News @ M-Media

Blog

  • ဖီဖာ၏ ဒုဥက္ကဌ နေရာအား မာရာဒိုနာ ရယူချင်

    ဖီဖာ၏ ဒုဥက္ကဌ နေရာအား မာရာဒိုနာ ရယူချင်

    ဇွန် ၉၊ ၂၀၁၅
    M-Media

    maradona

    – ဖီဖာဥက္ကဌ ဘလတ္တာ၏နေရာကို ဆက်ခံမည့် ဥက္ကဌရွေးကောက်ပွဲတွင် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီဘင် အလ်-ဟူစိန် ရွေးချယ်ခြင်းခံရပါက မိမိမှာ ဖီဖာဒုဥက္ကဌဖြစ်လာရန် အခွင့်အရေးရှိသည်ဟု အာဂျင်တိုင်း တိုက်စစ်မှူးဟောင်း မာရာဒိုနာက ပြောကြားလိုက်သည်။

    အလ်-ဟူစိန်မှာ မကြာသေးမီက ပြုလုပ်ခဲ့သော ဥက္ကဌရွေးကောက်ပွဲတွင် ဘလတ္တာအား ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ချစားမှု အရှုပ်အထွေးများဖြင့် ရင်ဆိုင်နေရသည့် ဖီဖာဥက္ကဌရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြန်လည်ရွေးကောက်ခံရပြီး လေးရက်အကြာတွင် ဘလတ္တာက ကြေညာခဲ့သည်။

    ထို့ကြောင့် ယခုနှစ်အတွင်း ကျင်းပပြုလုပ်ဖွယ်ရှိနေသည့် ဥက္ကဌရွေးကောက်ပွဲတွင် အလ်-ဟူစိန်မှာ ဥက္ကဌဖြစ်ရန် အခွင့်အရေးရှိနေပြီး မာရာဒိုနာကလည်း ဖီဖာတွင် ပါဝင်ခွင့်ရနိုင်မည်ဟု ယုံကြည်နေကာ အခွင့်အရေးရခဲ့ပါက မိမိအနေဖြင့် ချစားမှုကို ဖယ်ရှားပစ်မည်ဟု ဆိုသည်။

    “တကယ်လို့ မင်းသားအလီ ဥက္ကဌဖြစ်ရင် ကျွန်တော်က ဖီဖာ ဒုတိယဥက္ကဌ ဖြစ်နိုင်မှာပါ။ ဖြစ်လာရင်လည်း ကျွန်တော်ဟာ လူတိုင်းကို သန့်ရှင်းသွားမှာပါ။ မင်းသားအလီနဲ့ ကျွန်တော်ဟာ မဲအရေအတွက် ၇၃ မဲ ရပါတယ်။ ဒါဟာ နှစ်တော်တော်ကြာ ဖီဖာမှာ မဖြစ်ခဲ့တဲ့ ကိစ္စပါ” ဟု မာရာဒိုနာက Show Del Futbol သို့ ပြောကြားခဲ့သည်။

    အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်သည့် မာရာဒိုနာက ဘလတ္တာမှာ ချစားမှုတွင် နာမည်တပ်ခံရမည်ကို ကြောက်သောကြောင့် ဥက္ကဌရာထူးမှ အလျင်အမြန်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အက်ဖ်ဘီအိုင်နဲ့ ဆွစ်ဇာလန်ရဲတွေ သူ့ကို ဖီဖာဌာနချုပ်မှာ လာဖမ်းမှာကို ဘလတ္တာက ကြောက်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”

    Ref: Goal

  • ခေတ်မီနေအိမ်များက ငှက်ဖျားရောဂါ ကူးစက်မှုကို ထက်ဝက် နီးပါး လျှော့ချနိုင်

    ခေတ်မီနေအိမ်များက ငှက်ဖျားရောဂါ ကူးစက်မှုကို ထက်ဝက် နီးပါး လျှော့ချနိုင်

    ဇွန် ၉၊ ၂၀၁၅
    M-Media

    malaria

    – ရွှံ့ဖြင့်ပြုလုပ်ထားသည့် အိမ်များနှင့် အခြားသော ရိုးရာအိမ်များကို ခေတ်မီအိမ်ရာများဖြင့် အဆင့်မြှင့်ခြင်းက ငှက်ဖျားရောဂါအန္တရာယ် အမြင့်ဆုံးဒေသများဖြစ်သော အာဖရိက၊ အာရှနှင့် တောင်အမေရိကနိုင်ငံများရှိ ပြည်သူများအတွက် ငှက်ဖျားရောဂါအန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်သည်ဟု လေ့လာဆန်းစစ်မှု အသစ်အရ သိရသည်။

