News @ M-Media
Blog
  • နိုင်ငံရေးပါတီများ အတွက် မေးခွန်းများ (၄)-  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များနှင့်ပတ်သက်၍
    နိုင်ငံရေးပါတီများ အတွက် မေးခွန်းများ (၄)- လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ များနှင့်ပတ်သက်၍
    ဆောင်းပါးရှင်- အောင်ဒင်
    7DayDaily မှာ ကူးယူဖော်ပြသည်။
    .Ag Din (770) 19-6-2015 Fri
    မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ပွား နေတယ်လို့ နိုင်ငံတကာအစိုးရ များက ဝေဖန်ကြတဲ့အခါ မြန်မာ အာဏာပိုင်များက ဒီပဋိပက္ခတွေ ဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဟုတ်ဘဲ ဒေသတစ်ခု အတွင်းက လူ့အသိုင်းအဝိုင်းနှစ်ခု ကြား ခိုက်ရန်ဖြစ်ပွားတာဖြစ် တယ်လို့ (Communal Violence) ငြင်းဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ လည်း အဲဒီလူ့အသိုင်းအဝိုင်းနှစ်ခု ဆိုတာကို စစ်ဆေးကြည့်လိုက် တော့ တစ်ခုကမြန်မာ၊ ရခိုင်ဗုဒ္ဓ ဘာသာဝင်များ ပါဝင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်ပြီး နောက်တစ်ခုက ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင်များ ရဲ့ အသိုင်းအဝိုင်းဖြစ်နေတာမို့ ဒီပဋိပက္ခတွေဟာ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တယ်ဆို တာကို ငြင်းလို့ မရနိုင်ပါ။ နောက် တစ်ခုက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ တွေကို မှန်မှန်ကန်ကန်သုံးသပ် နိုင်မှ မှန်ကန်တဲ့ဖြေရှင်းနည်းကို ရှာဖွေဆောင်ရွက်နိုင်မှာပါ။ ကင်ဆာရောဂါဖြစ်နေတာကို သာမန်ဖျားနာမှုပါဆိုပြီး အကိုက် အခဲပျောက်ဆေးပဲတိုက်နေရင် ရောဂါ မပျောက်နိုင်သလိုပါ။ ပဋိ ပက္ခကို လူ့အသိုင်းအဝိုင်းနှစ်ခု ကြား ခိုက်ရန်ဖြစ်ပွားမှုလို့ ဆုံး ဖြတ်ထားရင် ဖြေရှင်းပုံက သာ မန်ရာဇဝတ်မှုများကို အရေးယူ တာလောက်သာဖြစ်ပါလိမ့်မယ်။ ဒီပဋိပက္ခတွေဟာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီးဖြစ်ပေါ် နေတယ်လို့ မှန်မှန်ကန်ကန်လက် ခံမှပဲဖြစ်ခဲ့ပြီးတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ နောက်ထပ်မဖြစ်ပေါ် အောင် ကြိုတင်ကာကွယ်တား ဆီးဖို့ မတူညီတဲ့ဘာသာများ၊ လူ မျိုးများအကြား အပြန်အလှန် လေးစားရေးနဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး အသိပညာ ပေးဖို့ စတဲ့နည်းလမ်းမှန်များနဲ့ ပဋိ ပက္ခများကို ဖြေရှင်းနိုင်မှာဖြစ်ပါ တယ်။
    .
    မြန်မာနိုင်ငံမှာ  လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ အရင် အစိုးရများ လက်ထက်မှာလည်း အကြိမ်များစွာဖြစ်ခဲ့လို့ အသက် ပေါင်းများစွာ ဆုံးရှုံးပြီး အိုးအိမ် တွေ၊ ဘာသာရေးအဆောက် အအုံတွေ၊ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရပါတယ်။
    .
    ဦးသိန်းစိန်အစိုးရလက် ထက် ၂၀၁၂ မှာ ရခိုင်ပြည်နယ်က စတင်ပြီး တစ်နိုင်ငံလုံးမြို့ကြီး အချို့မှာ ပျံ့နှံ့ဖြစ်ပေါ်ခဲ့တဲ့ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခများ ကြောင့်လည်း အသက်အိုးအိမ် တွေ၊ ဘဝတွေ ဆုံးရှုံးရပါတယ်။ ပိုပြီးဆိုးရွားတာက ဗုဒ္ဓဘာသာဝင် လူအများစုက အစ္စလာမ်ဘာသာ ဝင်လူနည်းစုကို အနိုင်ကျင့်တိုက် ခိုက်နေတယ်လို့ ကမ္ဘာ့နိုင်ငံများ က ထင်မြင်ယူဆကြပြီး ကမ္ဘာ့ နိုင်ငံများအလယ်မှာ မြန်မာနိုင်ငံ ရဲ့ဂုဏ်သိက္ခာအကြီးအကျယ် ကျ ဆင်းခဲ့ရပါတယ်။ နိုင်ငံတွင်းမှာလည်း ဘာသာကြီးနှစ်ခု ကိုးကွယ်သူများအကြား သံသယတွေ၊ အပြန်အလှန် ကြောက်ရွံ့စိုးရိမ်မှု တွေ မြင့်မားပြီး ညီညွတ်ရေးပျက် ပြားနေပါတယ်။ ပဋိပက္ခဖြစ်ပွား အောင် လှုံ့ဆော်နေသူများကလည်း မရပ်မနားလှုပ်ရှားနေကြ တာမို့ နောက်ထပ် ပဋိပက္ခတွေထပ်မံဖြစ်ပေါ်နိုင်တဲ့ အလားအလာလည်းရှိပါတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီများအနေနဲ့ နောက်ခြောက်လလောက်မှာ သူတို့ပါတီက လွှတ်တော်အာဏာရခဲ့ရင်၊ အစိုးရအာဏာရခဲ့ရင်၊ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ထပ်မံမဖြစ်ပွားအောင် ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားသလဲဆိုတာ သိချင်ပါတယ်။
    .
