News @ M-Media

Blog

  • ဆူဒန်သမ္မတအား ICC သို့ လွှဲပေးရန်အတွက် တောင်အာဖရိက စဉ်းစားနေ

    ဆူဒန်သမ္မတအား ICC သို့ လွှဲပေးရန်အတွက် တောင်အာဖရိက စဉ်းစားနေ

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    sudan

    – နိုင်ငံအတွင်း တနင်္လာနေ့အထိ ဆက်ရှိနေရန်အတွက် ဆူဒန်သမ္မတ အိုမာရ် အလ်-ဘရှီးရ်အား တောင်အာဖရိက တရားရုံးချုပ်မှ အမိန့်ပေးလိုက်ပြိး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC သို့ ပို့ဆောင်ရမည်လားဆိုသည်ကို မိမိတို့က ဆုံးဖြတ်သွားမည်ဟု ပြောကြားလိုက်သည်။

    ဘရှီးရ်မှာ ဒါဖာရ်ဒေသ၌ လက်နက်ကိုင်ဆန္ဒပြသူများကို နှိမ်နင်းရာတွင် စစ်ရာဇ၀တ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူဖြစ်ပြီး ICC က ၎င်းအား ၂၀၀၉ ခုနှစ်ကတည်းက ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်း ဖြစ်သည်။

    ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်ရန်အတွက် ဘရှီးရ်မှာ စနေနေ့က ဂျိုဟန်နစ္စဘတ်သို့ ရောက်ရှိလာခဲ့ပြီးနောက် တရားရုံးချုပ်က ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး၊ တရားသူကြီးကမူ ဘရှီးရ်အား ကြိုဆိုရန် ကက်ဘိနတ်အဖွဲ့၏ ဆုံးဖြတ်ချက်က ICC ဖမ်းဝရမ်းကို လှည့်စားခြင်းလားဆိုသည်ကို ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

    တောင်အာဖရိကနိုင်ငံမှာ ICC ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ကိုယ်ပိုင်တပ်ဖွဲ့မရှိသည့် ICC အနေဖြင့် တရားခံများကို ဖမ်းဆီးရရှိရေးမှာ အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားအပေါ် မူတည်နေသည်။

    ထိုကဲ့သို့ ၀ရမ်းထုတ်ခံခဲ့ရပြီးနောက် ဘရှီးရ်မှာ ICC အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံဖြစ်သော်လည်း ဖမ်းဆီးမပေးဟု ကြေညာခဲ့သည့် နိုင်ငံများကိုသာ သွားရောက်ခဲ့သည်။

    နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ ခေတ္တ တရားရေးဒါရိုက်တာဖြစ်သူ အီလီစီ ကက်ပလာက တောင်အာဖရိကအနေဖြင့် ဘရှီးရ်အား ဖမ်းဆီးမပေးပါက ဆိုးရွားသည့် ရာဇ၀တ်မှုများအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးရေးနှင့် ပတ်သက်သည့် တောင်အာဖရိက၏ ဂုဏ်သိက္ခာမှာ အစွန်းအထင်းဖြစ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မွတ်စလင်မ် လူဦးရေ ၁၇% သာရှိတဲ့ မောရိသျှနိုင်ငံမှာ သမ္မတဖြစ်လာတဲ့ မွတ်စ်လင်မ် အမျိုးသမီး

    မွတ်စလင်မ် လူဦးရေ ၁၇% သာရှိတဲ့ မောရိသျှနိုင်ငံမှာ သမ္မတဖြစ်လာတဲ့ မွတ်စ်လင်မ် အမျိုးသမီး

    ဇွန်လ ၁၅ ၊ ၂၀၁၅
    M-Media
    president of Mauritius
    အာဖရိကမှာ အမျိုးသမီးသမ္မတသစ်တစ်ဦး ထွက်လာပါပြီ။ သူမက မွတ်စ်လင်မ်ပါ။ အသက် ၅၆ နှစ်ရှိပြီး အမည်နာမကတော့ ဂူရစ်ဗ် ဖကီးမ် ဖြစ်ပါတယ်။ သူမရဲ့ ပန်းတိုင်အရောက်လှမ်းမှုကို တစေ့တစောင်း ကြည့်လိုက်ကြပါစို့။

