News @ M-Media
Blog
  • ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်
    ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်
    ဇွန် ၂၁၊ ၂၀၁၅
    .refugees-50over-return
    ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေ ထဲက စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေက လူ ၅၅ ဦးကို နေရပ် အသီးသီးကို ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
    .
    ဒီနေ့ညနေပိုင်းမှာပဲ ပို့ဆောင်လိုက်တာလို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။
    .
    “အခုပဲ ကျောက်တော်တို့ မင်းပြားတို့ဘက်ကိုသွားပြီ ကားနဲ့သယ်သွားပါပြီခင်ဗျ၊ အခုမှပဲ သယ်သွားတယ် ဟိုဘက်ကိုတော့ မရောက်သေးဘူး သွားနေကြတုန်းပဲ၊ ကျန်တဲ့ဟာတော့ ဘူးသီးတောင်နဲ့ မောင်တောဘက် ကပဲ ကျန်တော့တယ်၊ အဲ့ဘက်ကလူတွေ အားလုံးက တောင်ပြိုတို့ဘာတို့က လွှဲပြီးသွားပြီ၊ အခု ဘူးသီးတောင် နဲ့ မောင်တောကလွှဲဖို့ သူတို့လုပ်နေကြတယ်၊ ဒီနေ့ကတော့ ကျနော်တို့ဘက်က စစ်တွေဘက်အခြမ်းကို အရင်ပို့တာပါ”
    .
    ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်တဲ့ လူ ၅၅ ဦးဟာ စစ်တွေက ၂၇ ဦး၊ မြောက်ဦးနဲ့ မင်းပြားက ၁ ဦးစီ၊ ပေါက်တောက ၁၄ ဦးနဲ့ ကျောက်တော်က ၁၂ ဦးတို့ဖြစ်ကြပါတယ်။
    .
    ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် မြန်မာရေပိုင်နက်ထဲဖမ်းဆီးရမိတဲ့ လှေစီး ဒုက္ခသည် ၇ဝဝ ကျော်ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင် ၁၇၈ ဦးပါဝင်ပါတယ်။
    .
    အဲ့ဒီအထဲက ၅၅ ဦးကို ဒီနေ့ နေရပ်အသီးသီးကို ပြန်လည် ပို့ဆောင်လိုက်တာဖြစ်ပြီး ကျန်တဲ့ လူ ၁ဝဝ ကျော် ကိုတော့ သူတို့ရဲ့ မူလနေရပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
    .
    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲက ကျန်နေသေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၄ဝ ကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်ပို့ဆောင်နိုင်ဖို့ အစိုးရက ကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
    .
    ဓါတ်ပုံအညွှန်း-စစ်တွေမြို့နယ်ကို ပြန်လည်ရောက်ရှိလာတဲ့လှေစီး ဒုက္ခသည်တွေကို စစ်တွေမြို့နယ် မှန်စီ စီမံခန့်ခွဲမှုရုံးမှာ ဇွန်လ ၂ဝ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
    .
