News @ M-Media

Blog

  • ကြားဖြတ်အစိုးရကို ခေါင်းဆောင်ရန် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရောက်လာ

    ကြားဖြတ်အစိုးရကို ခေါင်းဆောင်ရန် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ရောက်လာ

    သြဂုတ် ၈၊ ၂၀၂၄
    M-Media

    -ကျောင်းသားနဲ့ လူထုလှုပ်ရှားမှုကြောင့် ရှိခ်ဟာဆီနာအစိုးရ ပြုတ်ကျသွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်ဟာ သြဂုတ်လ ၈ ရက်နေ့မှာ ပြင်သစ်နိုင်ငံကနေ ပြန်ရောက်လာပါတယ်။

    ကျောင်းသားခေါင်းဆောင်တွေက တောင်းဆိုထားတဲ့အတိုင်း ကြားဖြတ်အစိုးရကို ဦးဆောင်ဖို့ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ကလည်း မိုဟာမက် ယူနွတ်စ်ကို ကြားဖြတ်အစိုးရဖွဲ့ဖို့ တာ၀န်ပေးထားပါတယ်။

    “အိမ်ပြန်ရောက်လာတဲ့အတွက် ၀မ်းသာမိပါတယ်” လို့ မိုဟာမက် ယူနွတ်စ်က ဒါကာမြို့ လေဆိပ်ကို ရောက်ပြီးနောက်ပိုင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    မိုဟာမက် ယူနွတ်စ်ဟာ သမ္မတ ရှာဟာဘူဒင်၊ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ၀ါကာ အူဇမန်တို့နဲ့ အစည်းအ၀ေးပြုလုပ်မှာ ဖြစ်ပြီး အဲဒီနောက် ဒေသစံတော်ချိန် ည ၈ နာရီမှာ ကြားဖြတ်အစိုးရကို ဖွဲ့စည်း ကြေငြာမှာ ဖြစ်ပါတယ်။

    ကြားဖြတ်အစိုးရဟာ ရွေးကောက်ပွဲ ပြုလုပ်ပြီးတဲ့အထိ တာ၀န်ယူထားရမှာပါ။

    “ဒီကနေ့ဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာနေ့ပါ။ ဘင်္ဂလားဒေ့ရှ်ရဲ့ အောင်ပွဲနေ့သစ်လည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ဒုတိယအကြိမ်မြောက်လွတ်လပ်ရေးကို ရရှိခဲ့ပါပြီ” လို့ အသက် ၈၄ နှစ်အရွယ် မိုဟာမက် ယူနွတ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာရဲ့ အုပ်ချုပ်မှုသက်တမ်းဟာ ၁၅ နှစ် ကြာမြင့်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးလည်း တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူထုနဲ့ နိုင်ငံရေး အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်လာခဲ့ပြီးတဲ့နောက် လူကြိုက်များမှု ကျဆင်းလာခဲ့ပါတယ်။

    တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူတွေရဲ့ မျိုးဆက်ကို အစိုးရ အလုပ်အကိုင်တွေမှာ ဦးစားပေးရမယ်ဆိုတဲ့ ဥပဒေမျိုး ထွက်လာပြီးတဲ့နောက် လူထုက လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး နောက်ဆုံးမှာ ရှိခ်ဟာဆီနာဟာ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။

    Ref: Aljazeera

  • ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းစာပို့ အက်ပလီကေးရှင်းများကို မလေးရှားက ထိန်းချုပ်တော့မည်

    ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းစာပို့ အက်ပလီကေးရှင်းများကို မလေးရှားက ထိန်းချုပ်တော့မည်

    ဇူလိုင် ၂၇၊ ၂၀၂၄
    M-Media

    -အသုံးပြုသူ အနည်းဆုံး ၈ သန်းရှိတဲ့ ဆိုရှယ်မီဒီယာနဲ့ စာပို့ အက်ပလီကေးရှင်းတွေအနေနဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး လိုင်စင်လုပ်ဖို့ မလေးရှားအစိုးရက ဇူလိုင်လ ၂၇ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ပါတယ်။