    ဖွဲ့စည်းပုံအခြေခံဥပေဒ အရ မြန်မာနိုင်ငံသားတိုင်းမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည် ခွင့်ရှိပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်နဲ့တင် မလုံ လောက်တော့ဘဲ အစိုးရနဲ့ လွှတ် တော်က နိုင်ငံသားတိုင်း ‘လွတ် လပ်လုံခြုံစွာ ကိုးကွယ်ယုံကြည် ခွင့်’ရှိအောင် အကာအကွယ်ပေး ဖို့လိုအပ်နေပါတယ်။ အဓိကလုပ် သင့်တာကတော့
    (၁) ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ သွေးထိုးလှုံ့ ဆော်မှုတွေကို ဥပဒေနဲ့ တိတိကျ ကျ ထိထိရောက်ရောက်တားမြစ် အရေးယူနိုင်ဖို့နဲ့
    (၂) ဘာသာ ပေါင်းစုံချစ်ကြည်ရေးအသိပညာ ပေးမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
    .
    သိပ်မကြာသေးမီက ဗုဒ္ဓဘာသာဝင်အချို့ ဝေဖန်ဟောပြောတဲ့ စာရေးဆရာထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၂ နှစ်အပြစ်ပေး လိုက်ပါတယ်။ ဒါပေမဲ့ အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်သူများကို ပုတ်ခတ်ဝေဖန်ဟောပြောမှုတွေကိုတော့ အစိုးရကအရေးယူတာ မတွေ့ရပါ။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ တရားပွဲအများစုဟာ နိဗ္ဗာန်ရောက်ကြောင်းတရားဟောတာမဟုတ်တော့ဘဲ အမျိုး၊ ဘာသာ၊သာသနာထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဉ်အောက်မှာ ဘာသာခြားဆန့်ကျင်ရေး ဟောပြောလှုံ့ဆော်ပွဲတွေ ဖြစ်နေပါပြီ။ အဲဒီဟောပြောချက်တွေကို အသံဖိုင်၊အရုပ်ဖိုင်သွင်းယူပြီး ဆက်လက်ဖြန့်ချိကြပါသေးတယ်။ အဲဒီအမုန်းတရား လှုံ့ဆော်ဟောပြောမှုတွေကို အစိုးရက အရေးယူတာ၊လွှတ်တော်က ဥပဒေပြုတားမြစ်တာ မတွေ့ရပါ။ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်း အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေး ခရီးလာရောက်စဉ်က အမေရိကန် အဖွဲ့အစည်းများက မြန်မာနိုင်ငံ တွင်းမှာ အမုန်းတရားလှုံ့ဆော် ဟောပြောနေတာ (Hate Speech)တွေကို ဘယ်လိုအရေးယူမလဲလို့ မေးတော့ သူရဦးရွှေမန်းက လွှတ် တော်အနေနဲ့ ဥပဒေရေးဆွဲပြဋ္ဌာန်းပြီး အမုန်းတရားဟောပြောမှုများ ကို တားမြစ်ပိတ်ပင်ပါ့မယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ အခု အချိန်အထိတော့ အကောင်အ ထည် မဖော်နိုင်သေးပါ။
    .