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြပါသည်။
    http://www.rfa.org/burmese/news/refugees-50over-return-06202015110249.html
  • မန်ယူမှထွက်ချင်သည်ဟု အသင်းဖော်များအား ဒီဂီယာပြော
    မန်ယူမှထွက်ချင်သည်ဟု အသင်းဖော်များအား ဒီဂီယာပြော
    ဇွန် ၂၁၊ ၂၀၁၅
    M-Media
    de
    – မန်ယူအသင်း၏ အဓိကဂိုးသမား ဒေးဗစ်ဒီဂီယာကို စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက မကြာခင် ကမ်းလှမ်းရန်ရှိနေပြီး ဒီဂီယာကလည်း မိမိအနေဖြင့် မန်ယူမှ ထွက်ချင်သည်ဟု အသင်းဖော်များအား ပြောကြားထားသည်။
    ရာသီမကုန်ခင်ကတည်းက ဒီဂီယာအား ရီးယဲလ်မှ ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ဒီဂီယာ၏ မန်ယူအသင်းနှင့် အနာဂတ်မှာ မသေမချာဖြစ်နေသည်။ မန်ယူအသင်းဖော်များကလည်း ဒီဂီယာမှာ ရီးယဲလ်သို့ ပြောင်းရွှေ့ချင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောကြားမှုများရှိကြောင်း ၀န်ခံထားသည်။
    Sportsmail ကမူ ရီးယဲလ်မှာ မကြာမီတွင် အသက် ၂၄ နှစ်အရွယ် ဒီဂီယာအတွက် ပေါင် ၁၃ သန်းဖြင့် ကမ်းလှမ်းမှုများပြုလုပ်မည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ ပြောင်းရွှေ့ကြေးက မန်ယူမှ လက်ခံနိုသည့် ပြောင်းရွှေ့ကြေးမျိုး မဟုတ်ပေ။
    မန်ယူနည်းပြဗန်ဂါးလ်ကမူ ဒီဂီယာ အသင်းမှထွက်သွားပါက ၎င်းနေရာတွင် အစားထိုးရန်အတွက် စဉ်းစားပြီးဖြစ်သည်ဟု ရာသီမကုန်ခင်က ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် အသင်း၌ ဘာကာဂိုးသမားဟောင်း ဗစ်တာဗားလ်ဒက်စ် တစ်ယောက်သာ ဒီဂီယာနေရာအတွက် ရှိနေသည်။
    စပါးဂိုးသမား ဟူဂိုလိုရစ်နှင့် အက်သလက်တီကိုဂိုးသမား ဂျန်အိုဘလက်တို့ကိုလည်း မန်ယူက ဆက်သွယ်နေသည်ဟု သတင်းများထွက်နေပြီး စပါးကမူ ၎င်းတို့၏ ဂိုးသမားအတွက် အနည်းဆုံး ပေါင် ၃၅ သန်းခန့် တောင်းဆိုဖွယ်ရှိနေသည်။
    Ref: Dailymail
  • ချာလ်စတန်သေနတ်သမား၏ ကြေညာစာတမ်းတွင် လူမည်းများကို နိမ့်ကျသူများ အဖြစ် ဖော်ပြ၊ အာဏာပိုင်များက ဆန်းစစ်နေ
    ချာလ်စတန်သေနတ်သမား၏ ကြေညာစာတမ်းတွင် လူမည်းများကို နိမ့်ကျသူများ အဖြစ် ဖော်ပြ၊ အာဏာပိုင်များက ဆန်းစစ်နေ
    ဇွန် ၂၁၊ ၂၀၁၅
    M-Media
    chlst
    – – ချာလ်စတန်မြို့ရှိ လူမည်းများ၏ ခရစ်ယာန် ဘုရားကျောင်းအား ၀င်ရောက် ပစ်ခတ်ခဲ့သည့် သေနတ်သမား ရေးသားခဲ့သော ကြေညာစာတမ်းကို အမှုအား စုံစမ်းစစ်ဆေးသူ အာဏာပိုင်များက ဆန်းစစ်လေ့လာမှုများ ပြုလုပ်နေသည်ဟု အက်ဘီအိုင်က ပြောကြားလိုက်သည်။
