News @ M-Media

Blog

  • နည်းပညာမြင့် ဟီဂျဘ်ခေါင်းဆောင်ပုဝါကို အမေရိကန်မွတ်စလင်လူငယ်တစ်ဦး တီထွင်

    နည်းပညာမြင့် ဟီဂျဘ်ခေါင်းဆောင်ပုဝါကို အမေရိကန်မွတ်စလင်လူငယ်တစ်ဦး တီထွင်

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    hijab

    – အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ဟီဂျဘ်ဝတ်ဆင်ရာတွင် သက်တောင့်သက်သာ ဖြစ်စေရန်အတွက် မွတ်စလင်စွန့်ဦးတီထွင်သူ တစ်ဦးက အသားအေးပြီး၊ ရေစိုခံနိုင်ကာ တွန့်ကြေမှုမရှိသည့် နည်းပညာမြင့် ဟီဂျဘ်ခေါင်းဆောင်းပုဝါကို တီထွင်လိုက်သည်ဟု သိရသည်။

    “အပြင်မှာ ဘယ်လောက်ပဲပူပူ ကိစ္စမရှိပါဘူး။ သူတို့ ဒါကိုဝတ်လိုက်ပါ။ ဂုဏ်သိက္ခာရှိစွာနဲ့ ဒါကို သူတို့ ၀တ်လို့ရပါတယ်။ သူတို့ရဲ့ဘ၀တွေ ပိုပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးဖို့ ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်” ဟု အဆိုပါခေါင်းဆောင်ပုဝါကို တီထွင်ခဲ့သူ အသက် ၂၂ နှစ်အရွယ် အမေရိကန်မွတ်စလင် အဟ်မဒ် ဂါနင်မ်က ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ဟီဂျဘ်ခေါင်းဆောင်ပုဝါကို အမျိုးသမီးများအတွက် မ၀တ်မနေရအဖြစ် သတ်မှတ်ထားပြီး တစ်ဦးတစ်ယောက်၏ ဘာသာအယူဝါဒကို ဖော်ပြသော အမှတ်အသားအဖြစ် ၀တ်ဆင်ခိုင်းခြင်း မဟုတ်ပေ။

    တစ်နှစ်ပတ်လုံး ၀င်ဆင်ရသည့် အစ္စလာမ်ဘာသာဝင် အမျိုးသမီးများအနေဖြင့် ပူပြင်းသော နွေရာသီရောက်သည့်အခါ အချို့အတွက် အဆိုပါ ဟီဂျဘ်မှာ ကသိကအောက်ဖြစ်စရာ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် ဂါနင်မ်မှာ ထိုကဲ့သို့ အဆင့်မြင့်ဟီဂျဘ်ကို တီထွင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရာသီဥတုတိုင်းနှင့် လိုက်လျောညီထွေဖြစ်သည့် ကမ္ဘာ့ပထမဆုံး ဟီဂျဘ်လည်း ဖြစ်သည်။

    အဆိုပါဟီဂျဘ်ကို အရည်အသွေးမြင့်သည့် လူ့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်သော Nike နှင့် Under Armour တို့ကလည်း စိတ်ဝင်စားနေကြသည်။

    Cool Dry ဟု အမည်ပေးထားသည့် ထိုဟီဂျဘ်ကို သာမန်ပိတ်စများထက် ၇ ဒီဂရီမှ ၁၀ ဒီဂရီအထိ ပိုအေးသော နိုင်လွန်ချည်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါဟီဂျဘ် တီထွင်ထုတ်လုပ်ရန်တွက် ဂါနင်မ်မှာ ၂ နှစ်ကြာ အချိန်ယူခဲ့ရပြီး ပိတ်စအတွက် ရွေးချယ်မှုများလည်း ပြုလုပ်ခဲ့ရကာ နောက်ဆုံးတွင် နေအပူရှိန်ကို ၈၀ ရာခိုင်နှုန်း တားဆီးနိုင်ပြီး UV ဓာတ်ရောင်ခြည်ကို ကာကွယ်မှုပေးသည့် နိုင်လွန်သားကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ပြင် အဆိုပါဟီဂျဘ်မှာ လုံးဝ ရေစိုခံလည်း ဖြစ်သည်။

