News @ M-Media

Blog

  • ရမ်ဇာန်တွင် နိုက်ဂျီးရီးယား မွတ်စလင်အဖွဲ့အစည်းများ ချို့တဲ့သူများကို ကူညီမည်

    ရမ်ဇာန်တွင် နိုက်ဂျီးရီးယား မွတ်စလင်အဖွဲ့အစည်းများ ချို့တဲ့သူများကို ကူညီမည်

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    nigeria

    – ရမ်ဇာန်ဥပုသ်လအတွင်း ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်အား မြှင့်တင်ပေးရန် ရည်ရွယ်၍ နိုက်ဂျီးရီးယားရှိ အစ္စလာမ့်ပရဟိတအဖွဲ့များမှာ အရှေ့တောင်ပိုင်း ပြည်နယ်များရှိ ချို့တဲ့သူများ ကြုံတွေ့နေရသည့် ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရန် စီစဉ်ခဲ့ကြသည်။

    “အလွှာပေါင်းစုံမှာ ကျင်လည်နေကြတဲ့ မွတ်စလင်တွေကြားထဲမှာ အစ္စလာမ်ကပြောတဲ့ စစ်မှန်တဲ့ မေတ္တာတရားနဲ့ ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ကို ဖော်ပြဖို့၊ ရမ်ဇာန်မှာ ဥပုသ်သီလဆောက်တည်ခြင်းရဲ့ အရေးပါမှုကနေတစ်ဆင့် စည်းလုံးညီညွတ်ခြင်းကို
    တိုက်တွန်းအားပေးဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု ဇကားသ်နှင့် ဆွဒကာ ဖောင်ဒေးရှင်း ZSF မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ အီမာမ် အဘ်ဒူလာဟီ ရှူအိုက်ဗ်က The National သတင်းစာသို့ ပြောကြားခဲ့သည်။

    လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို အားပေးရန် ရည်ရွယ်သော ထို လှုပ်ရှားမှုတွင် အများပြည်သူများအား ဟောပြောပို့ချမှုများ၊ အစားအသောက်နှင့် လူမှုအသုံးအဆောင်ပစ္စည်း ဝေငှမှုများ ပါဝင်မည်ဟု အီမာမ် ရှူအိုက်ဗ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ထောက်ပံ့မှုများကို တစ်ဦးတစ်ယောက်ချင်းစီလည်းကောင်း၊ မိဘမဲ့ကလေး ဂေဟာများသို့လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့နေသောသူများအား လည်းကောင်း၊ ထောင်အတွင်း အတိဒုက္ခရောက်နေကြသော သူများအားလည်းကောင်း ပေးအပ်သွားမည်ဖြစ်သည်။

    မြို့တော်လာဂို့စ်အခြေစိုက် ZSF ဖောင်ဒေးရှင်းမှာ ယခုနှစ်အတွင်း အစ်ဖ်သာရ် (၀ါဖြေ) ကျွေးမွေးမှုကို မွတ်စလင်မဟုတ်သူများအပါအ၀င် နိုက်ဂျီးရီးယားပြည်သူ ၃၅၀၀၀ အထိ ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။

    ချို့တဲ့သူများအား ကူညီခြင်းနှင့်အတူ ZSF မှာ ချမ်းသာကြွယ်ဝသူ မွတ်စလင်များအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများမှ တစ်ချို့တစ်ဝက်ကို လိုအပ်နေသူများအတွက် လှူဒါန်းသုံးစွဲနိုင်ရေး အခွင့်အလမ်းဖန်းတီးပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

    ရမ်ဇာန်လအတွင်း ချို့တဲ့သူများအား ကူညီထောက်ပံ့သည့် Iftar Saim အစီအစဉ်ကို ပြည်ထောင်စုဒေသ အပါအ၀င် အက်ဒို၊ ဒဲလ်တာ၊ ကွာရာနှင့် နိုက်ဂျာ ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

    ရမ်ဇာန်ဥပုသ်လမှာ အစ္စလာမ့်ပြက္ခဒိန်တွင် န၀မမြောက်လဖြစ်ပြီး အမြင့်မြတ်ဆုံးလအဖြစ် သတ်မှတ်ထားသည်။ ထို့ပြင် ထိုလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်းမှာ ဥပုသ်သီလဆောက်တည်ရန် မလုပ်မနေရဟုလည်း သတ်မှတ်ထားသည်။

