News @ M-Media

Blog

  • အုပ်စုနောက်ဆုံးပွဲမှာ ကံကြမ္မာဆိုး ထပ်မံကြုံတွေခဲ့ရတဲ့ မြန်မာလူငယ်

    အုပ်စုနောက်ဆုံးပွဲမှာ ကံကြမ္မာဆိုး ထပ်မံကြုံတွေခဲ့ရတဲ့ မြန်မာလူငယ်

    ဇွန် ၅၊ ၂၀၁၅
    M-Media

    ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု (က) နောက်ဆုံးပွဲစဉ်
    နယူးဇီလန် ၅-၁ မြန်မာ

    mm

     

    – အကောင်းဆုံး တတိယနဲ့ အုပ်စုတက်ရေး မျှော်လင့်ချက်ငွေ့ငွေ့ရှိနေသေးတဲ့ မြန်မာအသင်းဟာ ဒီနေ့ပွဲမှာတော့ တစ်ချက်ထိ အမြန်ပေးစနစ်နဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပါတယ်။

    ၁၁ မိနစ်လောက်ကစပြီး နယူးဇီလန်ဂိုးပေါက်ကို မြန်မာအသင်းက ခြိမ်းခြောက်နိုင်ခဲ့ပြီး ၁၃ မိနစ်မှာ ဂိုးဧရိယာ ညာဘက်ထိပ်မှာရတဲ့ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင်နန္ဒကျော် ခါးဖြတ်ကန်သွင်းမှုကို နယူးဇီလန် နောက်ခံလူ အသည်းအသန် ဖြတ်ထုတ်ခဲ့ရပါတယ်။

    ဒီနေ့ပွဲမှာတော့ မြန်မာအသင်းရဲ့ အပေးအယူ အချိတ်အဆက်ဟာ တော်တော်လေး သေသပ်ကောင်းမွန်ခဲ့ပြီး နယူးဇီလန်ကွင်းလယ်ကို စိုးမိုးထားနိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ၂၇ မိနစ်မှာတော့ မြန်မာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး အလယ်တန်းကစားသမားတွေ အချိတ်အဆက်မိမိနဲ့ ထိုးဖောက် တိုက်စစ်ဆင်လာခဲ့ရာကနေ တိုက်စစ်မှူး အောင်သူက ဂိုးဧရိယာထဲမှာ နယူးဇီလန် နောက်တန်းကစားသမားတစ်ယောက်ကို လိမ်ခေါက်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်အပေါ်ထောက်ကို လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

    ဒီဂိုးဟာ ကမ္ဘာ့အဆင့်မီ ဂိုးတစ်ဂိုးလည်း ဖြစ်ပါတယ်။

    ၃၁ မိနစ်မှာ နယူးဇီလန်တို့ အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ် ရခဲ့ပြီး မြန်မာဂိုးသမား မျိုးမင်းလတ် အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ၃၃ မိနစ်မှာ မြန်မာအသင်း အချိတ်အဆက်မိမိနဲ့ ထိုးဖောက်လာခဲ့ပေမယ့် ဂိုးရှေ့မှာပျက်ခဲ့ပြီး နောက်တစ်မိနစ်အကြာ အောင်သူရဲ့ ဂိုးဧရိယာအပြင်ဘက်က ကန်သွင်းချက်ကလည်း ဂိုးဘားတန်းထိထွက်ခဲ့လို့ မြန်မာအသင်းအတွက် နစ်နာခဲ့ရပါတယ်။

    ချေပဂိုးရဖို့ကြိုးစားခဲ့တဲ့ နယူးဇီလန် မိနစ် ၄၀ မှာတော့ ဂိုးရခဲ့ပြီး တန်ပြန်တိုက်စစ်ကထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းက ကန်တင်ပေးတာကနေတစ်ဆင့် နံပါတ် ၂၀ က ပိတ်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီဂိုးဟာ မြန်မာနောက်တန်းရဲ့ အားနည်းမှုတစ်ခုဖြစ်တဲ့ လူကပ်ကစားတာ မသေချာမှုကို အခွင့်ကောင်းယူသွားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာလည်း မြန်မာအသင်းက နန္ဒကျော်၊ အောင်သူတို့ အဝေးကန်ချက်တွေနဲ့ နယူးဇီလန်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးရရှိခြင်းတော့ မရှိခဲ့ပါဘူး။

