News @ M-Media
Blog
  • စင်ကာပူတွင် တရုတ်-မွတ်စလင် တဦး အလုပ်လျောက်ရာ၌  ခွဲခြားဆက်ဆံ ခံရမှု စုံစမ်းစစ်ဆေးနေ
    စင်ကာပူတွင် တရုတ်-မွတ်စလင် တဦး အလုပ်လျောက်ရာ၌ ခွဲခြားဆက်ဆံ ခံရမှု စုံစမ်းစစ်ဆေးနေ
    ဇူလိုင် ၂ ၊ ၂၀၁၅
    M-Media
    e1083964775a96bf0158e3a5bbb1cc0be7fd7652
    စင်္ကာပူ တရုတ် မွတ်စ်လင်မ်တစ်ဦး၏ အလုပ်အကိုင် လျှောက်ထားချက် အပေါ် ခွဲခြား ချိုးနှိမ်မှုပြဿနာ ဖြစ်ပေါ်လာသဖြင့် TAFEP မှ လေ့လာစုံစမ်းလျက်ရှိသည်။
    ဟိုင်ဒီဟိန်း၏ အလုပ်လျှောက်ထားချက်၌ လူမျိုးရေးခွဲခြား ချိုးနှိမ်မှုကို မိမိတို့မှ သတိပြုမိကြောင်း၊ ယင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ထပ်မံရရှိရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း The Tripartite Alliance for Fair and Progressive Employment Practices (TAFEP) က ပြီးခဲ့သော ဗုဒ္ဒဟူးနေ့တွင် Yahoo Singapore သို့ အကြောင်းကြားခဲ့သည်။
    တရားမျှတစွာ အလုပ်အကိုင်ခန့်အပ်ရေးနှင့် ပတ်သက်၍ “လုပ်သားများသည် လုပ်ငန်းခွင်၌ ဘာသာရေးနှင့် ဆက်နွယ်သည့် အလုပ်အကိုင်များမှအပ အလုပ်အကိုင် ခန့်အပ်ရေး အတွက် ဘာသာရေးအား စံသတ်မှတ်ချက်အဖြစ် ကျင့်သုံးခြင်းမှာ လက်သင့် မခံနိုင်စရာဖြစ်သည်ဟု TAFEP က ဆိုသည်။
    စင်္ကာပူနိုင်ငံသား တရုတ်-မွတ်စ်လင်မ်တစ်ဦးဖြစ်သူ ဟိန်း သည် ရုံးဝန်ထမ်းနေရာအတွက် အလုပ်လျှောက်ခဲ့ရာမှ သူမ၏ ဟလာလ် စားသောက်မှု ပုံဟန်အား မေးခွန်းထုတ်ခံရသော အခါ အံ့သြတုန်လှုပ်သွားခဲ့သည်။
    fa9816b0-1fae-11e5-bec0-c10207089c82_Screen-Shot-2015-07-01-at-1-06-16-PM
    ဟိန်း၏ အလုပ်လျှောက်လွှာပို့ပေးရန် အီးမေးလ် လိပ်စာအား တောင်းဆိုရာတွင် Whatsapp ပေါ် ထိုကဲ့သို့ ပြောဆိုမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
    “အလုပ်က အလုပ်၊ အစားအသောက်က အစားအသောက်ပါ (ဘာမှမသက်ဆိုင်ပါဘူး)။ ဟလာလ် အစားအစာကို ကျွန်မ စားနိုင်ရမှာဖြစ်သလို သူတို့က သူတို့ရဲ့ ဟလာလ် မဟုတ်တဲ့ အစားအစာကို စားနိုင်တာပါပဲ။ သာမန် ရုံးအလုပ်တစ်ခု လိုချင်သူအပေါ် လူမျိုးရေး ခွဲခြားမှု မှတ်ချက်နဲ့ အဆုံးသတ်တာ ခံရပါတယ်” ဟု သူမက ပြောပြသည်။
    ဖေ့စ်ဘွတ်ပေါ်မှတ်ချက်ပေးသူအများစုမှာ ကုမ္ပဏီကို ဝေဖန်ပြစ်တင်လျက် သူမကို စာနာအားပေးခဲ့ကြသည်။
    “မိမိ နှစ်သက်ရွေးချယ်တဲ့အစားအစာက ရုံးဝန်ထမ်းအလုပ်ရဲ့လုပ်ကိုင်စွမ်းရည်ကို ဘယ်အကြောင်းကြောင့် အကန့်အသတ် ဖြစ်သွားစေမှာလဲ၊ ဒီလိုဖြစ်စရာလို့ ကျွန်တော် မမြင်ပါဘူး” ဟု ၎င်းအပေါ်တုန့်ပြန်သူ M Fauzi မှ ဆိုပါသည်။
    Ref : sg.news.yahoo.com
  • တိုရွန်တိုရှိ ဂျူးဘုရားကျောင်းတွင် မွတ်စလင်များအတွက် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    တိုရွန်တိုရှိ ဂျူးဘုရားကျောင်းတွင် မွတ်စလင်များအတွက် စုပေါင်းဝါဖြေပွဲ ပြုလုပ်
