News @ M-Media

Blog

  • အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ဂျာမနီ ဘောလုံးသံတမန်အဖြစ် ခန့်အပ်ခံရ

    အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ဂျာမနီ ဘောလုံးသံတမန်အဖြစ် ခန့်အပ်ခံရ

    ဇွန် ၄၊ ၂၀၁၅
    M-Media

    ozil

    – အာဆင်နယ်ကွင်းလယ်လူ မီဆုအိုဇေးလ်၏ ပရဟိတလုပ်ငန်းများကို ဂုဏ်ပြုသောအားဖြင့် ဂျာမနီအစိုးရက ၎င်းအား ဘောလုံးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဂုဏ်ပြုမှုကို ပြည်သူများ၏ မဲပေးမှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နည်းပြ ဂျာဂန် ကလင်းစမန်းနှင့် အက်စတွန်ဗီလာ ကွင်းလယ်လူဟောင်း သောမတ်စ် ဟစ်ဇဲလ်ပါဂါတို့လည်း ပါဝင်ခဲ့သည်။

    “ကျွန်တော့်ရဲ့အလုပ်မှာ နည်းလမ်းအနည်းငယ်နဲ့ တကယ့်ကို ထူးခြားအောင် လုပ်ရပါတယ်။ ကျွန်တော်တို့ဟာ အရမ်းကို အခွင့်ထူးကြသူတွေပါ။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကလေးတွေကို တတ်နိုင်သလောက် ကူညီပေးဖို့ ဖြစ်တယ်ဆိုတာ ကျွန်တော့်ကို သိတဲ့သူတိုင်းက ပြောပြပါလိ့မ်မယ်။ အသင်းက အကူအညီပေးချင်သူတွေကိုလည်း ကျွန်တော် ပြောထားပါတယ်။ ကျွန်တော်တို့ဟာ ဆုကြေးတွေကို အာဖရိက က မီးလောင်ခံရတဲ့ ကလေးတွေကိုကူညီဖို့ အသုံးပြုသွားမှာပါ။ ဘယ်လိုကူညီသွားမလဲဆိုတာ ကျွန်တော်တို့ စီစဉ်ပြီးပါပြီ” ဟု အိုဇေးလ်က Deutsche Welle သတင်းစာသို့ ပြောကြားခဲ့သည်။

    အိုဇေးလ်၏ ပရဟိတလုပ်ရပ်များအတွက် အသိအမှတ်ပြုခံရခြင်းမှာ ယခုအကြိမ်သည့် ပထမဆုံးအကြိမ်ဟုတ်ပေ။ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဘရာဇီးလ်ရှိ ကျန်းမာရေးချို့တဲ့သော ကလေးငယ် ၂၃ ဦး ခွဲစိတ်ရန် ဆုကြေးငွေကို လှူဒါန်းခဲ့သည့်အတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် Sport for Good ဆု ရရှိခဲ့သည်။

    အိုဇေးလ်မှာ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အိုဇေးလ်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားသူဖြစ်သည်။

    “ပရဟိတစလုပ်ဖို့ အချိန်အနည်းငယ်ကြာ စီစဉ်ခဲ့ရပါတယ်။ ဒီလို စီမံကိန်းနဲ့ မဆောင်ရွက်ခင် ကလေးတွေကို ကျွန်တော် ကူညီပေးခဲ့ဖူးပါတယ်။ အခု ကျွန်တော့်မှာ ကွန်ယက်ကောင်းကောင်း ရှိတာကြောင့် သူတို့လေးတွေကို မြန်မြန်ဆန်ဆန် ကူညီနိုင်တာပေါ့။ အဓိက ရည်ရွယ်ချက်ကတော့ ကလေးတွေကို အပြုသဘောဆောင်တဲ့ အနာဂတ် ဖန်တီးပေးဖို့ပါပဲ။ ဘ၀ကို ပျော်ရွှင်မှုကင်းမဲ့စွာ ဖြတ်သန်းနေရတဲ့ ကလေးတွေ အပြင်မှာ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ ဘ၀လေးတွေ နည်းနည်းပိုကောင်းအောင် လုပ်ပေးဖို့ပါပဲ”