    ခြင်မှဖြစ်ပွားသော ငှက်ဖျားရောဂါ ပြည်သူများထံသို့ ကူးစက်မှု အန္တရာယ်နှင့်ပတ်သက်၍ နေအိမ်ပုံစံများ၏ သက်ရောက်မှုကို လေ့လာသော သိပ္ပံပညာရှင်များမှာ ခေတ်မီအိမ်တွင် နေထိုင်ကြသောသူများအနေဖြင့် သာမန် သမရိုးကျအိမ်များတွင် နေထိုင်သူများထက် ငှက်ဖျားရောဂါ ကူးစက်မှု ၄၇ ရာခိုင်နှုန်း လျော့ကျသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့ပြင် တံစက်မြိတ်နှင့် မျက်နှာကျက်တို့အား အသေပိတ်ထားသော၊ ပြင်တင်းပေါက်များနှင့် တံခါးများတွင် လိုက်ကာ ကာထားသော အိမ်များတွင် နေထိုင်သူများမှာလည်း ငှက်ဖျားရောဂါ ကူးစက်မှု ၄၆ မှ ၆၅ ရာခိုင်နှုန်းမှ လျော့ကျသည်ကို တွေ့ခဲ့ရသည်။

    “အိမ်ရာတွေကို အဆင့်မြှင့်တင်တာက ကမ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါပြန့်နှံ့မှုကို လျှော့ချဖို့ ကြီးမားတဲ့ အလားအလာဖြစ်ပါတယ်” ဟု သုတေသနပြုမှုကို ပူးတွဲဦးဆောင်ခဲ့သော အင်္ဂလန်မြောက်ပိုင်း ဒူရ်ဟမ် တက္ကသိုလ်မှ ပါမောက္ခ စတီဗ် လင်ဆေးက ပြောကြားခဲ့သည်။

    ထို့ပြင် ငှက်ဖျားရောဂါအပါအ၀င် အင်းဆက်များမှ သယ်ဆောင်၍ ဖြစ်တတ်သည့် ကူးစက်ရောဂါကြီးများအား ကာကွယ်ရာတွင်လည်း အဆင့်မြင်အိမ်ရာများက အရေးပါသည်ဟု လင်းဆေးက ထည့်သွင်းပြောကြားခဲ့သည်။

    ငှက်ဖျားရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း နှစ်စဉ် လူ ၆ သိန်းခန့် သေဆုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုသည်။ သေဆုံးသူအများစုမှာ ဆာဟာရဒေသ အာဖရိကနိုင်ငံများမှ ရင်ခွင်ပိုက်များနှင့် ကလေးငယ်များ ဖြစ်ကြသည်။

    အဆိုပါ သုတေသနပြုမှုကို လင်ဆေး၊ လန်ဒန်ရှိ တစ်ကိုယ်ရေသန့်ရှင်ရေးနှင့် အပူပိုင်းဆေးဝါး တက္ကသိုလ်မှ သုတေသနပညာရှင် လူစီ တက်စ်တင်းတို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်ထုတ်ဝေသော ငှက်ဖျားဂျာနယ်၌ ဖော်ပြထားသည်။

    ၎င်းတို့၏ သုတေသနတွင် ခေတ်မီ အိမ်ရာများ၌ ငှက်ဖျားဖြစ်ပွားမှုနှင့် ရွှံ့၊ ကျောက်တုံး၊ ၀ါး သို့မဟုတ် သစ်သားနံရံများပါဝင်ပြီး သက်ကယ်မိုးထားသောအိမ်များ၊ ရွှံ့ သို့မဟုတ် သစ်သား အမိုးရှိပြီး မြေစိုက် သို့မဟုတ် သစ်သားခင်းထားသော အိမ်တို့များတွင် ငှက်ဖျားဖြစ်ပွားမှုတို့ကို နှိုင်းယှဉ်ထားသော လေ့လာမှု ၉၀ ကျော်ကို ဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။