    အသက် ၂၁ နှစ်အရွယ် လူဖြူသေနတ်သမား ဒိုင်လန်ရုဖ်မှာ စာလုံးရေ ၂၅၀၀ နီးပါးပါဝင်သော ကြေညာစာတမ်းတစ်ခုကို ရေးသားခဲ့ပြီး အဆိုပါကြေညာစာတမ်းကို ၎င်း၏နာမည်ဖြင့် ဖေဖော်ဝါရီ ၉ ရက်နေ့က စာရင်းသွင်းခဲ့သော ၀ဘ်ဆိုက်တွင် ယမန်နေ့က တွေ့ခဲ့ရသည်။
    ကြေညာစာတမ်းတွင် ရုဖ်က လူမည်းများအား နိမ့်ကျသော လူများအဖြစ် ဖော်ပြခဲ့ပြီး လူဖြူများ၏ သူရဲဘောကြောင်မှုကိုလည်း ၀မ်းနည်းမိသည်ဟု ဆိုသည်။ ထို့ပြင် လူမည်းများကို ပစ်မှတ်ထားကာ ချာလ်စတန်ဘုရားကျောင်းတိုက်ခိုက်မှုအား ကြိုတင်စီစဉ်ခဲ့ပုံကိုလည်း ၎င်း၏ ကြေညာစာတမ်းတွင် တွေ့ရသည်။
    “ငါ့မှာရွေးစရားမရှိဘူး။ ဂတ်တိုကိုသွားပြီး တိုက်ဖို့ အနေအထားမျိုးလည်း င့ါမှာမရှိဘူး။ ချာလ်စတန်ကို ဘာ့ကြောင့်ရွေးရသလဲဆိုတော့ ငါ့ပြည်နယ်မှာ သမိုင်းအ၀င်ဆုံးမြို့ ဖြစ်လို့ပဲ။ နောက်ပြီး တစ်ချိန်က နိုင်ငံအတွင်းမှာ လူဖြူထက် လူမည်းအချိုး အမြင့်ဆုံးဖြစ်ခဲ့တယ်။ ငါတို့မှာ လူမိုက်တွေမရှိဘူး။ တကယ့် ကေသုံးလုံးဂိုဏ်းမျိုး မရှိဘူး။ အင်တာနက်မှာ ပြောနေတာကလွဲလို့ ဘယ်သူမှ ဘာမှမလုပ်ကြဘူး။ တစ်ယောက်ယောက်က ဒါကို လက်တွေ့ကမ္ဘာထဲကို ယူသွားဖို့ သတ္တိရှိရမယ်။ အဲဒီသူကတော့ ငါပဲလို့ထင်တယ်” ဟု ကြေညာစာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။
    ထို့ပြင် ထိုဝဘ်ဆိုဒ်တွင် လူဖြူလူမျိုးကြီးဝါဒ၏ ကုဒ်နံပါတ်ဖြစ်သော နံပါတ် ၈၈ အင်္ကျီဝတ်ထားသည့် ဓာတ်ပုံ၊ တောင်ကယ်ရိုလိုင်းနား သဲပြင်တွင် “Heil Hitler” (ဟိုင်း ဟစ်တလာ) စာတမ်းကို ရေးသားထားသည့် ဓာတ်ပုံများအပါအ၀င် ဓာတ်ပုံပေါင်း ၆၀ ခန့်ကိုလည်း လွှင့်တင်ထားပြီး ခွဲထွက်ရေးအလံ (ကွန်ဖက်ဒရိတ် အလံ) ကိုင်ထားသည့် ပုံများအပါအ၀င်၊ အများစုမှာ ပြည်တွင်းစစ်မဖြစ်ခင် ခွဲထွက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် သမိုင်းဝင်နေရာများတွင် ဖြစ်သည်။
    လူဖြူသေနတ်သမားများနှင့် လူဖြူရဲတပ်ဖွဲ့ဝင်များ၏ ပစ်သတ်မှုကို ခံခဲ့ရသည့် လူမည်းများ၏ အမှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်များကိုလည်း ရုဖ်က ကြေညာစာတမ်းတွင် ထည့်သွင်းရေးသားထားသည်။
    လူမည်းဘုရားကျောင်း သေနတ်ပစ်ခတ်မှုအတွက် စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သူ ဖက်ဒရယ်တာဝန်ရှိသူတစ်ဦးက FBI အနေဖြင့် အဆိုပါ ၀ဘ်ဆိုက်ကို သတိထားစောင့်ကြည့်နေပြီး ဆန်းစစ်မှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    ထိုကြေညာစာတမ်းမှာ ရုဖ်ကိုယ်တိုင်ရေးခဲ့လား၊ သို့မဟုတ် ရေးခိုင်းခဲ့လားဆိုသည်နှင့် ဓာတ်ပုံများကို Timer အသုံးပြု၍ ရိုက်ခဲ့လား သို့မဟုတ် တစ်ဦးတစ်ယောက်က ရိုက်ပေးခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