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    aaa
    – ဥပုသ်သီလဆောက်တည်သည့် ဓလေ့နှင့်ပတ်သက်၍ အပြန်အလှန် သင်ယူလေ့လာနိုင်ရန်အတွက် ကနေဒါရှိ သြဇာလွှမ်းမိုးမှုအရှိဆုံး ဂျူးဘုရားကျောင်းများမှ တစ်ခုဖြစ်သော Holy Blossom က မွတ်စလင်များအတွက် အစ်ဖ်သာရ် စုပေါင်းဝါဖြေပွဲတစ်ခုကို စီစဉ်ပေးခဲ့သည်ဟု သိရသည်။
    “ဘာသာတရားတွေ အချင်းအချင်းမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ လူတွေ အတူတကွ ပညာသင်ကြတဲ့အခါ၊ အတူတကွ စားကြသောက်တဲ့အခါ ဖြစ်လာတာလို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အဆိုပါ ဂျူးဘုရားကျောင်းမှ ဘုန်းတော်ကြီး မိုက်ကယ် ဆတ်ဇ်က ပြောကြားခဲ့သည်။
    ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါ ၀ါဖြေညစာစားပွဲကို ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးရန် ရည်ရွယ်သည့် အကျိုးအမြတ်မယူသော Intercultural Dialogue Institute အဖွဲ့က ပူးပေါင်းစပွန်ဆာပေးခြင်း
    ဖြစ်သည်။
    “ဒီအစ်ဖ်သာရ်ဝါဖြေပွဲဟာ ပိုမိုနားလည်မှုရှိဖို့၊ နာမ်ပိုင်းဆိုင်ရာ အသိပေးဖို့၊ ပြီးတော့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက် ဒီညမှာ ကျွန်တော်တို့အားလုံးကို အတူတကွ စုစည်းစေခဲ့ပါတယ်” ဟု ကော်ဒိုဘာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစင်တာ၏ ဒါရိုက်တာဖြစ်သူ မူနီဘ် နစီးရ်က အဆိုပါဝါဖြေပွဲတွင် ပြောကြားခဲ့သည်။
    ၁၈၅၆ ခုနှစ်က တည်ထောင်ခဲ့သည့် အဆိုပါ Holy Blossom ဂျူးဘုရားကျောင်းမှာ ကနေဒါရှိ အကြီးဆုံး ပြုပြင်ပြောင်းလဲရေး ဘုရားကျောင်းဖြစ်ပြီး အဖွဲ့ဝင် ၇၀၀၀ ခန့်ရှိကာ တိုရွန်တိုတွင် သက်တမ်းအရင့်ဆုံး ဂျူးဘာသာရေး အဖွဲ့အစည်းလည်းဖြစ်သည်။
    ယခုသီတင်းပတ် အစောပိုင်းက ဂျူးဘုန်းတော်ကြီးဖြစ်သူ ဒေါင် မာရ်မူရ်က “မတူညီတဲ့အယူဝါတွေက လူတွေနဲ့အတူ စားသောက်ခြင်းစိတ်ဓာတ်က သာမန် ဘာသာပေါင်းစုံပွဲတွေမှာ စုစည်းတာထက်ကို ပိုပြီး တာသွားပါတယ်။ ကျွန်တော်တို့ ဘာတွေစားတာ၊ ဘယ်လိုစားတာတွေက ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို ရောင်ပြန်ဟပ်တာကြောင့် ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ကို ဖော်ပြတာဟာ ပိုပြီး အဆင်ချောမယ်လို့ Intercultural Dialogue Institute က ထင်ပုံရပါတယ်။ မွတ်စလင်မိတ်ဆွေတွေနဲ့ အစ်ဖ်သာရ်ဝါဖြေပွဲ ကျင်းပဖို့ သူတို့ရဲ့ ဖိတ်ကြားမှုဟာ ကနဦးခြေလှမ်းပဲလို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု Toronto Star သတင်းစာတွင် ရေးသားခဲ့သည်။
    စည်းလုံးညီညွတ်ခြင်း
    bbb
    “အစ္စလာမ်ရဲ့ ဥပုသ်သီလဆောက်တည်မှု အဓိကရည်ရွယ်ချက်ကတော့ တစ်ဦးတစ်ယောက်ရဲ့ဘ၀မှာ နာမ်ပိုင်းဆိုင်ရာ အသိတရား ပိုမိုရရှိရေး ဘုရားသခင်ကို ဦးစားပေးရင်းနဲ့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို ပိုပြီး ရရှိစေဖို့ပါပဲ။ ကျွန်တော်တို့ရဲ့ သုံးစွဲမှု အမူအကျင့်တွေ၊ နေ့စဉ်ဘ၀ စည်းချက်ကျကျ လှုပ်ရှားမှုတွေကို ရပ်တန့်ခြင်းအားဖြင့် ဘ၀ရဲ့အဓိပ္ပါယ်နဲ့ အရေးပါမှုတွေဆီ