    “ကျွန်တော် ဆက်လက်ပြီး တီထွင်ချင်တယ်။ ဖောက်ထွက်ချင်ပါတယ်။ ဟီဂျဘ်အပေါ် လူတွေရဲ့ အမြင်ကိုလည်း ပြောင်းလဲချင်ပါတယ်။ ဒီအမျိုးသမီးတွေဟာ အကြံ့ခိုင်ဆုံးနဲ့ အတည်ကြည်ဆုံး ဖြစ်ပါတယ်။ သူတို့ဟာ အရာအားလုံးနဲ့ ထိုက်တန်ပါတယ်။ သူတို့ခံစားနေရတဲ့ အမုန်းတရားတွေ၊ နှုတ်နဲ့ စော်ကားပြောဆိုမှုတွေဟာ မှားယွင်းပြီး မျှတမှုလည်း မရှိပါဘူး။ ကျွန်တော်ရဲ့တံဆိပ်က သူတို့
    အပြင်ထွက်ဖို့ တွန်းအားဖြစ်စေပြီး သူတို့လိုချင်တာ ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဂါနင်မ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Onislam

  • ဂျော်ဂျီယာရေကြီးမှု လူသေဆုံးပြီး တိရစ္ဆာန်ရုံမှ အန္တရာယ်ရှိ သားကောင်များ လွတ်မြောက်

    ဂျော်ဂျီယာရေကြီးမှု လူသေဆုံးပြီး တိရစ္ဆာန်ရုံမှ အန္တရာယ်ရှိ သားကောင်များ လွတ်မြောက်

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    jj 1

    – ၁ ရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးသက်မုန်တိုင်းများ တိုက်ခတ်ခဲ့သောကြောင့် ဂျော်ဂျီယာနိုင်ငံ မြို့တော် တီဘီလီစီမြို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး တိရစ္ဆာန်ရုံမှ တိရစ္ဆာန်များ လွတ်မြောက်သွားကာ သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်လာသည်ဟု သိရသည်။

    စနေနေ့ညပိုင်းမှ စတင်ကာ တနင်္ဂနွေမနက်အထိ ရာသီဥတုဆိုးရွားမှုကြောင့် ကော့ကေးရှပ်တောင်တန်း၏ အခြေတွင် တည်ရှိသည့် တီဘီလီစီမြို့မှာ ရေလွှမ်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူမှာ ၁၂ ဦးရှိလာခဲ့ပြီဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    ထို့ပြင် သေဆုံးသူများလည်း ဆက်လက်မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

    ပျောက်ဆုံးနေသူများမှာ ၂၄ ဦးရှိပြီး မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် မြေပြိုမှုများလည်း ရှိခဲ့သည်။ ဂျော်ဂျီယာဝန်ကြီးချုပ်ကမူ ဇွန်လ ၁၅ ရက်နေ့ကို ရေလွှမ်းမှုကြောင့် ထိခိုက်ခဲ့ရသူများအတွက် နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

    မြို့ကိုဖြတ်သွားသည့် ကူရာမြစ်၏ ကမ်းပါးများမှာလည်း ရေကြီးမှုကြောင့် ပြိုကျခဲ့ပြီး တီဘီလီစီတိရစ္ဆာန်ရုံမှာလည်း ရေလွှမ်းခဲ့ကာ သားရိုင်းတိရစ္ဆာန် ၃၀ ကျော် လွတ်မြောက်ခဲ့သည်။ လွတ်မြောက်သည့်အထဲတွင် ရေမြင်းတစ်ကောင်၊ ၀က်ဝံ ၇ ကောင်၊ ခြင်္သေ့ ၆ ကောင်၊ ကျား ၆ ကောင်၊ ဂျာဂွာကျားသစ်၊ ၀ံပုလွေ ၁၃ ကောင်တို့ ပါဝင်သည်။

