News @ M-Media

Blog

  • မော်စီအတွက် သေဒဏ်ချမှတ်မှု ရက်ရွှေ့ဆိုင်း

    မော်စီအတွက် သေဒဏ်ချမှတ်မှု ရက်ရွှေ့ဆိုင်း

    ဇွန် ၂၊ ၂၀၁၅
    M-Media

    morsi

    – အီဂျစ်သမ္မဟောင်း မိုဟာမက်မော်စီအပေါ် သတ်မှတ်ထားသည့် သေဒဏ်နှင့်ပတ်သက်၍ အမိန့်ချမှတ်မှုကို ကိုင်ရိုတရားရုံးက ယနေ့တွင် ရွှေ့ဆိုင်းခဲ့သည်ဟု သိရသည်။

    အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံး လူထုဆန္ဒဖြင့် သမ္မတဖြစ်ခဲ့သည့် သမ္မတမော်စီမှာ စစ်တပ်၏ ဖြုတ်ချခြင်းကို ခံခဲ့ရပြီး ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် မတည်မငြိမ်ဖြစ်မှုအတွင်း ထောင်ဖောက်မှု၌ တာဝန်ရှိသည်ဟုဆိုကာ မေလ ၁၇ ရက်နေ့က သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

    အဆိုပါသေဒဏ်ကို လူ့အခွင့်အရေးအဖွဲ့များနှင့် ကမ္ဘာ့ခေါင်းဆောင်များက ရှုတ်ချခဲ့ကြသည်။ မော်စီအပါအ၀င် သေဒဏ်ချမှတ်ခံခဲ့ရသော လူ ၁၀၀ ကျော်အတွက် သေဒဏ်အား အတည်ပြုရေး နိုင်ငံ၏ အမြင့်ဆုံး ဘာသာရေးတာဝန်ရှိသူဖြစ်သော မွဖ်သီကြီးသို့ လွှဲပြောင်းပေးအပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

    ထိုအတည်ပြုချက်နှင့်ပတ်သက်၍ ယနေ့တွင် ကြားနာကာ အမိန့်ချရန် စီစဉ်ခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့မှ ပြန်လည်အမိန့်ချရန် တရားရုံးက သတ်မှတ်ခဲ့သည်။

    ယနေ့တရားခွင်သို့ မော်စီဝင်ရောက်လာသည့်အချိန်တွင် ၎င်းနှင့်အတူ တရားစွဲဆိုခံရသူများက “စစ်တပ်ကိုဖြုတ်ချပစ်၊ စစ်တပ်ကိုဖြုတ်ချပစ်” ဟူ၍ ကြွေးကြောခဲ့ကြသည်။

    Ref: Aljazeera

  • ကိုပါအမေရိကဖလား စိန်ခေါ်မှုကို နှစ်သက်မိသည်ဟု ဘရာဇီးလ်နည်းပြဆို

    ကိုပါအမေရိကဖလား စိန်ခေါ်မှုကို နှစ်သက်မိသည်ဟု ဘရာဇီးလ်နည်းပြဆို

    ဇွန် ၂၊ ၂၀၁၅
    M-Media

    brazil

    – တောင်အမေရိက ဒေသတွင်းပြိုင်ပွဲတစ်ခုဖြစ်သည့် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲမှာ ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် ပြိုင်ဆိုင်မှု မြင့်မားလာခဲ့ပြီး မိမိတို့အသင်းနေဖြင့် ယခုနှစ်ပြိုင်ပွဲ၌ စိန်ခေါ်မှုကို အကြိုက်တွေ့နေသည်ဟု ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ဒွန်ဂါမှာ ဘရာဇီးလ်အသင်းကို ပထမဆုံးကိုင်တွယ်သည့်အချိန်က ၂၀၀၇ ခုနှစ်တွင် ကိုပါအမေရိကဖလားပြိုင်ပွဲ၌ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဘရာဇီးလ်အား ပြန်လည်ကိုင်တွယ်ခဲ့သည့် ဒွန်ဂါက ဒေသအတွင်း
    အခြားအသင်းများ၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့သည်။