    တက်စ်တင်းကမူ အိမ်ရာများ ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခြင်းမှာ ပြည်သူ့ကျန်းမာရေး၏ အရေးကြီးသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • စောင့်ရသည်ကို စိတ် မရှည်သောကြောင့် ဖီအိုရင်တီးနား အသင်း နည်းပြကို ထုတ်ပယ်

    စောင့်ရသည်ကို စိတ် မရှည်သောကြောင့် ဖီအိုရင်တီးနား အသင်း နည်းပြကို ထုတ်ပယ်

    ဇွန် ၉၊ ၂၀၁၅
    M-Media

    fio

    – အသင်းနှင့်သက်တမ်းတိုးရေးကိစ္စအတွက် ဆုံးဖြတ်ရန် ကြန့်ကြာနေသည့် နည်းပြ မွန်တဲလားအား ထုတ်ပယ်လိုက်ပြီဟု ဖီအိုရင်တီးနားအသင်းက ကြေညာလိုက်သည်။

    ယခင်တိုက်စစ်မှူးဟောင်း မွန်တဲလားမှာ အသင်းနှင့် သက်တမ်း တစ်နှစ်ကျော်ကျော်သာ ကျန်ရှိတော့ပြီး အသင်းတွင် ဆက်လက်ရှိနေမည်လားဆိုသည့် ဆုံးဖြတ်ချက် ချမှတ်ရန် ကြန့်ကြာနေသောကြောင့် အသင်းတာဝန်ရှိသူများက စိတ်ပျက်နေခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဥက္ကဌ အန်ဒရီယာ ဒဲလ်လာမှာ အနာဂတ်အား ဆုံးဖြတ်ရန် မွန်တဲလား၏ တွန့်ဆုတ်နေမှုအား စိုးရိမ်မိသည်ဟု ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်အတွက် ထပ်မံစောင့်ဆိုင်းရန် မတတ်နိုင်တော့ဟုလည်း ဆိုသည်။

    ယမန်နေ့တွင်မူ ဖီအိုရင်တီးနားအသင်းက မွန်တဲလားအား ရာထူးမှထုတ်ပယ်လိုက်သည်ဟု ကြေညာချက်ထုတ်ခဲ့ပြီး မွန်တဲလားမှာ ယုံကြည်မှုကို ချိုးဖောက်ခဲ့သည်ဟု ပြောခဲ့သည်။

    “နည်းပြချုပ် ဗင်ဆန်ဇို မွန်တဲလားရဲ့ မကြာသေးခင်က အပြုအမူဟာ လွန်ခဲ့တဲ့ ၂ နှစ်က လက်မှတ်ထိုးခဲ့တဲ့ စာချုပ်တရားဝင်မှုကို ပယ်ဖျက်ဖို့ ရှင်းလင်းတဲ့ ဆန္ဒဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်းက မှတ်ယူပါတယ်။ ဒါ့ကြောင့် ဘယ်လိုဆက်ဆံရေးမျိုးမဆို
    ဆက်လက်ရှိနေဖို့အတွက် လုံလောက်တဲ့ ယုံကြည်မှုအဆင့်ကို မရခဲ့ဘူးလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်တော်တို့ မှတ်ယူပြီး ဒါ့ကြောင့်ပဲ အသင်းကောင်းဖို့အတွက် ဗင်ဇန်ဇို မွန်တဲလားကို မဖြစ်မနေ ထုတ်ပယ်လိုက်ရပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    မွန်တဲလားကမူ အသင်းက စိတ်ပျက်နေသော်လည်း မိမိ၏ စာချုပ်ကို အလေးထားမည်ဟု စောစောပိုင်းတွင် ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် ဘေဆယ်အသင်း၏ နည်းပြဖြစ်သော ပေါ်လို ဆော့ဆာအား မွန်တဲလား၏ နေရာတွင် အစားထိုးရန် ရေပန်းစားနေပြီး သို့သော်လည်း ဆော့ဆာကမူ သတင်းများမှာ ကောလဟာလသာဖြစ်နေပြီး မည်သည့်သဘောတူညီချက်မှ မရသေးဟု ငြင်းဆိုခဲ့သည်။