    တိရစ္ဆာန်များကို လိုက်ဖမ်းသည့် တိရစ္ဆာန်ရုံ ၀န်ထမ်းဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဂူလီကို ချီတက်ဒ်ဇီမှာ ကျားကိုက်ခံရမှုကြောင့် လက်တစ်ဖက် ပြတ်တောက်ခဲ့ရသည်။ တိရစ္ဆာန်ရုံ၏ အပေါ်ပိုင်းမှာလည်း အနည်းငယ် ပျက်ဆီးခဲ့ပြီး ထိုနေရာတွင်ရှိသည့် ဆင်များ၊ မြင်းကြား၊ မြင်းအမျိုးမျိုး၊ မြင်းပုများနှင့် မွေများမှာလည်း လွတ်မြောက်သွားကြသည်။

    အဆိုပါ တိရိစ္ဆာန်များကို ကွန်မန်ဒိုအဖွဲ့များက လိုက်လံဖမ်းဆီးနေပြီး ခြင်္သေ့နှစ်ကောင်နှင့် ကျားတစ်ကောင်တို့အား ပစ်သတ်ခဲ့သည်ဟု ဆိုသည်။ အစိုးရကမူ ဒေသခံများအား မိမိတို့ အိမ်တွင်းသာ နေထိုင်ကြပြီး အိမ်ပြင်မထွက်ကြရန် အမိန့်ထုတ်ထားသည်။

    Ref: RT

  • နိုင်ငံတကာသတင်းတို (ဇွန် ၁၄၊ ၂၀၁၅)

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    ယူကရိန်းတွင် တိုက်ခိုက်မှုမြင့်တက်
    ………………………..
    ယူကရိန်းအရှေ့ပိုင်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် ယူကရိန်းစစ်သားတစ်ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းစစ်တပ်က ယနေ့တွင် ပြောကြားလိုက်သည်။ တိုက်ခိုက်မှုများအတွက် ယူကရိန်းစစ်တပ်နှင့် ခွဲထွက်ရေးသမားတို့က အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

    မြောက်ကိုးရီးယား ဒုံးကျည် ၃ လုံး စမ်းသပ်
    ……………………………
    နိုင်ငံအရှေ့ပိုင်း ကမ်းခြေမြို့ဖြစ်သော ၀ွန်ဆန်မြို့ ဆိပ်ကမ်းမှ မြောက်ကိုရီးယားက ယနေ့တွင် တာတိုပစ်ဒုံးကျည် ၃ လုံးကို စမ်းသပ်ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ တောင်ကိုရီးယား သတင်းအေဂျင်စီ Yonhap သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ပစ်လွှတ်သော ဒုံးကျည်များမှာ KN-01s
    ဒုံးကျည်ဖြစ်မည်ဟု ယူဆရပြီး မြေပြင်မှ သင်္ဘောပစ်၊ သင်္ဘောမှ သင်္ဘောပစ်နိုင်သည့် ဒုံးကျည် အမျိုးအစားဖြစ်သည်။

    ဂျောဂျီယာတွင် ရေကြီးမှုကြောင့် လူ ၇ ဦးသေဆုံး
    ………………………….
    စနေနေ့ညနှင့် တနင်္ဂနွေနေ့ မနက်ပိုင်းတွင် မိုးသည်းထန်းစွာရွာသွန်းပြီး မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့ခြင်းကြောင့် ဂျော်ဂျီယာနိုင်ငံ မြို့တော် တီဘီလီစီတွင် ရေလွှမ်းမိုးခဲ့ကာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့သည်။ နေအိမ်များ၊ လမ်များနှင့် အဆောက်အဦးများမှာလည်း ပျက်ဆီးခဲ့ပြီး တိရစ္ဆာန်ရုံတွင်လည်း အလောင်း ၃ လောင်းကို တွေ့ရှိခဲ့ကာ တိရစ္ဆာန်များမှာလည်း လွတ်မြောက်သွားသောကြောင့် ဒေသခံများ အိမ်ပြင်မထွက်ရန် သတိပေးချက် ထုတ်ပြန်ထားသည်။