    ပြန်လှည့်ဖို့ ကျွန်တော်တို့ရဲ့ သာမန်ဘ၀တွေကို တစ်လတာ အနားပေးလိုက်ကြပါတယ်” ဟု မူနီဘ်နစီးရ်က ပြောကြားခဲ့သည်။
    Intercultural Dialogue Institute အဖွဲ့မှာ နှစ်စဉ် ရမ်ဇာန်ဥပုသ်လ၌ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲကို ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်လည်း စုပေါင်ဝါဖြေပွဲ ၁၁ ခု ပြုလုပ်သွားရန် စီစဉ်ထားသည်။
    “အစ်ဖ်သာရ် ညစာစားပွဲတွေဟာ မတူညီတဲ့ အယူဝါဒနဲ့ လူမျိုးစု၊ ယဉ်ကျေးမှုနောက်ခံမျိုးစုံက လူတွေကို အတူတကွ ပေါင်းစည်းစေပါတယ်။ ပြီးတော့ ဆွေးနွေးညှိနှိုင်းမှုတွေကိုအားပေးတာနဲ့ အပြန်အလှန် အသိအပေးရေး နည်းလမ်းလည်း ဖြစ်ပါတယ်” ဟု အဆိုပါ အင်စတီကျုမှာ ဒုတိယ ဥက္ကဌဖြစ်သူ ဖာတီဟ် ယီဂူလ်က ပြောကြားခဲ့သည်။
    Ref: Onislam
  • ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ်နှင့် လက်နက်ကိုင်များ တိုက်ပွဲဖြစ်
    ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ်နှင့် လက်နက်ကိုင်များ တိုက်ပွဲဖြစ်
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    egypt
    – ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း လက်နက်ကိုင် ၁၀၀ ကျော်နှင့် စစ်သား ၁၇ ဦး သေဆုံးခဲ့သည်ဟု အီဂျစ်စစ်တပ်က ပြောကြားလိုက်ပြီး ထိုက်တိုက်ခိုက်မှုမှာ နှစ်များစွာအတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။
    လုံခြုံရေးတပ်ဖွဲ့များရှိရာ နေရာ ၁၅ ခုကို တိုက်ခိုက်ရေးသမားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး IS အား သစ္စာခံသည့်အဖွဲ့က ထိုတိုက်ခိုက်မှုများကို ၎င်းတို့ လုပ်ခဲ့သည်ဟု တာဝန်ယူခဲ့သည်။
    အချို့သော လုံခြုံရေးဆိုင်ရာ ရင်းမြစ်များကမူ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုမှာ တရားဝင်ထုတ်ပြန်မှုထက် ပိုများမည်ဟု ဆိုသည်။
    အီဂျစ်စစ်တပ်နှင့် တိုက်ခိုက်ရေးသမားများကြား တစ်ရက်တာ ကြာမြင့်ခဲ့သော အဆိုပါ တိုက်ခိုက်မှုများတွင် F16 တိုက်လေယာဉ်များ အပါချီရဟတ်ယာဉ်များကို စစ်တပ်က အသုံးပြုခဲ့ပြီး ကျွန်းဆွယ်အတွင်း အကြမ်းဖက်အဖွဲ့များ စုစည်းမှုအားလုံး ရှင်းလင်းသွားသည်အထိ စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
    စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဆာနီးရ်က နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားရာတွင် ဗုဒ္ဓဟူးနေ့ ညပိုင်းက ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီဟု ဆိုသည်။
    သမ္မတမော်စီကို စစ်တပ်အကြီးအကဲ အဘ်ဒဲလ် ဖာတာ အလ်စီစီက ဖြုတ်ချခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်ရှိ လက်နက်ကိုင်များမှာ တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
