News @ M-Media

Blog

  • မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    မြန်မာနိုင်ငံအား နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ထုတ်ပေးရန် ဂျပန် ကတိပြု

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    japan

    – အလျင်အမြန်တိုးတက်လာသော မြန်မာနိုင်ငံအတွင်း အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြစ်စေရန်အတွက် မြန်မာနိုင်ငံသို့ အတိုးနည်း နှစ်ရှည်ချေးငွေ ယန်း ၉၉.၈၅ ဘီလီယံ (ကန်ဒေါ်လာ ၈၁၂.၃၅ သန်း) ထုတ်ပေးသွားမည်ဟု ဂျပန်နိုင်ငံက ယနေ့တွင် ကတိပြုခဲ့သည်။

    မြန်မာသမ္မတ ဦးသိန်းစိန်အား တိုကျိုမြို့၌တွေ့ဆုံစဉ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ယခုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ ပမာဏထဲမှ ကန်ဒေါ်လာ ၃၃၄.၅၀ သန်းမှာ မြန်မာနိုင်ငံ၏ ဓာတ်အားဖြန့်ဖြူးမှု ကွန်ယက် ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး၊ ၂၇၅.၅၅ သန်းမှာ ထိုင်း၊ လာအို၊ ဗီယက်နမ်တို့နှင့် ကုန်လမ်းဖြင့် ဆက်နေသော အရှေ့-အနောက် ကုန်သွယ်ရေး ပူးပေါင်းလမ်းမကြီးမှ မြန်မာနိုင်ငံဘက်ခြမ်း တိုးတက်ရေးအတွက် ဖြစ်သည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    ကျန်ရှိသည့် ကန်ဒေါ်လာ ၂၀၂.၃၀ သန်းမှာ ရန်ကုန်ရှိ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းနှင့် ပတ်သက်မည်ဖြစ်သည်။

    သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုအတွင်း အာဘေးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့် ဂျပန်ကုမ္ပဏီများနှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခြေအနေ တိုးတက်ရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေသော ဂျပန်ကုမ္ပဏီများမှာ ၂၀၁၂ ခုနှစ်တွင် ၅၆ ခုသာ ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၁၆၈ ခုအထိ တိုးလာခဲ့သည်ဟု ဂျပန်တာဝန်ရှိသူများက ဆိုသည်။

    မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်များအတွက် စီးပွားရေးဖွံ့ဖြိုးမှု သိသိသာသာမြင့်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

    သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့မှာ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ ပါင်းဆောင်ရွက်ရေးအတွက်လည်း အတည်ပြုခဲ့ကြသည်။

    Ref: Nikkei

  • အိပ်မပျော်ဘူးတဲ့လား…… ဒါဆိုရင်

    အိပ်မပျော်ဘူးတဲ့လား…… ဒါဆိုရင်

    ဇူလိုင် ၄ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင် ရေးသည်။
    cant sleep
    လူအမျိုးမျိုး စရိုက်အမျိုးမျိုးပဲဆိုပါစို့။ တချို့ရှိတယ်။ ညအိပ်ရာဝင်တဲ့အခါ ခေါင်းအုံးနှင့်ခေါင်းထိလိုက်တာနှင့် တရှူးရှူးဟောက်နေပြီ။ ဆင်အော်သံကြားလို့တောင် နိုးချင်မှနိုးတော့မှာ။ အဲဒီလောက်အထိ။ ဟော တချို့ကျပြန်တော့ အိပ်ရာထဲရောက်ပြီဆိုမှ ခေါင်းထဲမှာ ဝင်လာတဲ့ အတွေးတွေက ပြန့်သွားလိုက်တာ ကမ္ဘာ့အပြင်ဘက်ရောက်တော့မယ်။ သဘာဝဘေးအန္တရယ်တွေ လေပြင်းတိုက်တာ မိုးကြိုကာလ မုန်တိုင်းဝင်နိုင်တယ်ဆိုတဲ့ ဒေါက်တာဦးထွန်းလွင်ရဲ့ စကားသံတွေကလည်း ခေါင်းထဲကမထွက်၊ အိုဇုန်းလွှာပေါက်နေတာ ကလည်း အကျယ်ကြီး၊ ရာသီဥတုတွေဖောက်ပြန်တာလည်း သူရောကိုယ်ရောအသိ၊ ဟော.. ပြင်းပြင်းထန်ထန် လှုပ်သွားလိုက်တဲ့ နီပေါငလျင်ကြီးတွေက ခေါင်းထဲတဝဲလည်လည်ဖြစ်နေတော့ မျက်စိကအကြောင်သား၊ ဘယ်အိပ်လို့ပျော်နိုင်ပါ့မလဲ။ (ဒါကတစ်ချို့၊ တစ်ချို့ ယောက်ျားတွေရဲ့အတွေး) ရှိသေးတယ်။ စီးပွားရေးသာမက နိုင်ငံရေးတွေပါ ရောထွေးလာလို့ကတော့ ဟိုးအဝေးက သံချောင်းခေါက်သံတစ်နာရီချင်းကို အကုန်သိနေရော။ တစ်ခါတစ်ခါကို ငုတ်တုတ်မိုးလင်းသွားသူတွေလည်း ရှိသေးတယ်။