    ကိုပါအမေရိကတွင် ဘရာဇီးလ်အသင်းအတွက် ဖိအားကြီးမားဟု နည်းပြပြော
    …………………………………..
    ချီလီနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲတွင် မိမိတို့အသင်း ဗိုလ်စွဲရန်မှာ လွယ်ကူမည်မဟုတ်ဘဲ အသင်းပေါ်တွင် ဖိအားအများအပြား ရှိနေသည်ဟု ဘရာဇီးလ်အသင်း၏ နည်းပြဖြစ်သူ ဒွန်ဂါက ပြောကြားလိုက်သည်။ ဘရာဇီးလ်မှာ
    ကိုပါအမေရိကဖလားကို ၈ ကြိမ် ဗိုလ်စွဲထားပြီး ယနေ့ညတွင် အဖွင့်ပွဲစဉ်အဖြစ် ပီရူးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    Ref: News Agencies

  • ဖနားတစ်စင်မ်နဲ့  ၂၀၁၅ ဆီးဂိမ်းဘောလုံး

    ဖနားတစ်စင်မ်နဲ့ ၂၀၁၅ ဆီးဂိမ်းဘောလုံး

    M-Media
    ၂၀၁၅ ဇူလိုင် ၁၄
    ဆောင်းပါးရှင် – ဒန်ငြာရှိန်း

    မြန်မာပရိသတ်များ ဗီယက်နမ်နှင့် ဆီးမီးဖိုင်နယ်ပွဲအပြီး အောင်ပွဲခံနေစဉ် (ဓါတ်ပုံ CNA)
    မြန်မာပရိသတ်များ ဗီယက်နမ်နှင့် ဆီးမီးဖိုင်နယ်ပွဲအပြီး အောင်ပွဲခံနေစဉ် (ဓါတ်ပုံ CNA)

    ဆီးဂိမ်း၂၀၁၅ ၀က်ဘ်ဆိုက်ဒ်က မြန်မာပရိသတ်အားပေးပုံကို fanatical support ခေါ် တယူသန်အားပေးပုံလို့ ရေးထားတယ်။ (http://tinyurl.com/phowarn) ဘောလုံးပွဲအားပေးတဲ့ ပရိသတ် ၊ အထူးသဖြင့် ကွင်းထဲက ပရိသတ်က အမြဲတယူသန်ပဲ၊ မြန်မာပရိသတ်မှ မဟုတ်ဘူး ၊ ဘောပရိသတ်တိုင်း သူ့အသင်းကိုပဲ တယူသန်အားပေး တတ်ကြတယ်။ နိုင်ငံကိုယ်စားပြု အသင်းကို စိတ်ခံစားချက်နဲ့ အားပေးကြတဲ့အခါ အထူးသဖြင့် ကွင်းတွင်းပရိသတ်သာမက နည်းပြအဖွဲ့ဝင်တွေကိုယ်တိုင် အဖြစ်မှန်ကို သုံးသပ်နိုင်စွမ်း မဲ့သွားလေ့ ဖြတ်တတ်ကြတယ်။

    ဒါကြောင့်လည်း နည်းပြတွေက ဘောပွဲပြီးတဲ့အခါ မိမိအသင်းရဲ့ အားနည်းအားသာချက်တွေကို ဗွီဒီယိုမှတ်တမ်းတွေ ကနေ ပြန်ကြည့်ပြီး နောက်တစ်ပွဲအတွက် ပြင်ဆင်ကြရပါတယ်။

    ဒီလိုရှိတဲ့အခါမှာ မြန်မာပရိသတ်ကိုကျမှ fanatic ခေါ် အရူးအမူးအားပေးတတ်တဲ့ ပရိသတ်ဆိုတဲ့ စကားလုံးမျိုး သုံးပြီး ဖော်ပြကြတာ ဘာကြောင့်၊ အဲဒါကို ဆန်းစစ်ကြရပါမယ်။

    မနေ့က ဗီယက်နမ်နဲ့ ဆီးမီးဖိုင်နယ်ကစားတယ်၊ မြန်မာနိုင်တယ်။ ၀ါရင့်အားကစားကလောင်ရှင် ဆရာခင်မောင်ထွေး (ပျဉ်းမနား) နဲ့ ဦးသန်းတိုးအောင်တို့ကိုယ်တိုင် ကံကိုယိုးမယ်ဖွဲ့ပြီး ကံကူတာလည်း ပါတာပေါ့နော်ဆိုတဲ့အချက်ကို မဖြစ်မနေ၀န်ခံခဲ့ကြတယ်။

    ဒါကိုမှ အွန်လိုင်းသုံးတဲ့ တယူသန်မြန်မာပရိသတ်အချို့က မြန်မာခံစစ်နည်းဗျူဟာကြောင့်သာ မြန်မာနိုင်ခဲ့တာဖြစ်ပြီး ကံကြောင့်နိုင်တာလို့ ပြောတဲ့သူတွေက ဘောပွဲအကြောင်း နားမလည်ကြသူတွေဖြစ်တယ် ဆိုပြီး ပြောဆိုရေးသားကြတယ်။ မြန်မာအသင်း အုပ်ချုပ်ရေးမန်နေဂျာ ဦးသန်းတိုးအောင်ကိုယ်တိုင်က နည်းစနစ်အဖွဲ့ အနေနဲ့ မြန်မာကစားသမားတွေကို ခံစစ်ကစားခိုင်းခဲ့တာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောလိုက်တဲ့အခါကျတော့ ခုနပြောတဲ့ fanatic ၊ တယူသန် ပရိသတ်ဆိုတာဘာလဲ၊ သဘောပေါက်ဖို့ လွယ်သွားပြီ။

    Fanatic ဆိုတဲ့ ဝေါဟာရကပေးတဲ့ နောက်ထပ်အနက်တစ်ခုကလည်းရှိသေးတယ်။ ဘာသာရေးမှာဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ တယူသန် အစွန်းရောက်တွေကိုလည်း ဖနားတစ်လို့သုံးစွဲဖော်ပြကြတယ်။ အဲလိုရှိတော့ ဆီးဂိမ်း ၂၀၁၅ ၀က်ဘ်ဆိုက်ဒ်က သုံးထားတဲ့ စကားလုံး ဖနားတစ်သည် အပြုသဘောဆောင်တဲ့စကားလုံးဖြစ်သော်ငြားလည်း အပျက်သဘောဆောင်တဲ့ ဘက်ကနေပြီးလည်း သုံးသပ်ကြည့်ရအောင်။

    မြန်မာပရိသတ်သည် တဘက်အသင်းပရိသတ် ဒါမှမဟုတ် ကြားနေပရိသတ်ရဲ့ဝေဖန်မှုတိုင်းကို တုန့်ပြန်ရမယ်လို့ ခံယူထားတဲ့သဘောမှာ ရှိတယ်။ နိုင်ငံခြားသားအချို့ရဲ့ အွန်လိုင်းဝေဖန်မှုတွေကို မတုန့်ပြန်ရဘူးလို့ မဆိုသာပေမယ့် အားလုံးကို ခံစားချက်နဲ့ တုန့်ပြန်ကြရတာမျိုးလည်း မဟုတ်ပြန်ဘူး။