    နာမည်ကျော် အက်ပလီကေးရှင်းတွေဖြစ်တဲ့ Facebook၊ TikTok၊ X၊ Wechat နဲ့ WahtsApp တို့ လိုင်စင်လုပ်ဖို့ အကြုံး၀င်လာမှာဖြစ်ပါတယ်။

    မလေးရှား ဆက်သွယ်ရေးနဲ့ မီဒီယာ ကော်မရှင်(MCMC) ရဲ့ ထုတ်ပြန်ချက်မှာ အွန်လိုင်းကမ္ဘာ ပိုမိုလုံခြုံစေဖို့အတွက် ဒီလို ဥပဒေမျိုး ထုတ်ပြန်ရတာလို့ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့က စတင်ကာ ဥပဒေအကျုံး၀င်မှာဖြစ်ပြီး လိုင်စင်မလုပ်ထားတဲ့ ဆိုရှယ်မီဒီယာတွေ၊ အွန်လိုင်း စာပို့ အက်ပလီကေးရှင်းတွေကို ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့လည်း ကော်မရှင်က ပြာပါတယ်။

    အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်မှု၊ ဆိုက်ဘာ အနိုင်ကျင့်မှုတွေ၊ ကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေကို နှိမ်နှင်းနိုင်ဖို့ မလေးရှားအစိုးရရဲ့ ကြိုးစားမှုကနေ အခုလို ကန့်သတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    “၂၀၀၀ ခုနှစ် ဆက်သွယ်ရေးဥပဒေအရ ဒီလုပ်ငန်းတွေဟာ လိုင်စင်ကင်းလွတ်ခွင့် ရှိနေတယ်။ အခု ဥပဒေသစ်မှာ သတ်မှတ်ချက်နဲ့ ပြည့်မီတဲ့ အက်ပလီကေးရှင်းတွေသာ လိုင်စင်လုပ်ရမှာဖြစ်ပြီး အသုံးပြုသူတွေက လုပ်ဖို့ မလိုပါဘူး” လို့ MCMC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref : New Straits Times

  • ဂါဇာက စာသင်ကျောင်းတစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ ၃၀ ထက်မနည်း သေဆုံး

    ဂါဇာက စာသင်ကျောင်းတစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ ၃၀ ထက်မနည်း သေဆုံး

    ဇူလိုင် ၂၇၊ ၂၀၂၄
    M-Media

    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့မှာရှိတဲ့ ‘ခါဒီဂျာ’ စာသင်ကျောင်းကို အစ္စရေးက ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပါတယ်။

    စာသင်ကျောင်းမှာ စစ်ရှောင်တွေ အဓိကခိုလှုံနေတာဖြစ်ပြီး စာသင်ကျောင်းအတွင်းက ယာယီဆေးခန်းကို အစ္စရေးက ဒုံးကျည် ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၉၂၅၈ ဦး ရှိလာပြီဖြစ်ပါတယ်။

    အစ္စရေးဟာ စာသင်ကျောင်း၊ ဆေးရုံ၊ စစ်ရှောင်စခန်းတွေပါမကျန် မြင်မြင်သမျှကို အကြမ်းဖက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – ခါဒီဂျာ စာသင်ကျောင်း တိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း)

  • မက္ကဆီကိုအစိုးရကို အိတ်ထဲထည့်ထားသည့် မူးယစ်ရာဇာကို အမေရိကန်တွင် ဖမ်းမိ

    မက္ကဆီကိုအစိုးရကို အိတ်ထဲထည့်ထားသည့် မူးယစ်ရာဇာကို အမေရိကန်တွင် ဖမ်းမိ

    ဇူလိုင် ၂၆၊ ၂၀၂၄
    M-Media

    ကမ္ဘာ့ကြောက်စရာအကောင်းဆုံး မက္ကဆီကို မူးယစ်ရာဇာ အစ္စမေး ဇမ်ဘာဒါ ဂါစီယာကို အမေရိကန်နိုင်ငံ အလ်ပါဆိုမြို့မှာ အမေရိကန်အာဏာပိုင်တွေက ဇူလိုင် ၂၆ ရက်နေ့မှာ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