    ရုဖ်ကမူ ၎င်းအနေဖြင့် ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမှာ လူမျိုးရေးစစ်ပွဲ ဖြစ်ပွားစေချင်သည့်အတွက်ကြောင့်ဖြစ်သည်ဟု အာဏာပိုင်များထံ ထွက်ဆိုထားသည်။
    Ref: nytimes, aljazeera
  • စင်ကာပူနိုင်ငံတွင် မားစ်ရောဂါ မကြာခင်ရောက်လာနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးပြော
    စင်ကာပူနိုင်ငံတွင် မားစ်ရောဂါ မကြာခင်ရောက်လာနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးပြော
    ဇွန် ၂၁၊ ၂၀၁၅
    M-Media
    sing
    – နိုင်ငံ၏ ကမ္ဘာတစ်ဝှမ်းနှင့် ဆက်သွယ်ဆောင်ရွက်မှုများကြောင့် တောင်ကိုရီးယားနိုင်ငံတွင် ပြန့်နှံ့နေသော မားစ်ရောဂါမှာ များမကြာမီ နိုင်ငံအတွင်းသို့ ရောက်ရှိလာနိုင်သည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီး ဂန်ကင်မ်ယုံက သောကြာနေ့တွင် ပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံတွင် အိုမန်မှ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး၌ မားစ်ရောဂါကို ပထမဆုံး တွေ့ရှိခဲ့သည်ဟု ကြာသာပတေးနေ့တွင် အတည်ပြုခဲ့ပြီး တောင်ကိုရီးယားတွင်လည်း ကူးစက်သူအရေအတွက်မှာ ၁၆၀ ကျော်လာပြီဖြစ်သည်။
    လေဆိပ်တွင် ထိုင်းနိုင်ငံမှလာရောက်သည့် ခရီးသည်များ၏ ကိုယ်အပူချိန် စောင့်ကြည့်စစ်ဆေးမှုများကို တိုးချဲ့ပြုလုပ်သွားမည်လားဟု မေးမြန်းရာ မစ္စတာဂန်က မိမိတို့တွင် လိုက်နာရမည့် အဆင့်များရှိသည်ဟု ဖြေကြားခဲ့သည်။ လက်ရှိအချိန်တွင် ကိုယ်အပူချိန် စစ်ဆေးမှုများကို ရောဂါပိုးပြန့်နှံ့ရာ အရှေ့အလယ်ပိုင်းနှင့် တောင်ကိုရီးယားတို့မှ ရောက်လာသည့် ခရီးသည်များကိုသာ ပြုလုပ်နေသည်။
    “တကယ်လို့ လူနာနေမကောင်းရင် ပထမဆုံး သူတို့နဲ့ ထိတွေ့ရတာပါပဲ။ ဒါကြောင့် နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး သိရှိစေဖို့ သူတို့ကို အကြောင်းကြားရပါတယ်။ ဒါမှသာ သူတို့ သတိထားမှာပါ။ ပြီးတော့ ကျွန်တော်တို့ ဆေးရုံတွေမှာ လက်တွေ့လေ့ကျင့်လုပ်ဆောင်မှုကို ဆက်လက် လုပ်သွားမှာပါ။ ဒါမှသာ တကယ်လို့ စင်ကာပူမှာ မာစ်းရောဂါဖြစ်ရင် ကိုင်တွယ်ပုံ ကိုယ်တွယ်နည်းတွေနဲ့ အကျွမ်းတ၀င်ရှိမှာပါ” ဟု ဂန်ကင်မ်ယုံက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • ချာလ်စတန်ဘုရားကျောင်း တိုက်ခိုက်ခံရမှုအတွက် အမေရိကန်မွတ်စလင်များ ဆုတောင်းပွဲ  ပြုလုပ်မည်
    ချာလ်စတန်ဘုရားကျောင်း တိုက်ခိုက်ခံရမှုအတွက် အမေရိကန်မွတ်စလင်များ ဆုတောင်းပွဲ ပြုလုပ်မည်
