News @ M-Media

Blog

  • မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ အမီးရ်ခန်းမဟုတ်

    မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ အမီးရ်ခန်းမဟုတ်

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    mayweather

    – အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေ၀ယ်သာက ၎င်း၏ နောက်ထပ် ပြိုင်ဘက်မှာ အန်ဒရီ ဘာတို သို့မဟုတ် ကရင်မ် မေဖီးလ်တို့ထဲမှ တစ်ဦးဦး ဖြစ်မည်ဟု ပြောကြားလိုက်ပြီး ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်း၏ မေ၀ယ်သာနှင့် ထိုးသတ်ရေး မျှော်လင့်ချက်မှာ ပျက်သုဉ်းသွားခဲ့ရသည်။

    ပက်ကွီအိုအား အမှတ်ဖြင့် အနိုင်ရပြီးနောက်ပိုင်း မေ၀ယ်သာက ၎င်းမှာ ယခုနှစ်နှောင်းပိုင်းတွင် နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည်ဟု ပြာကြားခဲ့ပြီး ၎င်း၏ ပြိုင်ဘက်မှာ မည်သူဖြစ်မည်နည်းဆိုသည့် ကောလဟာလများ ထွက်ပေါ်ခဲ့သည်။

    အမီးရ်ခန်းမှာ မေ၀ယ်သာအား ထပ်တလဲလဲစိန်ခေါ်ထာပြီး ခရစ် အလ်ဂီရီအား ပြီးခဲ့သည့်လက အမှတ်ဖြင့် အနိုင်ရခဲ့သည့်နောက်တွင် မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ ၎င်းပင် ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။

    သို့သော်လည်း စက်တင်ဘာတွင် မည်သူနှင့် ထိုးသတ်မည်နည်းဟု ESPN က မေ၀ယ်သားအား ယမန်နေ့က မေးမြန်းခဲ့ရာတွင် ၎င်းက “အန်ဒရီ ဘာတို ဒါမှမဟုတ် ကရင်မ်မေဖီးလ်နဲ့ စက်တင်ဘာမှာ ထိုးသတ်မှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ အမှန်တစ်ကယ်ပြောခြင်း ဟုတ်မဟုတ် ထပ်မံမေးမြန်းခဲ့ရာ ၎င်းက လုံးဝဖြစ်မည်ဟု ဆိုသည်။

    စနေနေ့က လက်ဝှေ့ပွဲတစ်ခုအပြီးတွင်လည်း မေ၀ယ်သာက အမီးရ်ခန်းနှင့် ထိုးသတ်မှုမှာ မဖြစ်နိုင်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    အန်ဒရီဘာတိုမှာ ဟေတီ-အမေရိကန်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ရှိကာ WBA တွင် အဆင့် ၁ နေရာကို ရယူထားသည်။ ထို့ပြင် ယခင် ၀ယ်သာဝိတ်ချန်ပီယံ ၂ ကြိမ်လည်း ဖြစ်ခဲ့ဖူးသည်။

    အသက် ၃၄ နှစ်အရွယ် အမေရိကန် လက်ဝှေ့သမား ကရင်မ် ရရှီးဒ် မေဖီးလ်မှာ ၀ယ်သာဝိတ်တန်းတွင် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဖြစ်ပြီး နောက်ဆုံး ၃ ပွဲတွင် ၂ ပွဲရှုံးနိမ့်ထားသည်။

    Ref: Dailymail

  • ပါကစ္စတန်တွင် အပူလှိုင်းကြောင့် ၂ ရက်အတွင်း လူ ၁၀၀ ကျော်သေဆုံး

    ပါကစ္စတန်တွင် အပူလှိုင်းကြောင့် ၂ ရက်အတွင်း လူ ၁၀၀ ကျော်သေဆုံး

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    paki

    – ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်ရှိ ကရာချီမြို့နှင့် အခြားသောခရိုင်များတွင် ကြုံတွေ့ခဲ့ရသည့် အပူလှိုင်းကြောင့် အနည်းဆုံး လူ ၁၃၀ သေဆုံးခဲ့သည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ထို့ကြောင့် ပြည်နယ်အစိုးရက ပြည်နယ်အတွင်းရှိ ဆေးရုံများအားလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဆရာဝန်များ၊ အခြားသောဝန်ထန်းများအားလုံး၏ ခွင့်များကို ပယ်ဖျက်ကာ ဆေးဝါးများကိုလည်း တိုးမြှင့်ထောက်ပံ့ပေးထားသည်။

    တောင်ဘက်ဆိပ်ကမ်းမြို့ဖြစ်သော ကရာချီတွင် အပူချိန်မှာ စနေနေ့က ၄၅ ဒီဂရီ ဆဲလ်စီးယက်စ်သို့ ရောက်ရှိခဲ့ပြီး ၁၉၇၉ ခုနှစ်က စံချိန်အပူချိန် ၄၇ ဒီဂရီထက် အနည်းငယ်သာ လျော့နည်းသည်။

    အစိုးရပိုင် ဂျင်နာဆေးရုံရှိ အရေးပေါ်ဌာန၏ အကြီးအကဲဖြစ်သူ ဒေါက်တာ စီးမင်း ဂျာမာလီကမူ ၎င်းတို့၏ဆေးရုံတွင် အပူလှိုင်းကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် သေဆုံးသူအများစုမှာ သက်ကြီးပိုင်းများဖြစ်သည်ဟု ဆိုသည်။

    အဏာပိုင်များက ထိုကဲ့သို့ သေဆုံးမှုများမှာ စနေနေ့ညပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မိုလေ၀သက လာမည့်နေ့များတွင် အပူချိန် လျော့ကျဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သော်လည်း ဆရာဝန်များကမူ နေရောင်အား တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရန်နှင့် ပေါ့ပါးသောအ၀တ်များကို ၀တ်ဆင်ရန် အကြံပြုထားသည်။

    Ref: Aljazeera

  • ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် မျှမျှတတရခဲ့သည်ဟု ပူတင်ပြော

    ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် မျှမျှတတရခဲ့သည်ဟု ပူတင်ပြော

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    putin

    – ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို မိမိတို့နိုင်ငံက ရိုးရိုးသားသားနှင့် မျှမျှတတ ရခဲ့ခြင်းဖြစ်သည်ဟု ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။

    လာဘ်ယူမှုဖြင့် ဖီဖာတာဝန်ရှိသူများ အက်ဖ်ဘီအိုင်၏ ဖမ်းဆီးတရားစွဲဆိုခြင်းကို ခံခဲ့ရပြီးနောက် ဆွစ်ဇာလန်အာဏာပိုင်များက မိမိတို့မှာ ၂၀၁၈ ကမ္ဘာဖလားအိမ်ရှင်အဖြစ် ရုရှားကို ရွေးချယ်မှုနှင့် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာနိုင်ငံအား ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ဖီဖာ၏ စာရင်းစစ်နှင့် စီစစ်ရေးကော်မတီ အကြီးအကဲ ဒိုမီနီကို စကာလာကလည်း အကယ်၍ အဆိုပါ ကမ္ဘာ့ဖလား ၂ ခု၏ အိမ်ရှင်ရွေးချယ်မှုတွင် ချစားမှုများ ရှိခဲ့ပါက နှစ်နိုင်ငံစလုံး ကျင်းပခွင့် ရုပ်သိမ်းခံရမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ပူတင်ကမူ ရုရှားအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်မှာ သေချာပြီး မိမိတို့တွင် မည်သည့်ဖုံးကွယ်စရာမှ မရှိဟု ဆိုသည်။

    “တစ်ယောက်ယောက်မှာ အထောက်ထားရှိရင် သူတို့ကို ပြခွင့်ပြုလိုက်ပါ။ ကျွန်တော်တို့ဟာ မျှမျှတတနဲ့ ရွေးချယ်ခံရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ (ပြိုင်ပွဲအတွက်) အရိုးသားဆုံးစိတ်ဓာတ်နဲ့ ပြိုင်ခဲ့ပြီး ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဖီဖာက ယုံကြည်ခဲ့သလိုပဲ ကျွန်တော်တို့ဟာ
    အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ကစားကွင်းဆောက်လုပ်မှုကိုလည်း စတင်ပြီးခဲ့ပါပြီ” ဟု ပူတင်က ပြောကြားခဲ့သည်။

    ဖီဖာဒုဥက္ကဌဟောင်း ဂျက်ဝါနာမှာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် တောင်အာဖရိက၏ ကမ်းလှမ်းမှုကို ထောက်ခံပေးရန် လာဘ်ယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် စုံစမ်းစစ်ဆေးမှုများအတွင်း ဘဏ်အကောင့် ၁၀၀ ကျော်တွင် သံသယဖြစ်စရာ အခြေအနေများ တွေ့ခဲ့ရသည်ဟု အတည်ပြုပြောကြားထားသည်။

    Ref: Goal

  • လက်နက်ထုတ်လုပ်သူများကို ခရစ်ယာန်အဖြစ် ခေါ်၍မရဟု ပုပ်ရဟန်းမင်းကြီးပြော

    လက်နက်ထုတ်လုပ်သူများကို ခရစ်ယာန်အဖြစ် ခေါ်၍မရဟု ပုပ်ရဟန်းမင်းကြီးပြော

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    – လက်နက်ထုတ်လုပ်သူများ သို့မဟုတ် လက်နက်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့မှာ ခရစ်ယာန်များဟု ပြောလျှင် အယောင်ဆောင်များပင် ဖြစ်လိ့မ်မည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ၎င်း၏ အီတလီခရီးစဉ် ပထမနေ့အဖြစ် တူရင်မြို့၌ လူငယ်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လူတွေကိုသာ ယုံကြည်ခဲ့ရင် ဆုံးရှုံးသွားတာပါပဲ။ ငါ စဉ်းစားမိတာ လူတွေ၊ မန်နေဂျာတွေ၊ စီးပွားရေးသမားတွေက သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ခေါ်ကြတယ်။ ပြီးတော့ လက်နက်တွေထုတ်လုပ်ကြတယ်။ ဒါဟာ (ခရန်ယာန်ဖြစ်ကြောင်း) သံသယဖြစ်စေတာ မဟုတ်ဘူးလား” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် လူငယ်များအား စစ်ပွဲ၊ ယုံကြည်မှုနှင့် နိုင်ငံရေးအကြောင်းများကိုလည်း ပြောခဲ့ကာ စောစောပိုင်းက ပြောကြားရန် စီစဉ်ထားသည့် ကြောင်းအရာများကို မပြောဘဲ ဖျက်၍ ၎င်းစိတ်ကြိုက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    လက်နက်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများကိုလည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပြီး “လှည့်စားခြင်းက ယနေ့ခေတ် ငွေကြေးဖြစ်နေကာ၊ တစ်ခုကိုပြော၍ အခြားတစ်ခုကို လုပ်နေကြသည်” ဟု ဆိုသည်။

    နာဇီများက ဂျူးများအား မျိုးတုန်းသတ်ဖြတ်သည့် ဟိုလိုကော့စ် အစီအစဉ်ကိုလည်း ပုပ်ရဟန်းမင်းကြီးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “ဂျူးတွေ၊ ခရစ်ယာန်တွေ၊ လိင်တူဆက်ဆံသူတွေနဲ့ လူတိုင်းကိုသတ်ဖို့ ဆောက်ထားတဲ့ အော့ဇ၀စ်လို အကျဉ်းစခန်းတွေကို ရထားတွေရောက်စေတဲ့ ရထားလမ်းမြေပုံတွေ အင်အားကြီးနိုင်ငံတွေမှာ ရှိခဲ့ပါတယ်။ ဘာ့ကြောင့် အဲဒီရထားလမ်းတွေကို သူတို့ ဗုံးမကြဲခဲ့တာလဲ”

    ပုပ်ရဟန်းမင်းကြီးမှာ စစ်ပွဲများ၊ လက်နက်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားလေ့ရှိပြီး ပြီးခဲ့သည့်လကလည်း လက်နက်ထုတ်လုပ်သည့် နိုင်ငံများမှာ ငြိမ်းချမ်းရေးကို မလိုချင်ကြဟု ပြောကြားခဲ့ဖူးသည်။

    Ref: Reuters

  • လေးစားဖွယ်ကောင်းသည့် ဂါဇာမှ ညီရင်းအစ်ကိုစိတ်ဓာတ်

    လေးစားဖွယ်ကောင်းသည့် ဂါဇာမှ ညီရင်းအစ်ကိုစိတ်ဓာတ်

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးက ပိတ်ဆို့ထားလို့ အတိဒုက္ခရောက်နေကြတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်အထွက် ၀ါဖြေချိန် အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေကြတဲ့ မွတ်စလင်တွေကို ပါလက်စတိုင်း ခရစ်ယာန်တွေက ရေသန့်ဘူးတွေပေးကာ ၀ါဖြေဖို့ အကူအညီပေးနေတဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာမှာ အခုရက်ပိုင်းအတွင်း ပြန့်နှံ့လာခဲ့ပါတယ်။

    ပါလက်စတိုင်းတို့ရဲ့ အမှတ်အသားဖြစ်တဲ့ ပိတ်စကို လည်ပင်းမှာချီလို့ ရေဘူးတွေ ကိုယ်စီကိုင်ကာ ၀ါဖြေချိန် ကားလမ်းမှာ ပိတ်မိနေတဲ့ မွတ်စလင်တွေကို ၀ါဖြေဖို့ အနက်ရောင် အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ် ခရစ်ယာန်လူငယ်တွေက ရေဘူးတွေပေးနေတဲ့ ဒီဓာတ်ပုံကို ပါလက်စတိုင်းက ဂျာနယ်လစ်နဲ့ စာရေးဆရာဖြစ်တဲ့ မိုဟာမက် မက်တာက Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီး
    “အစ်ဖ်သာရ် (၀ါဖြေဖို့) အတွက် မဆောင်ရွက်နိုင်ကြတဲ့ မွတ်စလင်တွေကို ခရစ်ယာန်တွေက ရေဘူးတွေ ဖြန့်ဝေပေးနေတာကို မြင်နေရတာပါ” လို့ ရေးသားခဲ့ပါတယ်။

    နောက်ပြီး သတင်းသမား၊ ဂျာနယ်လစ်၊ ဗီဒီယိုရိုက်ကူးတင်ဆက်သူနဲ့ အရှေ့အလယ်ပိုင်းအရေး ဆန်းစစ်လေ့လာသူတစ်ဦးဖြစ်တဲ့ ဂျမားလ် ဒါဂျာနီကလည်း အဲဒီလိုဓာတ်ပုံတွေကို Twitter မှာ မျှဝေခဲ့ပါတယ်။

    ဒါဟာ ပါလက်စတိုင်းမှာ နှစ်ထောင်နဲ့ချီ အတူရှိခဲ့ကြတဲ့ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကြားထဲမှာရှိတဲ့ ညီရင်းအကိုစိတ်ဓာတ်ကို ဖော်ကျူးပြသလိုက်တာပဲ ဖြစ်ပါတယ်။

    ပါလက်စတိုင်းဒေသမှာ လူများစုဖြစ်တဲ့ မွတ်စလင်တွေကလည်း ခရစ်ယာန်တွေရဲ့ အတိဒုက္ခရောက်မှုတွေကို မျှဝေခံစားလေ့ရှိပြီး အစ္စရေးအစိုးရနဲ့ ဂျူးလူရမ်းကားတွေရဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို တိုက်ခိုက်မှု၊ ခရစ်ယာန်တွေရဲ့ ၀တ်ပြုဆုတောင်းခွင့်ကို ပိတ်ပင်မှု၊ ဒုက္ခပေးမှုတွေကိုလည်း မွတ်စလင်တွေက ဦးဆောင်ရပ်တည် ကာကွယ်ပေးလေ့ရှိပါတယ်။

    နောက်ပြီး အစ္စရေးရဲ့ ပြီးခဲ့တဲ့နှစ်က ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ဂါဇာပြည်သူတွေ အခုထက်ထိ ခံစားနေရတယ်ဆိုတာကို ကမ္ဘာကြီးက သိရှိစေဖို့အတွက် အခြားဓာတ်ပုံ အနည်းငယ်ကိုလည်း ဂျာနယ်လစ်တွေက လွှင့်တင်ခဲ့ပါသေးတယ်။

    pla 2

    အဲဒါကတော့ ဂါဇာက ပါလက်စတိုင်းမိသားစုတစ်ခုဟာ အစ္စရေးရဲ့ ဗုံးဒဏ်ကြောင့် ပြိုကျ ပျက်ဆီးနေတဲ့ အမိုးအကာမဲ့ သူတို့ရဲ့အိမ်မှာ ဥပုသ်ထွက် ၀ါဖြေနေကြတဲ့ ပုံပါပဲ။

    ကလေးငယ်နဲ့ အမျိုးသမီးအများစုအပါအ၀င် လူပေါင်း ၂၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့နွေရာသီ အစ္စရေးတို့ရဲ့ ဗုံးကြဲမှုနောက်ပိုင်း ဂါဇာကမ်းမြှောက်က ပါလက်စတိုင်းတွေရဲ့ ဒုက္ခသုက္ခတွေဟာ တော်တော်ကြီး ဆိုးရွားလာခဲ့ပါတယ်။

    ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ဖို့ လျာထားပေမယ့်လည်း ကမ္ဘာ့နိုင်ငံတွေက ပေးဖို့ ကတိပြုထားတဲ့ အလှူငွေတွေ အချိန်မီရောက်မလာတာ၊ အစ္စရေးက ဆောက်လုပ်ရေးပစ္စည်းတွေ ဂါဇာဒေသထဲ သွင်းလို့မရအောင် ပိတ်ဆို့ထားတာတွေကြောင့် ဂါဇာပြည်သူအများစုဟာ အခုအချိန်အထိ ဟင်းလင်းပြင်ထဲမှာပဲ နေ့ည ဘ၀တွေကို ဖြတ်သန်းနေရပါတယ်။

    ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ၂၀၀၆ ခုနှစ်ကစလို့ ပိတ်ဆို့ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ၁.၈ သန်းကျော်သော ဂါဇာပြည်သူတွေရဲ့ လူမှုဘ၀တွေဟာ တဖြည်းဖြည်း ယိုယွင်းပျက်ဆီးလာခဲ့ပါတယ်။

    Ref: thenewsteller.com