News @ M-Media

Blog

  • ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ထားရန် AstraZeneca ကာကွယ်ဆေးဖန်တီးသူ သတိပေး

    ကပ်ရောဂါအသစ်အတွက် ပြင်ဆင်ထားရန် AstraZeneca ကာကွယ်ဆေးဖန်တီးသူ သတိပေး

    ဒီဇင်ဘာ ၆၊ ၂၀၂၁၂
    M-Media

    -ကမ္ဘာလူသားတွေဟာ နောက်ထပ်အသေအပျောက်များတဲ့ ကူးစက်ရောဂါတွေနဲ့ ထပ်မံကြုံတွေ့ရနိုင်ပြီး လက်ရှိ ရရှိထားတဲ့ အသိပညာတွေကို အချည်အနှီးမလုပ်ကြဖို့ ကိုဗစ်ကာကွယ်ဆေး AstraZeneca ကို ဖန်တီးသူ ပညာရှင်က သတိပေးလိုက်ပါတယ်။

    တရုတ်နိုင်ငံ ၀ူဟန်မြို့မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူ ၅.၂ သန်းကျော်သေဆုံးခဲ့ပြီး၊ လူသန်းထောင်ချီရဲ့ ဘ၀တွေ ပျက်ဆီးခဲ့ကာ၊ ကမ္ဘာ့စီးပွားရေးမှာလည်း ဒေါ်လာ ထရီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။

    အောက်စဖို့တက္ကသိုလ်က ကာကွယ်ဆေးဆိုင်ရာ ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး AstraZeneca ကာကွယ်ဆေး ဖန်တီးသူတွေထဲက တစ်ယောက်လည်းဖြစ်တဲ့ ဆာရာဂီလ်ဘာ့တ်က နောက်လာမယ့် ကူးစက်ရောဂါအတွက် သတိပေးခဲ့ပါတယ်။

    “အမှန်ပြောရရင် နောက်လာမယ့်ကပ်ရောဂါဟာ ပိုဆိုးနိုင်ပါတယ်။ ပိုမိုကူးစက်တာ၊ ပိုမိုသေဆုံးတာ ဒါမှမဟုတ် နှစ်မျိုးစလုံး ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ရဲ့ဘ၀တွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ဗိုင်းရပ်စ်ပိုးကခြိမ်းခြောက်တာဟာ ဒါနောက်ဆုံးအကြိမ် မဟုတ်ပါဘူး”

    နောက်ကြုံလာမယ့် ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ဂီလ်ဘာ့တ်က သတိပေးခဲ့ပါတယ်။

    “ကျွန်မတို့လက်ရှိ ရထားတဲ့ တိုးတက်မှုတွေ၊ အသိပညာတွေ အလဟသဖြစ်သွားလို့ မရပါဘူး”

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖွဲ့စည်းထားတဲ့ ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က ပညာရှင်တွေကလည်း ကပ်ရောဂါတိုက်ဖျက်ရေး အမြဲတမ်းရန်ပုံငွေတစ်ရပ်ပေါ်ပေါက်လာဖို့နဲ့ ကပ်ရောဂါတွေကို အမြဲတမ်း စောင့်ကြည့်လေ့လာကာ ကြိုတင်ပြင်ဆင်ကြဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    လတ်တလော ပြန့်နှံ့နေတဲ့ ကိုဗစ်မျိုးကွဲ Omicron နဲ့ပတ်သက်လို့ ဂီလ်ဘတ်က အိုမီခရွန်ရဲ့ ပုံပြောင်းမြန်မှုကြောင့် လက်ရှိကာကွယ်ဆေးတွေ မထိရောက်တာမျိုး ဖြစ်နိုင်ပြီး အသေးစိတ်မသိခင်အချိန်အထိ မျိုးကွဲသစ်ပြန့်နှံ့မှုကို လျော့ချနိုင်အောင် လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    အာဆီယံပွဲများကို မြန်မာစစ်အာဏာရှင် တက်ခွင့်ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံကိုလာပြီး စစ်ကောင်စီနဲ့စကားပြောဖို့ စီစဉ်ထားတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး၊ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖိတ်သင့်တယ်လို့ ဆိုပါတယ်။