    ခံစားချက်အသားပေးတာကြောင့် နည်းပြဂါးဘလောက်ရဲ့ အောင်ကျော်ကျော်တို့မျိုးဆက်ကနေ နည်းပြ အိုင်ဗင်ကိုလတ်ရဲ့ ဇော်လင်းထွန်း(၂)တို့ မျိုးဆက်၊ အဲဒီကနေ ခုချိန် (၂၀၁၅ ဆီးဂိမ်းမတိုင်မီ) ထိ ဘောလုံးအောင်မြင်မှုကို ပြန်မရတော့ဖူး။ အဲဒီအမှားတွေက ခုထိအရိပ်ထင်နေဆဲပဲ။

    ဖနားတစ် ဆိုတဲ့နေရာမှာ ခုလက်ရှိ မြန်မာနိုင်ငံမှာ ခေတ်စားနေတဲ့ လူမျိုးရေးဘာသာရေး မှိုင်းတိုက်မှုတွေကိုလည်း ထည့် စဉ်းစားရမယ်။ ဘောလုံးပွဲကနေ မတရားကြီး အမြတ်ထုတ်မယ့် လူတန်းစားတစ်ရပ် မြန်မာပြည်မှာ ရှိနေတယ်။ သူတို့က မြန်မာ ပရိသတ်ကို အဲဒီ ဖနားတစ်စင်မ် (fanaticism) ခေါ် အမှန် မမြင်နိုင်တဲ့ တယူသန် ၀ါဒီတွေဖြစ်အောင် ဖန်တီးမယ်၊ နိုင်ငံရေး အရ အမြတ်ထုတ်မယ်။ ဒါကိုသတိချပ်ဖို့ လိုအပ်ပါတယ်။

    မနက်ဖန် ယူ၂၃ဖိုင်နယ်ဟာ မြန်မာပရိသတ်ရဲ့ ရင့်ကျက်မှုကို ပြသရမယ့်အချိန်ပဲ။ ၀ါးရင်းတုတ် ဒဏ္ဍာရီကို အသက်မသွင်းဘဲ မိမိတို့ရိုးရာ အဆင်အပြင် ယဉ်ကျေးမှုကို ထုတ်ဖော်ပြီး အားပေးတတ်ကြရမှာ ဖြစ်ပါတယ်။ မြန်မာ့ ရိုးရာဝတ်စားဆင်ယဉ်မှု (ဥပမာ မင်းညီမင်းသားတွေ ရှင်ဘုရင်တွေ အစရှိသဖြင့်) သည် အနှောင့်အသွား မလွတ်တဲ့ ၀တ်စားဆင်ယဉ်မှု  မဟုတ်တဲ့အတွက် တဘက်အသင်းကို မထီမဲ့မြင်ပြုရာ မရောက်ပါဘူး။ ထိုင်းပရိသတ်တွေသည်လည်း အဲသလို ၀တ်ပြီး အားပေးကြတာကို အင်ဒိုနဲ့ ဆီးမီးပွဲမှာ တွေ့ကြရမှာပါ။ သို့သော် တရားလွန်ပြီး နှစ်ပေါင်းများစွာက အနာဟောင်းကို ထိုးဆွရင် ဖနားတစ်သည် အပျက်သဘောဆောင် စကားလုံးနဲ့အတူ ဆီးဂိမ်း ၂၀၁၅ ၀က်ဘ်ဆိုက်ဒ်မှာ တကျော့ပြန် အသုံးတော်ခံသွားပါလိမ့်မယ်။

    အနိုင်နဲ့အရှုံးသာရှိမယ့် ဖိုင်နယ်ပွဲမှာ အရှုံးကိုလည်း ရာနှုန်းပြည့်မျှော်လင့်ထားရမှာဖြစ်ပါတယ်။ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ အပြုံးမပျက်ဘဲ မိမိအသင်းကို ဆက်လက်အားပေးပြီး သဘောထားကြီးတဲ့ ပရိသတ် ၊ ရင့်ကျက်တဲ့ပရိသတ်ဆိုတာကို ပြသရပါမယ်။