    Ref: Aljazeera
  • ကိုပါ အမေရိကဖလားတွင်  ဂိုးပေါက်ပျောက်မှု မစိုးရိမ်ဟု မက်ဆီပြော
    ကိုပါ အမေရိကဖလားတွင် ဂိုးပေါက်ပျောက်မှု မစိုးရိမ်ဟု မက်ဆီပြော
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    messi
    – ကိုပါအမေရိကတွင် ဂိုးပေါက်ပျောက်နေမှုအတွက် မိမိအနေဖြင့် သောကရောက်ခြင်းမရှိဟု အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပြီး အသင်းဖော်များ၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့သည်။
    ပြိုင်ပွဲတစ်လျှောက် တစ်ဂိုးသာ သွင်းယူထားနိုင်သည့် မက်ဆီမှာ ပါရာဂွေးအသင်းနှင့် ယမန်နေ့မနက်က ကစားခဲ့ပြီး အာဂျင်တီးနားက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း ထိုဂိုးများထဲမှ ၃ ဂိုးကို ဖန်တီးပေးခဲ့ပြီး ထိုပွဲ၏
    အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည်။ ၎င်းကမူ အသင်း၏ အမှားအယွင်းမရှိခြင်းက မိမိဂိုးမရမှုကို အစားထိုးခဲ့သည်ဟု ဆိုသည်။
    “တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် သောကမရောက်ပါဘူး။ ကျွန်တော်တို့ အမှားအယွင်းမရှိ ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေတုန်းက လုပ်သလိုပဲ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာပါ။ တူညီတဲ့ အိုက်ဒီယာကိုပဲ ကျွန်တော်တို့ လိုက်ပါတယ်။ နောက်ထပ်ဖိုင်နယ်ရောက်ရမယ်ဆိုတဲ့ ပထမရည်မှန်းချက် ကျွန်တော်တို့ ပြည့်ဝသွားပါပြီ။ ကျွန်တော်တို့ ချန်ပီယံဖြစ်နိုင်တယ်ဆိုတာအတွက် စိတ်လှုပ်ရှားနေပါတယ်” ဟု မက်ဆီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    အာဂျင်တီးနားမှာ ဇူလိုင်လ ၄ ရက်နေ့တွင် အိမ်ရှင်ချီလီအသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မက်ဆီကမူ ခက်ခဲသည့် တွေ့ဆုံမှုဖြစ်မည်ဟု ဆိုသည်။
    “ဒါဟာ နောက်ဆုံးဗိုလ်လုပွဲဖြစ်ပြီး ကျွန်တော် မျှော်လင့်ချက်ထားပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မှာပါ။ ကိုပါအမေရိကဖလားကို ရရှိခြင်းဟာ ကြီးကျယ်ခမ်းနားတဲ့ ပြည့်စုံမှု ဖြစ်ပါလိမ့်မယ်။ နိုင်ငံအသင်းနဲ့အတူ ကျွန်တော် တစ်ခုခုကို ဗိုလ်စွဲချင်ပါတယ်”
    Ref: Goal
  • ယီမင်ကလေးငယ်များ၏ အခြေအနေ အလွန်အမင်း ဆိုးဝါးနေ
    ယီမင်ကလေးငယ်များ၏ အခြေအနေ အလွန်အမင်း ဆိုးဝါးနေ
    ဇူလိုင် ၂၊ ၂၀၁၅
    M-Media
    yemen
    – ပြည်တွင်းစစ်ဖြစ်ပွားနေသော ယီမင်ရှိ ကလေးငယ်များတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများမှာ မကြံစဖူး မြင့်တက်လာခဲ့ပြီး ကျန်းမာရေးစနစ်ကလည်း စစ်ပွဲကြောင့် ပျက်ဆီးနေသည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောကြားလိုက်သည်။
    ထိုသို့ ထိခိုက်ခံစားရမှုများမှာ နေ့စဉ် တိုးတက်လျက်ရှိနေပြီး ကလေးငယ်ရာပေါင်းများစွာမှာလည်း သတ်ဖြတ်ခြင်းခံခဲ့ရကာ ကျန်းမာရေးစနစ် ယိုယွင်းနေသောကြောင့် သန်းပေါင်းများစွာမှာ အလွယ်တကူ ကာကွယ်တားဆီးနိုင်သည့် ရောဂါများ၏ ခြိမ်းခြောက်မှုကို ခံနေသည်ဟု ဆိုသည်။