    ကမ္ဘောဒီးယားဟာ လာမယ့်နှစ်မှာ အာဆီယံအဖွဲ့ဥက္ကဌအဖြစ် တာဝန်ယူမှာပါ။

    တရုတ်ကငွေကြေးထောက်ပံ့ထားတဲ့ ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံအစည်းအဝေးတွေမှာ ၁၀ နိုင်ငံစလုံး ပါဝင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “မြန်မာဟာ အာဆီယံမိသားစုဝင်နိုင်ငံပါ။ အစည်းအဝေးတွေကိုတက်ပိုင်ခွင့် သူတို့မှာ ရှိပါတယ်”

    ဟွန်ဆန်ဟာ ပြီးခဲ့တစ်ပတ်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားလာဖို့ ဖိတ်ခေါ်ထားပြီး ဒီဇင်ဘာ ၇ ရက်နေ့ လာရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မကြာခင် သွားရောက်ဖို့ရှိတယ်လို့လည်း ဒီကနေ့မိန့်ခွန်းမှာ ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အလုပ်တွဲလုပ်နိုင်ရေး ကျွန်တော် နေပြည်တော်ကိုသွားရောက်ဖို့ အလားအလာ တော်တော်လေးကောင်းပါတယ်။ ခေါင်းဆောင်ပိုင်းနဲ့အလုပ်မလုပ်ရင် ကျွန်တော် ဘယ်သူနဲ့ တွဲလုပ်ရမလဲ”

    အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ရဆိုတဲ့ အာဆီယံပဋိဉာဏ်ကို ဟွန်ဆန်က ထောက်ပြခဲ့ပြီး ဒီပဋိဉာဏ်အရ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ မောင်းထုတ်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာကို နှစ်ပေါင်း ၄၀ နီးပါး ရယူထားပြီး အတိုက်အခံတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရသူပါ။ သူ့နေရာကို စစ်တပ်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူက ဆက်ခံလိမ့်မယ်လို့ ဟွန်ဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ယူအေအီးအမျိုးသားလုံခြုံရေးအကြံပေး အီရန်ရောက်နေ

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    ရှိခ်သာနွန်ဟာ နှင့် အလီ ရှမ်ခါနီ၊

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ရှိခ် သာနွန် ဘင် ဇယဒ် အလ် နဟ်ယန်ဟာ အီရန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပါတယ်။

    ယူအေအီးနဲ့ အီရန်တို့ဟာ ဒေသတွင်းပြဿနာတွေမှာ ဆန့်ကျင်ဖက်အဖွဲ့အစည်းဖက်က ပါဝင်ရပ်တည်ပေးနေပြီး ဆက်ဆံရေးတင်းမာနေတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ တင်းမာမှုတွေလျော့ကျအောင် ဆောင်ရွက်လာပါတယ်။

    ရှိခ်သာနွန်ဟာ အီရန်အမျိုးသားလုံခြုံရေးအကြီးအကဲ အလီ ရှမ်ခါနီ၊ သမ္မတ အီဘရာဟင် ရိုင်စီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်အောင်နဲ့ ဒေသတွင်းပြဿနာတွေ ဖြေရှင်းရေး ဆွေးနွေးခဲ့ကြပါတယ်။