    ထားတော့… မိန်းမတွေကရော။ တချို့မိန်းမတွေက အိပ်ရာဝင်ပြီဆိုတာနှင့် ဘုရားစာရွက်တွေရွတ်၊ တရားမှတ်စိတ်ကိုတည်ငြိမ်နိုင်သမျှ တည်ငြိမ်နိုင်အောင်ထိန်းရင်း တဖြည်းဖြည်းချင်း အိပ်ပျော်သွားရော။ တချို့ကျပြန်တော့ တစ်မျိုး၊ တစ်နေ့လုံး လှုပ်ရှားဆောင်ရွက်ခဲ့ သမျှတွေကို တစ်ခု မကျန်ပြန်စဉ်းစားတယ်။ အထူးသဖြင့် ဆုံးရှုံးခဲ့တာတွေ အဆင်မပြေဖြစ်ရတာတွေအပြင် စိတ်ထိခိုက်ခံစား ခဲ့ရတာတွေကို တစိမ့်စိမ့်တွေးတယ်။ နောင်တရပြီး ရင်းရတယ်။ မချင့်မရဲဖြစ်မိတာမျိုးလည်းရှိတယ်။ ဒီတော့ အိပ်ပျော်ဖို့ဝေးစွ နည်းနည်းလေးမှတောင် မသမ်းမဝေတာကြောင့် မျက်စိကြောင်နေရော။ တချို့မိန်းမတွေကတော့ တစ်နေ့လုံးဖြစ်ပျက်ပြီးသမျှ ဘာကိုမှ ပြန်မစဉ်းစားတော့ဘူး။ အဲ ဒါပေမယ့် နောက်တစ်နေ့မှာ ဆောင်ရွက်ရမယ့် ကိစ္စတွေကိုတော့ တစ်ခုချင်း အသေးစိတ် တွေးနေတတ်တယ်။ နောက်တစ်နေ့မှာ ချက်ရမယ့် ဟင်း၊ ထမင်းဗူး ကိစ္စကအစ မီတာခဆောင်ဖို့ အထိ ခေါင်းထဲမှာပြည့်သိပ်နေတာမို့ အိပ်ချင်စိတ်နည်းနည်းလေးမှ မပေါ်တော့ဘူး။ တချို့ တချို့ကျပြန်တော့ အိပ်ရာကထပြီး ဆေးသောက်ယူရတဲ့ အထိပါပဲ။