    Ref: Goal

  • ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများ မြင့်တက်လာ

    ယူကရိန်းအရှေ့ပိုင်း တိုက်ခိုက်မှုများ မြင့်တက်လာ

    ဇွန် ၄၊ ၂၀၁၅
    M-Media

    ukarine

    – ယူရိန်းနိုင်ငံအရှေ့ပိုင်းတွင် ယမန်နေ့ညက ကြီးမားသော တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသူ ခွဲထွက်ရေးတပ်ဖွဲ့တို့မှာ အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။

    ခွဲထွက်ရေးသမားများမှာ ၎င်းတို့ အခိုင်အမာတပ်စွဲထားရာ ဒွန်ညက်မြို့အနီးရှိ ယူကရိန်းစစ်တပ်များ၏ စခန်းများသို့ ကြီးမားသည့် ထိုးစစ်ဆင်မှုများ ယမန်နေ့ညတွင် ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် ဒါဇင်နှင့်ချီသော တင့်ကားများနှင့် ထောင်နှင့်ချီသော စစ်သည်အင်အား ပါဝင်ခဲ့သည့် ယူကရိန်း စစ်တပ်ဗိုလ်ချုပ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ယူကရိန်းတပ်ဖွဲ့ဝင်များမှာ လက်နက်ကြီးများဖြင့် အဆိုပါ ထိုးစစ်ဆင်မှုကို ရင်ဆိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

    ဥရောပမှ ကြားဝင်စေ့စပ်ပေးသည့် အပစ်ရပ်ရေးသဘောတူညီချက်ကို ယူကရိန်းနှင့် ခွဲထွက်ရေးသမားများက ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာဖြစ်သော ယူကရိန်းအရှေ့ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း
    တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။

    ယမန်နေ့က တိုက်ခိုက်မှုအတွင်း ဓာတ်အားပေးလိုင်း ပြတ်တောက်သွားခဲ့ပြီးနောက် ဒွန်ညက်မြို့ရှိ မိုင်းတွင်းကြီးနှစ်ခု၏ မြေအောက်၌ မိုင်းလုပ်သား ၉၀၀ ကျော် ပိတ်မိခဲ့သည်။ ညနေပိုင်းတွင် ကယ်ဆယ်မှုများကို လုပ်ဆောင်ခဲ့သော်လည်း မိုင်းလုပ်သား ၃၀၀ ကျော်မှာ ဆက်လက် ပိတ်မိနေဆဲဖြစ်သည်။

    ၂၀၁၄ ခုနှစ် ဧပြီလက စတင်ဖြစ်ပွားခဲ့သည့် ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားတို့အကြား တိုက်ပွဲများကြောင့် လူပေါင်း ၆၄၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။

    Ref: Aljazeera

  • ဖီဖာမှာ ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် လာဘ်စားခဲ့

    ဖီဖာမှာ ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် လာဘ်စားခဲ့

    ဇွန် ၄၊ ၂၀၁၅
    M-Media

    blazer

    – မိမိနှင့်အတူ အခြားအမှုဆောင် ကော်မတီဝင်များမှာလည်း ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားများအတွက် လာဘ်ငွေ လက်ခံခဲ့သည်ဟု ဖီဖာအမှုဆောင်ကော်မတီဝင်ဟောင်း ချက်ဘလေဇာက ၀န်ခံပြောကြားလိုက်သည်။

    ဘလေဇာမှာ ၂၀၁၃ ခုနှစ်က နယူးယောက်မြို့ တရားရုံးတွင် အက်ဖ်ဘီအိုင်သို့ ၀န်ခံခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အာဏာပိုင်များက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ဘလေဇာမှာ ၎င်းကိုယ်တိုင်လည်း လာဘ်စားမှုနှင့် အခြားစွဲချက်များအတွက် အပြစ်ရှိသည်ဟု ထိုစဉ်က တစ်ပါတည်း ၀န်ခံခဲ့သည်။

    “ကျွန်တော်နဲ့ ဖီဖာအမှုဆောင်ကော်မတီဟာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် တောင်အာဖရိကကို အိမ်ရှင်အဖြစ် ရွေးချယ်မှုနဲ့ ဆက်စပ်ပြီး လာဘ်ငွေတွေယူဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဘလေဇာက တရားရုံးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရစ်ဘီယံဒေသ ဘောလုံးအဖွဲ့ချုပ်များ၏ ဒုတိယ အကြီးအကဲဟောင်းဖြစ်ခဲ့သူ ဘလေဇာက ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် မည်သည့်နိုင်ငံအား မဲပေးရမည်ဆိုခြင်းနှင့် ပတ်သက်၍လည်း လာဘ်ငွေယူရန် မိမိမှာ ၁၉၉၂ ခုနှစ် ၀န်းကျင်က စီစဉ်ခဲ့သည်ဟု ဆိုသည်။

    အမေရိကန်နိုင်ငံသားဖြစ်သူ ဘလေဇာမှာ တရားသူကြီးများနှင့် သဘောတူညီချက်ယူကာ နယူးယောက် ဖက်ဒရယ်တရားရုံးတွင် ရာဇ၀တ်မှုစွဲချက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း လျှို့ဝှက်ဝန်ခံခဲ့သည်ဟု ယမန်နေ့က ဖွင့်ချမှုတွင် ဖော်ပြထားသည်။

    ဘလေဇာ၏ ပူးပေါင်းဆောင်ရွက်မှုက ဖီဖာ၏ ထိပ်တန်းအကြီးအကဲများအား တရားစွဲဆိုမှုကို ဦးတည်စေခဲ့သည့် ချစားသည့်အမှု တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။

    နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ ဖီဖာ၏ ချစားမှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများတွင် ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရုရှားနှင့် ကာတာတို့အား ရွေးချယ်ခဲ့မှု ကိစ္စအထိ ကျယ်ပြန့်လာခဲ့သည်ဟု သိရသည်။

    Ref: Aljazeera

  • ကျန်းမာရေး အထောက်အကူဖြစ်စေသည့် ၀တ်ပြုဖျာကို ကနေဒါမွတ်စလင်တစ်ဦး ပထမဆုံး တီထွင်

    ကျန်းမာရေး အထောက်အကူဖြစ်စေသည့် ၀တ်ပြုဖျာကို ကနေဒါမွတ်စလင်တစ်ဦး ပထမဆုံး တီထွင်

    ဇွန် ၄၊ ၂၀၁၅
    M-Media

    prayer map

    – သက်ကြီးရွယ်အို မွတ်စလင်များ ၀တ်ပြုဆောက်တည်ရာတွင် သက်တောင့်သက်သာရှိစေရေးအတွက် မွတ်စလင် အာကာသပညာရှင် စွန့်စားတီထွင်သူတစ်ဦးက ကျန်းမာရေးကို အထောက်အကူပြုသည့် ၀တ်ပြုဖျာတစ်ခုကို တီထွင်ခဲ့ပြီး အဆိုပါအခင်းတွင် အာကာသနည်းပညာကို အသုံးပြုထားသည်ဟု သိရသည်။