    မြန်မာအစိုးရက ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ‘ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့’ကို သာသနာရေး ဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့ စည်းထားပါတယ်။ နာယက အဖြစ် အစ္စလာမ်ဘာသာဝင်အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌ အဖြစ် ဗုဒ္ဓဘာသာဝင်အငြိမ်းစား သံအမတ်ကြီးဦးစိန်ဝင်းအောင်၊ အတွင်းရေးမှူးချုပ် အဖြစ် ခရစ်ယာန်ဘာသာဝင် ဒေါက်တာ သာဉာဏ်နဲ့ အဖွဲ့ဝင်များ အဖြစ် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ခရစ်ယာန်ဘာသာများ က ဘာသာရေးခေါင်းဆောင်များ၊ အငြိမ်းစားအရာရှိကြီးများ ပါဝင်ကြပါတယ်။ အဲဒီအဖွဲ့အနေဖြင့် တိုင်းဒေသကြီးများနဲ့ ပြည်နယ် များမှာ အဖွဲ့ခွဲများတည်ထောင်ခြင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာတတ်သော ဘာသာ ရေးပဋိ ပက္ခများတွင် သက်ဆိုင်ရာဘာ သာရေး အကြီးအကဲများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်သံဃာ့ မဟာနာယကဥက္ကဋ္ဌ ဆရာတော်များထံ သွားရောက်လျှောက်ထားသြဝါဒ ခံယူမှုများပြုလုပ်ခြင်း၊ ဒုက္ခသည်များအား သွားရောက်ကူညီထောက်ပံ့ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းများပြုလုပ်နေပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆွေးနွေးပွဲ၊ ဟောပြောပွဲတွေကိုလည်း မကြာခဏကျင်းပနေပါတယ်။ သို့သော်လည်း အစိုးရကျောထောက်နောက်ခံပြုထားတဲ့ ‘ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့’ဟာ အစိုးရပိုင်းဆိုင်ရာနဲ့ ပြေလည်ထောက်ခံမှု ရပေမယ့် သာမန်ပြည်သူများကြား အရောက်မသွားနိုင်ပါ။ သာမန် ပြည်သူများကြားမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ အမုန်းတရားလှုံ့ဆော်မှုတွေကို မယှဉ်ပြိုင်၊ မဟန့်တားနိုင်ပါ။
    .
    အရပ်ဘက်လူထုအဖွဲ့ အစည်းအချို့ကလည်း အမုန်း တရားဟောပြောမှုတွေကို တား ဆီးနိုင်ဖို့ ‘ပန်းစကားလှုပ်ရှားမှု’ မျိုး ဆောင်ရွက်နေကြပေမယ့် တစ်ဖက်က အမျိုး၊ ဘာသာ၊သာသနာ အလံထောင်ထားတဲ့ အစွန်းရောက်အင်အားစုကြီးရဲ့ ကျယ်ပြန့်တဲ့မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးကို ယှဉ်ပြိုင်နိုင်စွမ်းမရှိပါ။
    .
    ဒါကြောင့်မို့  အစိုးရကျော ထောက်နောက်ခံပြု‘ ဘာသာ ပေါင်းစုံချစ်ကြည် ညီညွတ်ရေး အဖွဲ့’နဲ့ အစိုးရနဲ့မပတ်သက်တဲ့ အရပ်ဘက်လူထု အဖွဲ့အစည်း များ ပူးပေါင်း လက်တွဲကြမယ်ဆို ရင် အင်မတန် အားကောင်းတဲ့ အင်အားစုကြီးဖြစ်လာပြီး တစ် ဖက်က အင်အားကြီးမားတဲ့ အ မုန်းတရားလှုံ့ဆော်ရာ မကောင်း ဆိုးဝါး အင်အားစုကြီးကို ထိထိ ရောက်ရောက် ယှဉ်ပြိုင် ဟန့်တား နိုင်မယ်လို့ ယုံကြည်ပါတယ်။ ‘ဘာသာပေါင်းစုံ ချစ်ကြည်ညီ ညွတ်ရေးအဖွဲ့’မှာ အစိုးရပိုင် အဆက်အသွယ်နဲ့ အာဏာပိုင် အဖွဲ့အစည်းများရဲ့ထောက်ပံ့ ကူညီမှု၊ ဘာသာရေး အဖွဲ့အစည်း ပေါင်းစုံက ခေါင်းဆောင်များရဲ့ ပူးပေါင်းကူညီမှုများ စတဲ့အရည် အသွေးများရှိနေပြီး အရပ်ဘက် လူထုအဖွဲ့အစည်းများမှာ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်ရောက်ရှိနိုင်တဲ့ အရည်အသွေးနဲ့ မကောင်းဆိုးဝါး အင်အားစုကြီးကို သတ္တိရှိရှိ ရင်ဆိုင်ရဲတဲ့ အရည်သွေးတွေရှိနေပါတယ်။ ဒီအင်အားစုနှစ်စုရဲ့ အရည်အသွေးတွေကို စနစ်တကျ ပေါင်းစပ်နိုင်မယ် ဆိုရင် မြန်မာနိုင်ငံတစ်ဝန်းလုံးကို အရိပ်မိုးနေတဲ့ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတိမ်တိုက်မည်းကြီးကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အစိုးရဦးဆောင် တဲ့အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အစိုးရကိုယ်တိုင်က အရပ်ဘက်အဖွဲ့အစည်းများကို လေးလေးစားစားဖိတ်ခေါ်ဖို့လို အပ်ပါတယ်။
    .
    နောက်တစ်ခုက အစိုးရ ကိုယ်တိုင်က သတ္တိရှိရှိ၊ ရဲရဲရင့် ရင့်နဲ့ ဘာသာရေးခေါင်းဆောင် ကြီးများကိုချဉ်းကပ်ပြီး သက်ဆိုင် ရာဘာသာအလိုက် ကိုယ်ပိုင် ကျင့်စဉ်တွေ၊ အလေ့အထတွေကို ပြန်လည်သုံးသပ်ပြီး အများပတ် ဝန်းကျင်နဲ့ မသင့်တော်တာတွေကို ပြင်ဆင်ဖို့၊ ဆင်ခြင်ဖို့ မေတ္တာရပ်ခံ သင့်ပါတယ်။ ဥပမာအားဖြင့် အစ္စလာမ် ဘာသာဝင်များ ယုံ ကြည်မှုအရ ဘာသာရေးအထိမ်း အမှတ်နေ့ရက်တွေမှာ တိရစ္ဆာန် များကိုသတ်ဖြတ်ပူဇော်တာဟာ အသက်သတ်ခြင်းကိုရှောင်ကြဉ် တဲ့ ဗုဒ္ဓဘာသာဝင်များအတွက် တော့ စိတ်မကောင်းစရာပါ။ ယုံကြည်မှုအရဆောင်ရွက်တာကို တားမြစ်လို့မဖြစ်ပေမယ့် အဲဒီလို သတ်ဖြတ်တာကို အများမြင်ကွင်း မှာမပြုလုပ်ဘဲ အများမမြင်ကွယ် ရာမှာဆောင်ရွက်ရင်ပိုပြီးသင့် တော်ပါလိမ့်မယ်။ ပြီးတော့ အချို့ အစ္စလာမ် ဘာသာဝင်များက ဘာသာရေးအရ ခွင့်ပြုလို့ဆိုပြီး မိန်းမလေးယောက်ယူတာ၊  ယူ ထားတဲ့မိန်းမက ဗုဒ္ဓဘာသာဝင် ဖြစ်နေရင် အစ္စလာမ်ဘာသာကို ကူးပြောင်းဖို့ ဖိအားပေးတာ ဘာသာမကူးပြောင်းရင် လင်ယောက်ျားရဲ့ ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံ ခွင့်မရတာစတဲ့ အလေ့အကျင့်တွေဟာ မြန်မာဗုဒ္ဓဘာသာများရဲ့ အစ္စလာမ် ဘာသာအပေါ်အမြင်ကို တိမ်းစောင်းစေနိုင်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများလိုပဲ အစ္စလာမ်ဗလီများကို အများပြည်သူ လာရောက်လေ့လာခွင့်ပေးသင့်ပါတယ်။
    .
    ဗုဒ္ဓဘာသာဘုန်းတော်ကြီး များအနေနဲ့လည်း သံဃာ့ဂိုဏ်း ကြီးကိုးဂိုဏ်းရဲ့အဆင့်ဆင့်အုပ် ချုပ်မှုအောက်မှာ ရပ်တည်နေကြ တာပါ။ ဂိုဏ်းကြီးကိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီးများဟာ မိမိတို့ရဲ့ဂိုဏ်းဝင်သံဃာများ ဝိနည်းနဲ့အညီ နေထိုင်အောင် စည်းကမ်းကြပ်မတ်ဖို့ လိုအပ်ပါတယ်။ မေတ္တာတရားနဲ့ သည်းခံခွင့်လွှတ်ခြင်းကို ဗဟိုပြုတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို မွန်မွန်မြတ်မြတ် ထိန်းသိမ်းကျင့်ကြံကြဖို့ သွန်သင်ဆုံးမသင့်ပါတယ်။ ဘာသာခြားမုန်းတီးဆန့်ကျင်ရေး ဟောပြောလှုံ့ဆော်နေတဲ့ သံဃာများကို သက်ဆိုင်ရာဂိုဏ်းအလိုက် စည်းကမ်းများနဲ့အရေးယူသင့်ပါတယ်။ သံဃာ့ဂိုဏ်းကြီးများက စည်းကမ်းပျက်သံဃာများကို ‘ဓမ္မစက်’နဲ့ ထိထိရောက်ရောက် အရေးယူနိုင်ရင် အစိုးရ က‘အာဏာစက်’နဲ့ ဝင်ရောက် အရေးယူစရာလိုမှာ မဟုတ်ပါ။ အမုန်းတရားတွေအပြည့်နဲ့ စစ်သွေးကြွသံဃာများကို မထိန်းသိမ်းနိုင်ခြင်းကြောင့် မြန်မာဗုဒ္ဓ ဘာသာအပေါ် အခြားဘာသာများ၊ အခြားနိုင်ငံများကအမြင် တိမ်းစောင်းနေပါတယ်။
    .
    နောက်အရေးကြီးတာက နေအိမ်အခြေပြုဘုရားကျောင်း များ (Home Church/Home Mosque)ဖြစ်ပါတယ်။ တရားဝင် သာသနာ့အဆောက်အအုံကြီး တွေရှိလျက်နဲ့ (သို့မဟုတ်) မရှိလို့ ဘာသာရေးခေါင်းဆောင်တစ် ယောက်ရဲ့နေအိမ်မှာ စုဝေးပြီး ဝတ်ပြုကြတာကို ဆိုလိုတာပါ။ အဲဒီ နေအိမ်အခြေပြု ဘုရား ကျောင်းများက
    (၁) အစိုးရက သက်ဆိုင်ရာ ဘာသာအတွက် ဘာသာရေး အဆောက်အအုံ ဆောက်လုပ်ခွင့်မပြုလို့၊ သက် ဆိုင်ရာဘာသာကို နှိပ်ကွပ်ထား လို့၊ ဘာသာရေးလွတ်လပ်ခွင့်မရှိ လို့ ကိုးကွယ်ရာဘာသာတူများ နေအိမ်တစ်ခုခုမှာစုဝေးပြီး လျှို့ ဝှက်ဝတ်ပြုကြရတယ်လို့ ထင်မြင် နိုင်စရာအကြောင်းရှိပါတယ်။
    (၂) တရားဝင်ဘာသာရေး အ ဆောက်အအုံရှိလျက်နဲ့ နေအိမ် တစ်ခုခုမှာပဲ စုဝေးဝတ်ပြုတယ် ဆိုရင်လည်း ဘာသာရေးအစွန်း ရောက်များရဲ့ ဂိုဏ်းဖွဲ့စည်းရုံးရာ ဖြစ်လာနိုင်ပြီး အကြမ်းဖက်သမားတွေပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုနိုင်ငံမှာ ဗုဒ္ဓဘာသာကိုအထူးအလေးပေးရတဲ့ အစိုးရက ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာများကိုလည်း သင့်တင့်လျောက်ပတ်စွာ အားပေးစောင့်ရှောက်တာ၊ ဘာသာရေး အဆောက်အအုံတွေဆောက် လုပ်ဖို့ မြေကွက် လှူဒါန်းတာ၊ ဆောက်လုပ် ခွင့်ပြုတာ၊ နေအိမ် အခြေပြုဝတ်ပြုခြင်းများကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက တစ်ဆင့် အားမပေးတာတွေဆောင်ရွက် သင့်ပါတယ်။
    ရွေးကောက်ပွဲက လေးလလောက်ပဲ လိုပါတော့တယ်။ ရွေးကောက်ပွဲပြီးတဲ့နောက်နှစ်လ အကြာ ၂၀၁၆ ဇန်နဝါရီလကုန်မှာ ပြည်ထောင်စုလွှတ်တော် အသစ်စတင်တာဝန်ယူမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်အသစ်ရဲ့ ပထမဆုံးအစည်းအဝေးကနေ နိုင်ငံတော် သမ္မတကို ရွေးချယ် တင်မြှောက်မှာဖြစ်ပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ သမ္မတခေါင်းဆောင်တဲ့အစိုးရ အဖွဲ့သစ်က အုပ်ချုပ်ရေးအာဏာကို စတင်ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်၊ ဇွန်လကစလို့ နောက် ရှစ်လလောက်မှာ လွှတ်တော်အာဏာ၊ အစိုးရအာဏာတွေကို ကိုင်တွယ်ကျင့်သုံးရနိုင်တဲ့ နိုင်ငံရေးပါတီများ အဖို့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများမဖြစ်ပေါ်အောင် ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး ဆောင်ရွက်မယ်ဆိုတာကို ရွေးကောက်ပွဲမတိုင်မီ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုအပ်ပါတယ်။ စာမျက်နှာ နှစ်မျက်နှာလောက်ရှိတဲ့ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက်ပါ။
    မူရင်းလင့်ခ် => http://7daydaily.com/story/39991
  • ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်
    ဒုက္ခသည် ၅ဝ ကျော် နေရပ်ပြန်
    ဇွန် ၂၁၊ ၂၀၁၅
    .refugees-50over-return
    ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေ ထဲက စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော စတဲ့မြို့နယ်တွေက လူ ၅၅ ဦးကို နေရပ် အသီးသီးကို ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
    .
    ဒီနေ့ညနေပိုင်းမှာပဲ ပို့ဆောင်လိုက်တာလို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။
    .
    “အခုပဲ ကျောက်တော်တို့ မင်းပြားတို့ဘက်ကိုသွားပြီ ကားနဲ့သယ်သွားပါပြီခင်ဗျ၊ အခုမှပဲ သယ်သွားတယ် ဟိုဘက်ကိုတော့ မရောက်သေးဘူး သွားနေကြတုန်းပဲ၊ ကျန်တဲ့ဟာတော့ ဘူးသီးတောင်နဲ့ မောင်တောဘက် ကပဲ ကျန်တော့တယ်၊ အဲ့ဘက်ကလူတွေ အားလုံးက တောင်ပြိုတို့ဘာတို့က လွှဲပြီးသွားပြီ၊ အခု ဘူးသီးတောင် နဲ့ မောင်တောကလွှဲဖို့ သူတို့လုပ်နေကြတယ်၊ ဒီနေ့ကတော့ ကျနော်တို့ဘက်က စစ်တွေဘက်အခြမ်းကို အရင်ပို့တာပါ”
    .
    ဒီနေ့ ပြန်လည်ပို့ဆောင်လိုက်တဲ့ လူ ၅၅ ဦးဟာ စစ်တွေက ၂၇ ဦး၊ မြောက်ဦးနဲ့ မင်းပြားက ၁ ဦးစီ၊ ပေါက်တောက ၁၄ ဦးနဲ့ ကျောက်တော်က ၁၂ ဦးတို့ဖြစ်ကြပါတယ်။
    .
    ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် မြန်မာရေပိုင်နက်ထဲဖမ်းဆီးရမိတဲ့ လှေစီး ဒုက္ခသည် ၇ဝဝ ကျော်ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင် ၁၇၈ ဦးပါဝင်ပါတယ်။
    .
    အဲ့ဒီအထဲက ၅၅ ဦးကို ဒီနေ့ နေရပ်အသီးသီးကို ပြန်လည် ပို့ဆောင်လိုက်တာဖြစ်ပြီး ကျန်တဲ့ လူ ၁ဝဝ ကျော် ကိုတော့ သူတို့ရဲ့ မူလနေရပ်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဆက်လက်ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
    .
    ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲက ကျန်နေသေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၄ဝ ကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်ပို့ဆောင်နိုင်ဖို့ အစိုးရက ကြိုးပမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
    .
    ဓါတ်ပုံအညွှန်း-စစ်တွေမြို့နယ်ကို ပြန်လည်ရောက်ရှိလာတဲ့လှေစီး ဒုက္ခသည်တွေကို စစ်တွေမြို့နယ် မှန်စီ စီမံခန့်ခွဲမှုရုံးမှာ ဇွန်လ ၂ဝ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်
    .
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြပါသည်။
    http://www.rfa.org/burmese/news/refugees-50over-return-06202015110249.html
  • မန်ယူမှထွက်ချင်သည်ဟု အသင်းဖော်များအား ဒီဂီယာပြော
    မန်ယူမှထွက်ချင်သည်ဟု အသင်းဖော်များအား ဒီဂီယာပြော
    ဇွန် ၂၁၊ ၂၀၁၅
    M-Media
    de
    – မန်ယူအသင်း၏ အဓိကဂိုးသမား ဒေးဗစ်ဒီဂီယာကို စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက မကြာခင် ကမ်းလှမ်းရန်ရှိနေပြီး ဒီဂီယာကလည်း မိမိအနေဖြင့် မန်ယူမှ ထွက်ချင်သည်ဟု အသင်းဖော်များအား ပြောကြားထားသည်။
    ရာသီမကုန်ခင်ကတည်းက ဒီဂီယာအား ရီးယဲလ်မှ ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ဒီဂီယာ၏ မန်ယူအသင်းနှင့် အနာဂတ်မှာ မသေမချာဖြစ်နေသည်။ မန်ယူအသင်းဖော်များကလည်း ဒီဂီယာမှာ ရီးယဲလ်သို့ ပြောင်းရွှေ့ချင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောကြားမှုများရှိကြောင်း ၀န်ခံထားသည်။
    Sportsmail ကမူ ရီးယဲလ်မှာ မကြာမီတွင် အသက် ၂၄ နှစ်အရွယ် ဒီဂီယာအတွက် ပေါင် ၁၃ သန်းဖြင့် ကမ်းလှမ်းမှုများပြုလုပ်မည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း အဆိုပါ ပြောင်းရွှေ့ကြေးက မန်ယူမှ လက်ခံနိုသည့် ပြောင်းရွှေ့ကြေးမျိုး မဟုတ်ပေ။
    မန်ယူနည်းပြဗန်ဂါးလ်ကမူ ဒီဂီယာ အသင်းမှထွက်သွားပါက ၎င်းနေရာတွင် အစားထိုးရန်အတွက် စဉ်းစားပြီးဖြစ်သည်ဟု ရာသီမကုန်ခင်က ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် အသင်း၌ ဘာကာဂိုးသမားဟောင်း ဗစ်တာဗားလ်ဒက်စ် တစ်ယောက်သာ ဒီဂီယာနေရာအတွက် ရှိနေသည်။
    စပါးဂိုးသမား ဟူဂိုလိုရစ်နှင့် အက်သလက်တီကိုဂိုးသမား ဂျန်အိုဘလက်တို့ကိုလည်း မန်ယူက ဆက်သွယ်နေသည်ဟု သတင်းများထွက်နေပြီး စပါးကမူ ၎င်းတို့၏ ဂိုးသမားအတွက် အနည်းဆုံး ပေါင် ၃၅ သန်းခန့် တောင်းဆိုဖွယ်ရှိနေသည်။
    Ref: Dailymail
  • ချာလ်စတန်သေနတ်သမား၏ ကြေညာစာတမ်းတွင် လူမည်းများကို နိမ့်ကျသူများ အဖြစ် ဖော်ပြ၊ အာဏာပိုင်များက ဆန်းစစ်နေ
    ချာလ်စတန်သေနတ်သမား၏ ကြေညာစာတမ်းတွင် လူမည်းများကို နိမ့်ကျသူများ အဖြစ် ဖော်ပြ၊ အာဏာပိုင်များက ဆန်းစစ်နေ
    ဇွန် ၂၁၊ ၂၀၁၅
    M-Media
    chlst
    – – ချာလ်စတန်မြို့ရှိ လူမည်းများ၏ ခရစ်ယာန် ဘုရားကျောင်းအား ၀င်ရောက် ပစ်ခတ်ခဲ့သည့် သေနတ်သမား ရေးသားခဲ့သော ကြေညာစာတမ်းကို အမှုအား စုံစမ်းစစ်ဆေးသူ အာဏာပိုင်များက ဆန်းစစ်လေ့လာမှုများ ပြုလုပ်နေသည်ဟု အက်ဘီအိုင်က ပြောကြားလိုက်သည်။
    အသက် ၂၁ နှစ်အရွယ် လူဖြူသေနတ်သမား ဒိုင်လန်ရုဖ်မှာ စာလုံးရေ ၂၅၀၀ နီးပါးပါဝင်သော ကြေညာစာတမ်းတစ်ခုကို ရေးသားခဲ့ပြီး အဆိုပါကြေညာစာတမ်းကို ၎င်း၏နာမည်ဖြင့် ဖေဖော်ဝါရီ ၉ ရက်နေ့က စာရင်းသွင်းခဲ့သော ၀ဘ်ဆိုက်တွင် ယမန်နေ့က တွေ့ခဲ့ရသည်။
    ကြေညာစာတမ်းတွင် ရုဖ်က လူမည်းများအား နိမ့်ကျသော လူများအဖြစ် ဖော်ပြခဲ့ပြီး လူဖြူများ၏ သူရဲဘောကြောင်မှုကိုလည်း ၀မ်းနည်းမိသည်ဟု ဆိုသည်။ ထို့ပြင် လူမည်းများကို ပစ်မှတ်ထားကာ ချာလ်စတန်ဘုရားကျောင်းတိုက်ခိုက်မှုအား ကြိုတင်စီစဉ်ခဲ့ပုံကိုလည်း ၎င်း၏ ကြေညာစာတမ်းတွင် တွေ့ရသည်။
    “ငါ့မှာရွေးစရားမရှိဘူး။ ဂတ်တိုကိုသွားပြီး တိုက်ဖို့ အနေအထားမျိုးလည်း င့ါမှာမရှိဘူး။ ချာလ်စတန်ကို ဘာ့ကြောင့်ရွေးရသလဲဆိုတော့ ငါ့ပြည်နယ်မှာ သမိုင်းအ၀င်ဆုံးမြို့ ဖြစ်လို့ပဲ။ နောက်ပြီး တစ်ချိန်က နိုင်ငံအတွင်းမှာ လူဖြူထက် လူမည်းအချိုး အမြင့်ဆုံးဖြစ်ခဲ့တယ်။ ငါတို့မှာ လူမိုက်တွေမရှိဘူး။ တကယ့် ကေသုံးလုံးဂိုဏ်းမျိုး မရှိဘူး။ အင်တာနက်မှာ ပြောနေတာကလွဲလို့ ဘယ်သူမှ ဘာမှမလုပ်ကြဘူး။ တစ်ယောက်ယောက်က ဒါကို လက်တွေ့ကမ္ဘာထဲကို ယူသွားဖို့ သတ္တိရှိရမယ်။ အဲဒီသူကတော့ ငါပဲလို့ထင်တယ်” ဟု ကြေညာစာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။
    ထို့ပြင် ထိုဝဘ်ဆိုဒ်တွင် လူဖြူလူမျိုးကြီးဝါဒ၏ ကုဒ်နံပါတ်ဖြစ်သော နံပါတ် ၈၈ အင်္ကျီဝတ်ထားသည့် ဓာတ်ပုံ၊ တောင်ကယ်ရိုလိုင်းနား သဲပြင်တွင် “Heil Hitler” (ဟိုင်း ဟစ်တလာ) စာတမ်းကို ရေးသားထားသည့် ဓာတ်ပုံများအပါအ၀င် ဓာတ်ပုံပေါင်း ၆၀ ခန့်ကိုလည်း လွှင့်တင်ထားပြီး ခွဲထွက်ရေးအလံ (ကွန်ဖက်ဒရိတ် အလံ) ကိုင်ထားသည့် ပုံများအပါအ၀င်၊ အများစုမှာ ပြည်တွင်းစစ်မဖြစ်ခင် ခွဲထွက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် သမိုင်းဝင်နေရာများတွင် ဖြစ်သည်။
    လူဖြူသေနတ်သမားများနှင့် လူဖြူရဲတပ်ဖွဲ့ဝင်များ၏ ပစ်သတ်မှုကို ခံခဲ့ရသည့် လူမည်းများ၏ အမှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်များကိုလည်း ရုဖ်က ကြေညာစာတမ်းတွင် ထည့်သွင်းရေးသားထားသည်။