    ဘုရင်တွေထဲမှာ ဒဿနပညာရှင်ကို ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ဇီဝဗေဒပညာရှင် သမ္မတတစ်ဦးဆိုတာ ကြားဖူးကြပါသလား ? သူကတော့ TED blog မှာ “ရိုးသားနှိမ့်ချတဲ့အပင်တွေထဲ အံ့သြဖွယ်လျှို့ဝှက်ချက်တွေရှိနေတယ်” လို့ စကားလက်ဆောင် ပါးခဲ့သူ အာမီနဟ် ဂူရစ်ဗ် ဖကီးမ် Ameenah Gurib-Fakim ဖြစ်ပါတယ်။ ယခုအချိန် သူမဟာ အာဖရိကကမ်းရိုးတန်း တစ်ဖက်က မောရစ်သျှ ကျွန်းနိုင်ငံငယ်လေးရဲ့ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လာခဲ့ပါပြီ။ မောရစ်သျှပါလီမန်ကနေခန့်အပ်တာဖြစ်ပြီး ဒီနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ မောရစ်သျှကျွန်းနိုင်ငံမှာ မွတ်စ်လင်မ်လူဦးရေ ၁၇ ရာခိုင်နှုန်းသာရှိပါတယ်။ သမ္မတတစ်ဦးအဖြစ် မထင်မှတ်ဘဲ ရောက်လာပုံ၊ အမျိုးသမီးအနေနဲ့ရော ဇီဝဗေဒပညာရှင်အနေနဲ့ပါ သမ္မတဘ၀တက်လှမ်းရပုံကို TED Blog က တွေ့ဆုံမေးမြန်းထားပါတယ်။

    (မေး) နိုင်ငံရေးကိုစိတ်ပါဝင်စားလာအောင် ဘယ်အရာက တွန်းပို့လိုက်ပါသလဲ ?

    (ဖြေ) ပြောပြရမယ်ဆိုရင် ယုံချင်စရာမရှိလောက်ပါဘူး။ ယမန်နှစ်က သက်တမ်းကုန်ဆုံးတော့မယ့်အစိုးရဟာ တာဝန်ပြီးဆုံးတော့မယ့် ၀န်ကြီးချုပ်ကို အခွင့်အာဏာပိုပေးနိုင်ဖို့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်လိုခဲ့တယ်။ ဒီအပေါ် အတိုက်အခံပါတီက “ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်စုံတစ်ရာပြောင်းလဲဖို့ ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့အနေနဲ့ အမျိုးသမီးသမ္မတတစ်ဦးကို အဆိုပြုသွားမှာဖြစ်တယ်” လို့ ပြောကြားခဲ့တယ်။

    ကျွန်မကို သူတို့ကမ်းလှမ်းတဲ့အခါ “ကျွန်မကိုကျွန်မ နိုင်ငံရေးသမားလို့ မထင်ပါဘူး။ အဲ့ဒီ ကစားပွဲထဲကိုလည်း ၀င်ရောက်မှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ သမ္မတရာထူးဟာ ဒီနိုင်ငံအဖို့ ဒီလောက်အလုပ်များမြောင်မှုမရှိပေမယ့် တာဝန်ကတော့ ကြီးမားလှပါတယ်။ “ကျွန်တော်တို့က ခင်ဗျားကို အဲ့ဒီနေရာမှာ ရှိနေယုံပဲ လိုချင်တာပါ။ ယှဉ်ပြိုင်အရွေးခံစရာ မလိုဘူး။ လိုအပ်တာမှန်သမျှ ကျွန်တော်တို့ ဆောင်ရွက်ပါမယ်” လို့ သူတို့ကပြောတော့ ကျွန်မကလည်း “ကောင်းပြီလေ၊ လုပ်လိုက်ကြတာပေါ့” ဆိုပြီး (ခပ်ပေါ့ပေါ့ပဲ)ပြောလိုက်မိပါတယ်။ ဘယ်နည်းနဲ့မဆို သူတို့ရှုံးနိမ့်လိမ့်မယ်လို့ ကျွန်မ အတွေးတိမ်စွာ ထင်မှတ်ထားခဲ့မိတယ်။ ဂိုးလိယက်နဲ့ရင်ဆိုင်တဲ့ ဒေးဗစ်လို ဖြစ်စဉ်လိုမျိုးပေါ့။ အံ့သြလိုက်တာ။ သူတို့ဟာ မထင်မှတ်လောက်အောင် မဲ အပြတ်အသတ်နဲ့ နိုင်သွားတယ်ရှင့်။ TEDGlobal ကနေ ကျွန်မပြန်လာတော့ ပွဲကပြီးနေပြီ။ ဒီတော့လည်း ကျွန်မ ဒီနေရာကို ရောက်လာခဲ့ရပါတယ်”။

    ပါတီကအနိုင်ရသွားချိန်မှာ လက်ရှိသမ္မတက သူ့ရာထူးသက်တမ်းဟာ ၂၀၁၇ ခုနှစ် အထိပါလို့ ပြောကြားပါတယ်။ ဒါကြောင့် “ကောင်းတာပေါ့။ ကျွန်မအတွက် ပြင်ဆင်ချိန် ကောင်းကောင်းရသွားတာပေါ့” လို့ တွေးထားမိတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက် သောကြာနေ့မှာ နှုတ်ထွက်သွားပါတယ်။ ဒါက သမ္မတနေရာကို လူထုအားနဲ့ တွန်းပို့ခံရပုံ ကျွန်မရဲ့ဇာတ်လမ်းပါပဲရှင်။

    (မေး) လက်ရှိသမ္မတက နှုတ်ထွက်လိမ့်မယ်လို့ ကြိုသိထားပါသလား ?