    ဇွန် ၂၁၊ ၂၀၁၅
    M-Media
    us
    – တောင်ကယ်ရိုလိုင်းနားရှိ လူမည်းဘုရားကျောင်း ပစ်ခတ်မှုပြီးနောက် ထိခိုက်ခံစားခဲ့ရသူများ၏ နာကျင်မှုများ အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အမေရိကန်တစ်ဝှမ်းရှိ မွတ်စလင်များအနေဖြင့် “ဆုတောင်းဖွယ်နေ့” ပြုလုပ်ရန် ဘာလ်တီမိုးရ်မွတ်စလင်လူ့အဖွဲ့အစည်း ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။
    “အမေရိကန်တစ်ဝှမ်းက မွတ်စလင်တွေ ရမ်ဇာန်ဥပုလ်လကို တွေ့ကြုံနေရတဲ့အချိန်မှာ အမုန်းတရားကို ခန္တီသည်းခံခြင်းနဲ့ တွန်းလှန်ဖို့ဆိုတဲ့ လိုအပ်ချက်နဲ့ပတ်သက်ပြီး ပုံဖော်ဖို့၊ အဲဒီအသတ်ခံရသူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့၊ ကြေကွဲဆို့နင့်နေကြတဲ့ မိသားစုတွေ၊ လူ့အဖွဲ့အစည်းတွေ ငြိမ်းချမ်းမှုရဖို့၊ သူတို့ရဲ့ ပရိဒေ၀မီးတွေ ချုပ်ငြိမ်းစေဖို့အတွက် ဆုမွန်ကောင်းတောင်းပေးဖို့ လူ့အဖွဲ့အစည်းတွေကို တိုက်တွန်းပါတယ်” အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ၏ မေရီလန်းအဖွဲ့ခွဲမှ ထုတ်ပြန်သော ကြေညာချက်တွင် မန်နေဂျာ ဇိုင်နဘ် ချောင်ဒရီက ပြောကြားခဲ့သည်။
    ချာလ်စတန်မြို့ရှိ အဆိုပါ Emanuel African Methodist Episcopal ဘုရားကျောင်းအတွင်း တိုက်ခိုက်ခံရမှုမှာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသရှိသူ သေနတ်သမား ဒိုင်လန်ရုဖ်မှာ အမျိုးသမီ ၆ ဦးနှင့် အမျိုးသား ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
    “လူမျိုးရေးခွဲခြားမှု အဆုံးသတ်သွားဖို့အတွက် ကျွန်တော်တို့ဟာ အတူတကွပေါင်းစည်းပြီး ဆုတောင်းမှုအကြီးကြီးလုပ်ဖို့ လိုပါတယ်။ ဘုရားသခင်ထံမှာ အသနားခံဖို့ အကောင်းဆုံးအချိန်ကတော့ ဥပုသ်သီလဆောက်တည်တဲ့အချိန်နဲ့ ဆုဂျူဒ်းပြုလုပ်တဲ့အချိန် (၀တ်ပြုဦးချချိန်) ပဲ ဖြစ်ပါတယ်။ အမေရိကန်တစ်ဝှမ်းလုံးမှာရှိတဲ့ မွတ်စလင်တွေအနေနဲ့ ကျွန်တော်တို့ တိုင်းပြည်ကြီး ခံစားနေရတာတွေ နိဂုံးချုပ်စေရေး ဆုတောင်းဖို့၊ လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေ ရပ်တန့်ပျောက်ကွယ်သွားရေး စုပေါင်းဒိုအာပြုကြဖို့ ကျွန်တော် တောင်းဆိုပါတယ်” ဟု ဂျွန်ဟော့ကင်း ဆေးရုံနှင့် ဘာလ်တီမိုး ရဲဌာနတို့မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ အီမာမ် ဟာဆန် အေမင်ကပြောကြားခဲ့သည်။
    ထိုကဲ့သို့ လူမည်းဘုရားကျောင်းအား တိုက်ခိုက်မှုကို CAIR နှင့် မြောက်အမေရိက အစ္စလာမ့်အ၀န်းအ၀ိုင်းအဖွဲ့ ICNA တို့အပါအ၀င် အမေရိကန်ရှိ ထင်ရှားသည့် မွတ်စလင်အဖွဲ့အစည်းများက ရှုတ်ချခဲ့ကြသည်။