    အီရန် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှမ်ခါနီက အရှေ့အလယ်ပိုင်းဒေသကို ပြင်ပက ဝင်ရောက်စွက်ဖက်တာမျိုး မရှိသင့်ကြောင်း၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့်သာ ဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့ပြီး ရှိခ်သာနွန် လာရောက်လည်ပတ်မှုဟာ နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်စတင်ကာ၊ ဒေသတွင်း ဆက်ဆံရေး ချဲ့ထွင်ဖို့ အခြေခံ​အုပ်မြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒေသတွင်းရန်ဖက်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့လည်း ပြီးခဲ့တဲ့လတွေအတွင်း ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ကြိုးစားလာခဲ့ပြီး ဧပြီလကစလို့ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေ အီရတ်မှာ လျှို့ဝှက် တွေ့ဆုံနွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    Ref : Aljazeera

  • စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    စစ်ကောင်စီက လီဆယ်ထောင်ချမှုကို ကုလလူ့အခွင့်အရေးအကြီးအကဲ ပြင်းပြင်းထန်ထန်ဝေဖန်

    ဒီဇင်ဘာ ၆၊ ၂၀၂၁
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီရှဲလ်ဘာချလတ်က ပြောကြားပြီး ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

    အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ဒီကနေ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    “စစ်တပ်ကထိန်းချုပ်တဲ့ တရားရုံးမှာ လူမသိသူမသိ လီဆယ်တရားစွဲဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံကို ထောင်ချလိုက်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်ဖို့ကလွဲပြီး တစ်ခြားမဟုတ်ပါဘူး။ သူမရဲ့ လွတ်မြောက်ခွင့်ကို တစ်ဖက်သက်ငြင်းဆန်တာတင်မကဘဲ နိုင်ငံရေးဆွေးနွေးမှုတခါးကိုပါ ပိတ်လိုက်တာပါ” လို့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံကိန်းဝန်ကြီးတို့ကို ပြီးခဲ့တဲ့လက စစ်ကောင်စီကနေ ထောင်ဒဏ် ၇၆ နှစ်နဲ့ နှစ် ၉၀ အသီးသီးချမှတ်လိုက်တာကို ဘာချလတ်က ​ထောက်ပြခဲ့ပြီး နိုင်ငံရေးအတိုက်အခံတွေကို ဖယ်ရှားရေးအတွက် တရားရေးကို စစ်ကောင်စီက အလွဲသုံးစားလုပ်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

    “တရားဥပဒေ ချိုးဖောက်အာဏာသိမ်းထားပြီး၊ စစ်အာဏာရှင်စနစ်သွားနေတာကို ဒီလိုတရားစွဲဆိုမှုတွေနဲ့ ဖုံးထားလို့ မရပါဘူး”

    မနေ့က ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ကားနဲ့ ရက်ရက်စက်စက် တိုက်သတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပြီး ဒါဟာ လက်ရှိ တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

    Ref: AFP

  • ဘာသာရေးစော်ကားမှုခေါင်းစဉ်တပ်၍ အကြမ်းဖက်မှုအတွက် လူ ၁၂၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီးထား

    ဘာသာရေးစော်ကားမှုခေါင်းစဉ်တပ်၍ အကြမ်းဖက်မှုအတွက် လူ ၁၂၀ ကျော်ကို ပါကစ္စတန် ဖမ်းဆီးထား

    ဒီဇင်ဘာ ၄၊ ၂၀၂၁
    M-Media

    -တမန်တော်မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ သီရိလင်္ကာနိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရမှုမှာ ပါဝင်သူ အနည်းဆုံး ၁၂၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်အစိုးရက ထုတ်ပြန်ပါတယ်။

    မြို့တော် အစ္စလာမ်မာဘတ်မှာ သောကြာ​နေ့က ဖြစ်ပွားခဲ့တာပါ။ စက်ရုံမန်နေဂျာ သီရိလင်္ကာနိုင်ငံသားတစ်ဦးက တမန်တော်မိုဟာမက်ကို စော်ကားပြောဆိုတယ်ဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက်မှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက စက်ရုံကို၀ိုင်းပြီး မန်နေဂျာကို ဆွဲထုတ်ကာ ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီအဖြစ်အပျက်ကို ကျူးလွန်သူတွေက ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်မှာပါ လွှင့်တင်ခဲ့ပါတယ်။