    (ဖြေ) စဉ်းတောင်မစဉ်းစားမိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဒီသတင်းအစွန်းအစ စကြားရတယ်။ သောကြာနေ့ကျတော့ သူ့ဖာသာသူ နှုတ်ထွက်သွားခဲ့တာပါ။ “ခင်ဗျားကို အမြန်ဆုံးခန့်အပ်လိုက်ဖို့ ကျွန်တော်တို့ လိုအပ်တယ်” လို့ ကျွန်မရဲ့ပါတီက ပြောကြားခဲ့ပါတယ်။

    ကံကောင်းထောက်မစွာနဲ့ ဒီနိုင်ငံမှာ သမ္မတက ဖွဲ့စည်းပုံစည်းမျဉ်းရဲ့ဒေါက်တိုင် ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သူ၊ စစ်တပ်မရှိသော်လည်း စစ်ဦးစီးချုပ်(ပါလီမန် အုပ်ချုပ်ရေး အကြီးအကဲ)လည်း ဖြစ်ရပါတယ်။ ဒီဘောင်ထဲကနေ အခြားအရာတွေ ပြုလုပ်ဆောင်ရွက်ဖို့ အခွင့်အာဏာအပြည့်အ၀ ရှိနေပါတယ်။

    သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပညာရှင် အစုအဝေးတွေကို ကျွန်မ အားပေးမြှင့်တင်ချင်ပါတယ်။ TEDGlobal မှာကတည်းက ကျွန်မတို့ဟာ မောရစ်သျှ ဇီဝဗေဒဗိမာန်ကို ဖွင့်လှစ်ခဲ့တယ်။ အဲ့ဒါက ဒီကဏ္ဍမှာ ကမ္ဘာ့ပထမဆုံးနည်းပညာရှင်အစုအဝေးဖြစ်ပါတယ်။ ကျွန်မတို့ဆီမှာ ၀န်းရံပေးမယ့်သူတွေ၊ ကိုင်တွယ်လည်ပတ်မယ့် ပညာရှင်အဖွဲ့တွေ အင်မတန် နည်းပါးနေသေးတယ်။ ဒါပေမယ့် ပိုမိုများပြားလာဖို့ အလားအလာကောင်း တစ်ရပ် ရှိလာရပါပြီ။ နောက်ထပ် ကျွန်မ ဦးတည်လိုတဲ့ကဏ္ဍကတော့ သဘာဝ ပတ်ဝန်းကျင်ရေးရာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုက ကျွန်မတို့အတွက် အလွန် အရေးကြီးကြောင်း ခံစားသိရှိနိုင်ကြမှာပါ။ ပြင်းထန်အားကောင်းတဲ့ မုန်တိုင်းတွေကို ကျွန်မတို့ မြင်တွေ့နေကြရတယ် မဟုတ်လား။ ကောင်းကောင်းကြားနိုင်အောင် အသံကျယ်ကျယ် လွှင့်ဖို့ လိုပါတယ်။ ဗဟုဇီဝမျိုးစိတ်နယ်ပယ်ထဲ ထက်သန်လှုပ်ရှားသူတဖြစ်လဲ မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်အနေနဲ့ အရာရာအားလုံးရဲ့ ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားပါမယ်။

    ဒါကြောင့် ကျွန်မတို့က ပညာရေးကို အထူးမျက်ခြေမပြတ် ရှိရပါမယ်။ ဒါ့အပြင် ကျွန်မရဲ့ပါတီကို စီးပွားရေးအခွင့်အလမ်းမှာ စူးစိုက်ခိုင်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းမွန်တဲ့စီးပွားရေးရှိရင် အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးတွေလည်း လိုက်ပြီး ကောင်းမွန်တိုးတက်လာမှာမို့လို့ပါပဲ။ ကျွန်မတို့ဆီမှာ အခမဲ့ပညာရေးစနစ်နဲ့ အခမဲ့ကျန်းမာရေးဝန်ဆောင်စနစ်လည်း ရှိနေပါတယ်။
    president of Mauritius 2
    (မေး) ဇီဝဗေဒပညာရှင်တစ်ဦးအနေနဲ့ သမ္မတနေရာကနေ ကွဲပြားခြားနားတဲ့အမြင်တစ်ရပ်ကို ဖော်ဆောင်ချပြသွားမှာလား ?

    (ဖြေ) အမျိုးသမီးဇီဝဗေဒပညာရှင်ဆိုတဲ့အချက်ကို ပိုပြီး နှလုံးသွင်းထားပါတယ်။ ကျွန်မဟာ မှန်လုံခန်းကနေ ဖောက်ထွက်လာခဲ့ပြီးပါပြီ။ ဒါဟာ အမျိုးသမီးငယ်တွေ၊ မိန်းကလေးတွေကို ပို့ဆောင်ပေးရမယ့် အဓိကသတင်းစကားတစ်ရပ်ဖြစ်ပါတယ်။
    လူငယ်တွေဟာ သိပ္ပံပညာတွေကို တစ်စစ ကျောခိုင်းနေကြတယ်။ ဒါကြောင့် သိပ္ပံလေ့လာရေး၊ သိပ္ပံပညာအပေါ်စိတ်ပါဝင်စားလာရေးကို တိုးမြှင့်ဖော်ဆောင်ပေးသူ စံပြအမျိုးသမီးဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ “အမျိုးသမီးဆိုလည်း
    မဖြစ်ဖြစ်အောင်လုပ်နိုင်ပါတယ်” လို့ လူတွေကို ကျွန်မ ပြောကြားချင်ပါတယ်။

    (မေး) ပထမဆုံးအမျိုးသမီးသမ္မတတစ်ဦးဖြစ်လာခြင်းက ထူးခြားတဲ့ခံစားမှု ဖြစ်စေပါသလား ?

    (ဖြေ) သိပ်ဖြစ်ရတာပေါ့ရှင်။ မောရစ်သျှနဲ့ အာဖရိကတိုက်အတွက် တော်တော့်ကို ကြီးကြီးမားမား ခံစားရပါတယ်။ အာဖရိကမှာ တိုင်းပြည်ကို ပဲ့ထိန်းမောင်းနှင်သူအမျိုးသမီး များများစားစား မရှိကြဘူး။ ကမ္ဘာနဲ့ချီပြီးပြောရင်လည်း အလားတူအတိုင်း အမှန်ဖြစ်နေတယ်။ ဒါကြောင့် ဒါဟာ သမိုင်းအပြောင်းအလဲလို့ ဆိုနိုင်ပါတယ်။

    မောရစ်သျှမှာ ဖိုဝါဒဆန်လွန်းတဲ့လူ့အဖွဲ့အစည်းထဲ ကျွန်မတို့ နေထိုင်ရှင်သန်နေကြတယ်။ ကျွန်မရဲ့အပျိုရွယ်ဘ၀မှာ ကံကောင်းခဲ့ ပါတယ်။ ကျွန်မ ပညာရေးလမ်းကြောင်း လျှောက်လှမ်းဖို့ ဖခင်ဖြစ်သူက ကန့်ကွက်မှု အလျဉ်း မလုပ်ခဲ့လို့ပါ။ ကျွန်မ ငယ်စဉ်အချိန်က လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိခဲ့ဘူး။ ဒါကြောင့် မိန်းကလေးများစွာကလည်း အလေးမထားခဲ့ကြဘူး။ ၁၉၇၆ ခုနှစ်နောက်ပိုင်းမှာတော့ ကျောင်းတက်တဲ့ မိန်းကလေးတွေ တစ်စထက်တစ်စ များပြားလာကြတယ်။ ဒါပေမယ့် သက်မွေးဝမ်းကျောင်း အဆင့်ထိ မတက်လှမ်းနိုင်ဘဲ တစ်ဝက်တစ်ပျက်မှာ လမ်းပျောက်ကုန်ကြတယ်။ ယိုပေါက်ရှိနေတဲ့ ရေပိုက်လိုမျိုးလို့ ကျွန်မ ဥပမာပေးချင် ပါတယ်။ စာသင်ခန်းထဲရောက်လာတဲ့ မိန်းကလေးတွေ အများအပြားပါပဲ။ သို့ပေမယ့် အချိန်တန်တဲ့ အခါ ရေပိုက်ရဲ့အခြားတစ်ဖက်ကို ကြည့်လိုက်ရင် ကျန်ရစ်နေခဲ့သူဆိုလို့ မတွေ့ရသလောက် ဖြစ်သွားပါတယ်။ ဒီယိုပေါက်ကို ဘယ်လိုဖာထေးမလဲဆိုတာ ကျွန်မတို့ မြင်အောင်ကြည့်တတ်ရပါမယ်။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီး ကျွန်မ စီစဉ်ထားတဲ့ ပုံဟန်အများအပြား ရှိပါတယ်။ ဒါဟာ ကျွန်မ စိတ်လှုပ်ရှားခံစားမိစေတဲ့ အကြောင်းရင်းများထဲက တစ်ခုပါပဲ။

    (မေး) ကနဦးပိုင်းက မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်လို့ ပြောခဲ့တယ်နော်။ အဲ့ဒါကို ရှင်းပြပေးနိုင်မလား ?