    “ဒါဟာ ရှုပ်ထွေးပြီး ခက်ခဲတဲ့ပြိုင်ပွဲ ဖြစ်လာမှာပါ။ အခြား တောင်အမေရိကအသင်းတွေဟာ တိုးတက်လာတာကြောင့် မကြာခင်နှစ်တွေအတွင်းမှာ အခက်အခဲဆုံးပြိုင်ပွဲလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အသင်းတွေမှာ ဥရောပ
    သွားကစားနေတဲ့သူတွေ များလို့ပါ” ဟု ဒွန်ဂါက Globo သို့ ပြောကြားခဲ့သည်။

    ကိုပါအမေရိက ဖလားပြိုင်ပွဲကို ချီလီနိုင်ငံတွင် ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဘရာဇီးလ်အသင်းမှာ အုပ်စု (က) တွင် အာဂျင်တီးနား၊ ဘိုလီဗီးယား၊ အိမ်ရှင်ချီလီတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

    ဒွန်ဂါကမူ အာဂျင်တီးနား၊ ပါရာဂွေးနှင့် ဥရုဂွေးအသင်းတို့မှာ ပြီးခဲ့သည့်နှစ်များတွင် ပိုကောင်းလာပြီး ဥရောပရောက် ကစားသမားများပါဝင်သည့် ကိုလံဘီယာအသင်းမှာလည်း ပိုမိုတောင့်တင်းလာသည်ဟု ဆိုသည်။

    “အန္တရာယ်တော့ တော်တော်လေးရှိမှာပါ။ ဒါပေမယ့် ဘရာဇီးလ်ကစားသမားတွေက စိန်ခေါ်မှုတွေကို ကြိုက်ပါတယ်”

    Ref: Goal

  • MERS ရောဂါပိုးကြောင့် တောင်ကိုရီးယားတွင် ၂ ဦးသေဆုံး

    MERS ရောဂါပိုးကြောင့် တောင်ကိုရီးယားတွင် ၂ ဦးသေဆုံး

    ဇွန် ၂၊ ၂၀၁၅
    M-Media

    south

    – အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်စေပြီး အရှေ့အလယ်ပိုင်းတွင် ကူးစက်ပြန့်နှံ့သည့် MERS ဗိုင်းရပ်ကြောင့် ၂ ဦး သေဆုံးခဲ့သည်ဟု တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာလိုက်ပြီး ထိုဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားတွင် ပထမဆုံး သေဆုံးမှုလည်း ဖြစ်သည်။

    MERS ဗိုင်းရပ်စ် ကူးစက်နေသည်ဟူသော သံသယဖြင့် ဆေးကုသမှုခံယူနေရသော အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ယမန်နေ့က သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၌ ဗိုင်းရပ်စ်ပိုး ကူးစက်နေကြာင်း စမ်းသပ်တွေ့ရှိခဲ့ရသည်။

    လွန်ခဲ့သည့် ရက်အနည်းငယ်က ဗိုင်းရပ်စ်ပိုး ကူးစက်နေသည်ဟု စမ်းသပ်တွေ့ရှိခဲ့ရသူ အသက် ၇၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ယနေ့တွင်သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    တနင်္လာနေ့ညတွင် ရောဂါပိုးကူးစက်သူ ၆ ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး သေဆုံးသူ ၂ ဦးအပါအ၀င် နိုင်ငံတစ်ဝှမ်း MERS ဗိုင်းရပ်စ်ပိုး ကူးစက်နေသူမှာ စုစုပေါင်း ၂၅ ဦး ရှိနေပြီဖြစ်သည်။

    တောင်ကိုရီးယားတွင် ဖြစ်ပွားမှုမှာ ဗိုင်းရပ်စ်ပိုးအခြေတည်သော အရှေ့အလယ်ပိုင်းအပြင်ဘက်တွင် အကြီးမားဆုံးလည်းဖြစ်ကာ စိုးရိမ်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။ တောင်ကိုရီးယား၌ MERS ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို မေ ၂၀ ရက်နေ့က စတင် သိရှိခဲ့ရခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကမူ ဗိုင်းရပ်စ်နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိတွေ့ခဲ့သူ ၆၈၂ ဦးကို
    ထိန်းသိမ်းထားခြင်း၊ အထူးစောင့်ကြည့်ခြင်းတို့ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    MERS ဗိုင်းရပ်စ်ပိုးမှာ ဆားစ်ရောဂါပိုးနှင့် ဆင်တူပြီး ကုသ၍မရသေးသည့် ရောဂါပိုးဖြစ်သော်လည်း ဆားစ်ရောဂါပိုးထက် ကူးစက်မှုနှုန်း နည်းပါးသည်။ ၂၀၀၃ ခုနှစ်က အာရှနိုင်ငံတစ်ဝှမ်းတွင် ကူးစက်ပြန့်နှံ့ခဲ့သော ဆားစ်ရောဂါပိုးကြောင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်။

    Ref: Channelnewsasia

  • ခေါင်းစည်းပဝါ ဝတ်၍ အလုပ်ခန့်ရန် ငြင်းခံရမှု တရားစွဲသည့် အမေရိကန် မွတ်စလင်မ် အမျိုးသမီး အနိုင်ရ

    ခေါင်းစည်းပဝါ ဝတ်၍ အလုပ်ခန့်ရန် ငြင်းခံရမှု တရားစွဲသည့် အမေရိကန် မွတ်စလင်မ် အမျိုးသမီး အနိုင်ရ

    ဇွန် ၂၊ ၂၀၁၅
    M-Media

    us

    – ဘာသာရေးဆန်သည့် အ၀တ်အစားကြောင့် Abercrombie & Fitch အထည်ဆိုင်က အလုပ်ခန့်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဘာသာရေး ခွဲခြားခံရမှုအတွက် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့သော အမေရိကန်မွတ်စလင် အမျိုးသမီးတစ်ဦးအား တရားရုံးက အနိုင်ပေးလိုက်သည်ဟု သိရသည်။

    ဟီဂျဘ်ဝတ်ဆင်ထားသော စမန်သာ အီလာအွဖ်ဆိုသူဖြစ်ပြီး ၂၀၀၈ ခုနှစ် သူမအသက် ၁၇ နှစ်အရွယ်က အိုကလာဟိုးမားရှိ Abercrombie & Fitch ၏ ဆိုင်ခွဲတစ်ခုတွင် အရောင်းစာရေးအလုပ် သွားလျှောက်ရာမှ ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။

    အ၀တ်အစားကိုအကြောင်းပြု၍ ထိုသို့ ငြင်းပယ်ခံရမှုကြောင့် အမေရိကန် အလုပ်သမားအခွင့်အရေး တန်းတူညီမျှမှု ကော်မရှင် EEOC က လူမျိုးရေးခွဲခြားမှုစွဲချက်ဖြင့် တရားရုံး၌ တရားစွဲဆိုခဲ့ပြီး နောက်ဆုံး စီရင်ချက်ကို ယမန်နေ့က ချမှတ်ခဲ့ရာ အီလာအွဖ်ကိုယ်စား တရားစွဲဆိုခဲ့သည့် EEOC ကို တရားရုံးက အနိုင်ပေးခဲ့သည်။

    Abercrombie & Fitch ကုမ္ပဏီမှာ အီလာအွဖ်၏ ဟီဂျဘ်ဝတ်ဆင်မှုက ၎င်းတို့ကုမ္ပဏီ၏ ပုံရိပ်ကို မြှင့်တင်ရန် သတ်မှတ်ထားသော ပေါ်လစီဖြစ်သည့် အရောင်းစာရေးများအတွက် ပုံပန်းသွင်ပြင်ပေါ်လစီကို ချိုးဖောက်ခြင်းကြောင့် အလုပ်ပေးရန် ငြင်းခဲ့ ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရားရုံး၏ ထိုဆုံးဖြတ်မှုအတွက် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က ကြိုဆိုခဲ့သည်။