    လူမည်းဘုရားကျောင်း သေနတ်ပစ်ခတ်မှုအတွက် စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သူ ဖက်ဒရယ်တာဝန်ရှိသူတစ်ဦးက FBI အနေဖြင့် အဆိုပါ ၀ဘ်ဆိုက်ကို သတိထားစောင့်ကြည့်နေပြီး ဆန်းစစ်မှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    ထိုကြေညာစာတမ်းမှာ ရုဖ်ကိုယ်တိုင်ရေးခဲ့လား၊ သို့မဟုတ် ရေးခိုင်းခဲ့လားဆိုသည်နှင့် ဓာတ်ပုံများကို Timer အသုံးပြု၍ ရိုက်ခဲ့လား သို့မဟုတ် တစ်ဦးတစ်ယောက်က ရိုက်ပေးခဲ့သလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
    ရုဖ်ကမူ ၎င်းအနေဖြင့် ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမှာ လူမျိုးရေးစစ်ပွဲ ဖြစ်ပွားစေချင်သည့်အတွက်ကြောင့်ဖြစ်သည်ဟု အာဏာပိုင်များထံ ထွက်ဆိုထားသည်။
    Ref: nytimes, aljazeera
  • စင်ကာပူနိုင်ငံတွင် မားစ်ရောဂါ မကြာခင်ရောက်လာနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးပြော
    စင်ကာပူနိုင်ငံတွင် မားစ်ရောဂါ မကြာခင်ရောက်လာနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးပြော
    ဇွန် ၂၁၊ ၂၀၁၅
    M-Media
    sing
    – နိုင်ငံ၏ ကမ္ဘာတစ်ဝှမ်းနှင့် ဆက်သွယ်ဆောင်ရွက်မှုများကြောင့် တောင်ကိုရီးယားနိုင်ငံတွင် ပြန့်နှံ့နေသော မားစ်ရောဂါမှာ များမကြာမီ နိုင်ငံအတွင်းသို့ ရောက်ရှိလာနိုင်သည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီး ဂန်ကင်မ်ယုံက သောကြာနေ့တွင် ပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံတွင် အိုမန်မှ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး၌ မားစ်ရောဂါကို ပထမဆုံး တွေ့ရှိခဲ့သည်ဟု ကြာသာပတေးနေ့တွင် အတည်ပြုခဲ့ပြီး တောင်ကိုရီးယားတွင်လည်း ကူးစက်သူအရေအတွက်မှာ ၁၆၀ ကျော်လာပြီဖြစ်သည်။
    လေဆိပ်တွင် ထိုင်းနိုင်ငံမှလာရောက်သည့် ခရီးသည်များ၏ ကိုယ်အပူချိန် စောင့်ကြည့်စစ်ဆေးမှုများကို တိုးချဲ့ပြုလုပ်သွားမည်လားဟု မေးမြန်းရာ မစ္စတာဂန်က မိမိတို့တွင် လိုက်နာရမည့် အဆင့်များရှိသည်ဟု ဖြေကြားခဲ့သည်။ လက်ရှိအချိန်တွင် ကိုယ်အပူချိန် စစ်ဆေးမှုများကို ရောဂါပိုးပြန့်နှံ့ရာ အရှေ့အလယ်ပိုင်းနှင့် တောင်ကိုရီးယားတို့မှ ရောက်လာသည့် ခရီးသည်များကိုသာ ပြုလုပ်နေသည်။
    “တကယ်လို့ လူနာနေမကောင်းရင် ပထမဆုံး သူတို့နဲ့ ထိတွေ့ရတာပါပဲ။ ဒါကြောင့် နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး သိရှိစေဖို့ သူတို့ကို အကြောင်းကြားရပါတယ်။ ဒါမှသာ သူတို့ သတိထားမှာပါ။ ပြီးတော့ ကျွန်တော်တို့ ဆေးရုံတွေမှာ လက်တွေ့လေ့ကျင့်လုပ်ဆောင်မှုကို ဆက်လက် လုပ်သွားမှာပါ။ ဒါမှသာ တကယ်လို့ စင်ကာပူမှာ မာစ်းရောဂါဖြစ်ရင် ကိုင်တွယ်ပုံ ကိုယ်တွယ်နည်းတွေနဲ့ အကျွမ်းတ၀င်ရှိမှာပါ” ဟု ဂန်ကင်မ်ယုံက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Channelnewsasia