    (ဖြေ) ဖြေးဖြေးနဲ့မှန်မှန်တည်ဆောက်ပြီး ပြန်လည်မွမ်းမံတည်ဆောက်ခြင်းက မောရစ်သျှရဲ့ကိုယ်ပိုင်မူဟန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ ကမ္ဘာ့နေရာအနှံ့အပြားကနေ ရောက်လာတာမို့လို့ပါ။ ကျွန်မတို့ရဲ့ပြည်သူတွေထဲမှာ အိန္ဒိယ၊ အာဖရိကန်၊ တရုတ်၊ ဥရောပနွယ်ဖွားတွေ ပါဝင်ပေါင်းစည်းနေကြတယ်။ သက်ဆိုင်ရာ လူမျိုးစွဲတွေရှိကြတယ်။ ငါတို့ဟာ “မောရစ်သျှနိုင်ငံသား” ဆိုတာကို မတ်လ ၁၂ ရက် လွတ်လပ်ရေးနေ့ကျင်းပချိန်၊ နိုင်ငံတော်အလံနဲ့သီချင်းတွေကို ၀ိုင်းရံသီဆိုချိန်လောက်မှာသာ သတိတရဖြစ်ကြတယ်။ နောက်တစ်နေ့ ကူးရင် ဒီအဖြစ်ကို မေ့လျော့သွားပြန်ရော။ ဒါကြောင့် တစ်နည်းနည်းနဲ့ ထောင့်စေ့အောင် (ပြန်လည်ပြုပြင်) တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ပြောရတာပါ။

    တကယ်ကောင်းတဲ့ အလေ့အထတွေလည်း ရှိကြပါတယ်။ ကျွန်မတို့နိုင်ငံမှာ သဘာဝသယံဇာတတွေ မရှိသော်ငြား တစ်ဦးချင်းဝင်ငွေကတော့ အာဖရိကမှာ အမြင့်မားဆုံးဖြစ်နေပါတယ်။ ကျွန်မတို့ဆီမှာ လူမျိုးပေါင်းစုံ ရှိတယ်။ ယေဘူယျအားဖြင့် ခိုင်မာအားကောင်းတဲ့ လူမှုဆက်ဆံရေးကွန်ရက်ကို ဖော်ဆောင်ထားပြီးလည်းဖြစ်တယ်။ ဒီအစဉ်အလာကောင်းကို ကမ္ဘာသိအောင် လုပ်ကြရပါမယ်။ ဒီအချက်ကို လွန်ခဲ့တဲ့နှစ်ပိုင်းတွေအထိ ပီပြင်အောင် မဆောင်ရွက်နိုင်သေးဘူးလို့ ကျွန်မ မြင်ပါတယ်။

    ကျွန်မတို့ဆီမှာ တစ်စုတစ်စည်းသော ဗဟုဇီဝမျိုးနွယ်အုပ်စုတွေ ရှိထားတယ်လေ။ ဒါကို ရေရှည်တည်တံ့မယ့်ဖွံ့ဖြိုးရေးနဲ့အတူ စီးပွားရေးအခွင့်အလမ်းအဖြစ် အသွင်ပြောင်းလဲလိုက်လို့ ရနိုင်ပါတယ်။

    (မေး) သမ္မတဖြစ်ခြင်းက ခင်ဗျားရဲ့နေ့စဉ်ဘ၀ကို ပြောင်းလဲစေမယ်လို့ ထင်မြင်ထားပါသလား ?