    ပါကစ္စတန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူရမ် ရှဇက်က ဒီအကြမ်းဖက်မှုအတွက် အဓိကတာဝန်ရှိသူတစ်ဦး အပါအဝင် လူပေါင်း ၁၂၀ ကို ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းမှုတွေလုပ်ဆောင်နေတယ်လို့လည်း ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဝန်ကြီးချုပ် အင်မရန်းခန်းရဲ့ ဘာသာရေးဆိုင်ရာအကြံပေး အစ္စလာမ်သာသနာ့ပညာရှင် တာဟီရ် အက်ရှ်ရာဖီက ဖမ်းဆီးမှုတွေလုပ်ထားကြောင်း အတည်ပြုခဲ့ပြီး၊ မန်နေဂျာက စည်းကမ်းတင်းကြပ်မှုအတွက် အလုပ်သမားအချို့ မကျေနပ်တာတွေ ရှိနေတာကို ဖမ်းဆီးထားသူတွေထံက သိရကြောင်း ပြောကြားခဲ့ပါတယ်။

    “စက်ရုံအလုပ်သမားတစ်ချို့က မန်နေဂျာကို မကျေနပ်တာနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ်လိုက်လားဆိုတာအပါအဝင် ဒီကိစ္စကို ရှုထောင့်ပေါင်းစုံကနေ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်”

    ရှက်စရာ

    ဒီတိုက်ခိုက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း အုပ်အော်​သောင်းနင်းဖြစ်ခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဒါဟာ တိုင်းပြည်အတွက် ‘အရှက်ရစရာနေ့တစ်နေ့’ ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ဆီလ်ကွတ်မှာ သီရိလင်္ကာမန်နေဂျာတစ်ဦးကို လူအုပ်ကြီးက အရှင်လတ်လတ်မီးရှို့သတ်လိုက်တဲ့ စက်ဆုပ်ဖွယ်ရာဒီကိစ္စဟာ ပါကစ္စတန်အတွက် အရှက်ရစရာနေ့တစ်နေ့ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုကို ကျွန်တော် ကြီးကြပ်နေပြီး ကျူးလွန်တဲ့သူတွေကို ဥပဒေအတိုင်း ပြည့်ပြည့်၀၀ အရေးယူအပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေလည်း လုပ်နေပါပြီ”

    ဒုတိယမြို့တော် ကရာချီမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေဟာ ဒီသတ်ဖြတ်မှုကို ရှုတ်ချတဲ့ ဆန္ဒပြပွဲတစ်ခုကို ဒီကနေ့မှာ လုပ်ဆောင်ခဲ့ပါတယ်။

    သတ်ဖြတ်မှုကို ရှုတ်ချတယ်လို့ ဆန္ဒပြသူတွေက ဆိုပြီး၊ သာသနာညှိုးနွမ်းစေမှုဥပဒေ အလွဲသုံးစားလုပ်ခံနေရတာကို တားမြစ်အရေးယူပေးဖို့လည်း အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    “ဘာသာရေးစော်ကားတယ်ဆိုပြီး မတရားစွပ်စွဲ အသတ်ခံလိုက်ရတာပါ။ သူ့ကိုသတ်တဲ့သူတွေက သူ့လက်အောက်မှာ အလုပ်မလုပ်ချင်တဲ့သူတွေပါ။ ရိုးရိုးသားသားအလုပ်လုပ်လို့ ပြောတဲ့အတွက် ဘာသာရေးစော်ကားတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သတ်လိုက်ကြတာ ဖြစ်ပါတယ်။ သာသနာညှိုးနွမ်းစေမှု ဥပဒေကို လူတွေက အလွဲသုံးစားလုပ်နေကြပါတယ်” လို့ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ မဟ်နက်ဇ်ရဟ်မန်က ပြောပါတယ်။

    Ref: Aljazeera