    “ဒူးခေါင်းနဲ့ အဆစ်အမြစ်နာကျင်သူတွေ၊ ပင်ပန်းနွမ်းလျသူတွေ၊ အကြောအချင်တောင့်တင်းသူတွေ၊ အားနည်းတဲ့သူတွေအတွက် ဒီဖျာက ထိထိရောက်ရောက် အကူအညီဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ အရိုးတည်ဆောက်ပုံကိုလည်း အထောက်အကူဖြစ်စေပါတယ်” ဟု အဆိုပါဖျာကို တီတွင်ခဲ့သူ နဒါရ် ဆဘ်ရီက အလ်-အာရေဗျ သတင်းစာသို့ မေလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အာရပ်နွယ်ဖွား ကနေဒါမွတ်စလင်တစ်ဦးဖြစ်သော ဆဘ်ရီမှာ  Get2space.com ၀ဘ်ဆိုက်ကို တည်ထောင်ထားသူဖြစ်ပြီး အမေရိကန် အာကာသဖောင်ဒေးရှင်းနှင့် မိတ်ဖက်ဖြစ်သည့် အဆိုပါ ၀ဘ်ဆိုက်မှတစ်ဆင့် မွတ်စလင်လူငယ်များ စွန့်စားလိုစိတ် ဖြစ်ပေါ်လာအောင်
    အသိပညာပေးနေသူဖြစ်သည်။

    TIMEZ5 ဟု အမည်ရသည့် အဆိုပါဝတ်ပြုဖျာကို တီထွင်ခြင်းအားဖြင့် ဆဘ်ရီမှာ အစ္စလာ့မ်မစ်စီးပွားရေးကဏ္ဍအတွင်း ၂ ထရီလီယံရှိသော လူမှုဘ၀ဈေးကွက်၌ တစ်ဦးတည်းသော တီထွင်ဖန်တီးသူအဖြစ် မှတ်ယူရမည်ဖြစ်သည်။

    “TIMEZ5 ၀တ်ပြုဖျာကို မွတ်စလင်ဈေးကွက်အတွင်း နှစ်ပေါင်းများစွာ အသေးစိတ် သုတေသန ပြုလုပ်ပြီးနောက်ပိုင်းမှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ အသက်ကြီးကြီး အဘိုးအိုတစ်ယောက် ကိုက်ခဲမှုတွေကြားက ၀တ်ပြုဖို့ ကြိုးစားနေတာကို တွေ့ပြီးနောက်ပိုင်းမှာ စိတ်ကူးရလာတာပါ။ ၀တ်ပြုမှုမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လှုပ်ရှားမှု ပါဝင်တာကြောင့် ဒီအဘိုးအိုရဲ့ ဘာသာရေးဆိုင်ရာ ကျင့်မှုဆောက်တည်တဲ့အချိန်ဟာ ခက်ခဲခဲ့ပါတယ်။ နှစ်ပေါင်းများစွာ သူတေသနလုပ်ပြီးတဲ့နောက်ပိုင်း
    မွတ်စလင်တွေအများစုဟာ ဒူးခေါင်းနာကျင်တာ၊ အဆစ်အမြစ်ပြဿနာတွေကို ခံစားရပြီး အဲဒီရောဂါတွေက သူတို့ရဲ့ ၀တ်ပြုဆောက်တည်မှုကို အတားအဆီး ဖြစ်စေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်” ဟု ဆဘ်ရီက ပြောကြားခဲ့သည်။

    အဆိုပါဖျာကို တီထွင်မှုမှာ ၅ နှစ် ကြာမြင့်ခဲ့ပြီး မွတ်စလင် သက်ကြီးရွယ်အိုများ ၀တ်ပြုဆောက်တည်ရာတွင် အကူအညီဖြစ်စေသလို ထိုင်၍ အလုပ်လုပ်ရသောသူများ၊ ဒဏ်ရာမှ သက်သာရန် ကြိုးစားနေသော အားကစားသမားအထိ အထောက်အကူဖြစ်စေမည်ဟု ၎င်းက
    ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဆဘ်ရီ၏ TIMEZ5 ကုမ္ပဏီမှာ မွတ်စလင်များ၏ လူမှုဘ၀ကဏ္ဍအတွက် တီထွင်ဖန်တီးမှုများ ပြုလုပ်ပေးနေသည့် အနည်းငယ်သော ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

    “ကျွန်တော်တို့ဟာ မျိုးဆက်သစ် မွတ်စလင်တီထွင်သူတွေကို ဦးဆောင် ပုံဖော်ပေးနေတာပါ”

    ဆဘ်ရီ၏ ကုမ္ပဏီမှာ နာဆာသမိုင်းတွင် အာကာသနည်းပညာဆိုင်ရာ အသိအမှတ်ပြုသည့် ၄၃ ခုမြောက် ကုမ္ပဏီလည်း ဖြစ်သည်။

    “နာဆာက အသိအမှတ်ပြုပြီး ကျွန်တော်တို့ဟာ နာဆာနဲ့ အလုပ်လုပ်တဲ့ တီထွင်ကြံဆတဲ့ကုမ္ပဏီတစ်ခု ပထမဆုံး ဖြစ်လာပါတယ်” ဟု ဆဘ်ရီက ထပ်လောင်းပြောကြားခဲ့သည်။

    အိပ်မက်များ

    အာကာသနည်းပညာကို အသုံးပြု၍ ၎င်း၏ ပထမဆုံးစီမံကိန်း အောင်မြင်ခဲ့သည့် ဆဘ်ရီမှာ တီထွင်မှုများ ထပ်မံဆောက်ရွက်သွားရန် စိတ်ကူးရှိနေသည်။

    နောက်ထပ် တီထွင်မှုအစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာ “အခုလတ်တလောမှာတော့ ကျွန်တော်တို့ဟာ တော်တော်လေး အလုပ်ဖြစ်နေပါတယ်။ မွတ်စလင်တွေရဲ့ လူမှုဘ၀ စိန်ခေါ်မှုကို တိုးမြှင့် အကူအညီပေးဖို့ ကျွန်တော်တို့ဟာ တီထွင်ဆန်းသစ်မှု တော်တော်များများကိုလည်း လုပ်ဆောင်နေပါတယ်။ နိုင်ငံအများအပြားက တောင်းဆိုမှုတွေရှိလာတာကြောင့် လာမယ့်နှစ်မှာ
    ကျွန်တော်တို့ဟာ ဇီဝကမ္မဗေဒနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေေးနွးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ဆဘ်ရီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မိမိတို့၏ ဆေးအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇီဝကမ္မဗေဒ အကြောင်းအရာ၏ ထူးခြားမှုနှင့် ထိုပြဿနာအား ၀တ်ပြုခြင်းဖြင့် မည်ကဲ့သို့ ကျော်ဖြတ်ရမည်ဆိုသည်တို့ကိုလည်း မွတ်စလင်များအား အသိပညာပေးသွားမည်ဟု ၎င်းက
    ဆိုသည်။

    “ကျွန်တော်တို့ဟာ နာဆာအသိအမှတ်ပြုဖြစ်ပြီး၊ အာကာသနည်းပညာကို အသုံးပြုကာ နာဆာရဲ့ နည်းပညာဆိုင်ရာ လွှဲပြောင်းပေးအပ်မှု အစီအစဉ်နဲ့အတူ အလုပ်လုပ်နေတာပါ။ ကျွန်တော်တို့ အောင်မြင်ခဲ့ပြီးတဲ့ ဒီနေ့မှာတော့ နာဆာဟာ အနာဂတ် အာကာသ ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို စမ်းသပ်နေပါတယ်” ဟု ဆဘ်ရီက ပြောကြားခဲ့သည်။

    ကနေဒါမှ တီထွင်ကြံဆမှုများ ဆောင်ရွက်နေသည့် ဆဘ်ရီအနေဖြင့် ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်မှုများ လုပ်ရန်လည်း စိတ်ကူးရှိနေသည်။

    “ဒီနေ့ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၃၅ နိုင်ငံကို ရောင်းချနေပြီး ဖောက်သည် ထောင်နဲ့ချီ ရှိနေပါတယ်။ အဓိကဈေးကွက်တွေအထိ ပြန့်နှံ့ပြီး အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နဲ့ ယူကေတို့လို နိုင်ငံတွေမှာလည်း တော်တော် အောင်မြင်မှုရပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းက အခုအချိန် ကနေဒါမှာဖြစ်ပေမယ့် အရှေ့အလယ်ပိုင်းမှာ ထုတ်မယ့်အစီအစဉ်တော့ မရှိသေးပါဘူး”

    Ref: Onislam

  • မီဒီယာအချို့ အမုန်းတရားရဲ့ ရေသောက်မြစ်ဖြစ်နေပြီလား?

    မီဒီယာအချို့ အမုန်းတရားရဲ့ ရေသောက်မြစ်ဖြစ်နေပြီလား?

    ဇွန် ၄ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- Dr ကိုကိုကြီး
    Hate Speech

    အွန်လိုင်း မီဒီယာ အများစုရဲ့ Pages အောက်က comments တွေ ကိုဝင်ဖတ်ကြည့်ကြည့် ၊ ဆဲဆိုတာ စော်ကားတာ၊ မိုက်ရိုင်းတာ၊ ဘာသာတရားတွေကို ပုတ်ခတ်တာ၊ လူမျိုးရေး ခွဲခြားနှိမ်ချတာနဲ့ လွတ်တဲ့ကင်းတဲ့ post မရှိသလောက်ပါဘဲ။
    .
    ကျွန်တော်စဉ်းစားမိတာက
    .
    – မီဒီယာ တွေရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေမှာ ဘာကြောင့်ဒီလို comments တွေကိုရေး ခွင့်ပြုထားပါသလဲ။ (မြန်မာမီဒီယာ အများစုကိုဆိုလိုပါတယ်။)
    .
    – ဘယ်ဒီမိုကရေစီ စနစ်မှာမှ ဒီလို အစွန်းရောက် စော်ကား ခွင့်မရှိပါဘူး။
    .
    – ဒါ ရပိုင်ခွင့်မဟုတ်ပါဘူး။
    .
    – မီဒီယာ အချို့ အနေနဲ့ သူတို့ရေးခွင့်မသာတဲ့ အမုန်းတရားကို စာဖတ်သူရှဲ့ comments မှ တစ်ဆင့် သွယ်ဝိုက်ဖြန့်ချိချင်နေတာလား။
    .
    – မီဒီယာတွေရဲ့ ဆိုရှယ် စာမျက်နှာက သတင်းတွေအောက်မှာ ပုံမှန် စတင်ဆဲဆိုဖို့ အစပျိုးပေးတဲ့ Accounts ၁၀၀ – ၂၀၀ ထက်မပိုပါဘူး။ နှစ်ဘက်စာဖတ် သူတွေပါ ဝင်ရောက်ဆဲဆိုလာကြပြီဆိုရင် သူတို့တွေ အောင်မြင်စွာနဲ့ နောက်ထပ် Media Page တွေ၊ Journal Page တွေမှာ ပြဿနာ ဖန်တီးဖို့ထွက်ခွါသွားတော့တာပါပဲ။
    .
    အစွန်းရောက် မီဒီယာ တစ်ချို့မှာ အကောင့်အတုနဲ့ ဂျာနယ်လစ် တွေကိုယ်တိုင် comments တွေဝင်ရေး လှုံ့ဆော်တာတောင် ရှိနေတာတွေမြင်တွေ့နေရတာပါ။
    .
    အဖြေက အကောင့်ပုန်းအချို့ဟာ မီဒီယာတွေ အပြင် လူမျိုးရေး ဘာသာရေးမှ တဆင့် အကျိုးအမြတ်ရှာနေတဲ့ နိင်ငံရေး အဖွဲ့အစည်းတွေနဲ့ပါ ပတ်သက်နေတာ လုံးဝမငြင်းနိုင်ပါဘူး။
    .
    – ဒီ Accounts တွေဟာ ရိုးသားပါရဲ့လား၊ လိုင်းပေါ်မှာ ၂၄ နာရီလုံးပတ်လုံးရှိနေတာထောက်ရင် အဖွဲ့အစည်း တစ်ခုရဲ့အောက်မှာ စနစ်တကျ လှုပ်ရှားနေတာ သေချာပါတယ်။ဘယ်သူမှအခကြေးငွေတစ်စုံတစ်ရာမရဘဲ ရေရှည် မလှုပ်ရှားနိုင်ပါဘူး။( တစ်နာရီ ၄၀၀ ကျပ်နဲ့ ၂၄နာရီအတွက် ၉၆၀၀ကျပ် ကုန်မှာပါ၊ တစ်လ အနည်းဆုံး သုံးသိန်း ဝန်းကျင်သုံးရပါ့မယ်။)
    .
    သာမန် ဝင်ငွေရှိတဲ့ လူတစ်ယောက် အနားတောင် မကပ် နိုင်တဲ့ငွေပမာဏပါ။ လူတစ်ယောက်လိုင်းပေါ်မှာ ၂၄ နာရီနေဖို့ လိုင်းသုံးစွဲခ၊ electronic devices တွေအပြင်၊ စားဝတ်နေရေး အတွက်ပါထောက်ပံ့ပေးရမှာပါ။
    .
    – ဒီ Accounts တွေရဲ့ အမည်တစ်ချို့ဟာ တရုတ်၊ အစ္စလာမ်၊ ခရစ်ယာန် အမည်တွေ ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဘွဲ့အမည်တွေနဲ့ ဟန်ဆောင်ထားလေ့ရှိပြီး ဘာသာတရား တွေကို စတင်ဆဲဆိုပြီး ပြဿနာ စတင်လေ့ရှိပါတယ်။
    .
    သူတို့ကိုဘယ်အဖွဲ့အစည်းက ထိန်းချုပ်ထားပါသလဲ။ မီဒီယာတွေဘာကြောင့် ဒီလို အကောင့်တွေကို စိတ်တိုင်းကျ ရေးသားခွင့်ပြု ထားရပါသလဲ။
    .
    -ကျွန်တော့်ရဲ့ Timeline အောက်မှာ ဘယ်သူကိုမှဆဲဆို စော်ကား ခွင့်မပေးပါဘူး၊ အစွန်းရောက် comments များလဲပေးခွင့်မပြုပါဘူး။ဘယ်လူမျိုး၊ ဘယ်ဘာသာတရား ကိုမှ စော်ကားမော်ကား လုပ်ခွင့်မပြုပါဘူး။ ချက်ချင်း block ပါတယ်။ ချက်ချင်းဖျက်ပစ်ပါတယ်။ timeline ပေါ်လည်း view before post လုပ် စီစစ်ပြီးမှ တင်ခွင့်ပြုပါတယ်။
    .
    – ကျွန်တော့်လို ဘာမှမဟုတ်တဲ့ လူတစ်ယောက်တောင် လွယ်လွယ်လေးလုပ်နိုင်ရင်၊ ပြည်သူသန်း ၅၀ ကျော် ကို ကိုယ်စားပြုနေတဲ့ မီဒီယာတွေက မလုပ်နိုင်တာဟာ အများကြီး စဉ်းစားစရာပါ။
    .
    ကျွန်တော်ကတော့ ဂျာနယ်တွေ ၊မီဒီယာတွေ တွေကိုယ်တိုင် သူတို့ရဲ့ အကျိုးစီးပွားနဲ့အတ္တကြောင့် မလုပ်ချင်တာလို့မြင်ပါတယ်။
    .
    – ဒီတော့ဗျာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ကိုယ်က သဘောထား မပြောင်း လိုရင်၊ နိုင်ငံအေးချမ်းသာယာတာကို မလိုချင်ရင် တော့ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ၂၀၁၅ မရောက်မီမှာဘဲ ၉၆ပါးသော ရောဂါများစွဲကပ်ပြီး အနိစ္စ သဘောနဲ့ ကိစ္စချော သွားတော့မှာ သေချာကြောင်းပါ ခင်ဗျား။
    .—————————————
    ** M-Media သို့ သတင်းဆောင်းပါးများပေးပို့နိုင်ပါသည်။ [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ ပေးပို့လာသည့် ဆောင်းပါးများကို စိစစ်ပြီး ဖော်ပြပေးသွားပါမည်။