    “အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းဟာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှု အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ကာကွယ်ပေးတဲ့ ဒီသမိုင်းဝင် အမိန့် အတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်။ နောက်ပြီး EECO ကနေပြီး တရားစွဲဆိုနိုင်အောင် ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး သူမရဲ့အခွင့်အရေးအတွက် ရင်ဆိုင်ခဲ့တဲ့ စမန်သာရဲ့ သတ္တိကိုလည်း ကျွန်တော်တို့ ချီးကျူးပါတယ်” ဟု CAIR ၏ အမှုဆောင်ဒါရိုက်တာ နီဟတ်အ၀ဒ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တရုတ်နိုင်ငံတွင် ဇိမ်ခံသင်္ဘောတစ်စီးနစ်မြုပ်၊ လူရာနှင့်ချီပျောက်ဆုံး

    တရုတ်နိုင်ငံတွင် ဇိမ်ခံသင်္ဘောတစ်စီးနစ်မြုပ်၊ လူရာနှင့်ချီပျောက်ဆုံး

    ဇွန် ၂၊ ၂၀၁၅
    M-Media

    china

    – လူပေါင်း ၄၅၀ ကျော် တင်ဆောင်သွားခဲ့သည့် ဇိမ်ခံသင်္ဘောတစ်စင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ယန်ဇီမြစ်အတွင်း နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။

    ယမန်နေ့ညပိုင်းက နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လူ ၅ ဦး၏အလောင်းကို ဆယ်ယူရရှိခဲ့ကာ သင်္ဘောကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ အပါအ၀င် လူ ၃၀ ကို ကယ်ဆယ်နိုင်ခဲ့သည်။ ကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ကိုမူ ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီဟု နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။

    ယန်ဇီမြစ် ရေကြောင်းသွားလာမှု စီမံခန့်ခွဲရေးအဖွဲ့ကမူ အဆိုပါသင်္ဘောမှာ ဟူဘီပြည်နယ်ရှိ ဂျီယန်လီမြို့၌ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း တိမ်းမှောက်ကာ ရေ၀င်၍ ဇောက်ထိုးဖြစ်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    တိမ်းမှောက်ပြီးနောက် လူ ၇ ဦးက ကမ်းခြေသို့ ရေကူးလာကာ ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သောကြောင့် သင်္ဘောမှောက်သည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။

    အဆိုပါသင်္ဘောတွင် လိုက်ပါခဲ့ကြသူ အများစုမှာ အသက် ၅၀ မှ အသက် ၈၀ အရွယ်ကြားရှိ ခရီးသွားများဖြစ်ပြီး သင်္ဘောမှောက်သည့်အချိန်မှာ အိပ်ရန် ပြင်ဆင်နေကြသည့်အချိန်ဖြစ်သည်ဟု ဆိုသည်။

    ဆင်ဟွာသတင်းဌာနကမူ အဆိုပါသင်္ဘောပေါ်တွင် တရုတ်ခရီးသည် ၄၀၅ ဦး၊ ခရီးသွားအေဂျင်စီမှ ၀န်ထမ်း ၅ ဦးနှင့် သင်္ဘောအမှုထမ်း ၄၇ ဦး ပါဝင်သွားခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ယခုလက်ရှိတွင် သင်္ဘော အစီး ၁၅၀ ကျော်၊ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၁၀၀ တို့ဖြင့် ရှာဖွေကာဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ယန်ဇီမြစ်အတွင်း၌ လေပြင်းများတိုက်ခတ်နေကာ၊ မိုးများလည်း ရွာသွန်းနေသည်။

    တရုတ်သမ္မတ ဇီဂျင်ပင်းက ရှယ်ဖွေကယ်ဆယ်ရေးလုပ်ငန်းအား အစွမ်းကုန်လုပ်ဆောင်သွားရန် အမိန့်ပေးခဲ့ပြီး ၀န်ကြီးချုပ် လီကီကွီယန်မှာလည်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ကြည့်ရှုနေသည်။

    ယန်ဇီမြစ်အတွင်း သင်္ဘောဖြင့် အပန်းဖြေခရီးသွားခြင်းမှာ တရုတ်ပြည်သူများအကြား ရေပန်းစားသည့် အပန်းဖြေခရီးလည်းဖြစ်သည်။

    Ref: Aljazeera