    တချို့ တချို့ အလုပ်သိပ်ကြိုးစားလွန်းသူမိန်းမတွေကို ဆရာဝန်တွေက ပြောလေ့ရှိတယ်။ “ခင်ဗျားမှာ အိပ်ရေးဝဝအိပ်ဖို့ အချိန်ရှိရရဲ့လား” ဆိုတော့ “အလုပ်သိပ်များတယ်။ အနားယူဖို့အချိန်ကိုမရှိဘူး၊ သေမှနားရမယ်ထင်ပါတယ် ဆရာရယ်” လို့ပြောလာရင် အဲဒီသူဟာ နှစ်သိပ်မကြာခင်မှာပဲ သူပြောသလို တစ်သက်စာနားသွားရမှာ သေချာတယ်တဲ့။ ဒါကဆေးပညာရှင်တွေရဲ့စကား။ အိပ်မပျော်ခြင်းရဲ့ အကျိုးဆက်တွေဟာ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်လို့ဆိုတယ်။ သုတေသနပညာရှင်တွေရဲ့  ဆန်းစစ်လေ့လာမှုတွေကို ကြည့်ကြရအောင်ပါ။

    အိပ်စက်ခြင်းဟာ ဦးနှောက်အတွက် သိပ်ကိုကောင်းပါတယ်။ မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အိပ်ပျော်နေတဲ့အခါမှာ ဦးနှောက်ကတစ်ဆင့် (နိုးနေစဉ်ထွက်ပေါ်စေခဲ့တဲ့) အဆိပ်အတောက်ဖြစ်စေတဲ့ ပရိုတိန်းတွေကို ဖယ်ရှားပစ်နိုင်စွမ်းရှိတယ်။ ဒီတော့ ကောင်းကောင်းအိပ်မပျော်တဲ့အခါ အဲဒီအဆိပ်ပရိုတိန်းတွေဟာ ဦးနှောက်ဆဲလ်တွေထဲမှာ ကျန်နေတယ်။အိပ်မပျော်တဲ့ညတွေများလာတဲ့အမျှ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကျဆင်းလာပါတယ်။ အခက်အခဲတွေ ပြသာနာတွေကို ဖြေရှင်းဖို့ အားနည်းလာသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း လျော့ကျသွားပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုနှင့် တင်းကြပ်မှုအဆင့်ကတော့ မြင့်သည်ထက်မြင့်လာတယ်။

    အိပ်မပျော်ဘူးလို့ လွယ်လွယ်လေးဆိုလိုက်ခြင်းရဲ့နောက်မှာ ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေက တန်းစီနေလေရဲ့။ ဆိုပါစို့ နှလုံးထိခိုက်မှု၊ လေဖြတ်ခြင်း၊ ဆီးချိုအမျိုးအစား နှင့် အဝလွန်ခြင်းကအစပေါ့။ အကြောင်းရင်းကတော့ ကိုယ်ခန္ဓာက စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေ အဆမတန်ထုတ်ပေးနေတာကြောင့်ပါပဲ။ အဲဒီကတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံး ညှိုးချုံးပြီးအားလျော့သလိုဖြစ်လာတယ်။ အရွယ်မတိုင်ခင် အိုစေတယ်။ ကိုယ်ခန္ဓာအရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေတဲ့ပရိုတိန်းဓာတ်တွေ လျော့ပါးသွားတာ အဓိကအချက်ပါပဲ။

    အိပ်ရေးမဝခြင်းဟာ လူကိုဝစေနိုင်ပါတယ်။ အိပ်မပျော်ဘဲ နိုးနေတဲ့အခါ ဝမ်းဟာလာပြီး ဆာလောင်တာကို ဖြေသိမ့်ဖို့အတွက် ခါတိုင်းထက်ပိုစားဖြစ်ရော။ စားသမျှ ကယ်လိုရီတွေကို အချိန်မီချေဖျက်ဖို့ အားနည်းလာတာကြောင့် ကိုယ်ခန္ဓာမှာ အဆီပိုတွေ စုစုလာရာက ဝဖြိုးလာတတ်ပါတယ်။ သုတေသနပြုချက်အရကတော့ တစ်ညမှာ (၇) နာရီ ကနေ (၉) နာရီအထိအိပ်ချိန်ရှိသူထက် (၆) နာရီအောက်လျော့နည်းပြီး အိပ်ချိန်ရှိသူတွေဟာ အဝလွန်ဖို့ ၃၀% ပိုများတယ်လို့ သိရတယ်။ဒါဆိုရင် လူတစ်ယောက်ဟာ အိပ်ချိန်ဘယ်လောက်ရှိမှ ကျန်းမာရေးနှင့် ညီညွတ်ပါ့မလဲလို့ မေးစရာရှိတယ်။

    လူတိုင်းအတွက်အိပ်ချိန်ပုံသေသတ်မှတ်လို့ကတော့ မရဘူးပေါ့။ တချို့က အိပ်ပျော် (၇) နာရီအောက်လျော့တယ်။ တချို့ကျပြန်တော့ (၈) နာရီ (၉) နာရီ အိပ်ချိန်ယူမှ အိပ်ရေးဝတယ်။ အမေရိကန်နိုင်ငံသားထက်ဝက်ကျော်ကျော်ကတော့ အိပ်ချိန်အနေနှင့်လိုအပ်တဲ့ (၇) နာရီပြည့်မီအောင် မအိပ်ကြဘူးလို့ ဆန်းစစ်ထားတယ်။ ဆချို့ဆိုရင် (၆) နာရီတောင် မပြည့်တာမျိုးရှိတယ်။ အိပ်မပျော်တာကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲ ရောဂါတွေကုသဖို့ နိုင်ငံကဒေါ်လာငွေ ၆၃-ဘီလီယံလောက်အကုန်ကျခံနေရပါတယ်တဲ့။

    အရေးကြီးတာတော့ ကိုယ့်ရဲ့အခြေအနေပေါ်တည်လို့ အိပ်ချိန်ရတတ်သရွေ့မှာ အိပ်ပျော်အောင် အိပ်ရေးဝဝအိပ်နိုင်ခြင်းက မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲဖြစ်တယ်။ ကိုယ့်ရဲ့အိပ်ရေးဝဝအိပ်ခြင်းကို အဟန့်အတားဖြစ်စေမယ့် သောကတွေကိုစိုးရိမ်စိတ်တွေကို အိပ်ရာထဲအထိ သယ်မလာဖို့ အရေးကြီးဆုံး။

    လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေမကပါဘူးနော်။ ဒီတော့ သောကမဖြစ်ပါနှင့်။ စိုးရိမ်စိတ်မထားပါနှင့်လို့ သီအိုရီအရ ပြောချင်သလောက်ပြော လူ့သဘာဝ အရ အပူအပင် လုံးဝကင်းတယ်ဆိုတာက အရှားသားပဲ။ ဒါပေမယ့် တစ်ဖက်ကတည်း ကိုယ့်ရဲ့ဆင်ခြင်ဥာဏ်လေးကူးပြီး အိပ်ရာဝင်ခါနီးမှာ စိတ်တည်ငြိမ်အောင် ကိုယ့်နည်းကိုယ့်ဟာနှင့် ကြိုးစားမှဖြစ်ပါလိမ့်မယ်။ ဒါမှလည်း အိပ်မပျော်ခြင်းရဲ့အကျိုးဆက်ဖြစ်တဲ့ ကိုယ့်ဘဝကိုအလဲထိုးမဲ့ရောဂါဆိုးတွေရဲ့ဒဏ်ကို ကာကွယ်နိုင်မှာကိုး။ ကောင်းပြီ အိပ်ရာဝင်ခါနီးအတွေးတွေကြောင့် ကိုယ့်သောကကိုဖြိုပစ်နိုင်မှာ မဟုတ်တာတော့ သေချာတယ်။ဒါဆိုရင် စိတ်ရောကိုယ်ပါ အထိခိုက်ခံပြီး ဘာကြောင့်များတွေးပူနေဦးမှာလဲ။ ထားလိုက်ရအောင်ပါ။ မနက်ဖြန်မနက်ကျမှ ဆက်ပြီး ပူကြရအောင်။ ဒီညတော့ အိပ်ပျော်အောင်အိပ်လိုက်ရအောင် အရာအားလုံးကို ခဏလေးမေ့ထားလိုက်ကြတာပေါ့။ ပြီးတော့ အိမ်မက်လှလှလေးတွေမက်ရင်း ခဏလေးဖြစ်ဖြစ်ပျော်ရအောင်ပါ။