    သို့သော်လည်း ကျန်းမာရေးချို့တဲ့သူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလဆောက်တည်ခြင်းကြောင့် ကျန်းမာရေးချို့ယွင်းမည်ကို စိုးရိမ်ရသူများမှာ ပလပ်ခွင့်ရှိသည်။

    ရမ်ဇာန်လမှာ မွတ်စလင်များအတွက် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာနှင့် အကျင့်သီလပိုင်းဆိုင်ရာ သင်တန်းပေးသည့်လ ဖြစ်ပြီး ဤလအတွင်း မကောင်းမှုရှောင်၊ ကောင်မှုဆောင်စိတ်ဓာတ်အား ကျန်ရှိသည့် ၁၁ လတွင်လည်း အကောင်အထည်ဖော်ဆောင်သွားရန် ကုန်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မုဟမ္မဒ်သခင်၏ သြ၀ါဒတော်များတွင် သွန်သင်ဆုံးမထားသည်။

    Ref: Onislam

  • ဗဟိုအာဖရိကတွင် ကုလတပ်များ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုသတင်း ထွက်ပေါ်လာပြန်

    ဗဟိုအာဖရိကတွင် ကုလတပ်များ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုသတင်း ထွက်ပေါ်လာပြန်

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    un

    – ဗဟိုအာဖရိကနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ မြို့တော်ဘန်ဂွီရှိ လမ်းမပေါ်တွင် ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရကြောင်း ကုလအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ပြောကြားလိုက်သည်။

    ထိုကိစ္စမှာ ဗဟိုအာဖရိကနိုင်ငံအတွင်း မကြာသေးမီလများတွင်း ငြိမ်းချမ်းရေးစစ်သားများ ပါဝင်သော ကလေးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တတိယမြောက် ပြဿနာဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

    “တကယ်လို့ ဒီစွပ်စွဲချက်ဟာ အထောက်အထားခိုင်လုံတယ်ဆိုရင် ဒါဟာ ကုလရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိမ်းချမ်းရေးတပ်သားတွေရဲ့ ကျင့်ဝတ်တွေကို သိသိသာသာ ချိုးဖောက်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု ဒူဂျာရစ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ယခုစွပ်စွဲချက်အသစ်များအတွက် ဘန်ဂွီရှိ ကုလရုံးချုပ်က နိုင်ငံအတွင်း တပ်ဖြန့်ချထားသော နိုင်ငံများအား အသိပေးထားပြီး စုံစမ်းစစ်ဆေးမှုကိုလည်း ပြုလုပ်နေသည်ဟု ဆိုသည်။ ကျူးလွန်သူမှာ မည်သည့်နိုင်ငံမှဖြစ်သည်ကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း အာဖရိကတပ်ဖွဲ့မှ ဖြစ်သည်ဟု ဒူဂျာရစ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ကျူးလွန်သူ၏ နိုင်ငံအနေဖြင့် လျင်မြန်ပြီး သင့်လျော်သည့် အပြစ်ပေးအရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုသွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့်နှစ်က ကုလ၏ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများ ထုတ်ပြန်သော အစီရင်ခံစာတွင် ဗဟိုအာဖရိကနိုင်ငံရှိ ပြင်သစ်၊ ချဒ်နှင့် ဂီနီနိုင်ငံတို့မှ တပ်ဖွဲ့များမှာ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • အီဗရာဟီမိုဗစ်မှာ မောက်မာသူမဟုတ်ဟု ဆွီဒင်အသင်းဖော်ပြောကြား

    အီဗရာဟီမိုဗစ်မှာ မောက်မာသူမဟုတ်ဟု ဆွီဒင်အသင်းဖော်ပြောကြား

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    movic

    – ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်မှာ ဘောလုံးကွင်းထဲနှင့် ကွင်းပြင်ပတို့တွင် ပြုမူနေထိုင်ပုံ မတူညီဟု ၎င်း၏ ဆွီဒင်အသင်းဖော် ဘရာနီမီရ် ဟာဂိုတာက ပြောကြားခဲ့သည်။

    အီဗရာဟီမိုဗစ်မှာ ၎င်း၏ ကစားသမားဘ၀ သက်တမ်းတစ်လျှောက်လုံးတွင် မောက်မာမှု၊ မာနထောင်လွှားမှုနှင့် လေးစားဖွယ်ကောင်းသည့် အပြုအမူအနေအထိုင် မရှိမှုတို့ဖြင့် ဝေဖန်ခံရသူဖြစ်သည်။

    သို့သော်လည်း ဟာဂိုတာကမူ အီဗရာဟီမိုဗစ်မှာ လူကောင်းသူကောင်း တစ်ယောက်ဖြစ်ပြီး ပြည်သူများ၏ ၎င်းအပေါ်အမြင်မှာ မှားယွင်းနေသည်ဟု ပြောကြားခဲ့သည်။

    “သူဟာ ကမ္ဘာ့ကြယ်ပွင့်ပါ။ သူ့အကြောင်းမသိဘဲနဲ့ သူ့ကို ဝေဖန်လို့မရပါဘူး။ ပုဂ္ဂိုလ်ရေးမှာ သူဟာ ကွင်းထဲကလို၊ ကင်မရာအရှေ့မှာလို မဟုတ်ပါဘူး။ ကျွန်တော့် မျက်လုံးထဲမှာတော့ သူဟာ လူကောင်းတစ်ယောက်ပါ။ ခင်ဗျားအပေါ် မောက်မာတယ်လို့ ခံစားရအောင် သူ မလုပ်ပါဘူး။ သူဟာ တော်တော်လေး ထူးခြားပါတယ်။ ကျွန်တော် သူ့ဆီက သင်ယူနိုင်ပြီး သူ့ကိုတော့ မနာလို မဖြစ်ပါဘူး” ဟု ဟာဂိုတာက ဆိုသည်။

    ထို့ပြင် အီဗရာဟီမိုဗစ်နှင့် တွဲကစားရသည်မှာ ပျော်ရွှင်စရာဖြစ်ပြီး ပြိုင်ဘက်အဖြစ် ၎င်းအားရင်ဆိုင်ရခြင်းမှာ ခက်ခဲသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းဆွေးနွေးပွဲ ပြန်စရန် အစ္စရေးကို ကုလတိုက်တွန်း

    ပါလက်စတိုင်းဆွေးနွေးပွဲ ပြန်စရန် အစ္စရေးကို ကုလတိုက်တွန်း

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    – အစ္စရေးနှင့် ပါလက်စတိုင်းတို့ နှစ်နိုင်ငံအဖြေအတွက် ၎င်း၏ ကတိက၀တ်ကို အလုပ်နှင့် သက်သေပြရန် ကုလသမဂ္ဂက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တိုက်တွန်းလိုက်ပြီး ပါလက်စတိုင်း ပိုင်နက်များအတွက် ကျူးကျော်အိမ်ယာများ ဆောက်လုပ်မှုကို ရပ်တန့်ရန်လည်း ဆော်သြခဲ့သည်။

    ယခုနှစ်အစောပိုင်း ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလက နေတန်ယာဟုမှာ ပါလက်စတိုင်းတို့၏ နိုင်ငံတည်ထောင်ခွင့်ကို ငြင်းပယ်ခဲ့သော်လည်း၊ နောက်ပိုင်း နှစ်နိုင်ငံအဖြေအတွက် ကတိပြုခဲ့သည်။ ပါလက်စတိုင်းမှာ ဂါဇာကမ်းမြှောင်၊ အနောက်ဘက်ကမ်းနှင့် ၁၉၆၇ ခုနှစ်က အစ္စရေးတို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့် ဒေသများကို စုပေါင်း၍ နိုင်ငံတည်ထောင်ရန် ကြိုးစားနေသည်။

    “ ‘ရေရှည်တည်တံ့မယ့် နှစ်နိုင်ငံအဖြေ အယူအဆ’ အတွက် ၀န်ကြီးချုပ် နေတန်ယာဟုရဲ့ ကတိက၀တ်ကို မကြာသေးခင်က ပြန်လည်အတည်ပြုပြောကြားခဲ့မှုအရ ဒါကို အပြောမဟုတ်ဘဲ အလုပ်အဖြစ်ပြောင်းဖို့ အတွင်းရေးမှူးချုပ် (ဘန်ကီမွန်) က တိုက်တွန်းပါတယ်” ဟု ကုလ၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖရီ ဖလ်တ်မန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ယမန်နေ့တွင်
    ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးအနေဖြင့် တရားမ၀င်အိမ်ယာ ဆောက်လုပ်မှုများကဲ့သို့ ‘အထိအခိုက်မခံသည့် တစ်ဖက်သတ်’ ဆောင်ရွက်နေမှုများကိုလည်း ရပ်တန့်ရန် လိုအပ်ပြီး ၁၉၆၇ ခုနှစ်က ကျူးကျော်သိမ်းပိုက်ခဲ့သည့် ပါလက်စတိုင်းပိုင်နက်များတွင် အိမ်ယာများ ဆောက်လုပ်ခြင်းမှာ တရားမ၀င်ဟု နိုင်ငံအများစုက ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်က စီစဉ်ပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစ္စရေး၏ တရားမ၀င်အိမ်ရာများ ဆောက်လုပ်ခြင်း၊ ပါလက်စတိုင်းရှိ ဖာတာနှင့် ဟားမက်စ်အဖွဲ့တို့ ပူးပေါင်းကာ ညီညွတ်သောအစိုးရ ဖွဲ့စည်းခြင်းတို့ကြောင့် ၂၀၁၄ ခုနှစ် ဧပြီလတွင် ပျက်ပြယ်ခဲ့သည်။

    ပြင်သစ်နိုင်ငံကမူ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အာရပ်နိုင်ငံများ၊ ဥရောပသမဂ္ဂနှင့် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ ပါဝင်သည့် နိုင်ငံတာအထောက်အပံ့ဖြင့် ပြန်လည်စတင်ရန် တိုက်တွန်းနေသည်။

    သို့သော်လည်း အဆိုပါ တိုက်တွန်းမှုကို နေတန်ယာဟုက တနင်္ဂနွေနေ့တွင် ဝေဖန်ခဲ့ပြီး နိုင်ငံခြား အင်အားကြီးနိုင်ငံများမှာ ပါလက်စတိုင်းနှင့် သဘောတူညီချက်အတွက် အစ္စရေးအား ညွှန်ကြားရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။

    Ref: Reuters

  • အသင်း၌ အခြေအနေကို မကြိုက်သော်လည်း ထွက်ခွာမည်မဟုတ်ဟု ဒီမာရီယာပြော

    အသင်း၌ အခြေအနေကို မကြိုက်သော်လည်း ထွက်ခွာမည်မဟုတ်ဟု ဒီမာရီယာပြော

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    manu

    – အရန်ခုံတွင် ထိုင်နေရသည်မှာ မိမိအတွက် သက်တောင့်သက်သာမဖြစ်သော်လည်း အသင်းမှ ထွက်ခွာမည်မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဒီမာရီယာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မှ မန်ယူသို့ ရောက်ရှိလာသည့် ဒီမာရီယာမှာ ရာသီအစတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ၃ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

    သို့သော်လည်း မတ်လ ၄ ရက်နေ့တွင် အသင်း၏ ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်ရပြီးနောက်ပိုင်း မာတာနှင့် အရှက်လေယန်းတို့ကို ဗန်ဂါးလ်က ထည့်သွင်းအသုံးပြုသောကြောင့် ဒီမာရီယာမှာ အသင်း၌ ပါဝင်ခွင့်မရတော့ပေ။

    ဒီမာရီယာကမူ မိမိနေဖြင့် အသင်း၌ မည်သည့်အတွက်ကြောင့် ပါဝင်ခွင့်မရသည်ဆိုသည်ကို ရှင်းပြရန် ခက်ခဲသည်ဟု ဆိုသည်။

    အသင်းတွင် သက်တောင့်သက်သာမဖြစ်ဘူးလားဟု မေးမြန်းရာ ၎င်းက “ဟုတ်ပါတယ်။ ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ရော သက်တောင့်သက်သာ မဖြစ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အရာရာတိုင်းဟာ ကျွန်တော်လိုချင်သလို ဖြစ်မလာတာကြောင့်ပါ။ ပြီးတော့ မကစားရတာကြောင့်လဲ ပါတာပေါ့။ ကျွန်တော်ဟာ ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာပြီး
    အရန်ခုံမှာ အဆုံးသတ်ခဲ့ပါတယ်” ဟု ဒီမာရီယာက ပြောကြားခဲ့သည်။

    ရာသီနောက်ပိုင်းတွင် အသင်း၌ ပါဝင်ခွင့်မရသောကြောင့် ဒီမာရီယာမှာ အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းက ငြင်းဆိုခဲ့ကာ လာမည့်နှစ်တွင် မိမိအား ဝေဖန်နေသူများအတွက် အဖြေပြန်ပေးသွားမည်ဟု ဆိုသည်။

    “(အသင်းကထွက်မှာ) မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော် ဒီလို မတွေးတဲ့အတွက်ကြောင့်ပါပဲ။ မက်ဒရစ်မှာဆိုရင် ကွင်းဘေးမှာ နေခဲ့ရတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ရင်ဆိုင်ပြီး အဲဒါကို ပြန်ပြောင်းပစ်ပါတယ်။ ဒီလိုမျိုး ရင်ဆိုင်ရတာ ကျွန်တော် သဘောကျပါတယ်”

    Ref: Goal