    ဟူသီသူပုန်များနှင့် အဝေးရောက် ယီမင်အစိုးရတို့အကြား ပဋိ့ပက္ခများ အရှိန်မြင့်လာသည့် ရလဒ်အဖြစ် ပြီးခဲ့သည့် မတ်လကတည်းက ကလေးငယ် အနည်းဆုံး ၂၇၉ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူမှာ ၄၀၂ ဦး ရှိနေသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
    နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသော ကပ်ဘေးလည်း ရှိနေပြီး ကျန်းမာရေးလုပ်သားများမှာ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများကို အာရုံစိုက်နေရသောကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအား ပြုစုကုသပေးရန်မှာ စိန်ခေါ်မှု ဖြစ်နေသည်။
    “အသက်ရှင်နေထိုင်ဖို့ သူတို့မှာ အကာအကွယ်ရှိတဲ့ ပတ်ဝန်းကျင်မျိုး မရှိပါဘူး။ သူတို့ ကြောက်ရွံ့နေကြတယ်။ တကယ့်ကို မလုံခြုံဘူးလို့လည်း ခံစားနေရပါတယ်” ဟု Save the Children ၏ အကြံပေးဖြစ်ပြီး ယီမင်မီဒီယာမန်နေဂျာဖြစ်သူ ဖာတီမာ အလ် အဂျဲလ်က ပြောကြားခဲ့သည်။
    ယီမင်ကလေးငယ်များ ရင်ဆိုင်နေရသည့် စိတ်ပိုင်းဆိုင်ရာ အမာရွတ်များမှာ ထာဝရပျက်ဆီးခြင်းသို့ ဦးတည်သွားနိုင်ပြီး ယီမင်ရှိ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများမှာလည်း ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကိုပင် ဂရုစိုက်ကုသရန် မလွယ်ကူသေးပေ။
    “ကလေးငယ်တွေကို ကာကွယ်ဆေးတောင် ထိုးပေးလို့မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီကာကွယ်ဆေးတွေကို အအေးခန်းထဲမှာထားပြီး၊ ဖြန့်ဝေပေးဖို့ ကျန်းမာရေးစင်တာတွေမှာ လျှပ်စစ် ဒါမှမဟုတ် လောင်စာဆီ လုံလုံလောက်လောက် မရှိတော့လို့ပါ။ ပြီးတော့ ကာကွယ်ဆေးထိုးဖို့အတွက် ခေါ်လာဖို့ မိဘတွေက တိုက်ခိုက်မှုတွေကို အရမ်း ကြောက်နေတာကြောင့်လည်း ဖြစ်ပါတယ်” ဟု ယူနီဆက်ဖ်မှ ဒေါက်တာ ပီတာ ဆာလာမာက ပြောကြားခဲ့သည်။
    ထို့ပြင် ထိုရလဒ်များက ကာကွယ်၍ရနိုင်သော ၀က်သက်၊ နမိုးနီးယားတို့ကဲ့သို့ ရောဂါများဖြင့် ကလေးငယ်များ သေဆုံးခြင်းကို ဖြစ်စေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    စစ်ပွဲများကြောင့် ဆိပ်ကမ်းအားလုံးနီးပါး ပိတ်ထားသည့်အတွက် ယီမင်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ရန်မှာလည်း အကူအညီပေးရေး အေဂျင်စီများအတွက် အလွန်ပင် ခက်ခဲနေသည်။
    နိုင်ငံအတွင်း အစာရေစာ ရှားပါးပြတ်လတ်ခြင်းသို့ ရောက်ရှိတော့မည်ဟု ကုလ၏ သတိပေးမှုနှင့်အတူ ယီမင်နိုင်ငံအတွင်း အဟာရချို့တဲ့မှုနှုန်းမှာလည်း အလွန်အမင်း မြင့်တက်လာနေသည်။ ယူနီဆက်ဖ်ကမူ အသက် ၅ နှစ်အောက် ကလေးငယ် ၁.၂ သန်းမှာ လာမည့် ၁၂ လတာ ကာလအတွင်း အဟာရချို့တဲ့မှု အလယ်အလတ်အဆင့်သို့ ရောက်ရှိတော့မည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera