News @ M-Media

Blog

  • မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ် တိုက်စစ်အတွဲကို တားဆီးရန် နည်းလမ်းကို နစ္စတယ်ရွိုင်းအကြံပြု

    မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ် တိုက်စစ်အတွဲကို တားဆီးရန် နည်းလမ်းကို နစ္စတယ်ရွိုင်းအကြံပြု

    ဇွန် ၅၊ ၂၀၁၅
    M-Media

    baca

    – ဘာစီလိုနာအသင်း၏ မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ်တို့၏ တိုက်စစ်အတွဲကို ဟန့်တားရန် နည်းလမ်းမှာ အခြားသော ကစားသမား ၈ ဦးအား ပိတ်ဆို့တားဆီးသွားခြင်းဖြစ်သည်ဟု မန်ယူအသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းက ဂျူဗင်တပ်စ်အသင်းအား အကြံပြု ပြောကြားလိုက်သည်။

    ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့မှာ မနက်ဖြန်ညတွင် ဘာလင်မြို့၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားမည်ဖြစ်ပြီး ယခုနှစ်ရာသီ ၃ ယောက်ပေါင်း စံချိန်တင် ဂိုးပေါင်း ၁၂၀ သွင်းယူထားနိုင်သော မက်ဆီ၊ နေးမာနှင့် ဆွာရက်ဇ်တို့ တိုက်စစ်အတွဲရှိနေသည့် ဘာစီလိုနာအသင်းက ဗိုလ်စွဲရန် ရေပန်းစားနေသည်။

    ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်အသင်းတို့မှာ ပြည်တွင်းအမှတ်ပေးဖလားနှင့် ရှုံးထွက်ဖလားတို့ကို ရရှိထားပြီး ချန်ပီယံလိဂ်ဖလားမှာ ၎င်းတို့ ၂ သင်းအတွက် ယခုနှစ်ရာသီ ဖလားသုံးလုံးအိပ်မက်ကို အကောင်အထည်ဖော်ရမည့် ဖလားလည်း ဖြစ်သည်။

    နစ္စတယ်ရွိုင်းကမူ ဘာစီလိုနာ၏ တိုက်စစ်အတွဲကို တားဆီးရန် နည်းဗျူဟာကို ဂျူဗင်တပ်စ်အသင်းအား အကြံပြုခဲ့သည်။

    “သူတို့ကိုတားဆီးဖို့ လျှို့ဝှက်ချက် ကျွန်တော့်မှာရှိပါတယ်။ ဘာကာရဲ့ပြိုင်ဘက်တွေအတွက်တော့ ကောင်းမွန်တဲ့အချက် ဖြစ်နိုင်မှာပါ။ မက်ဆီ၊ နေးမာနဲ့ ဆွာရက်ဇ်တို့ကို တားဆီးဖို့ တစ်ခုတည်းသော နည်းလမ်းက အသင်းက အခြား ၈ ယောက်ကို ပိတ်ဆို့ထားဖို့ပါပဲ။ သူတို့ ၃ ယောက်ဆီကို ဘောလုံး ပေးပို့မှုတွေကို မဖြစ်မနေ တားဆီးရပါမယ်။ တကယ်လို့ နေးမာ၊ ဆွာရက်ဇ်နဲ့ မက်ဆီတို့
    အလုပ်ဖြစ်တဲ့အခါ ဘာစီလိုနာဟာ ကမ္ဘာမှာ အကောင်းဆုံး တိုက်စစ်ကို ရပါပြီ” ဟု နစ္စတယ်ရွိုင်းက Goal သို့ ပြောကြားခဲ့သည်။

    နစ္စတယ်ရွိုင်းမှာ မန်ယူ၊ ရီးယဲလ်၊ ပီအက်စ်ဗီနှင့် နိုင်ငံအသင်းတို့အတွက် စုစုပေါင်း ဂိုးပေါင်း ၄၀၀ နီးပါး သွင်းယူပေးခဲ့သူ တိုက်စစ်မှူးဟောင်းဖြစ်သည်။ နစ္စတယ်ရွိုင်းကမူ မိမိ၏ ဘ၀တွင် အကြိုက်ဆုံး တိုက်စစ်တွဲဖက်မှာ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်၊ ပီအက်စ်ဗီ တိုက်စစ်မှူး လူးကပ်စ်နီးလ်စ်နှင့် မန်ယူမှ ပေါလ်စခိုးလ်တို့ဖြစ်ကာ အခက်အခဲဆုံး ပြိုင်ဘက်များမှာ အေစီမီလန်အသင်းမှ ကာဖူး၊ ဂျပ် စတမ်း၊ နက်စတာ၊ မာလ်ဒီနီနှင့် ဒီဒါတို့ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • စစ်ဒဏ်ခံ အီရတ်ပြည်သူများကို ဆက်လက်ထောက်ပံ့ရန် ဒေါ်လာ သန်း ၅၀၀ နီးပါး လိုအပ်နေ

    စစ်ဒဏ်ခံ အီရတ်ပြည်သူများကို ဆက်လက်ထောက်ပံ့ရန် ဒေါ်လာ သန်း ၅၀၀ နီးပါး လိုအပ်နေ

    ဇွန် ၅၊ ၂၀၁၅
    M-Media

    – IS စစ်သွေးကြွများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော အီရတ်ရှိ ဆိုးရွားလာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများအား ရင်ဆိုင်ရန်အတွက် ကန်ဒေါ်လာ သန်း ၅၀၀ အကူအညီပေးရန် ကုလသမဂ္ဂက နိုင်ငံတကာသို့ တောင်းခံလိုက်သည်။

    အီရတ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညွှန်ကြားရေးမှူး လစ်စီဂရန်ဒီက ထိုကဲ့သို့ တောင်းခံလိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ရန်ပုံငွေများ ချက်ခြင်းထပ်မရပါက အီရတ်တွင် ဆောင်ရွက်နေသည့် အကူအညီပေးရေးလုပ်ငန်းများမှ ထက်ဝက်ကျော်ကို လျှော့ချခြင်း၊ သို့မဟုတ် ပိတ်ပစ်ခြင်းတို့ ဆောင်ရွက်ရတော့မည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။

    နေအိမ်များမှာ ထွက်ပြေးကြရသော သို့မဟုတ် အီရတ်တပ်ဖွဲ့များနှင့် IS တိုက်ခိုက်ရေးသမားများအကြား ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် ထိခိုက်ခံစားရသော အီရတ်ပြည်သူ သန်းပေါင်းများစွာအတွက် နောက်ထပ် ၆ လ နေရာထိုင်ခင်း၊ အစားအသောက်နှင့် ရေများပေးရန်အတွက် ကန်ဒေါ်လာ ၄၉၇ သန်း လိုအပ်နေပြီး အလှူရှင်များထံ တောင်းဆိုနေသည်ဟု
    ကုလကဆိုသည်။

    “လာမယ့်လတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေဟာ ပိုပြီး ဆိုးလာပါတော့မယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ၁၀ သန်းသော အီရတ်ပြည်သူတွေဟာ အသက်ဘေးကာကွယ်ရေး အကူအညီတွေကို လိုအပ်လာမယ့် အလားအလာ ရှိနေပါတယ်” ဟု
    ဂရန်ဒီက ပြောကြားခဲ့သည်။

    အီရတ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အီရတ်ပြည်သူ ၃ သန်းနီးပါးမှာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဂရန်ဒီကမူ အဓိက လယ်ယာစိုက်ပျိုးသည့် ဧရိယာများမှာ IS ၏ ထိန်းချုပ်မှု လက်အောက် ကျရောက်နေသောကြောင့် အီရတ်ပြည်သူ ၄.၄ သန်းကျော်မှာ အစားသောက်များ လိုအပ်နေသည်ဟု ဆိုသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာဖြစ်သော မာဂရတ်ချန်ကလည်း ကျန်းမာရေး၊ ရေရရှိရေး၊ မိလ္လာစနစ်များနှင့်ဆိုင်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း ပြိုလဲပျက်ဆီးနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters

  • မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းစေလိုသည့် ဓာတ်ပြားခေတ် အဆိုကျော် ဒေါ်မာမာဝေ

    မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းစေလိုသည့် ဓာတ်ပြားခေတ် အဆိုကျော် ဒေါ်မာမာဝေ

    ဇွန် ၅ ၊ ၂၀၁၅
    M-Media
    မိုးစက်တွေ့ဆုံ မေးမြန်းသည်။
    2
    ဓာတ်ပြားခေတ်က အဆိုတော်တစ်ဦးဖြစ်ခဲ့သူ တေးသံရှင် ဒေါ်မာမာဝေကို M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မြန်မာ့ဂီတ မပျောက်ဆုံးရန်အတွက် ယနေ့ခေတ်တွင် မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းလာစေ လိုကြောင်းကိုလည်း အသက် (၉၁) နှစ်အရွယ် ခေတ်ဟောင်း တေးသံရှင် ဒေါ်မာမာဝေက ပြောကြားခဲ့သည်။

    တေးသံရှင် ဒေါ်မာမာဝေကို အဖ ဦးမာမွတ်နှင့် အမိ ဒေါ်စိန်မြိုင်တို့မှ ၁၉၂၅-ခုနှစ် နိုဝင်ဘာလ ၂၉-ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းသုံးယောက်အနက် ဒေါ်မာမာဝေမှာ အကြီးဆုံးဖြစ်သည်။ဒေါ်မာမာဝေနှင့် မိသားစုတို့မှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြပါသည်။

    ဒေါ်မာမာဝေသည် ငယ်စဉ်ကတည်းက အနုပညာများနှင့် နီးစပ်ခဲ့ဖြစ်ကြောင်းကို သူမကပြောဆိုခဲ့သည်။ “အဘွား ပါးပါးက ကုန်သည်သူဌေးကြီးဆိုတော့ အိမ်မှာ ပါးပါးအပေါင်းအသင်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ခဏခဏလုပ်ဖြစ်တယ်။ အဲဒီလိုပွဲတွေ အိမ်မှာလုပ်ရင် အိမ်မှာ အငြိမ့်ကကြတယ်၊ သီချင်းတွေဆိုကြတယ်။ အဲ့လိုဆိုင်းသံ ဗုံသံတွေကြားရရင် မနေနိုင်ဘူး။ သူတို့ကတာ လိုက်က သီချင်းတွေလိုက်ဆိုရင်းပေါ့။ အဲ့ကစလို့ အနုပညာပိုးပါခဲ့တာပါ ” ဟု အဘွားက ငယ်စဉ်ဘဝ ၁၀-နှစ်အရွယ်လောက်က အမှတ်တရများကို စဉ်းစားရင်းပြောဆိုခဲ့သည်။
    1
    တဖြည်းဖြည်းနှင့် အငြိမ့်ပွဲတွေကိုကြည့်ရင်း နောက်ပိုင်းတွင် အိမ်တွင် ကကြသည့် အခါ အငြိမ့်မင်းသမီး နေရာတွင် တစ်ခါတစ်ခါ ဝင်က ခဲ့သည်ဟု အဘွားကပြောသည်။ လူကြီးသူမများကလည်း စင်အောက်ကနေအားပေးတော့ အားရှိပြီး တက်တက်ကြွကြွနှင့် ကခဲ့သည်ဟုဆိုသည်။ သင်္ကြန်အခါ သမယများတွင်လည်း ယိမ်းအလှအကများကိုပင် ကခဲ့ကြောင်း သိရသည်။

    “အကကို ဝါသနာပါတော့ အဘွားက အကကို သင်ကြည့်တယ်။ တချို့လက်ချိုးတဲ့နေရာတွေဆို အဘွားသိပ်မရဘူး။ ငယ်ငယ် ကလေးဘဝကတော့ ကတဲ့သူတွေကို အားကျပြီး လိုက်ကတာပေါ့။ ဒါပေမယ့် ကကွက်ကဟန်တော့ မတူဘူးလေ။ သေချာ သင်ကြည့်တော့ အဘွား အတွက် သိပ်မလွယ်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ ငယ်ငယ်လေး ကတည်းက သီချင်းကလည်း ဆိုတတ်တော့ သီချင်းဆန်းဆိုကြည့်တော့ သီချင်းမှာတော့ ဆိုရတာ သံစဉ်တွေကအစ အဆင်ပြေနေတယ်။ နောက် ဓာတ်ပြားလောကမှာလည်း အဆက်အသွယ်တွေက ရှိနေတော့ ဂီတလောကထဲကိုပဲ ရောက်လာခဲ့တယ်” ဟု ဒေါ်မာမာဝေက သူမဂီတလောကထဲသို့ ဝင်ရောက်ခဲ့ပုံနှင့် ပတ်သက်ပြီး ပြန်လည်ပြောဆိုခဲ့သည်။

    ၁၉၅၀-ခုနှစ်တွင် ဂီတလောကထဲသို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်စိုး (ကာလပေါ်) တူရိယာအဖွဲ့တွင် ဝင်ရောက် သီဆိုခဲ့သည်။ ဂီတလောကထဲသို့ ရောက်ရောက် ချင်း ဒေါ်ခင်မာဝေ၏ လက်ဦးဆရာမှာ ဆရာ တက္ကသိုလ်စိုး ဖြစ်ခဲ့သည် ဟု ပြောခဲ့သည်။ သူမ၏ ကြားဆရာမှာတော့ ဒေါ်မေရှင်ဖြစ်သည်ဟုဆိုသည်။ ငယ်စဉ်ကလေးဘဝကတည်းက ဒေါ်မေရှင် သီချင်းများကို ကြိုက်နှစ်သက်ပြီး အမြဲနားထောင်၍ အားကျခဲ့ရသည်ဟု ဒေါ်မာမာဝေက အတိတ်ကအကြောင်းအရာများကို ပြန်လည်ပြောဆိုခဲ့သည်။

    ဒေါ်မာမာဝေသည် ဂီတလောကသို့ ရောက်ရှိချိန်တွင် သီချင်းပေါင်း (၆၀) ကျော်လောက်ကို သီဆိုခဲ့သည်။ တစ်ကိုယ်တော် ဓာတ်ပြား (၁၀) ချပ် သီဆိုခဲ့သည်ဟု ဆိုသည်။ ရွှေမိုးလေးကညိုတယ်၊ ရွှေမိုး၊ ဝေဝေ၊ အောင်၊ ဟန်းနီး၊ သနားမေတ္တာ၊ လူထုမေတ္တာ၊ စပါယ်ရုံ၊ အပျင်းပြေ၊ နွယ်နီနတ်ပန်း အစရှိသည့် သီချင်းများကို သီဆိုခဲ့သည်။

    ထို့ပြင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဂီတပဒေသာကပွဲ၊ တောင်သူ လယ်သမားနေ့၊ အလုပ်သမားနေ့၊ မဟာသင်္ကြန် အစရှိသည့် နေ့ကြီးရက်ကြီးများ တွင်လည်း ဒေါ်ခင်မာဝေသည် သီချင်းများဖြင့် တက်ကြွစွာ ဖျော်ဖြေခဲ့သည်။

    ဘာသာရေးဘက်တွင်လည်း ၀ဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ၏   တပည့်ရင်းဖြစ်ပြီး မဟာ တမန်တော်မွေးနေ့ သာသနာ့ မှတ်ကျော်တင် စာပေပြိုင်ပွဲများတွင် ဟာဂျီမ ဒေါ်စောရွှေနှင့် အတူ ပြိုင်ပွဲဝင် ကလေးများအား ကဆွီဒါ (လင်္ကာ) များ သင်ပေးခြင်း အစရှိသည့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

    ၁၉၅၃-တွင်အိမ်ထောင်ပြုခဲ့ပြီး သားသမီးနှစ်ဦး မွေးဖွားခဲ့သည်။ အသက် (၃၀) ကျော်တွင် ဂီတလောကမှ အနားယူခဲ့သည်ဟုဆိုသည်။

    ယနေ့ခေတ် ဂီတများနှင့် ပတ်သက်၍လည်း “အဘွားတော့ အခုခေတ်ဂီတတွေကို နားထောင်လို့ကို မရပါဘူး။ အော်ဟစ်နေတာပဲ။ သီချင်းစာသားတွေကလည်း ယဉ်ကျေးမှုမရှိတော့ဘူး။ အဘွားတို့နားမှာတော့ ရိုင်းနေတာပေါ့။ အဘွားကတော့ သီချင်းအေးအေးလေးတွေကိုပဲ အရသာခံပြီးနားထောင်ရတာ ကြိုက်တာပေါ့။ အခုခေတ်က မြန်မာသံစဉ်က ပျောက် သလိုကို ဖြစ်နေပြီ။ မြန်မာသံစဉ် သီဆိုတတ်တဲ့ အခုခေတ် ကလေးတွေကိုလည်း သေချာလေ့ကျင့်ပြုစုပေးသင့်တယ်။ ဒါမှ မျိုးဆက်တွေဆိုတာ ကျန်ခဲ့မှာ ။ ဒီနေ့ခေတ် မြန်မာသံစဉ်တွေ ထဲမှာတော့ အဘွားက မာမာအေးကိုတော့ ကြိုက်တယ်။ သူဆိုတာ အဘွားတို့ခေတ်ကလိုပဲ။ သီချင်းတွေက ခံစားလို့ရနေသေးတယ်” ဟု မျိုးဆက်သစ်မြန်မာ သံစဉ်သီဆိုတတ်သော လူငယ်များ ပေါ်ထွန်းစေကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

    with min ko naing
    ဒေါ်မာမာဝေအား ကိုမင်းကိုနိုင်၊ မြေးဖြစ်သူ ကိုစည်သူမောင်နှင့် အတူတွေ့ရစဉ်

    ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားသူလည်းဖြစ်ပြီး ၁၉၈၈ အရေးအခင်းတွင် လည်း ကျောင်းသားများနှင့် အတူ ပါဝင် လှုပ်ရှားခဲ့သည်ဟု ဒေါ်မာမာဝေက ပြောခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် ပါဝင်ခဲ့၍ ထောင်သွင်း အကျဉ်းကျခံရသူ ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်မှာ ဒေါ်မာမာဝေ၏ မြေး အရင်းဖြစ်ကြောင်းသိရသည်။

    အသက် (၉၁)နှစ်အရွယ်ရှိပြီဖြစ်သော တေးသံရှင် ဒေါ်မာ မာဝေသည် ယခုအခါ (၁၀) ရပ်ကွက် လှိုင်မြို့နယ်၊ ရန်ကုန် ရှိနေအိမ်တွင်  မိသားစုနှင့် အတူ ကျန်းမာစွာနေထိုင်လျက်ရှိသည်။

  • အုပ်စုနောက်ဆုံးပွဲမှာ ကံကြမ္မာဆိုး ထပ်မံကြုံတွေခဲ့ရတဲ့ မြန်မာလူငယ်

    အုပ်စုနောက်ဆုံးပွဲမှာ ကံကြမ္မာဆိုး ထပ်မံကြုံတွေခဲ့ရတဲ့ မြန်မာလူငယ်

    ဇွန် ၅၊ ၂၀၁၅
    M-Media

    ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု (က) နောက်ဆုံးပွဲစဉ်
    နယူးဇီလန် ၅-၁ မြန်မာ

    mm

     

    – အကောင်းဆုံး တတိယနဲ့ အုပ်စုတက်ရေး မျှော်လင့်ချက်ငွေ့ငွေ့ရှိနေသေးတဲ့ မြန်မာအသင်းဟာ ဒီနေ့ပွဲမှာတော့ တစ်ချက်ထိ အမြန်ပေးစနစ်နဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပါတယ်။

    ၁၁ မိနစ်လောက်ကစပြီး နယူးဇီလန်ဂိုးပေါက်ကို မြန်မာအသင်းက ခြိမ်းခြောက်နိုင်ခဲ့ပြီး ၁၃ မိနစ်မှာ ဂိုးဧရိယာ ညာဘက်ထိပ်မှာရတဲ့ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင်နန္ဒကျော် ခါးဖြတ်ကန်သွင်းမှုကို နယူးဇီလန် နောက်ခံလူ အသည်းအသန် ဖြတ်ထုတ်ခဲ့ရပါတယ်။

    ဒီနေ့ပွဲမှာတော့ မြန်မာအသင်းရဲ့ အပေးအယူ အချိတ်အဆက်ဟာ တော်တော်လေး သေသပ်ကောင်းမွန်ခဲ့ပြီး နယူးဇီလန်ကွင်းလယ်ကို စိုးမိုးထားနိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ၂၇ မိနစ်မှာတော့ မြန်မာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး အလယ်တန်းကစားသမားတွေ အချိတ်အဆက်မိမိနဲ့ ထိုးဖောက် တိုက်စစ်ဆင်လာခဲ့ရာကနေ တိုက်စစ်မှူး အောင်သူက ဂိုးဧရိယာထဲမှာ နယူးဇီလန် နောက်တန်းကစားသမားတစ်ယောက်ကို လိမ်ခေါက်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်အပေါ်ထောက်ကို လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

    ဒီဂိုးဟာ ကမ္ဘာ့အဆင့်မီ ဂိုးတစ်ဂိုးလည်း ဖြစ်ပါတယ်။

    ၃၁ မိနစ်မှာ နယူးဇီလန်တို့ အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ် ရခဲ့ပြီး မြန်မာဂိုးသမား မျိုးမင်းလတ် အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ၃၃ မိနစ်မှာ မြန်မာအသင်း အချိတ်အဆက်မိမိနဲ့ ထိုးဖောက်လာခဲ့ပေမယ့် ဂိုးရှေ့မှာပျက်ခဲ့ပြီး နောက်တစ်မိနစ်အကြာ အောင်သူရဲ့ ဂိုးဧရိယာအပြင်ဘက်က ကန်သွင်းချက်ကလည်း ဂိုးဘားတန်းထိထွက်ခဲ့လို့ မြန်မာအသင်းအတွက် နစ်နာခဲ့ရပါတယ်။

    ချေပဂိုးရဖို့ကြိုးစားခဲ့တဲ့ နယူးဇီလန် မိနစ် ၄၀ မှာတော့ ဂိုးရခဲ့ပြီး တန်ပြန်တိုက်စစ်ကထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းက ကန်တင်ပေးတာကနေတစ်ဆင့် နံပါတ် ၂၀ က ပိတ်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီဂိုးဟာ မြန်မာနောက်တန်းရဲ့ အားနည်းမှုတစ်ခုဖြစ်တဲ့ လူကပ်ကစားတာ မသေချာမှုကို အခွင့်ကောင်းယူသွားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာလည်း မြန်မာအသင်းက နန္ဒကျော်၊ အောင်သူတို့ အဝေးကန်ချက်တွေနဲ့ နယူးဇီလန်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးရရှိခြင်းတော့ မရှိခဲ့ပါဘူး။

    ယူကရိန်းနဲ့ပွဲမှာ ပထမပိုင်း သူတင်ကိုတင်ကစားနိုင်ပြီး ဒုတိယပိုင်းမှာ ဂိုးတွေဆက်တိုက်ပေးလိုက်ရတဲ့ ကံကြမ္မာအတိုင်း မြန်မာအသင်းက ဒီနေ့လည်း လိုက်ခဲ့ပါတယ်။ ဒုတိယပိုင်းစလို့ ၂ မိနစ်မှာ မြန်မာအသင်းဟာ မထင်မှတ်ဘဲ ဦးဆောင်ဂိုး ပေးလိုက်ရပြီးတဲ့နောက် ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် နယူးဇီလန်ရဲ့ ထိန်းချုပ်ကစားမှုကို မကျော်နိုင်ခဲ့ဘဲ ၇၈၊ ၈၁ နဲ့ ၈၉ မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    အုပ်စုပွဲ ၃ ပွဲစလုံးရှုံး ရှုံးနိမ့်ခဲ့ရပေမယ့် ကမ္ဘာ့အဆင့်အသင်းတွေနဲ့ ကစားရတဲ့ မြန်မာအသင်းဟာ အတွေ့အကြုံကောင်းကောင်းရခဲ့တာတော့ သေချာပါတယ်။

  • အရီဇိုးနားလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    အရီဇိုးနားလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    ဇွန် ၅၊ ၂၀၁၅
    M-Media

    – အမုန်းတရားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် အဇီဇိုးနားရှိ ပြည်သူရာပေါင်းများစွာမှာ ပြီးခဲ့သည့် ရက်အနည်းငယ်က ဆိုင်ကယ်သမားများ အစ္စလာမ်ဆန့်ကျင်ရေးချီတက်မှု ပြုလုပ်ခဲ့သော ဖီးနစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်၌ စုရုံးကာ မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကြသည်။

    “ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖြိုခွဲဖို့ လှုပ်ရှားမှုတွေ ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အတူတကွ ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို သိစေချင်ပါတယ်။ ခြားနားမှုတွေရှိနေပေမယ့် ကျွန်တော်အားလုံးဟာ တစ်စုတစ်စည်းထဲပါပဲ” ဟု အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများထဲမှ တစ်ဖွဲ့ဖြစ်သည့် အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ခရစ်ယာန်ဘုန်းတော်ကြီး အီရင် တာမာယိုက Huffington Post သို့ ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “မေတ္တာဟာ အမုန်းထက် ပိုခိုင်မာတယ်” ဟု အမည်ပေးထားသည့် အမုန်းဆန့်ကျင်ရေး အဆိုပါ ချီတက်မှုကို ဇွန်လ ၁ ရက် တနင်္လာနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်၊ ဂျူးအမျိုးသမီးများ သင်ကြားရေးစင်တာ၊ အရီဇိုးနား အစ္စလာမ့်ပညာရှင်များဗျူရိုကဲ့သို့ ဘာသာပေါင်းစုံမှ အဖွဲ့ပေါင်း ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

    ၎င်းတို့မှာ ပြီးခဲ့သည့်တစ်တပတ်က ဆိုင်ကယ်စီးလူအုပ်စုများ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သော ဖီးနစ် ဗလီဝတ်ကျောင်းတော်တွင်လည်း ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

    ပွဲစီစဉ်သူများကမူ ၎င်းတို့၏ အဆိုပါလှုပ်ရှားမှုမှာ မိမိတို့အထဲမှ တစ်ဦးဦးက ခွဲခြားဆက်ဆံခံရသည့်အခါ မိမိတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ အမုန်းတရားမပါဘဲ မေတ္တာရှေ့ထား၍ တုန့်ပြန်သည်ဆိုသည်ကို ပြသရန်ဖြစ်သည်ဟု
    ပြောကြားခဲ့သည်။ ထို့ပြင် ထိုပွဲကို တက်ရောက်မည့်သူများအား ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ပန်းများ ယူဆောင်လာရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

    ဖီးနစ်မြို့ရှိ မွတ်စလင်ခေါင်းဆောင်များကမူ အစ္စလာမ်ဆန့်ကျင်ရေး ချီတက်မှုပြီးနောက် ယခုကဲ့သို့ ရရှိသည့် လူ့အဖွဲ့အစည်း၏ အားပေးမှုကို ကြိုဆိုပြီး၊ မိမိတို့အနေဖြင့် ကြည်နူးခံစားရသည်ဟု ပြောကြားခဲ့သည်။

    “ဒီလှုပ်ရှားမှုက တစ်ယူသန်မှုတွေဟာ ခြွင်းချက်ရှိတယ်ဆိုတာကို ပြသနေပါတယ်။ ဒီအမုန်းတရားက ခြွင်းချက်ရှိပါတယ်။ လူတော်တော်များများဟာ ယုံကြည်ချက်တွေ မတူကြပါဘူး။ ဒါပေမယ့် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာကို ရောက်လာတဲ့အခါ ဘာသာပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ပုခုံးချင်းယှဉ် ရပ်လာခဲ့ကြပါတယ်” ဟု ဖီးနစ်မြို့ အစ္စလာမ့်လူမှုစင်တာမှ ဥက္ကဌဖြစ်သူ အူစာမာ ရှာမီက ပြောကြားခဲ့သည်။

    ဖီးနစ်ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ မဟ်မူးဒ် ဆူလိုင်မန်ကလည်း ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ပြီး ၎င်း၏ မိန့်ခွန်းတွင် အယူဝါဒများ၏ ကျမ်းစာများမှ ကျမ်းချက်များကို ကောက်နှုတ်ဖော်ပြခဲ့သည်။

    “အကောင်းဆုံးသော အောင်မြင်မှုကို သင်တို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျေးဇူးပါပဲ” ဟု ဘာသာပေါင်းစုံ လူအုပ်ကြီးအား ဆူလိုင်မန်က ပြောကြားခဲ့သည်။

    အရီဇိုးနားလူ့အဖွဲ့အစည်း၏ ထိုကဲ့သို့ အားပေးနှစ်သိမ့်မှုကို အခြားသော မွတ်စလင်ခေါင်းဆောင်များကလည်း ချီးကျူးခဲ့သည်။

    “ကျွန်တော် ဒါမျိုး စိတ်တောင် မကူးဖူးပါဘူး။ ဒီရက်အနည်းအတွင်း ဒလဟောကျလာတဲ့ ချစ်ခြင်းမေတ္တာတွေက ကျွန်တော့်ကို လေးစားအားကျမိစေပါတယ်” ဟု မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟူစိန်က လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များကလည်း သောကြာနေ့က ပြုလုပ်ခဲ့သော အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

    “ကျွန်တော်မြင်ဖူးသမျှ၊ ကြုံဖူးသမျှတွေထဲမှာ ဒါဟာ ကြောက်စရာအကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲဒီ သောကြာနေ့ကလုပ်ရပ်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး” ဟု သောကြာနေ့ အဆိုပါ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဆန္ဒပြသူများနှင့် ဗလီဝတ်ကျောင်းတော်အကြား လူတံတိုင်းဖန်တီးရန် ကူညီပေးခဲ့သည့် ခရစ်ယာန်တရားဟောဆရာ ဘော့ဘ်ဟေကီက
    ပြောကြားခဲ့သည်။

    အခြားသော ခေါင်းဆောင်များကလည်း ယခုကဲ့သို့ အမုန်းတရားဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အရီဇိုးနားရှိ လူ့အဖွဲ့အစည်းအတွင်း နားလည်မှုတိုးမြှင့်ရေးအတွက် အခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ နားလည်မှု၊ အားပေးမှုနဲ့ လူတိုင်းအတွက် မေတ္တာတံတားတွေ ထိုးပေးဖို့ ဒီကိုရောက်နေကြတာပါ” ဟု ဘာသာပေါင်းစုံလှုပ်ရှားရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ပေါလ် အက်ပင်ဂါက ပြောကြားခဲ့သည်။

    တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ ဖီးနစ်လူ့အဖွဲ့အစည်းက မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့် ပထမဆုံး လှုပ်ရှားမှုမဟုတ်ချေ။

    ပြီးခဲ့သည့် သီတင်းပတ်ကလည်း Take On Hate အဖွဲ့က အမေရိကန်မွတ်စလင်များအပေါ် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားသည့် အွန်လိုင်းလှုပ်ရှားမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြသည်။

    Ref: Onislam