    ဆီးဂိမ်းဆိုတာ ၂ နှစ်တစ်ခါ ပေါ်လာစမြဲပဲ။ နောက်တစ်ကြိမ်ကျရင် ဒီထက်ပိုအားကောင်းအောင် ပြင်ဆင်ကြမယ်ဆိုပြီး နှလုံးသွင်းကြရမှာ သာဖြစ်တယ်လို့ တိုက်တွန်းအပ်ပါတယ်။

     

  • ယီမင်တွင် ပြည်သူများ၏ အခြေအနေများ ဆိုးဝါးလာနေ

    ယီမင်တွင် ပြည်သူများ၏ အခြေအနေများ ဆိုးဝါးလာနေ

    ဇွန် ၁၄၊ ၂၀၁၅
    M-Media

    yemen

    – တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ယီမင်နိုင်ငံတွင် ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများမှာ ဆိုးရွားနေကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာလည်း မသေမချာဖြစ်နေသည်။

    ဟူသီသူပုန်များ သိမ်းပိုက်ထားသည့် နိုင်ငံတောင်ပိုင်း တာအစ်ဇ်မြို့တွင် ပြည်သူများအတွက် အခြေခံလိုအပ်ချက်များမှာ အလွန်အမင်း ဆိုးရွားနေကာ မြို့တစ်ဝိုက် တိုက်ပွဲများကြောင့် အစိုးရ ၀န်ဆောင်မှုလုပ်ငန်းများမှာလည်း ပြတ်တောက်နေသည်။ စာသင်ကျောင်းများလည်း ပိတ်ထားကာ၊ လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေပြီး အခြေခံ စားသောက်ကုန်များမှာလည်း
    ပြတ်လတ်နေသည်။

    အကူအညီပေးရေးအဖွဲ့များကမူ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေသာ ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်များ၏ လေကြောင်းနှင့် ရေကြောင်းမှ ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။

    ပြည်သူများအား အကူအညီပေးအပ်ရန်အတွက် ပြီးခဲ့သည့်လက ၅ ရက်ကြာ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ခဲ့သော်လည်း ထပ်မံသက်တမ်းတိုးရန် ကုလ၏ ဆောင်ရွက်မှုမှာ အောင်မြင်ခဲ့ခြင်းမရှိပေ။

    စစ်ပွဲအဆုံးသတ်ရေးအတွက် ကုလမှ ဦးဆောင်ကာ ဂျီနီဗာတွင် ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဟူသီနှင့် ၎င်းတို့ မဟာမိတ်ကိုယ်စားလှယ်များအား ယမန်နေ့က ခေါ်ယူရန် သွားရောက်ခဲ့သည့် လေယာဉ်တွင် အဆိုပါ ကိုယ်စားလှယ်များ လိုက်ပါခဲ့ခြင်း မရှိချေ။

    ဆွေးနွေးမှုကို မနက်ဖြန်တွင် စတင်မည်ဖြစ်သော်လည်း ဟူသီ ကိုယ်စားလှယ်တစ်ဦးကမူ မိမိတို့မှာ ဆွေးနွေးပွဲတွင် အစိုးရအားဆန့်ကျင်သည့်အဖွဲ့ ကိုယ်စားလှယ်နှင့် အာဏာသိမ်းသည့်အဖွဲ့ ကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ်နှစ်ဖွဲ့ခွဲ၍ တက်ရမည့် အယူအဆကို လက်မခံဟု ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါဆွေးနွေးပွဲမှာ အဖွဲ့စုံပါဝင်ပြီး ကျယ်ပြန့်သည့် ဆွေးနွေးပွဲထက် မိမိတို့အဖွဲ့အား မြို့တော်ဆန်နာမှ ထွက်သွားရေး ဖြားယောင်းရန်အတွက်သာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera