News @ M-Media

Blog

  • အီဘိုလာကြောင့် ဆီရာလီယွန်နီနိုင်ငံတွင် ကာဖျူးထုတ်ပြန်ရပြန်

    အီဘိုလာကြောင့် ဆီရာလီယွန်နီနိုင်ငံတွင် ကာဖျူးထုတ်ပြန်ရပြန်

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    africa

    – အီဘိုလာဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်မှုများ ဖြစ်ပေါ်လာပြီး တစ်လအတွင်း အမြင့်ဆုံးပမာဏအထိ ရောက်ရှိခဲ့ပြီးနောက် ဆီရာလီယွန်နီနိုင်ငံ မြောက်ပိုင်းရှိ ခရိုင်နှစ်ခုကို သမ္မတ အားန်နက်စ် ဘိုင် ကိုရိုမာက ကာဖျူးအမိန့် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ၂၁ ရက်ကြာမြင့်မည့် အဆိုပါကာဖျူးအမိန့်ကို မြို့တော် ဖရီးတောင်းသို့ သွားရာလမ်းရှိ ကမ်ဘီယာခရိုင်နှင့် ဂီနီနယ်စပ်ရှိ ပေါ့တ်လိုကို ခရိုင်တို့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက မည်သူမဆို တရားစွဲဆိုခံရမည်ဖြစ်သည်။

    အဆိုပါဒေသနှစ်ခုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရောဂါကူးစက်မှုများကြောင့် စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ ဆီရာလီယိုနီတွင် ဇွန်လ ၉ ရက်နေ့က အီဘိုလာ ကူးစက်မှု ၇ ခု တွေ့ရှိခဲ့ရပြီး မတ်လ ၂၄ ရက်နေ့ နောက်ပိုင်း တစ်လအတွင်း အမြင့်ဆုံးလည်းဖြစ်သည်ဟု အမျိုးသား အီဘိုလာ တိုက်ဖျက်ရေးစင်တာ NERC က ပြောကြားခဲ့သည်။

    ၁၈ လတာ ကြာမြင့်နေပြီဖြစ်သည့် အနောက်အာဖရိက အီဘိုလာပြန့်နှံ့မှုတွင် လူပေါင်း ၁၁၁၀၀ ကျော် သေဆုံးခဲ့ပြီး ယခုလက်ရှိအချိန်တွင် ကူးစက်မှုနှုန်းမှာ လျော့နည်းလာခဲ့ပြီ ဖြစ်သည်။

    အီဘိုလာပြန့်နှံ့မှု အဆိုးဝါးဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် လိုက်ဘေးရီးယားတွင် မေလအတွင်းက အီဘိုလာကင်းစင်နယ်မြေအဖြစ် ကြေညာနိုင်ခဲ့သည်။ ဆီရာလီယွန်နီနှင့် ဂီနီနိုင်ငံများမှာ လက်ရှိအချိန်အထိ နေ့စဉ် ကူးစက်ပြန့်နှံ့မှုများ ရှိနေဆဲဖြစ်သည်။

    Ref: Aljazeera

  • ဘောလုံးကွင်းမြက်ခင်းရှိ နာဇီစင်္ကြာတံဆိပ်ကြောင့် ခရိုအေးရှား တောင်းပန်

    ဘောလုံးကွင်းမြက်ခင်းရှိ နာဇီစင်္ကြာတံဆိပ်ကြောင့် ခရိုအေးရှား တောင်းပန်

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    euro

    – ယမန်နေ့က ကစားခဲ့သည့် အီတလီနှင့်ပွဲတွင် ကွင်းမြက်ခင်း၌ နာဇီတံဆိပ် စင်္ကြာပုံစံ ဖြစ်ပေါ်ခဲ့သည့်အတွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် HNS က တောင်းပန်လိုက်သည်။

    ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ကစားသည့် အဆိုပါပွဲကို ခရိုအေးရှားကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၄၅ မိနစ်တွင် ခရိုအေးရှားအသင်း၏ ကွင်းဘက်ခြမ်း၌ အဆိုပါစင်္ကြာတံဆိပ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    ပထမပိုင်းပြီးချိန်တွင် ကွင်းတာဝန်ရှိသူများက အဆိုပါ စင်္ကြာတံဆိပ်ကို ပျက်သွားအောင် လုပ်ဆောင်ခဲ့သော်လည်း အပြည့်အ၀ ပျက်သွားခြင်းမရှိချေ။

    မတ်လက ကစားခဲ့သည့် နော်ဝေအသင်းနှင့်ပွဲတွင်လည်း ခရိုအေးရှားပရိတ်သတ်များက လူမျိုးရေး ခွဲခြားစော်ကားမှုကြောင့် ယခုပွဲတွင် ကွင်းပိတ်ကစားရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

    ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကမူ ထိုအဖြစ်အပျက်အတွက် တောင်းပန်ခဲ့ပြီး အဆိုပါတံဆိပ်မှာ အဖျက်အမှောင့်လုပ်ငန်း၏ ထင်ရှားသော တံဆိပ်ဖြစ်ပြီး၊ ရာဇ၀တ်မှုမြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “ပိုလ်ဂျဒ် မြက်ခင်းပြင်ထဲက နာဇီတံဆိပ်ကြောင့် လာရောက်ကြည့်ရှုသူတွေ၊ အီတလီက ဧည့်သည်တွေနဲ့ နှစ်သင်းစလုံးက ပရိတ်သတ်တွေကို ကျွန်တော်တို့ တောင်းပန်ပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် ထိုလုပ်ရပ်အတွက် တာဝန်ရှိသူများကို ရှာဖွေအပြစ်ပေးရန်လည်း ခရိုအေးရှား အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

    အဆိုပါစင်္ကြာတံဆိပ်ကို ဘောလုံးပွဲမတိုင်ခင် ရက်အနည်းငယ်က တစ်နည်းနည်းဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ယူအီအက်ဖ်အေကိုလည်း အကြောင်းထားကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

    အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တော်မီစလာဗ် ဘာစကက်မူ အဆိုပါလုပ်ရပ်မှာ ခရိုအေးရှား ဘောလုံးလောကအတွက်သာမက တစ်နိုင်ငံလုံးအတွက် အရှက်ရစရာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အကောင်းဆုံး ခံစစ်နဲ့ နောက်ဆုံး ဗိုလ်လုပွဲတက်သွားတဲ့ မြန်မာ ယူ-၂၃

    အကောင်းဆုံး ခံစစ်နဲ့ နောက်ဆုံး ဗိုလ်လုပွဲတက်သွားတဲ့ မြန်မာ ယူ-၂၃

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    ၂၀၁၅ ဆီးဂိမ်း ယူ-၂၃ ဘောလုံးပြိုင်ပွဲ (ဆီမီးဖိုင်နယ်ပွဲစဉ်)
    မြန်မာ ၂-၁ ဗီယက်နမ်

    myan

     

    အုပ်စုပွဲမှာ အကောင်းဆုံးခြေစွမ်းပြပြီး အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ မြန်မာအသင်းဟာ ပွဲအစ ၁ မိနစ်မှာပဲ ဘယ်ခြမ်းကနေ ဖရီးကစ်ရခဲ့ပြီး ဗီယက်နမ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာတော့ ဗီယက်နက်အသင်းကပဲ တစ်ချက်ထိအမြန်အပေးစနစ်နဲ့ ပွဲကို စိုးမိုးခဲ့ပြီး မြန်မာအသင်းရဲ့ဂိုးပေါက်ကို တောက်လျှောက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    ၄ မိနစ်မှာ ဗီယက်နမ်အသင်း အလယ်တန်းလူ နံပါ ၁၇ ကန်ချက် အပါအ၀င် ၁၂ မိနစ်အတွင်းမှာ ဗီယက်နမ်က ဂိုးကန်သွင်းခွင့် ၃ ကြိမ်လောက် ရခဲ့ပါတယ်။

    ကစားကွက်မိမိနဲ့ ဖိအားပေးလာတဲ့ ဗီယက်နမ်တိုက်စစ်ကို မြန်မာအသင်း ခပ်ကြမ်းကြမ်း ဖြတ်ထုတ်ခဲ့ရပါတယ်။

    ၂၂ မိနစ်မှာ ဗီယက်နမ်က နံပါတ် ၁၇ ကပဲ ဧရိယာအတွင်း ဆွဲဝင်လာပြီး အပိုင်ကန်သွင်းချက် မြန်မာဂိုးသမားကျော်ဇင်ဖြိုး ၂ ဆင့်ဖမ်းခဲ့ရပါတယ်။

    တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ဂိုးရဖို့ ကြိုးစားတဲ့ မြန်မာအသင်း ၃၈ မိနစ်မှာ ဗီယက်နမ် ဂိုးဧရိယာထိပ်က ပြစ်ဒဏ်ဘောရခဲ့ပြီး အသင်းခေါင်းဆောင် နေလင်းထွန်းကန်ရာမှာ ဗီယက်နမ်လူတံတိုင်းက ကစားသမားတစ်ယောက် တံတောင်နဲ့ ပုတ်လိုက်တဲ့အတွက် ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့ပါတယ်။

    ဒီပင်နယ်တီကို စည်သူအောင်က တည်တည်ငြိမ်ငြိမ်ပဲ ကန်သွင်းယူခဲ့ပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ စည်သူအောင်ရဲ့ ဆီးဂိမ်းပြိုင်ပွဲအတွင်း ၅ လုံးမြောက်ဂိုးလည်းဖြစ်ပြီး ဂိုးအများဆုံးသွင်းတဲ့စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

    ချက်ချင်းဆိုသလိုပဲ ဗီယက်နမ်ရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကနေ နံပါတ် ၁၇ ရဲ့ ခေါင်းတိုက်ချက် ဂိုးလွန်ဘောဖြစ်သွားခဲ့လို့ မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။

    ဗီယက်နမ်အသင်းရဲ့ ကစားသမားတွေဟာ နည်းစနစ်ပိုင်းဆိုင်ရာမှာ အတော်လေး ညက်ညောခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ အပေးအယူ အချိတ်အဆက်မှန်မှန်နဲ့ ပွဲကို စိုးမိုးခဲ့ပြီး မြန်မာအသင်းကတော့ ကစားကွက် တည်မရခဲ့ပါဘူး။

    ဒုတိယပိုင်းမှာလည်း ဗီယက်နမ်အသင်းက တိုက်စစ်သက်သက်ဖြစ်ခဲ့ပြီး မြန်မာက ခံစစ်နဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

    မြန်မာဂိုးပေါက်ကို တောင်လျှောက်ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဗီယက်နမ် ၇၁ မိနစ်မှာတော့ ချေပဂိုး ရခဲ့ပါတယ်။ ဒီဂိုးကို နံပါတ် ၂၅ က ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။ ၇၉ မိနစ်မှာတော့ မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။

    တန်ပြန်တိုက်စစ်က ထွက်လာတဲ့ဘောလုံးကို အသင်းခေါင်းဆောင် နေလင်းထွန်း ဂိုးဧရိယာ ညာဘက်ထိပ်ကနေ အပြင်းကန်သွင်းယူခဲ့ရာမှာ ဗီယက်နမ်နောက်ခံလူနဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာ မြန်မာနောက်တန်း စနစ်ကျနဲ့ အကောင်းဆုံးကစားသွားပြီး အနိုင်ဂိုးကို ထိန်းကစားသွားနိုင်ခဲ့ပါတယ်။

    မြန်မာအသင်းရဲ့ အနိုင်ရရှိမှုမှာ ဂိုးသမားကျော်ဇင်ဖြိုးကလည်း အရေးပါခဲ့ပြီး ဗီယက်နမ်ရဲ့ အပိုင်ဂိုးသွင်းခွင့် ၅ လုံးလောက်ကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ဒီပွဲအနိုင်ကြောင့် ဆီးဂိမ်း (ယခင် ကျွန်းဆွယ်) ပြိုင်ပွဲတစ်လျှောက် ၉ ကြိမ်မြောက် ဗိုလ်လုပွဲတက်သွားတဲ့ မြန်မာအသင်း ယနေ့ညမှာကစားမယ့် ထိုင်းနဲ့ အင်ဒိုနီးရှားတို့ပွဲ နိုင်တဲ့အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

  • ခရစ်ယာန်ဘာသာရေးခုံရုံးဒဏ် ခံစားခဲ့ရသည့် ဂျူးမျိုးဆက်များကို စပိန်က နိုင်ငံသားပေးမည်

    ခရစ်ယာန်ဘာသာရေးခုံရုံးဒဏ် ခံစားခဲ့ရသည့် ဂျူးမျိုးဆက်များကို စပိန်က နိုင်ငံသားပေးမည်

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    jew

    – ၁၄၉၂ ခုနှစ်မှ စတင်ခဲ့သည့် စပိန်နိုင်ငံ၏ ခရစ်ယာန်ဘာသာရေး ခုံရုံးအောက်တွင် မောင်းထုတ်ခံခဲ့ရသူ၊ လက်ဝါးကပ်တိုင်တွင် အရှင်လတ်လတ် မီးရှို့ခံရသူ သို့မဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းခံရသူ ဂျူးများ၏ မျိုးဆက်များကို နိုင်ငံသားပေးမည့် ဥပဒေသစ်တစ်ခုကို စပိန်နိုင်ငံက ပြဌာန်းခဲ့သည်ဟု သိရသည်။

    ကြာသာပတေးနေ့က အတည်ပြုခဲ့သည့် အဆိုပါဥပဒေမှာ ယခုနှစ်အောက်တိုဘာလတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး Sephardic Jews ဟုခေါ်သည့် စပိန်နိုင်ငံ၏ ခရစ်ယာန်ဘာသာရေးခုံရုံးဒဏ်ကို ခံစားခဲ့ရသော ဂျူးများ၏ ကမ္ဘာတစ်ဝှမ်းတွင် ရှိနေသည့် မျိုးဆက်များကို နိုင်ငံသားပေးမည် ဖြစ်သည်။

    အဆိုပါ ဘာသာရေးခုံရုံးကို အာရဂွန်ပြည့်ရှင် ခရစ်ယာန် ကက်သလစ်ဘုရင် ဖာဒီနန် ၂ နှင့် ၎င်း၏မိဘုရား ကက်စ်တိုင်းလ်ပြည့်ရှင် ဘုရင်မ အစ္စဘယ်လာတို့က ၁၄၇၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

    တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ကက်သလစ်အယူဝါဒကို ထိန်းသိမ်းရန် ဖြစ်သော်လည်း ၁၄၉၂ ခုနှစ်မှစ၍ စပိန်နိုင်ငံအတွင်းရှိ ဂျူးနှင့် အစ္စလာမ်ဘာသာဝင်များကို ခရစ်ယာန်သို့ ဘာသာပြောင်းရန် သို့မဟုတ် တိုင်းပြည်မှထွက်သွားရန် အဆိုပါခုံရုံးက အမိန့်ထုတ်ခဲ့ပြီး လျှို့ဝှက်စွာ ကိုးကွယ်ကြသည့် ဂျူးများနှင့် မူးရ်လူမျိုး အစ္စလာမ်ဘာသာဝင် ထောင်ပေါင်းများစွာကို
    မိစ္ဆာဒိဌိများအဖြစ် သတ်မှတ်ကာ ညှင်းဆဲခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းများကို အဆိုပါခုံရုံး၏ အမိန့်ဖြင့် စပိန်ဘုရင့်အစိုးရက ဆောင်ရွက်ခဲ့ကြသည်။

    ထိုသမိုင်းအမည်းစက်ကို ဖျောက်ဖျက်ရန်အတွက် စပိန်အစိုးရမှာ ဘာသာရေးခုံရုံးဒဏ်ကို ခံစားခဲ့ရသည့် ဂျူးများ၏ မျိုးဆက်များအား နိုင်ငံသားပေးရေး ဥပဒေတစ်ခုကို ၁၉၂၄ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ အဆိုပါဥပဒေတွင် ယခင်က စပိန်နိုင်ငံတွင် နေထိုင်သူများနှင့် စပိန်နိုင်ငံသားဘ၀ကို စွန့်လွှတ်ခဲ့သူများသာ အကျုံးဝင်ခဲ့သည်။ သို့သော်လည်း ယခုပြဌာန်းလိုက်သည့် ဥပဒေသစ်တွင်
    စပိန်၏ ခရစ်ယာန်ဘာသာရေးခုံရုံး ပြန့်နှံ့ရာ ကိုလိုနီနိုင်ငံများဖြစ်သော ပေါ်တူဂီနှင့် အန်ဒိုရာတို့တွင်ပါ အကျုံးဝင်မည်ဖြစ်သည်။

    ထိုဥပဒေကို စပိန်၏ အဓိက နိုင်ငံရေးပါတီကြီး ၂ ခုက အားပေးထောက်ခံခဲ့ပြီး၊ နိုင်ငံရေးပါတီအားလုံးက သဘောတူခဲ့ကြသည်။ အစိုးရကမူ ယခုဥပဒေသစ်၏ စံနှုန်းများတွင် အကြုံးဝင်မည့်သူများမှာ ၉ သောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    Ref: RT

  • အစ္စလာမ်အား အထင်အမြင်မှားခြင်းကို အမေရိကန်ရှိ မွတ်စလင်သူနာပြုများ ချေဖျက်

    အစ္စလာမ်အား အထင်အမြင်မှားခြင်းကို အမေရိကန်ရှိ မွတ်စလင်သူနာပြုများ ချေဖျက်

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    nurse

    – မတူညီသော ယဉ်ကျေးမှုများနှင့် ဘာသာတရားနောက်ခံများမှ လူနာများကို ထိတွေ့ဆက်ဆံနေရသည့် အမေရိကန်မှ မွတ်စလင်သူနာပြုများမှာ အစ္စလာမ်၏ ပုံရိပ်ကို မှန်ကန်အောင် ဆောင်ရွက်ခြင်းနှင့် ယူဆချက်အမှားများကို ဖယ်ရှားရာတွင် ရှေ့တန်းမှ ပါဝင်နေသည်ဟု သိရသည်။

    “အဲဒီပြဿနာတွေကို လမ်းမှန်ပြရေးမှာ အကူအညီဖြစ်စေဖို့ ဘာသာတရားကို ကျွန်မ အသုံးပြုပါတယ်။ ရလဒ်ကောင်းလည်း ထွက်စေချင်ပါတယ်။ ကျွန်မဟာ လူနာတွေရဲ့ အကြံပေးပါ။ ဒါပေမယ့် ဒါတွေအားလုံးကို ကျွန်မရဲ့အယူဝါဒက အသိပေးတာပါ။
    မွတ်စလင်တစ်ယောက်ဖြစ်တာဟာ ကျွန်မဖြစ်နိုင်တဲ့ အကောင်းဆုံး သူနာပြုကို ဖြစ်စေခဲ့တာပါပဲ” ဟု ဒက်ထရွိုက်မှ သူနာပြုတစ်ဦးဖြစ်သူ နက်ဂ်ျ ဘက်ဇီက ပြောကြားခဲ့သည်။

    အဖျက်သဘောဆောင်သည့် သမရိုးကျအမြင်များ မြင့်တက်လာသည့်အချိန်တွင် မွတ်စလင်များအား အဖျက်သမားများအဖြစ် ပုံဖော်ခြင်းမှာ ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် ရှုပ်ထွေးမှုများ ရှိလာနိုင်သည်ဟု အမေရိကန်မွတ်စလင် ကျန်းမာရေးလုပ်သားများအသင်းကို တည်ထောင်သူဖြစ်ပြီး ဟူရွန်ကျန်မာရေးအကြံပေးအဖွဲ့၏ ဥက္ကဌဖြစ်သူ အာရှီယာ ၀ါဂျစ်က ပြောကြားခဲ့သည်။

    ပုဝါဆောင်ထားသည်ကို တွေ့ရှိခဲ့ပြီးနောက် လူနာများက ကုသမှုခံယူရန် ငြင်းဆိုခြင်းကို ကြုံတွေ့ကြရသည့် မွတ်စလင်သူနာပြုများတွင် ဘက်ဇီမှာလည်း တစ်ဦးအပါအ၀င် ဖြစ်သည်။

    ဂျော်ဂျီယာပြည်နယ်ရှိ အမျိုးသမီးဆေးရုံတွင် သူနာပြုအဖြစ် ဆောင်ရွက်နေသော ဟာဆန်-ရစူလ်ကမူ မိမိအနေဖြင့် ထိုကဲ့သို့ စော်ကားမှုမျိုး မကြုံတွေ့ခဲ့ရဟု ဆိုသည်။

    “ကိစ္စတော်တော်များများနဲ့ပတ်သက်ပြီး ကျွန်မဆီကနေ မတူညီတဲ့ ထင်မြင်ယူဆချက်တွေ၊ ယုံကြည်ချက်တွေ ရတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ ဘယ်ကပဲဖြစ်နေဖြစ်နေ ကျွန်မတို့ကတော့ ကျွန်မတို့ရဲ့ ပုံပန်းသွင်ပြင်ကို ရှိန်မနေဘဲ ပြုစုကုသပေးရပါတယ်”

    အာရှီယာ ၀ါဂျစ်ကမူ အမေရိကန်ပြည်သူများ၏ ကျန်းမာရေး တိုးတက်လာစေရန်အတွက် မွတ်စလင်ကျန်းမာရေးလုပ်သားများကို စွမ်းအားမြှင့်တင်ပေးခြင်းမှာ ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အစ္စလာမ်ကြောက်ရောဂါက ကြီးပါတယ် မီဒီယာတွေမှာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေ အများကြီးရှိနေပါတယ်”

    ပိုမိုစောင့်ရှောက်ပေး

    မြင့်တက်လာသော စိန်ခေါ်မှုများကို ကျော်ဖြတ်ရန်အတွက် အချို့သော မွတ်စလင်သူနာပြုများမှာ လူနာများအား ပိုမိုပြုစုစောင့်ရှောက်ပေးကာ အဟန့်အတားများကို ချေဖျက်ရန် ကြိုးစားနေကြသည်။

    “ကိုယ့်ရဲ့လူနာဟာ ကိုယ်နဲ့ သဟဇာတဖြစ်အောင်လုပ်ဖို့ အချိန်နည်းနည်း ပိုသုံးရပါတယ်” ဟု ဖီးနစ်မြို့ရှိ ကလေးဆေးရုံတွင် သူနာပြုအဖြစ် ဆောင်ရွက်နေသော သူနာပြုလုပ်သက် ၆ နှစ်ရှိပြီဖြစ်သည့် ဆာမီယာ ဆစ်ဒီကွီကဆိုသည်။

    ထို့ပြင် ကလေးလူနာများနှင့် ၎င်းတို့၏ မိဘများက အစိုးအရိမ်လွန်ကာ မကြာခဏ ဘဲလ်နှိပ်၍ ခေါ်ဆိုမှုကို အခြားသူနာပြုများက မနှစ်သက်ကြသည်ကိုလည်း တွေ့ခဲ့ရသည်ဟု သူမက ပြောကြားခဲ့သည်။

    ဖလော်ရီဒါရှိ ဆေးရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် အခြားသူနာပြုတစ်ဦးဖြစ်သူ ဇိုင်နဘ် ရရှီဒ်ကလည်း သူမ၏ အယူဝါဒ၊ ပုဝါဆောင်းထားမှုနှင့် ပတ်သက်သည့် ယူဆချက်အမှားများကို ပြင်ဆင်ရန် အလုပ်တွင် စေတနာပိုထား၍ ပြုစုကုသပေးသည်ဟု ဆိုသည်။

    “ပုဝါဆောင်းထားတဲ့သူ တစ်ဦးကို တွေ့တဲ့အခါ အချို့ လူနာတွေက ကြောက်ရွံ့ကြပါတယ်။ အဲဒီလူဟာ အကြမ်းဖက်သမားဖြစ်တယ်လို့ သူတို့က အော်တို ထင်မြင်ယူဆနေကြတာပါ” ဟု သူမက ပြောကြားခဲ့သည်။

    Ref: Onislam