    Ref: Goal

  • အပြစ်မဲ့သူများကို သတ်ဖြတ်မှုဖြင့် သမ္မတ အိုဘားမားကို ယီမင် မိသားစု တရားစွဲ

    အပြစ်မဲ့သူများကို သတ်ဖြတ်မှုဖြင့် သမ္မတ အိုဘားမားကို ယီမင် မိသားစု တရားစွဲ

    ဇွန် ၉၊ ၂၀၁၅
    M-Media

    obama

    – ၂၀၁၂ ခုနှစ်က အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော အပြစ်မဲ့ ယီမင်နိုင်ငံသား ၂ ဦး၏ မိသားစုဝင်များက သမ္မတအိုဘားမားအား တရားစွဲဆိုလိုက်သည်ဟု သိရသည်

    သေဆုံးသွားသူများမှာ ဆလီမ်း ဘင် အလီ ဂျဘာရ်နှင့် ၀ါလီဒ် ဘင် အလီ ဂျဘာရ်တို့ဖြစ်ကြပြီး စစ်ပွဲစည်းကမ်းများနှင့် နိုင်ငံတကာဥပဒေ စံသတ်မှတ်ချက်များကို ချိုးဖောက်သော ၂၀၁၂ ခုနှစ် သြဂုတ်လက ထိုအဖြစ်အပျက်အတွက် အိုဘားမားအစိုးရအား မှားယွင်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

    ကိုလံဘီယာခရိုင် တရားရုံးကို အင်္ဂါနေ့က တင်သွင်းခဲ့သော ၄၁ မျက်နှာရှိသည့် တိုင်ကြားမှုအတွင်း အဆိုပါ တိုက်ခိုက်မှုမှာ ဒရုန်းစစ်ပွဲ၏ ကျရှုံးမှုကို လေ့လာ၍ရသော ကိစ္စတစ်ခုဖြစ်သည်ဟု ဖော်ပြထားကာ သေဆုံးသွားသူ ၂ ဦးမှာ အမေရိကန်ပြည်ထောင်စုတွင် ဥပဒေများကို ကိုင်တွယ်ကျင့်သုံးနေသော အမေရိကန်တာဝန်ရှိသူ၏ မှားယွင်းသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟုလည်း ရေးသားထားသည်။

    အသက် ၄၃ နှစ်အရွယ် ဆလီးမ်မှာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး အလ်ကိုင်းဒါးနှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံခြင်းမပြုရန် ပြည်သူများကို တရားဒေသနာများ ဟောကြားနေသူဖြစ်သည်။ ၀မ်းကွဲညီဖြစ်သည့် အသက် ၂၆ နှစ်အရွယ် ၀ါလီဒ်ကမူ ဒေသတွင်း ယဉ်ထိန်းရဲအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    ၎င်းတို့ နှစ်ဦးမှာ မည်သူမည်ဝါမှန်းမသိသော လူ ၃ ဦးကို ပစ်မှတ်ထားသည့် ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အဆိုပါ လူ ၃ ဦးနှင့်အတူ ဆလီးမ်နှင့် ၀ါလီဒ်တို့မှာ စကားပြောနေပြီး တိုက်ခိုက်မှုအတွင်း စုစုပေါင်း လူ ၅ ဦး သေဆုံးခဲ့သည်။

    တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် အစိုးရတာဝန်ရှိသူများက ၎င်းတို့မှာ အမှားလုပ်ခဲ့မိသည်ဟု သိရှိခဲ့ရကြောင်း သေဆုံးသွားသူများ၏ မိသားစုများကို အသိပေးခဲ့သည်။ ယီမင်နှင့် အမေရိကန်တာဝန်ရှိသူများမှာ မိသားစုများအား သိုသိုသိပ်သိပ် တောင်းပန်ခဲ့သော်လည်း လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများကမူ နစ်နာကြေးကို မလိုချင်ဘဲ သမ္မတအိုဘားမားအစိုးရက မှားယွင်းကြောင်း လူသိရှင်ကြားဝန်ခံရန် အလိုရှိနေသည်။

    တရားစွဲဆိုမှုတွင် အိုဘားမား၊ ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း လီအွန် ပန်နက်တာနှင့် စီအိုင်အေဒါရိုက်တာဟောင်း ဒေးဗစ် ပီထရာအက်စ်တို့မှာ အဆိုပါတိုက်ခိုက်မှုနောက်ကွယ်မှ ပါဝင်ခဲ့သူများဟု ဖော်ပြထားသည်။

    ၎င်းတို့မှာ အပြစ်မဲ့သူများ သေဆုံးရခြင်းအတွက် တာဝန်ရှိသူသာမကဘဲ အမေရိကန်အမျိုးသားလုံခြုံရေးကို ကာကွယ်ခြင်းထက် အခြေပျက်စေခြင်းအတွက်ပါ တာဝန်ရှိသည်ဟု သေဆုံးသွားသူများ၏ မိသားစုများက ပြောကြားခဲ့သည်။

    Ref: PressTV

  • နော်ဝေတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက် မြင့်တက်လာ

    နော်ဝေတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သူ အရေအတွက် မြင့်တက်လာ

    ဇွန် ၉၊ ၂၀၁၅
    M-Media

    norway

    – နော်ဝေနိုင်ငံတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်သည့် လူငယ်အရေအတွက်မှာ မြင့်တက်လာခဲ့ပြီး ၎င်းတို့က အစ္စလာမ်မှာ ဘ၀အတွက် ရည်မှန်းချက်ပန်းတိုင်ကို ပြပေးကာ လူ့အဖွဲ့စည်းအတွင်း ပျောက်ဆုံးနေသော လမ်းညွှန်ချက်များ၊ ဥပဒေများကို ဖော်ညွှန်းပြသသည်ဟု ဆိုသည်။

    “အဲဒီ လမ်းညွှန်မှုတွေ၊ ဥပဒေတွေ၊ ဆုပေးဒဏ်ပေးစနစ်ဆိုတဲ့ အကျိုးဆက်တွေကို လူတွေက လိုအပ်တယ်လို့ ကျွန်မ ထင်ပါတယ်။ ယုံကြည်စရာတစ်ခုခုပေါ့ရှင်” ဟု အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ အသက် ၂၆ နှစ်အရွယ် နော်ဝေအမျိုးသမီး အဲလ်ဆာက Aftenposten သတင်းစာသို့ ပြောကြားခဲ့သည်။

    နော်ဝေမွတ်စလင်လူ့အဖွဲ့အစည်းအတွင်း သိသင့်သိထိုက်သည်များကို ဖော်ပြပေးနေသည့် Aftenposten သတင်းစာမှာ နော်ဝေရှိ အစ္စလာမ်သာသနာနှင့်ပတ်သက်၍ သတင်းများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆက်တိုက်ဆိုသလို ဖော်ပြခဲ့သည်။

    သုတေသနပညာရှင်များ၏ အဆိုအရ နော်ဝေရှိ ဌာနေတိုင်းရင်းသားများ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ယုံကြည်မှုမှာ ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းက ၅၀၀ ၀န်းကျင်သာ ရှိခဲ့သော်လည်း ယနေ့တွင် ၃ ထောင်ဝန်းကျင် ရှိနေပြီဟု သိရသည်။

    နော်ဝေရှိ လူဦးရေနှင့်နှိုင်းယှဉ်လျှင် ထိုပမာဏမှာ သေးငယ်သော်လည်း အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်မှုနှုန်းမှာ သိသိသာသာဖြစ်လာသည်ဟု မှတ်ယူကြပြီး၊ ထိုသို့ ပြောင်းလဲသက်ဝင်မှု၏ နောက်ကွယ်တွင်လည်း အကြောင်းအရင်း ရှိနေသည်။

    “အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခြင်းဟာ ဒီနေ့ခေတ် လူငယ်တော်လှန်ရေးမှာ စိတ်အထက်သန်ဆုံး ပုံစံလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ဘာသာရေးဆိုင်ရာ ပါမောက္ခ အန်နီ ဆိုဖီ ရိုအဲလ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ ပြောင်းလဲသက်ဝင်ယုံကြည်သူများ၏ ယခင် ဘ၀နေထိုင်မှုနှင့် လုံးဝ ခြားနားသော လူနေမှုပုံစံကို အစ္စလာမ်တွင် လိုအပ်သည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။ သူမမှာလွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကပင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့သူ ဖြစ်သည်။

    အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည့် သစ်လွင်မွတ်စလင်များမှာ များသောအားဖြင့် ၎င်းတို့၏ ဘ၀များကို အစ္စလာမ်သာသနာအတွင်းသို့ တင်းပြည်ကျပ်ပြည့် ၀င်ရောက်ခဲ့ကြသည်ဟုလည်း ရိုအဲလ်ကဆိုသည်။

    “ယေဘူယျအားဖြင့် သစ်လွင်မွတ်စလင်အများစုဟာ ပုပ်ရဟန်းမင်းကြီးထက်ကိုပိုပြီး ဘာသာရေး ကိုင်းရှိုင်းကြပါတယ်။ အမှန်က ဘာသာတရားက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်နဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေဟာ သူတို့ကိုယ်တိုင်သတ်မှတ်ထားတဲ့
    ကန့်သတ်ချက်တွေထက် ပိုပြီး စိတ်ကို ဆွဲဆောင်နိုင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်”

    ဘ၀သစ်

    ၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ က်နေ့က ယူတိုယာကျွန်းရှိ လေဘာပါတီ၏ နွေရာသီလူငယ်စခန်းတွင် သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှုမှ လွတ်မြောက်လာခဲ့ခြင်းက အသက် ၂၃ နှစ်အရွယ် မော်တန် အီဘရာဟင်မ် အေဘရာဟမ်ဆန်၏ ဘ၀တွင် အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။

    အန်ဒရက်စ် ဘဟ်ရင်း ဘရီဗစ်က်ဟု အမည်ရသည့် အဆိုပါသေနတ်သမား၏ ပစ်ခတ်မှုကြောင့် လူငယ်စခန်းတွင် လူပေါင်း ၆၉ ဦးနှင့် အစိုးရအဆောက်အဦးတွင် ၇ ဦး စုစုပေါင်း ၇၆ ဦး သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ဘရီဗစ်က်မှာ လက်ယာစွန်း ခရစ်ယာန်အစွန်းရောက်ဖြစ်သည်ဟု ဆိုသည်။

    ဘရီဗစ်က်က ၎င်းမှာ ဥရောပ ခရစ်ယာန်နိုင်ငံတော်ကို အစ္စလာမ်မှ ကယ်တင်ရန်အတွက် ထိုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက် ဖြစ်ပျက်ပြီးနောက်ပိုင်း အေဘရာဟမ်ဆန်မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်။

    “လေနှစ်နီးပါးတောင် ရှိပါပြီ။ ကျွန်တော့်ရဲ့ အယူဝါဒနဲ့အတူ ကျွန်တော် ရှင်သန်နေပါတယ်။ ကျွန်တော်ရှာနေတဲ့ တည်ငြိမ်မှုမျိုးကို ကျွန်တော်တွေ့ခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    အေဘရာဟမ်ဆန်နှင့် ၎င်း၏ မွတ်စလင်သူငယ်ချင်းများမှာ အစွန်းရောက်ဝါဒကို ဆန့်ကျင်ပြီး အစ္စလာမ်အပေါ် ယူဆချက်အမှားများကိုလည်း ရှင်းလင်းခဲ့သည်။ ထို့ပြင် ရှရီအာ ဥပဒေနှင့်ပတ်သက်၍ ၎င်းက အာဏာပိုင်များမှာ ရှရီအာဥပဒေကို ကုရ်အာန်က ပြဌာန်းထားသည့်အတိုင်း မကျင့်သုံးဘဲ အလွဲသုံးစားလုပ်နေကြသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    နော်ဝေနိုင်ငံ၏ ၄.၅ သန်းသော လူဦးရေတွင် အစ္စလာမ်ကိုသက်ဝင်ယုံကြည်ကြသူများမှာ ၁၅၀၀၀၀ ခန့်ရှိပြီး အများစုမှာ ပါကစ္စတန်၊ ဆိုမာလီ၊ အီရတ်နှင့် မော်ရိုကိုနွယ်ဖွားများဖြစ်သည်။

    Ref: Onislam