    အလ်မာယိုလို့ အမည်ပြောင်ပေးထားတဲ့ ဂါစီယာဟာ၊ နောက်ထပ် နာမည်ကျော် မူးယစ်ရာဇာ အလ်ချာပိုနဲ့ ပူးပေါင်းပြီး ဆီနာလိုအာ မူးယစ်ဂိုဏ်းကို တည်ထောင်ထားတာပါ။ အလ်မာယိုဟာ မက္ကစီကို အစိုးရနဲ့ စစ်တပ်တစ်ခုလုံးကို လာဘ်ငွေအမြောက်အများပေးကာ ၁၀ စုနှစ်များစွာ ရှောင်တိမ်း နေထိုင်ခဲ့တယ်လို့ သတင်းထွက်သူပါ။ အသက် ၇၀ ရှိပြီဖြစ်ပြီး အမေရိကန်အစိုးရက မူးယစ်မှုနဲ့ အလိုရှိနေကာ ဆုငွေ ကန်ဒေါ်လာ ၁၅ သန်း ထုတ်ထားခံရသူလည်း ဖြစ်ပါတယ်။

    သူ့သူငယ်ချင်း အလ်ချာပိုရဲ့သား ဂျိုအာကွင်း ဂူဇ်မန် လိုပက်ဇ်က မူးယစ်မှောင်ခို ပို့ဖို့အတွက် သူတို့ဆောက်ထားတဲ့ လေယာဥ်ကွင်း သွားကြည့်မယ်လို့ဆိုကာ ဂါစီယာကို လှည့်ဖျားခေါ်ဆောင်ပြီး အမေရိကန်အာဏာပိုင်တွေလက်ထဲ အပ်ခဲ့တာလို့ အမေရိကန်အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Fox သတင်းဌာနက ဖော်ပြပါတယ်။

    အလ်ချာပိုဟာ မူးယစ်မှုနဲ့ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ကို လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသူဖြစ်ပါတယ်။ ဂူဇ်မန် လိုပက်ဇ်က ဖခင်အဖမ်းခံရတာဟာ ဂါစီယာကြောင့်လို့ ယူဆကာ အမေရိကန်အာဏာပိုင်တွေလက်ထဲကို ထည့်ပေးခဲ့တာလို့ ဆိုပါတယ်။

    ဂါစီယာနဲ့အတူ ဂူဇ်မန် လိုပက်ဇ်ကိုလည်း အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

    Ref: Fox News

  • ရူပ၊ ဓာတုနှင့် ပရိုဂရမ်းမင်းတို့ကို ကိုယ်တိုင်လေ့လာပြီး ဒုံးပျံကုတ်ရေးခဲ့သည့် အသက် ၁၁ နှစ်အရွယ် တရုတ်ကလေးငယ်

    ရူပ၊ ဓာတုနှင့် ပရိုဂရမ်းမင်းတို့ကို ကိုယ်တိုင်လေ့လာပြီး ဒုံးပျံကုတ်ရေးခဲ့သည့် အသက် ၁၁ နှစ်အရွယ် တရုတ်ကလေးငယ်

    ဇူလိုင် ၂၆၊ ၂၀၂၄
    M-Media

    -သိပ္ပံနဲ့ ကွန်ပျူတာပညာရပ်တွေကို ကိုယ်တိုင်လေ့လာပြီး ဒုံပျံတစ်ခု ပျံသန်းဖို့ စာကြောင်း ၆၀၀ ပါ ကွန်ပျူတာကုတ် ရေးခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်လေးဟာ တရုတ်ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားလာပါတယ်။