    “လူမျိုးရေး ရန်လိုမှုကြောင့် လူမည်းခရစ်ယာန်တွေက လူဖြူတွေရဲ့ လွှမ်းမိုးမှုကနေ ခွဲထွက်သွားတဲ့အချိန် ၁၈၀၀ ပြည့်နှစ်လောက်စလို့ အာဖရိကန်-အမေရိကန်တွေရဲ့ ဘာသာရေးသမိုင်းမှာ မြင့်မြတ်ရာနေရာ အထူးသဖြင့် ဘုရားကျောင်းတွေကို လူမျိုးရေးဇောင်းပေးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ ဆက်တိုက်ရှိလာခဲ့ပါတယ်” ဟု ICNA က ၎င်းတို့၏၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော ကြေညာချက်၌ ဖော်ပြခဲ့သည်။
    ဗုဒ္ဓဟူးနေ့က အဆိုပါတိုက်ခိုက်မှုမှာ ၁၉၉၁ ခုနှစ်နောက်ပိုင်း အမေရိကန်ရှိ ၀တ်ပြုရာနေရာတစ်ခုကို အဆိုးဝါးဆုံး တိုက်ခိုက်မှုဖြစ်သည်။
    “အယူဝါဒပေါင်းစုံက လူ့အဖွဲ့အစည်းတွေအနေနဲ့ အမုန်းတရားပါတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ သူတို့ရဲ့ လူမျိုး၊ လူမျိုးစု၊ ဒါမှမဟုတ် မွေးဖွားရာဇာတိတွေကို ခွဲခြားမှုမရှိဘဲ အမေရိကန်က ကျွန်တ်ာတို့ရဲ့ ၀တ်ပြုရာအဆောက်အအုံတွေဟာ ငြိမ်းချမ်းပြီး လုံခြုံတဲ့နေရာတွေ ဖြစ်သင့်ပါတယ်” ဟု ICNA ဥက္ကဌ
    နအီမ်ဘာအစ်ဂ်က ပြောကြားခဲ့သည်။
    CAIR နှင့် ဘာလ်တီမိုးရ် မွတ်စလင်ခေါင်းဆောင်များမှာ တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားသူများ၏ မိသားစုများထံသို့ ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။
    “ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ကဏ္ဍ ၅၊ ပါဒတော် ၃၂ မှာ ‘အကြင်မည်သူမဆို လူတစ်ဦးအား သတ်ဖြတ်ပါက လူသားအားလုံးကို သတ်ဖြတ်သကဲ့သို့ဖြစ်ပြီး၊ အကြင်မည်သူမဆို လူသားတစ်ဦး၏ အသက်အား ကယ်တင်ခဲ့ပါက လူသားအားလုံးကို ကယ်တင်ဘိသကဲ့သို့ဖြစ်၏’ ဆိုပြီး သွန်သင် ဆုံးမထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အမုန်းအင်အားနဲ့ အကွဲအပြဲတွေ ငြိမ်းချမ်းရေးအင်အားနဲ့ ခန္တီတရားတွေထက် ပိုပြီးကြီးလာတာကို ခွင့်ပြုလို့ မရတော့ပါဘူး။ ဒီနေ့ဒီအချိန်
    အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ နာကျင်ခံစားနေရတဲ့ လူ့အဖွဲ့အစည်းတွေ အားလုံးအတွက် နာကျင်မှုတွေ အဆုံးသတ်ဖို့ ကျွန်တော်တို့ရဲ့ ဆုတောင်းမှုမှာ ပါဝင်လှည့်ပါ” ဟု ဘာလ်တီမိုးရ်မွတ်စလင်ခေါင်းဆောင်များနှင့် CAIR တို့မှ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
    ဘုရားကျောင်းအတွင်းသို့ ၀င်ရောက်ပစ်ခတ်ခဲ့သူ ဒိုလန်ရုဖ်ကမူ ၎င်းအနေဖြင့် အမေရိကန်တွင် လူမျိုးရေးစစ်ပွဲ ဖြစ်စေချင်သောကြောင့် ထိုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Onislam