    နှင်းဆီခင်

  • ဂါဇာတွင် လူ့အခွင့်အရေးချိုးဖောက်သူများ တာဝန်ခံရေး ကုလ လူ့အခွင့်အရေးကောင်စီ ထောက်ခံ

    ဂါဇာတွင် လူ့အခွင့်အရေးချိုးဖောက်သူများ တာဝန်ခံရေး ကုလ လူ့အခွင့်အရေးကောင်စီ ထောက်ခံ

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    – အရပ်သားအများစုအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်မှ ၇၃ ဦး သေဆုံးခဲ့သည့် ပြီးခဲ့သည့်နှစ် ဂါဇာတိုက်ခိုက်မှုအတွင်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအတွက် တာဝန်ခံမှုများရှိစေရန် တိုက်တွန်းမှုများကို ထောက်ခံသော
    ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ယမန်နေ့တွင် ချမှတ်လိုက်သည်။

    လူ့အခွင့်အရေးကောင်စီ၏ ထိုဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ သက်ရောက်မှုရှိမည် မဟုတ်သော်လည်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွင် စစ်ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ရေး ဖိအားဖြစ်လာစေမည် ဖြစ်သည်။

    အစ္စရေးကမူ ထိုဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြစ်ကာ ဖြစ်နိုင်ချေရှိသော မှားယွင်းမှုများအတွက် ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းကို လစ်လျူရှုခြင်းဖြစ်သည်ဟု ဆိုသည်။

    ကောင်စီ၏ အဖွဲ့ဝင် ၄၇ နိုင်ငံတွင် ၄၁ နိုင်ငံမှာ အဆိုပါဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ပြီး ဂါဇာအား ရက် ၅၀ ကြာ တိုက်ခိုက်မှုတွင် အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင် နှစ်ဖက်စလုံး ဆိုးဝါးသည့် စစ်ရာဇ၀တ်မှုများကို ကျူးလွန်ကောင်းကျူးလွန်နိုင်သည်ဟု ကောက်ချက်ချထားသော ကုလ၏ မကြာသေးမီက အစီရင်ခံစာကို ထောက်ပြခဲ့သည်။

    ၅ နိုင်ငံကမူ ထိုဆုံးဖြတ်ချက်အတွက် ကြားနေခဲ့ပြီး အမေရိကန်တစ်နိုင်ငံတည်းကသာ ကန့်ကွက်ခဲ့ကာ အစ္စရေးအပေါ် ဘက်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဥရောပနိုင်ငံများမှာ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သော်လည်း ဂါဇာအား ထိန်းချုပ်ထားသော ဟားမက်စ်အဖွဲ့က အစ္စရေး၏ အရပ်ဘက်ဒေသများသို့ ဒုံးကျည်များ ပစ်လွှတ်မှုအတွက် ရှင်းရှင်းလင်းလင်း ဖော်ပြမှုမရှိခြင်းကို စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။

    ဂါဇာအား အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အရပ်သားအများစုအပါအ၀င် လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ အစ္စရေးဘက်က စစ်သား ၆၇ ဦး အပါအ၀င် ၇၃ ဦး သေဆုံးခဲ့သည်။

    လူ့အခွင့်အရေးကောင်စီ၏ ယခုဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူအားလုံးကို အရေးယူရမည်ဖြစ်ပြီး၊ စစ်လျော်ကြေးအပါအ၀င် ထိခိုက်ခံစားရသူအားလုံးကို ထိရောက်သည့် ကုစားမှုများ ပြုလုပ်ပေးရမည်ဟုလည်း အခိုင်အမာ ဖော်ပြထားသည်။

    Ref: Aljazeera

  • ဥရောပမှ ကမ်းလှမ်းမှုကို ပယ်ချကာ အမေရိကန်သို့ သွားခြင်းဖြစ်သည်ဟု ဂျရတ်ဆို

    ဥရောပမှ ကမ်းလှမ်းမှုကို ပယ်ချကာ အမေရိကန်သို့ သွားခြင်းဖြစ်သည်ဟု ဂျရတ်ဆို

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    ger

    – လီဗာပူးလ်မှထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် မိမိမှာ ဥရောပကလပ်အသင်းများ၏ ကမ်းလှမ်းမှုများကို ပယ်ချကာ မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီအသင်းသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်ဟု အင်္ဂလန်ကွင်းလယ်လူ ဂျရတ်က ပြောကြားလိုက်သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ ဂျရတ်မှာ လီဗာပူးလ်အသင်းတွင်၂၆ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အလ်အေ ဂလက်ဆီမှ ခေါ်ယူသည့် ၃ ယောက်မြောက် နာမည်ကြီးကစားသမားလည်း ဖြစ်သည်။

    ဇူလိုင်လ ၁၇ ရက်နေ့တွင် အသင်းနှင့် ပထမဆုံး ပွဲထွက်ကစားရမည့် ဂျရတ်က မိမိမှာ အသင်းမပြောင်းခင် ဥရာပအသင်းများ၏ ကမ်းလှမ်းမှုကို ခံခဲ့ရသော်လည်း အမေရိကန် မေဂျာလိဂ်က မိမိကစားသမားဘ၀ အနားမယူမီ သက်တောင့်သက်သာဖြစ်မည့် နေရာဟု မှတ်ယူသောကြောင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဥရောပတစ်ဝှမ်းမှာ အခွင့်အရေး ၂ ကြိမ်လောက်ရပါတယ်။ တစ်ချို့က သိပ်ကောင်းတဲ့အခွင့်အရးပါ။ ကျွန်တော့်အတွက် သက်တောင့်သက်သာရှိတဲ့နေရာ ဖြစ်လာဖို့၊ အိမ်နဲ့အဝေးမှာနေပြီး မတူညီတဲ့ ဘ၀အတွေ့အကြုံကို ရရှိခံစားဖို့၊ ကျွန်တော့်ရဲ့မိသားစု ပျော်ရွင်နိုင်ပြီး နေသားကျမယ့်နေရာကို ရွေးချယ်ဖို့အတွက် ကျွန်တော်ဟာ စိန်ခေါ်မှုအသစ်ကို လုံးဝ လိုချင်ခဲ့ပါတယ်။
    လာမယ့်နှစ်အနည်းငယ်အတွင်း ကျွန်တော် ဘောလုံးလောက က အနားယူတဲ့အခါ ကျွန်တော်ဟာ မတူညီတာတွေကို စမ်းကြည့်ခဲ့တယ် ဆိုတာမျိုး၊ ကျွန်တော် အချိန်တိုင်း ပျော်ရွှင်ရပေမယ့် အရင်နေတဲ့နေရာမှာ မနေဘူးဆိုတာမျိုး ကျွန်တော် ပြောချင်ပါတယ်” ဟု ဂျရတ်က Glaxy TV သို့ ပြောကြားခဲ့သည်။

    အသင်းသစ်တွင် အရန်ခုံ၌ ထိုင်ရမည်ဆိုသော ပြောကြားမှုများနှင့်ပတ်သက်၍ ဂျရတ်က ငြင်းဆိုခဲ့ပြီး မိမိမှာ ပွဲအတွင်း အမြဲတမ်း ရာနှုန်းပြည့်ပေးဆပ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့ ကြံ့ခိုင်ရေးအခြေအနေ အသေအချာ ကောင်းနေအောင် ကျွန်တော် တစ်ယောက်တည်း တကယ့်ကို ပြင်းပြင်းထန်ထန် လုပ်နေပါတယ်။ ပြီးတော့ အားအင်ရှိဖို့ကိုရောပေါ့”

    Ref: Goal

  • ဂရိချွေတာရေးအစီအစဉ်အတွက် ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြိုင်အဆိုင်ဖြစ်နေ

    ဂရိချွေတာရေးအစီအစဉ်အတွက် ထောက်ခံသူများနှင့် ကန့်ကွက်သူများ အပြိုင်အဆိုင်ဖြစ်နေ

    ဇူလိုင် ၄၊ ၂၀၁၅
    M-Media

    gr

    – နိုင်ငံတကာ အကြွေးရှင်များက အဆိုပြုသော ချွေတာရေးအစီအစဉ်အား ပြည်သူ့ဆန္ဒခံယူပွဲတွင် ထောက်ခံမဲနှင့် ကန့်ကွက်မဲပေးကြရန် မဲဆွယ်ချီတက်မှုများကို ဂရိပြည်သူများက အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ဂရိနိုင်ငံက ရင်ဆိုင်နေရသည့် အကြွေးပြဿနာအား ဖြေရှင်းပေးရန်အတွက် အကြွေးရှင်များက ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ကမ်းလှမ်းထားပြီး အပြန်အလှန်အားဖြင့် ဂရိနိုင်ငံကလည်း အကြွေးရှင်များ အဆိုပြုသည့် ချွေတာရေးအစီအစဉ်များကို လက်ခံရမည်ဖြစ်သည်။

    သို့သော်လည်း ၀န်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်ကမူ ထိုအဆိုပြုချက်အား ပြည်သူဆန္ဒခံယူမည်ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး မနက်ဖြတ်တွင်ပြုလုပ်မည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် ၎င်းကိုယ်တိုင်က အကြံပြုထားသည်။

    ထိုသို့ ကန့်ကွက်ခြင်းအားဖြင့် ဂရိနိုင်ငံမှ တင်ရှိနေသော အကြွေး ကန်ဒေါ်လာ ၃၅၅ ဘီလီယံအတွက် ပိုမိုစီမံခန့်ခွဲနိုင်မည့် အချက်အလက်များပါဝင်သော သဘောတူညီချက်အသစ်တစ်ခုကို ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့နှင့် ရရှိရေးအတွက် ပိုမိုခိုင်မာသည့် ဆွေးနွေးညှိနှိုင်းမှု အခြေအနေသို့ မိမိအား ရောက်ရှိစေမည်ဟုလည်း ၀န်ကြီးချုပ် ပြောကြားခဲ့သည်။

    သို့သော်လည်း အတိုက်အခံအဖွဲ့များနှင့် ဥရောပတာဝန်ရှိသူများကမူ အဆိုပါအဆိုပြုချက်ကို လက်မခံပါက ဂရိနိုင်ငံမှာ ဥရောပဇုန်မှ ထွက်ခွာရမည်ဖြစ်ပြီး နိုင်ငံ၏ အနာဂတ်အတွက် ပိုမိုဆိုးရွားသွားမည်ဟု ပြောဆိုထားသည်။

    ကန့်ကွက်မဲပေးရန် ချီတက်ဆန္ဒပြမှုတွင်း ၀န်ကြီးချုပ် တီစီပရက်စ်က ပြောကြားရာတွင် ဂရိအား ဒီမိုကရေစီရိုးရာမှ ဝေးကွာစေချင်သူများ၏ လက်အတွင်း မိမိတို့နိုင်ငံမှာ ဥရောပကို စွန့်ခွာသွားမည်မဟုတ်ကြောင်း၊ မိမိတို့ဘက်တွင် တရားမျှမှုရှိနေပြီး မိမိတို့ အနိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ ကြောက်ဒူးတုန်သူများ၏ ဆော်သြမှုများကို လစ်လျူရှုရန်နှင့် ဆန္ဒခံယူပွဲတွင်
    မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ စုစုစည်းစည်းရှိကြရန် ဂရိပြည်သူများအား တိုက်တွန်းခဲ့သည်။

    အတိုက်အခံပါတီ နယူးဒီမိုကရေစီမှ ခေါင်းဆောင်ဖြစ်သူ အန်တိုနစ် ဆာမာရက်စ်ကမူ ၀န်ကြီးချုပ်၏ မှတ်ချက်များကို တုံ့ပြန်ခဲ့ပြီး တီစီပရက်စ်မှာ လိမ်လည်မှုကို ဇွတ်တိုးနေကြောင်း၊ ၎င်း၏ ဆီရီဇာပါတီမှာ အမြဲတမ်း နိုင်ငံအား ဥရောပမှ ထွက်စေချင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera