမ္မတလေယာဉ်က ဖုန်းကိုတောင်မှ ပစ်မှတ်ထားခံရတယ်ဆိုတဲ့ သဘောပါပဲ။ သူ့ရဲ့ တရားဝင်ခရီးသွားမှုတွေမှာတောင်မှ သမ္မတရူးဆက်ဖ်ဟာ ကြားဖြတ်ထောက်လှမ်းမှုကနေ မလွတ်ခဲ့ပါဘူး” ဟု ၀ီကီလိခ်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ထိုကဲ့သို့ ဘရာဇီးလ်အစိုးရ တာဝန်ရှိသူများ၏ ဖုန်းခေါ်ဆိုမှုကို အမေရိကန်က ကြားဖြတ်နားထောင်ခြင်းမှာ ၂၀၁၁ ခုနှစ် သို့မဟုတ် ထိုထက်စောသည့်အချိန်ကပင် စတင်ခဲ့သည်ဟု ၀ီကီလိခ်အချက်အလက်များကို ပထမဆုံးဖော်ပြသော The Intercept ၀ဘ်ဆိုက်က ဆိုသည်။
    ကြားဖြတ် နားထောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
    ယခုကဲ့သို့ ဖော်ထုတ်မှုများမှာ ဘရာဇီးလ်တွင် စီးပွားရေးယုံကြည်မှုအား ထိခိုက်စေနိုင်မည်ဟု ၀ိကီလိခ်၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    ဘရာဇီးလ်သမ္မတအား အမေရိကန်၏ လျှို့ဝှက်ထောက်လှမ်းမှုမှာ ၂၀၁၃ ခုနှစ်က ပထမဆုံး ထွက်ပေါ်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။ ထိုသတင်းထွက်ပေါ်လာခဲ့ပြီးနောက် သမ္မတရူးဆက်ဖ်မှာ ၀ါရှင်တန်သို့ လာရောက်ရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားအား အရှက်ရစေခဲ့သည်။
    သို့သော်လည်း ၀ီကီလိခ်က ယခုထုတ်ဖော်မှု မပြုလုပ်မီ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သမ္မတ ရူးဆက်ဖ်က အမေရိကန်သို့ လာရောက်ခဲ့ပြီး အမေရိကန်အနေဖြင့် မဟာမိတ်နိုင်ငံများ၏ ခေါင်းဆောင်များအပေါ် လျှို့ဝှက်ထောက်လှမ်းမှု ထပ်မံလုပ်ဆောင်ခြင်းမရှိသည်မှာ သေချာလားဟု မေးမြန်းရာ ၎င်းက “အချို့အရာတွေက ပြောင်းလဲသွားပါပြီ။ သမ္မတအိုဘားမားကို ကျွန်မ ယုံပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    Ref: Aljazeera
  • မည်သူနှင့်မှ ဆွေးနွေးခြင်းမရှိဟု ရာမို့စ်ပြော
    မည်သူနှင့်မှ ဆွေးနွေးခြင်းမရှိဟု ရာမို့စ်ပြော
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    real
    – မိမိ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ကောလဟာလများ ထွက်ပေါ်နေသော်လည်း မိမိမှာ လက်ရှိအချိန်တွင် မည်သည့်အသင်းနှင့်မှ ညှိနှိုင်းဆွေးနွေးခြင်း မရှိဟု ရီးယဲလ်နောက်ခံလူ ဆာဂျီယိုရာမို့စ်က ပြောကြားလိုက်သည်။
    ရာမို့စ်မှာ လစာကိစ္စ အဆင်မပြေ ဖြစ်ပြီးနောက် ရီးယဲလ်နှင့် သက်တမ်းတိုးတော့မည်မဟုတ်ဘဲ အသင်းပြောင်းတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မန်ယူကလည်း ရီးယဲလ်သို့ပြောင်းဖွယ်ရှိနေသည့် ဂိုးသမား ဒီဂီယာအတွက် ကာမိစေရန်အတွက် အသက် ၂၉ နှစ်အရွယ် ရာမို့စ်အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများက ဖော်ပြနေသည်။
    အချို့သူများကလည်း ရာမို့စ်မှာ ရီးယဲလ်မှ အကျိုးခံစားခွင့် ပိုရရေးအတွက် ရေလာမြောင်းပေးလုပ်နေခြင်းဖြစ်သည်ဟု ယုံကြည်နေသည်။
    သို့သော်လည်း ဆီဗီးလ်တွင်ပြုလုပ်ခဲ့သည့် မင်္ဂလာပွဲ၌ ရာမို့စ်က မိမိမှာ ယခုလက်ရှိတွင် မည်သည့်အသင်းနှင့်မှ ဆွေးနွေးမှု ပြုလုပ်ခြင်းမရှိဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ ဘယ်သူနဲ့မှ ဆွေနွေးမှု လုပ်မနေပါဘူး” ဟု ရာမို့စ်က တိုတိုပြတ်ပြတ်ပင် ပြောကြားခဲ့ကာ လက်ရှိအချိန်တွင် အာလုံး အဆင်ပြေသည်ဟု ဆိုသည်။
    ယခုနှစ်ဘောလုံးရာသီတွင် ရီးယဲလ်၌ ဆက်ရှိနေမည်လားဆိုသည့် အမေးကို ဖြေဆိုရန် ရာမို့စ်က ငြင်းဆိုခဲ့သည်။ ဆီးဗီးလားအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ရာမို့စ်၏ ရီးယဲလ်ကစားသက်မှာ ၁၀
    နှစ်ရှိခဲ့ပြီဖြစ်ပြီး ထိုအချိန်အတွင်း အဓိကဖလား ၁၀ လုံး ဆွတ်ခူးရရှိခဲ့သည်။
    Ref: Goal
  • နိုင်ငံတကာ ကုရ်အာန်ပြိုင်ပွဲတွင် အိန္ဒိယမှ ၉ နှစ်ကလေးငယ် ထိပ်ဆုံး ၃ ဦးတွင် ပါဝင်
    နိုင်ငံတကာ ကုရ်အာန်ပြိုင်ပွဲတွင် အိန္ဒိယမှ ၉ နှစ်ကလေးငယ် ထိပ်ဆုံး ၃ ဦးတွင် ပါဝင်
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    quran
    – ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့၌ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈယ်မှု ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ တတိယဆု ရရှိခဲ့သည်ဟု သိရသည်။
    အဆိုပါကလေးငယ်မှာ အေမီရ်ဟု အမည်ရပြီး မဒ်ယာ ပရာဒက်ရှ်ပြည်နယ်ရှိ မာလ၀ါဒေသ အနောက်မြောက်ဘက် ရတ်လမ်မြို့တွင် နေထိုင်သူဖြစ်သည်။
    “ဆော်ဒီအာရေဗျဘုရင်ကြီး ဆလ်မာန် ဘင် အဘ်ဒူလ်အဇစ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်က ဇွန် ၂၉ ရက် ဂျစ်ဒါမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈယ်မှု ပြိုင်ပွဲမှာ ကျွန်တော့်သားလေး အေမီရ်ဟာ တတိယ ရခဲ့ပါတယ်” ဟု ဖခင်ဖြစ်သူ မိုဟာမက် ရေအက်စ်က ပြောကြားခဲ့သည်။ ၎င်းကိုယ်တိုင်မှာလည်း ဗလီဝတ်ကျောင်းတော်တစ်ခုမှ ရှေ့ဆောင်
    အီမာမ်ဖြစ်သည်။
    ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ပွဲဝင် ၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်သည့်အထဲတွင် တတိယရရှိခဲ့သည့် အေမီရ်မှာ ဒိုင်းတစ်ခု၊ ဆော်ဒီရီယဲလ် ၉၀၀၀ နှင့် ၎င်း၏ အသက်အရွယ်နှင့် ရရှိခဲသည့် အောင်မြင်မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။
    အေမီရ်မှာ အသက် ၇ နှစ်အရွယ်ကတည်းက ကုရ်အာန်ကျမ်းတော်မြတ်ကို စတင် ကျက်မှတ်ခဲ့ပြီး ၁၈ လအကြာတွင် ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်ခဲ့သည်။
    ကုန်အာန်ကျမ်းတော်မြတ်တွင် ဆူရဟ်ကဏ္ဍပေါင်း ၁၁၄ ခု ပါဝင်ပြီး၊ ၎င်းတို့အား အစောင် ၃၀ ခွဲထားသည်။
    ကလေးငယ်များအား ကုရ်အာန်ကျမ်းတော်မြတ် သင်ပေးခြင်းမှာ အစ္စလာမ်က သတ်မှတ်ထားသာ စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်ပြီး အစ္စလာမ့်ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားများကို အကောင်အထည်ဖော်ရေးအတွက် အကောင်းဆုံးကာလဖြစ်သော အသက်အရွယ်
    ငယ်ရွယ်သည့်အချိန်မှ စတင်သင်ပေးရန် မိဘများအပေါ်တွင် တာဝန်ရှိသည်။
    ကုရ်အာန်ကျမ်းတော်မြတ်မှာ တစ်ဆူတည်းသောဘုရားသခင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထုတ်ပြန်ချမှတ်ပေးသော ကျမ်းဂန်အဖြစ် အစ္စလာမ်ဘာသာဝင်များက ယုံကြည်ကြပြီး အာဂုံဆောင်ခြင်းက ကျမ်းတော်မြတ်ကို ထိန်းသိမ်းသည့် အရေးပါဆုံး နည်းလမ်းများမှ
    တစ်ခုလည်းဖြစ်သည်။
    တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ သြ၀ါဒတော်တစ်ခုတွင် “သင်တို့အနက် အကောင်းဆုံးသောသူမှာ ကုရ်အာန်ကျမ်းတော်မြတ်အား သင်ယူပြီး အခြားသူများသို့ ပြန်လည်ပို့ချပေးသောသူပင်ဖြစ်သည်” ဟု မိန့်မှာခဲ့သည်။
    Ref: Onislam
  • ကိုပါအမေရိကမှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ ချီလီ
    ကိုပါအမေရိကမှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ ချီလီ
    ဇူလိုင် ၅၊ ၂၀၁၅
    M-Media
    chil
    – ဒီနေ့မနက်က ကစားခဲ့တဲ့ ကိုပါအမေရိက နောက်ဆုံးဗိုလ်လုပွဲမှာ အိမ်ရှင်ချီလီတို့ အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့နိုင်ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အဓိကဖလားတစ်လုံးကို အရယူနိုင်ခဲ့ပါတယ်။
    မြို့တော် ဆန်တီယာဂိုမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ပွဲအချိန်အတွင်း ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်အားသာချက်နဲ့ တိုက်စစ်အားပြုကစားခဲ့တဲ့ ချီလီတို့ ပွဲအစမှာ တော်တော်လေး ကောင်းခဲ့ပါတယ်။
    နောက်ပိုင်းမှာတော့ အာဂျင်တီးနားက ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဂူရို၊ ဗားဂက်စ်တို့ရဲ့ ကြိုးပမ်းမှုတွေနဲ့ အာဂျင်တီးနားတို့ ဂိုးရလုရခင် ဖြစ်ခဲ့ပါသေးတယ်။ နာရီဝက်အကျော်မှာ ကွင်းလယ်လူ ဒီမာရီယာ ဒဏ်ရာရသွားတာကြောင့် လာဗက်ဇီနဲ့ လူစားလဲခဲ့ရပါတယ်။ ပထမပိုင်းမှာ ချီလီကလည်း ဂိုးသွင်းအချို့ ရခဲ့ပါတယ်။
    ဆီမီးဖိုင်နယ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့မက်ဆီကို ချီလီနောက်တန်းက အသေကပ်ထားတာကြောင့် ထင်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်းနဲ့ အချိန်ပိုတွေမှာလည်း ပွဲက အကြိတ်အနယ်ရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် ပင်နယ်တီအထိ ရောက်ခဲ့ပါတယ်။
    ပင်နယ်တီမှာတော့ အိမ်ရှင်ချီလီတို့ရဲ့ ၄ လုံးစလုံး ၀င်ခဲ့ပြီး အာဂျင်တီးနားရဲ့ သုံးလုံးမှာ ဟီဂူအင်၊ ဘာနီဂါတို့ရဲ့ဂိုးတွေ မ၀င်ခဲ့ဘဲ မက်ဆီတစ်ဦးတည်းသာ ၀င်ခဲ့တာကြောင့် ချီလီအသင်းက ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ဟာ သူတို့နှစ်သင်း ၂၅ ကြိမ်မြောက်တွေ့ဆုံမှုမှာ ချီလီက ပထမဆုံး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
    ၁၉၁၆ ခုနှစ် ပြိုင်ပွဲစတင်ကတည်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချီလီတို့ ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း သူတို့ရဲ့ ပထမဆုံးဆုဖလား ဖြစ်ပါတယ်။
    အာဂျင်တီးနားက တစ်နှစ်အတွင်း အဓိကပြိုင်ပွဲ ၂ ခုမှာ ဒုတိယတွေနဲ့သာ ကျေနပ်ခဲ့ရပြီး ၂၂ နှစ်ကြာ ဆုဖလားမိုးခေါင်မှုဟာ ဆက်လက်ရှိနေခဲ့ပါတယ်။
    ဒီပွဲမှာ မက်ဆီရဲ့မိသားစု ကြည့်ရှုနေတဲ့ နေရာကို ချီလီပရိတ်သတ်တွေက နှောက်ယှက်တာကြောင့် နေရာပြောင်းပေးခဲ့ရပါတယ်။
    Ref: Dailymail
  • Structural Determinism နှင့် လက်တွေ့ဘ၀ လွတ်မြောက်မှု
    Structural Determinism နှင့် လက်တွေ့ဘ၀ လွတ်မြောက်မှု
    ဇူလိုင် ၄ ၊ ၂၀၁၅
    M-Media
    ကျော်ဇေယျာဝင်း ရေးသည်။
    11535932_807973652650381_4931150769034438710_n
    ၂၀၁၂ တုန်းက Anti-Muslim Violence တွေ အဆက်မပြတ် ဖြစ်ပွားနေတာနဲ့ပက်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ မှုးဇော် (ဗိုလ်မှုးဇော်ဌေး) တို့ နှစ်ယောက်လုံးက ဒါဟာ ဒီမိုကရက် တိုက်ဇေးရှင်းရဲ့ Risk တစ်ခုပဲလို့ ဆိုခဲ့တယ်။ ဒီမိုကရက် တိုက်ဇေးရှင်းဖြစ်စဉ် တစ်ခုမှာ ဒါမျိုး ပဋိပက္ခတွေဟာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ပြောလိုရင်းပေါ့။ (တကယ်တမ်း မြန်မာပြည်နိုင်ငံရေး အလှည့်အပြောင်းက ဒီမိုကရက်တိုက်ဇေးရှင်း ဟုတ်၊ မဟုတ် ဒီနေရာမှာ ရှည်ရှည်ဝေးဝေး မရေးတော့ဘူး။ ကျနော်ရေးမှာ အဲဒီအကြောင်းနဲ့လည်း မသက်ဆိုင်လို့)။ အဲဒီဆင်ခြေနဲ့အတူ နောက်ထပ်ပေါ်လာတာက “Rule of Law မရှိလို့ Anti-Muslim Violence တွေဖြစ်နေတာ” ဆိုတဲ့ဆင်ခြေပဲ။ အဲဒီ arguments တွေကို ဆန်းစစ်ကြည့်ဖို့ကောင်းတယ်။
    အခုဆောင်းပါးမှာ `မွတ်ဆလင် ဆန့်ကျင်မုန်းတီးမှုတွေ၊ Anti-Muslim Violence တွေ ဖြစ်နေတာဟာ Rule of Law မရှိလို့´ဆိုတဲ့ ဆင်ခြေနဲ့ပက်သက်ပြီး အခြေခံကျတဲ့ Hypothesis ၊ causal mechanism နဲ့ construct တွေ premise တွေက ဘာဖြစ်နိုင်မလဲ… ကိုယ့်ဟာကိုယ် ဥာဏ်မီသလောက် စဉ်းစားကြည့်တယ်။
    # ပထမဆုံးအနေနဲ့ “ဒီမိုကရက်တစ်အင်စတီကျုးရှင်းတွေ အားမကောင်းတဲ့အခါ “Rule of Law” မရှိတဲ့ အတွက် မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပွားတယ်” ဆိုတဲ့ အနုမာနတွေးဆချက် (Hypothesis)ကို စတင်ဖန်တီးတယ်။ အဲဒီ Hypothesis ကို သီအိုရီအဖြစ် တည်ဆောက်ဖို့ အတွက် အကြောင်းရင်း၊ အကျိုးရလဒ် နဲ့ အဲဒီနှစ်ခုကြားက ကြောင်း-ကျိုးဆက်သွယ်ချက်တွေကို အောက်ပါ အတိုင်း တွေးမိတယ်။
    ၁ – (အကြောင်းရင်း) – ဒီမိုကရေစီစနစ် မထွန်းကားတဲ့အတွက် “Rule of Law” ထိထိရောက်ရောက် မကျင့်သုံးနိုင်ဘူး။
    ၂ – (ကြောင်း-ကျိုး ဆက်သွယ်ချက်) – “Rule of Law” မရှိတဲ့ အခြေအနေမျိုးမှာ ပြစ်မှုကျူးလွန်သူတွေက အရေးယူ အပြစ်ပေးခံရမှုကနေ လွှတ်ကင်းနေလေ့ရှိတဲ့အတွက် ပြစ်မှုကျူးလွန်နိုင်ချေပိုများတယ်။
    ၃ – (အကျိုးဆက်) – ဒါကြောင့် “Rule of Law” အားမကောင်းတဲ့အတွက် Anti-Muslim Violence တွေ ဖြစ်ပွားနေခြင်း ဖြစ်တယ်။
    ### အဲဒီကနေ နောက်ဆုံးကောက်ချက်ချလိုက်တော့ – “ဒီမိုကရေစီစနစ် ပီပီပြင်ပြင်ဖြစ်လာရင် ဒီလို မွတ်ဆလင် ဆန့်ကျင်မုန်းတီးရေး လှုပ်ရှားမှုတွေ ပပျောက်သွားမယ်။ ဒါ့ကြောင့် ဒီမိုကရေစီစနစ် အပီအပြင် ဖြစ်လာဖို့ အင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ဖို့လိုတယ်” ဆိုတဲ့ဆင်ခြေတစ်ရပ် ဆွဲထုတ်လာတယ်။ ဒီဆင်ခြေတွေက ဘယ်လောက်ထိ မှန်ကန်မှုရှိသလဲ၊ ဘယ်အရာတွေကို မသိကျိုးကျွန် ပြုထားသလဲဆိုတာ ပေါ်လွင်လာစေဖို့ ကျနော်မေးခွန်းထုတ်ရင်း ဆန်းစစ်ကြည့်မယ်။
    ပထမဆုံး စ မေးရမှာက ဘယ်အင်စတီကျူးရှင်းတွေ အားကောင်းအောင် လုပ်မှာလဲ? လက်ရှိ မြန်မာပြည်မှာ ရှိနေတာတွေက ၂၀၀၈ အခြေခံဥပဒေ အရဖြစ်လာတဲ့ စစ်တပိုင်း အင်စတီကျူးရှင်းတွေချည်းပဲ။ ဒါကို အားကောင်းအောင်လုပ်ရင် ဒီမိုကရေစီစနစ် ပီပြင်လာနိုင်မလား။ ထားပါတော့.. မပြောကောင်း မဆိုကောင်း ဒီမိုကရေစီစနစ် ခန့်ခန့်ထည်ထည်ကြီး ပေါ်ထွန်းလာပြီဆိုရင်ကော လူ့အဖွဲ့အစည်းတွင်းမှာ အမြစ်တွယ်နေတဲ့ လူမျိုး၊ ဘာသာ၊ အသားအရောင် စတဲ့အပေါ်မူတည်တဲ့ ခွဲခြားဆက်ဆံမှုတွေ ဆုံးခန်းတိုင်သွားလိမ့်မယ်လို့ အမှန်တကယ် ယုံကြည်ပါသလား။
    ဆိုပါတော့ဗျာ… နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံဥပဒေဆိုတာလည်း အဓိကကျတဲ့ အင်စတီကျူးရှင်း တစ်ရပ်ပဲ။ ဒီတော့  ၂၀၀၈ အခြေခံဥပဒေထဲက အခန်း(၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုတဲ့ အခန်းက ပုဒ်မ(၃၄၇)မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။” လို့ ရေးထားတယ်။ ပုဒ်မ(၃၄၈)မှာလည်း နိုင်ငံသားတွေကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ယဉ်ကျေးမှု စတာတွေကို အကြောင်းပြုပြီး ခွဲခြားမှုမရှိစေရလို့ ဖေါ်ပြထားတယ်။ နိုင်ငံသားအားလုံး တန်းတူဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းထားတဲ့ တခြားပုဒ်မတွေလည်း ရှိသေးတယ်။ ဒါတွေ တကယ်လက်တွေ့မှာရော သက်ရောက်မှုရှိသလား..။ အခြား ဘာသာဝင်တစ်ယောက်က ဗုဒ္ဓဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရလို့ဆိုပြီး ဒီပုဒ်မတွေကိုင်ပြီး အရေးဆိုရင်ရော လွယ်မတဲ့လား..။ ပုဒ်မ(၃၅၅)မှာ နိုင်ငံသား မှန်ရင် နိုင်ငံတော်ရဲ့ဘယ်နေရာမှာမဆို အခြေဆိုက်နေထိုင်ခွင့်ရှိတယ်လို့ ထည့်ရေးထားပေမယ့် တကယ့်လက်တွေ့မှာ မွတ်ဆလင်ဆိုရင် အိမ်ခန်း မရောင်းဘူး ဆိုတာတွေ၊ မွတ်ဆလင်ကင်းမဲ့ဇုံ ဆိုတာတွေ ဘယ်လိုကြောင့် ဖြစ်နေတာလဲ…။
    ကျနော့်အမြင်ပြောရရင် အပေါ်မှာပြောခဲ့တဲ့ ဆင်ခြေတွေက Structural Determinism (စနစ်ရဲ့ပြဌာန်းခံ) ဆိုတဲ့ အယူအဆ သက်သက်ပဲ ဖြစ်တယ်။ ဦးသိန်းစိန်၊ မှုးဇော်တို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ မကြာသေးခင် က ဒီဗွီဘီအင်တာဗျူးမှာ ဦးခင်ညွှန့်က `သူကျူးလွန်ခဲ့တာတွေက စစ်အစိုးရခေတ်မို့လို့ပါ´ လို့ ပြောသွားတာမှာလဲ ဆိုလိုရင်းက ဒါပဲဗျ။ ခင်ဗျား၊ ကျနော် ကြုံတွေ့ခံစားနေရတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ဒုက္ခတွေက ဘယ်သူ့ကြောင့်မှ မဟုတ်၊ တကယ့်လက်သည်က စနစ်ဆိုးကြောင့်လို့ ဆိုချင်တာ။ ဒါဟာ အမှန်တ၀က်နဲ့ နှစ်ပေါက်တစ်ပေါက် ရိုက်တာ။ နိုင်ငံရေးပါဝါယူထားတဲ့ Actors တွေ၊ လူတွေရဲ့ စိတ်နေသဘာဝနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို လုံးဝထည့်မတွက်တဲ့ သဘောဖြစ်နေတယ်။
    ဒီအကြောင်းနဲ့ပက်သက်ပြီး သမိုင်းတစ်ကွက်ကို ကျနော်တို့တို့ ပြန်ကြည့်ဖို့လိုမယ်။ ၁၈၆၀ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု သမိုင်းရဲ့ လူအသေအပျောက် အများဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တယ်။ ဒီစစ်ကြီး ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်း တစ်ချက်တည်းကိုပြော ပါဆိုရင် ပြောဖို့ ခက်တယ်။ သို့ပေမယ့် အဓိကကျတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်စနစ်ဖျက်သိမ်းမှုနဲ့ သက်ဆိုင်တယ်။ ကျွန်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ ရီဗက်ဗလစ်ကန်သမ္မတ အေဘရာဟမ်လင်ကွန်း အာဏာရလာတဲ့အချိန်မှာ စစ်ကြီး စဖြစ် ခဲ့တယ်။ အတိုချုပ်ပြောရရင် ၁၈၆၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်ကို တရားဝင်ဖျက်သိမ်း ပေးခဲ့တယ်။ စစ်ပွဲ တရားဝင်ပြီးဆုံးသွားတာကတော့ ၁၈၆၅ ခုနှစ်မှာပါ။ အဲဒီနောက်ပိုင်း အမေရိကန်မှာ လူမည်းကျွန်ဆိုတာ မရှိတော့ဘူး။ လူဖြူဖြစ်ဖြစ် လူမည်းဖြစ်ဖြစ် ဥပဒေအရ နိုင်ငံသားချင်း အတူတူပဲလို့ ပြောလို့ရပြီ ဆိုပါတော့။ ဒါပေမယ့် ဒီလိုပြောတာဟာ လက်တွေ့အခြေအနေကို အမှန်တကယ်ရော ထင်ဟပ် သလား။ တကယ့်လက်တွေ့မှာလည်း ဒီတိုင်းပဲဆိုရင် နောင်နှစ်ပေါင်း ၁၀၀ လောက်မှာ `မာတင်လူသာကင်း´ လို ပုဂ္ဂိုလ်မျိုးလည်း ပေါ်ထွက်လာစရာ အကြောင်းမရှိဘူး။ “I had a dream” ဆိုတဲ့ ကမ္ဘာကျော်မိန့်ခွန်းရှည် ကြီးလည်း ကျနော်တို့ ကြားခွင့်ရမှာမဟုတ်ဘူး။ တကယ်တမ်း ပြန်ကြည့်ရင် ကျွန်စနစ်ဖျက်သိမ်းပြီး နှစ်ပေါင်း (၁၀၀)ကျော်ထိတိုင် ၁၉၆၀ ပြည့်လွန်နှစ်များအထိ အမေရိကန် လူမည်းတွေက နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးအတွက် ရုန်းကန်တိုက်ပွဲ ၀င်နေကြရတုန်းပဲ။ မနေ့တနေ့ကထိတောင် လူမည်းတွေ ပစ်သတ် ခံရတဲ့ သတင်းတွေ မြင်နေရသေးတာပဲ။ အဲဒါ ဘာကြောင့်လဲ..။ အမေရိကန်နိုင်ငံလို Strong State တစ်ခုမှာ အင်စတီကျူးရှင်းအားမကောင်းလို့၊ Rule of Law မရှိလို့ ဒါမျိုးတွေ ဖြစ်နေတာလို့ပြောရင် လူရယ်စရာဖြစ်မယ်။ အမှန်က ကျနော်တို့ကိုယ်တိုင် ကိုယ်ကျင်လည်ရာ လူ့အဖွဲ့အစည်းအတွင်းက social norms သဖွယ်ဖြစ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ မမျှတမှုတွေကို မေ့ထားကြတာပါ။
    1011869_215918698599765_1966441398_n
    ဒီနေရာမှာ ကျနော်ထောက်ပြချင်တဲ့အချက်က ခွဲခြားဆက်ဆံဖိနှိပ်ထားတဲ့ ဥပဒေတွေနိဂုံးချုပ်သွားတာဟာ လူ့အဖွဲ့အစည်းအတွင်းက လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားဆက်ဆံမှုတွေ ဆုံးခန်းတိုင်သွားတာ မဟုတ်ဘူး ဆိုတာပါ။ ဒီလို ခွဲခြားဖိနှိပ်ထားတဲ့ဥပဒေတွေ ပယ်ဖျက်ပေးလိုက်တဲ့အတွက် `အမေရိကန်မှာ လူ လူချင်း ခွဲခြားဆက်ဆံမှုတွေ မရှိတော့ဘူး´ဆိုတဲ့ အပေါ်ယံ အမြင်မှားမှု ဖြစ်လာစေတယ်။ အဲဒီ အမြင်မှောက်မှား မှုက တကယ်တမ်း လူ့အဖွဲ့အစည်းထဲက ခွဲခြားဆက်ဆံနေမှုတွေကို ပိုပြီး မသိကျိုးကျွန်ပြု လာကြတယ်။
    ဒီအမေရိကန် လူဖြူလူမည်းသမိုင်းက `ဥပဒေအရလွတ်မြောက်မှု´နဲ့ `တကယ့်ကျင်လည်ရတဲ့ နေ့စဉ် လူမှုဘဝမှာ လွတ်မြောက်မှု´… ဒီနှစ်ခုဟာ တခုနဲ့တခု ဘယ်လိုမှမဆက်စပ်ဘူးဆိုတာ ဖေါ်ညွှန်းနေတယ်။ နိုင်ငံတော်အတွင်းမှာ ခွဲခြားဖိနှိပ်တဲ့ဥပဒေတွေမရှိတော့လို့ တန်းတူဖြစ်သွားပြီ ဆိုရင်တောင်၊ ကျနော်တို့ တကယ်ကျင်လည်နေရတဲ့ နေ့စဉ်ဘဝမှာ ခွဲခြားဆက်ဆံခံရတာတွေ၊ ဖိနှိပ်ခံရတာတွေကနေ အမှန်တကယ် လွတ်မြောက်ဖို့ အာမမခံနိုင်ဘူးလို့ ပြောနိုင်တယ်။ ဥပဒေအားဖြင့် ခွဲခြားဆက်ဆံမှုက လွတ်မြောက်ပေမယ့် တကယ့်ကျင်လည်ရတဲ့ နေ့စဉ်လူမှုဘဝမှာ လွတ်မြောက်ချင်မှ လွတ်မြောက်မှာ။
    အမှန်တကယ်က နိုင်ငံတော်ကို ဒီမိုကရေစီစနစ် အားကောင်းအောင်လုပ်ယုံနဲ့ ဒီလိုခွဲခြားဆက်ဆံမှုတွေ၊ အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြေလည် သွားလိမ့်မယ် မဟုတ်ဘူး။ Rule of Law ရှိယုံသက်သက်နဲ့လည်း မရနိုင်သေးဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ် ရှင်သန်ကြီးထွားနေတဲ့ မုန်းတီးမှုတွေ၊ ခွဲခြားမှုတွေ ရှိနေတယ်ဆိုတာ ၀န်ခံအသိအမှတ်ပြုဖို့လိုတယ်။ ဒါကိုမျက်ကွယ်ပြုပြီး စနစ်ကိုချည်း လွှဲချနေလို့ မရပေဘူး။ နှစ်ပေါင်းများစွာ socialized လုပ်ခံထားရတဲ့အတွက် အမြစ်တွယ်ခိုင်မာနေပြီဖြစ်တဲ့ narratives တွေ၊ မှားယွင်းနေတဲ့ အချက်အလက်တွေ၊ ခံစားချက်တွေကို ပြန်လည်ဖေါ်ထုတ်ဖို့လိုတယ်။ ဒါတွေကို ရဲရဲဝံ့ဝံ့ ထောက်ပြမယ့်သူတွေလည်း များများပေါ်ထွက်လာဖို့ လိုအပ်တယ်။ ပိုပြီးတိတိကျကျပြောရရင် လူ့အဖွဲ့အစည်း ထဲမှာပျော်ဝင်နေတဲ့ တချို့သောနှုန်းစံတန်ဖိုးတွေ၊ ideas တွေ၊ social norms တွေကို တော်လှန်ပြောင်းလဲပစ်ဖို့ လိုမယ်။ ဒီလိုပြောင်းလဲဖို့ဆိုရင် ပညာရေးသင်ရိုးတွေကို အခြေခံက စ ပြောင်းလဲပစ်ရမယ်။ လွတ်လပ်ပွင့်လင်း တဲ့ သုတေသနလုပ်ငန်းတွေ များများလုပ်ဖို့လိုမယ်။ ရင်ဘတ်ကျယ်ပြီး အမှန်တရားကို လက်ခံရဲတဲ့သတ္တိရှိ ဖို့လည်း လိုမယ်။
    ဒီလိုမှမဟုတ်ရင်တော့ ဘယ်ခေတ်ဘယ်အခြေအနေမျိုးပဲ ရောက်ရောက်၊ ဘယ်လို အင်စတီကျူးရှင်းတွေပဲ အားကောင်းလာ ပါစေ.. နိုင်ငံရေးအရ ဒီမိုကရေစီ စနစ်ဖြစ်လာပြီ.. ခွဲခြားဖိနှိပ်ထားတဲ့ဥပဒေတွေ ပယ်ဖျက် လိုက်ပြီ.. တန်းတူညီမျှမှုတွေ ရှိလာပြီဆိုစေဦးတော့၊ ကျနော်တို့ တကယ်ကျင်လည်နေရတဲ့ နေ့စဉ်လူမှုဘ၀ တွေမှာ တန်းတူညီမျှမှုတို့ တရားမျှတမှုတို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်လို့မရနိုင်ပေဘူး။     ။
    ကျော်ဇေယျာဝင်း
    July 3, 2015