    (ဖြေ) ကျွန်မဟာ ခရီးထွက်ကြမ်းသူပါ။ ဒီ(သမ္မတဘ၀)က ကျွန်မရဲ့ အတောင်ပံတွေကို ကွပ်ညှပ်ထားပါတော့မယ်။ ကျွန်မရဲ့မိသားစုကလည်း သွားလာမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုလာပါတော့မယ်။ လွန်ခဲ့တဲ့ငါးလလောက်ကတည်းက ကျွန်မသာ သမ္မတ ဖြစ်လာခဲ့ရင်ဆိုတဲ့ အတွေးမျိုး တွေးနေခဲ့ကြပါလိမ့်မယ်။ ကျွန်မရဲ့အမည်နဲ့တစ်ကွ ပါတီ အနိုင်ရသွားတာနဲ့ ဘယ်လိုရှေ့ဆက်မယ်ဆိုတာ ကျွန်မတို့ နားလည်ခဲ့ပြီး ဖြစ်ပါတယ်။

    (မေး) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအပေါ်မှာ ဘယ်အရာတွေကို စိတ်အလှုပ်ရှားဆုံး ဖြစ်ရပါသလဲ ? ဘယ်အရာနဲ့ပတ်သက်ပြီး ပူပန်မှု ရှိနေပါသလဲ ?

    (ဖြေ) စိုးတထိတ်ထိတ်ပါပဲရှင့်။ ဧရာမတာဝန်ကြီးတစ်ရပ် ဖြစ်နေလို့ပါ။ ကျွန်မ ဖြစ်အောင်ကြိုးစားလုပ်မယ့်အရာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုတွေ အများကြီး လိုအပ်ပါတယ်။ ကျွန်မက သိပ္ပံပညာရှင်ပါ။ ဒါကြောင့် မြင်တဲ့အတိုင်း
    ပြောဆိုတတ်ပါတယ်။ သမ္မတတစ်ဦးအနေနဲ့ကတော့ အဆပေါင်းများစွာ ပိုပြီး သံတမန်ဆန်ဆန် ပြုမူကျင့်သုံးဖို့၊ အနုစိတ်ကရုတစိုက်ရှေ့ဆက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxx

    Ref : There’s a new female president in Africa, and she’s Muslim ; Aquila Style
    ဘာသာပြန် – မင်းထွဋ်ခေါင်

  • ရူနီအပေါ် အင်္ဂလန်အသင်းက မှီခိုနိုင်သည်ဟု ဟဒ်ဆန်ပြော

    ရူနီအပေါ် အင်္ဂလန်အသင်းက မှီခိုနိုင်သည်ဟု ဟဒ်ဆန်ပြော

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    rn

    – စလိုဗေးနီးယားနှင့်ပွဲတွင် ပြသခဲ့သည့် တိုက်စစ်မှူး ၀ိန်းရူနီ၏ ခြေစွမ်းက အင်္ဂလန်အသင်း မှီခိုအားထားရမည့် ခြေစွမ်းမျိုးကို သက်သေပြခြင်းဖြစ်သည်ဟု နည်းပြ ရွိုင်ဟဒ်ဆန်က ပြောကြားလိုက်သည်။

    ယမန်နေ့ညက ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် အဝေးကွင်းတွင် သွားရောက်စားခဲ့သည့် အဆိုပါပွဲတွင် အင်္ဂလန်မှာ ဦးဆောင်ဂိုး အရင်ပေးခဲ့ရပြီး နောက်မှ လိုက်ကစားခဲ့ရကာ အာဆင်နယ်ကွင်းလယ်လူ ၀ီလ်ရှိုင်းယား၏ ဂိုး ၂ ဂိုး၊ ရူနီ၏ ၁ ဂိုးတို့ကြောင့် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ရူနီ၏အဆိုပါဂိုးမှာ နိုင်ငံအသင်းအတွက် ၄၈ ဂိုးမြောက်ဖြစ်ပြီး ဆာဘော်ဘီချာလ်တန်၏ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီရန် ၁ ဂိုးသာ လိုတော့သည်။ ဟဒ်ဆန်ကမူ ရူနီ၏ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်တို့ကို ချီးကျူးခဲ့သည်။

    “၀ိန်းရူနီရဲ့ စွမ်းဆောင်ရည်က သူဟာ ရင့်ကျင်သူတစ်ယောက် ဖြစ်လာတယ်ဆိုတာနဲ့ ပတ်သက်ပြီး တော်တော်လေး စကားပြောနေပါတယ်။ … သူ့အပေါ်မှာ ကျွန်တော်တို့ မှီခိုနိုင်ပါတယ်။ ကျွန်တော်က သူ့ကို ဒီနေ့မှာ ဟက်ထရစ် ရစေချင်တာပါ။ ဒါမှ စံချိန်ချိုးမယ်ဆိုတဲ့ စကားတွေ အဆုံးသတ်သွားမှာပါ။ ဒါပေမယ့် သူ့မှာ အချိန်တွေအများကြီး ရှိပါသေးတယ်” ဟု ဟဒ်ဆန်က ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ထိုပွဲအနိုင်ကြောင့် အုပ်စု E အား ၉ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နေသည်။ ထို့ပြင် ဟဒ်ဆန်မှာ တစ်သင်းလုံးကိုလည်း ချီးကျူးခဲ့သည်။