    ယန်ဟုန်စင်းလို့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ကပါ။ အသက် ၄ နှစ်အရွယ်က Long March-2 ဒုံးပျံ လွှတ်တင်တာကို သွားကြည့်ပြီးတဲ့နောက် ဒုံးပျံပညာရပ်ကို စိတ်၀င်စားလာတာဖြစ်တယ်လို့ ဖခင်က ပြောပါတယ်။

    မူကြိုအရွယ်ထဲကနေ အွန်လိုင်းက ကွန်ပျူတာပရိုဂရမ်းမင်း အတန်းတွေကို တက်ခဲ့ပြီး၊ ရူပဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်တွေကို စာအုပ် အွန်လိုင်း ဗီဒီယိုတွေကနေ ယန်ဟုန်စင်းက လေ့လာခဲ့တာဖြစ်ပါတယ်။

    မိဘတွေကလည်း သားဖြစ်သူရဲ့ ဆန္ဒကိုဖြည့်ဆည့်းပေးဖို့အတွက် အိပ်ခန်းကို ဒုံးပျံစမ်းသပ်စင်တာအဖြစ် အသွင်ပြောင်းပေးခဲ့ပါတယ်။

    သူ့ရဲ့ ပထမဆုံး လောင်စာခဲ ဒုံးပျံကို ၂၀၂၂ ခုနှစ် သြဂုတ်လမှာ စတင်တီထွင်ခဲ့ပြီး ၁၀ လ ကြာမြင့်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လ ဒုံးပျံကို စမ်းသပ်လွှတ်တင်ခဲ့ရာမှာ အောင်မြင်စွာ ပျံတက်နိုင်ခဲ့ပေမယ့် ဒုံးပျံကနေ တွန်းအားပေး အင်ဂျင်တစ်လုံးကို ခွာထုတ်ရာမှာ လိုအပ်တဲ့ လေထီး မပွင့်တဲ့အတွက် ဒုံးပျံပါထိခိုက်ပြီး ပျက်ဆီးခဲ့ပါတယ်။

    ဒါပေမယ့် ယန်ဟုန်စင်းဟာ ပထမအကြိမ်ကြိုးပမ်းမှုက အပြစ်ကိုရှာပြီး ဒုတိယမြောက် ဒုံးပျံကို ဆက်လက်ဖန်တီးနေပါတယ်။ လတ်တလော ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ သူ့ရဲ့ ဗီဒီယိုမှာ ဒုံးပျံ ပျံသန်းမှုစနစ်အတွက် သူရေးထားတဲ့ စာကြောင်းရေ ၆၀၀ ပါ ကွန်ပျူတာကုတ်ကို ပြခဲ့ပါတယ်။

    ဖခင်ဖြစ်သူက ယန်ဟုန်စင်းဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း အရက်ဖက် ကာကွယ်ရေးတက္ကသိုလ်ကို ၇ ခုထဲက တစ်ခုမှာ တက်ခွင့်ရအောင် စီမံကိန်းချ ကြိုးစားနေတယ်လို့ ပြောပါတယ်။

    ယန်ဟုန်စင်းဟာ တရုတ်နိုင်ငံမှာ အသက် အငယ်ဆုံး ဒုံးပျံတီထွင်သူအဖြစ်လည်း မှတ်တမ်း၀င်ပါတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင်လ အသက် ၉ နှစ်အရွယ်မှာ နက္ခတဗေဒ မှတ်တမ်းရုပ်ရှင်က သီအိုရီပိုင်း အမှားအယွင်းကို ထောက်ပြပေးခဲ့တဲ့အတွက်လည်း ယန်ဟုန်စင်းတစ်ယောက် နာမည်ကျော်ခဲ့ပါတယ်။

    Ref: The Star