    Ref: Goal

  • နည်းပညာမြင့် ဟီဂျဘ်ခေါင်းဆောင်ပုဝါကို အမေရိကန်မွတ်စလင်လူငယ်တစ်ဦး တီထွင်

    နည်းပညာမြင့် ဟီဂျဘ်ခေါင်းဆောင်ပုဝါကို အမေရိကန်မွတ်စလင်လူငယ်တစ်ဦး တီထွင်

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    hijab

    – အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ဟီဂျဘ်ဝတ်ဆင်ရာတွင် သက်တောင့်သက်သာ ဖြစ်စေရန်အတွက် မွတ်စလင်စွန့်ဦးတီထွင်သူ တစ်ဦးက အသားအေးပြီး၊ ရေစိုခံနိုင်ကာ တွန့်ကြေမှုမရှိသည့် နည်းပညာမြင့် ဟီဂျဘ်ခေါင်းဆောင်းပုဝါကို တီထွင်လိုက်သည်ဟု သိရသည်။

    “အပြင်မှာ ဘယ်လောက်ပဲပူပူ ကိစ္စမရှိပါဘူး။ သူတို့ ဒါကိုဝတ်လိုက်ပါ။ ဂုဏ်သိက္ခာရှိစွာနဲ့ ဒါကို သူတို့ ၀တ်လို့ရပါတယ်။ သူတို့ရဲ့ဘ၀တွေ ပိုပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးဖို့ ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်” ဟု အဆိုပါခေါင်းဆောင်ပုဝါကို တီထွင်ခဲ့သူ အသက် ၂၂ နှစ်အရွယ် အမေရိကန်မွတ်စလင် အဟ်မဒ် ဂါနင်မ်က ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ဟီဂျဘ်ခေါင်းဆောင်ပုဝါကို အမျိုးသမီးများအတွက် မ၀တ်မနေရအဖြစ် သတ်မှတ်ထားပြီး တစ်ဦးတစ်ယောက်၏ ဘာသာအယူဝါဒကို ဖော်ပြသော အမှတ်အသားအဖြစ် ၀တ်ဆင်ခိုင်းခြင်း မဟုတ်ပေ။

    တစ်နှစ်ပတ်လုံး ၀င်ဆင်ရသည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများအနေဖြင့် ပူပြင်းသော နွေရာသီရောက်သည့်အခါ အချို့အတွက် အဆိုပါ ဟီဂျဘ်မှာ ကသိကအောက်ဖြစ်စရာ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် ဂါနင်မ်မှာ ထိုကဲ့သို့ အဆင့်မြင့်ဟီဂျဘ်ကို တီထွင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုတိုင်းနှင့် လိုက်လျောညီထွေဖြစ်သည့် ကမ္ဘာ့ပထမဆုံး ဟီဂျဘ်လည်း ဖြစ်သည်။

    အဆိုပါဟီဂျဘ်ကို အရည်အသွေးမြင့်သည့် လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သော Nike နှင့် Under Armour တို့ကလည်း စိတ်ဝင်စားနေကြသည်။

    Cool Dry ဟု အမည်ပေးထားသည့် ထိုဟီဂျဘ်ကို သာမန်ပိတ်စများထက် ၇ ဒီဂရီမှ ၁၀ ဒီဂရီအထိ ပိုအေးသော နိုင်လွန်ချည်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါဟီဂျဘ် တီထွင်ထုတ်လုပ်ရန်တွက် ဂါနင်မ်မှာ ၂ နှစ်ကြာ အချိန်ယူခဲ့ရပြီး ပိတ်စအတွက် ရွေးချယ်မှုများလည်း ပြုလုပ်ခဲ့ရကာ နောက်ဆုံးတွင် နေအပူရှိန်ကို ၈၀ ရာခိုင်နှုန်း တားဆီးနိုင်ပြီး UV ဓာတ်ရောင်ခြည်ကို ကာကွယ်မှုပေးသည့် နိုင်လွန်သားကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါဟီဂျဘ်မှာ လုံးဝ ရေစိုခံလည်း ဖြစ်သည်။

    “ကျွန်တော် ဆက်လက်ပြီး တီထွင်ချင်တယ်။ ဖောက်ထွက်ချင်ပါတယ်။ ဟီဂျဘ်အပေါ် လူတွေရဲ့ အမြင်ကိုလည်း ပြောင်းလဲချင်ပါတယ်။ ဒီအမျိုးသမီးတွေဟာ အကြံ့ခိုင်ဆုံးနဲ့ အတည်ကြည်ဆုံး ဖြစ်ပါတယ်။ သူတို့ဟာ အရာအားလုံးနဲ့ ထိုက်တန်ပါတယ်။ သူတို့ခံစားနေရတဲ့ အမုန်းတရားတွေ၊ နှုတ်နဲ့ စော်ကားပြောဆိုမှုတွေဟာ မှားယွင်းပြီး မျှတမှုလည်း မရှိပါဘူး။ ကျွန်တော်ရဲ့တံဆိပ်က သူတို့
    အပြင်ထွက်ဖို့ တွန်းအားဖြစ်စေပြီး သူတို့လိုချင်တာ ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဂါနင်မ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Onislam

  • ဂျော်ဂျီယာရေကြီးမှု လူသေဆုံးပြီး တိရစ္ဆာန်ရုံမှ အန္တရာယ်ရှိ သားကောင်များ လွတ်မြောက်

    ဂျော်ဂျီယာရေကြီးမှု လူသေဆုံးပြီး တိရစ္ဆာန်ရုံမှ အန္တရာယ်ရှိ သားကောင်များ လွတ်မြောက်

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    jj 1

    – ၁ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးသက်မုန်တိုင်းများ တိုက်ခတ်ခဲ့သောကြောင့် ဂျော်ဂျီယာနိုင်ငံ မြို့တော် တီဘီလီစီမြို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး တိရစ္ဆာန်ရုံမှ တိရစ္ဆာန်များ လွတ်မြောက်သွားကာ သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာသည်ဟု သိရသည်။

    စနေနေ့ညပိုင်းမှ စတင်ကာ တနင်္ဂနွေမနက်အထိ ရာသီဥတုဆိုးရွားမှုကြောင့် ကော့ကေးရှပ်တောင်တန်း၏ အခြေတွင် တည်ရှိသည့် တီဘီလီစီမြို့မှာ ရေလွှမ်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူမှာ ၁၂ ဦးရှိလာခဲ့ပြီဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    ထို့ပြင် သေဆုံးသူများလည်း ဆက်လက်မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

    ပျောက်ဆုံးနေသူများမှာ ၂၄ ဦးရှိပြီး မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် မြေပြိုမှုများလည်း ရှိခဲ့သည်။ ဂျော်ဂျီယာဝန်ကြီးချုပ်ကမူ ဇွန်လ ၁၅ ရက်နေ့ကို ရေလွှမ်းမှုကြောင့် ထိခိုက်ခဲ့ရသူများအတွက် နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

    မြို့ကိုဖြတ်သွားသည့် ကူရာမြစ်၏ ကမ်းပါးများမှာလည်း ရေကြီးမှုကြောင့် ပြိုကျခဲ့ပြီး တီဘီလီစီတိရစ္ဆာန်ရုံမှာလည်း ရေလွှမ်းခဲ့ကာ သားရိုင်းတိရစ္ဆာန် ၃၀ ကျော် လွတ်မြောက်ခဲ့သည်။ လွတ်မြောက်သည့်အထဲတွင် ရေမြင်းတစ်ကောင်၊ ၀က်ဝံ ၇ ကောင်၊ ခြင်္သေ့ ၆ ကောင်၊ ကျား ၆ ကောင်၊ ဂျာဂွာကျားသစ်၊ ၀ံပုလွေ ၁၃ ကောင်တို့ ပါဝင်သည်။

    တိရစ္ဆာန်များကို လိုက်ဖမ်းသည့် တိရစ္ဆာန်ရုံ ၀န်ထမ်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဂူလီကို ချီတက်ဒ်ဇီမှာ ကျားကိုက်ခံရမှုကြောင့် လက်တစ်ဖက် ပြတ်တောက်ခဲ့ရသည်။ တိရစ္ဆာန်ရုံ၏ အပေါ်ပိုင်းမှာလည်း အနည်းငယ် ပျက်ဆီးခဲ့ပြီး ထိုနေရာတွင်ရှိသည့် ဆင်များ၊ မြင်းကြား၊ မြင်းအမျိုးမျိုး၊ မြင်းပုများနှင့် မွေများမှာလည်း လွတ်မြောက်သွားကြသည်။

    အဆိုပါ တိရိစ္ဆာန်များကို ကွန်မန်ဒိုအဖွဲ့များက လိုက်လံဖမ်းဆီးနေပြီး ခြင်္သေ့နှစ်ကောင်နှင့် ကျားတစ်ကောင်တို့အား ပစ်သတ်ခဲ့သည်ဟု ဆိုသည်။ အစိုးရကမူ ဒေသခံများအား မိမိတို့ အိမ်တွင်းသာ နေထိုင်ကြပြီး အိမ်ပြင်မထွက်ကြရန် အမိန့်ထုတ်ထားသည်။

    Ref: RT