    ယူကရိန်းနဲ့ပွဲမှာ ပထမပိုင်း သူတင်ကိုတင်ကစားနိုင်ပြီး ဒုတိယပိုင်းမှာ ဂိုးတွေဆက်တိုက်ပေးလိုက်ရတဲ့ ကံကြမ္မာအတိုင်း မြန်မာအသင်းက ဒီနေ့လည်း လိုက်ခဲ့ပါတယ်။ ဒုတိယပိုင်းစလို့ ၂ မိနစ်မှာ မြန်မာအသင်းဟာ မထင်မှတ်ဘဲ ဦးဆောင်ဂိုး ပေးလိုက်ရပြီးတဲ့နောက် ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် နယူးဇီလန်ရဲ့ ထိန်းချုပ်ကစားမှုကို မကျော်နိုင်ခဲ့ဘဲ ၇၈၊ ၈၁ နဲ့ ၈၉ မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    အုပ်စုပွဲ ၃ ပွဲစလုံးရှုံး ရှုံးနိမ့်ခဲ့ရပေမယ့် ကမ္ဘာ့အဆင့်အသင်းတွေနဲ့ ကစားရတဲ့ မြန်မာအသင်းဟာ အတွေ့အကြုံကောင်းကောင်းရခဲ့တာတော့ သေချာပါတယ်။

  • အရီဇိုးနားလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    အရီဇိုးနားလူ့အဖွဲ့အစည်း မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသ

    ဇွန် ၅၊ ၂၀၁၅
    M-Media

    – အမုန်းတရားအား ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့်အနေဖြင့် အဇီဇိုးနားရှိ ပြည်သူရာပေါင်းများစွာမှာ ပြီးခဲ့သည့် ရက်အနည်းငယ်က ဆိုင်ကယ်သမားများ အစ္စလာမ်ဆန့်ကျင်ရေးချီတက်မှု ပြုလုပ်ခဲ့သော ဖီးနစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်၌ စုရုံးကာ မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့ကြသည်။

    “ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖြိုခွဲဖို့ လှုပ်ရှားမှုတွေ ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အတူတကွ ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို သိစေချင်ပါတယ်။ ခြားနားမှုတွေရှိနေပေမယ့် ကျွန်တော်အားလုံးဟာ တစ်စုတစ်စည်းထဲပါပဲ” ဟု အဆိုပါလှုပ်ရှားမှုကို စီစဉ်သူများထဲမှ တစ်ဖွဲ့ဖြစ်သည့် အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ခရစ်ယာန်ဘုန်းတော်ကြီး အီရင် တာမာယိုက Huffington Post သို့ ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    “မေတ္တာဟာ အမုန်းထက် ပိုခိုင်မာတယ်” ဟု အမည်ပေးထားသည့် အမုန်းဆန့်ကျင်ရေး အဆိုပါ ချီတက်မှုကို ဇွန်လ ၁ ရက် တနင်္လာနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရီဇိုးနား ဘာသာပေါင်းစုံကွန်ယက်၊ ဂျူးအမျိုးသမီးများ သင်ကြားရေးစင်တာ၊ အရီဇိုးနား အစ္စလာမ့်ပညာရှင်များဗျူရိုကဲ့သို့ ဘာသာပေါင်းစုံမှ အဖွဲ့ပေါင်း ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

    ၎င်းတို့မှာ ပြီးခဲ့သည့်တစ်တပတ်က ဆိုင်ကယ်စီးလူအုပ်စုများ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သော ဖီးနစ် ဗလီဝတ်ကျောင်းတော်တွင်လည်း ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

    ပွဲစီစဉ်သူများကမူ ၎င်းတို့၏ အဆိုပါလှုပ်ရှားမှုမှာ မိမိတို့အထဲမှ တစ်ဦးဦးက ခွဲခြားဆက်ဆံခံရသည့်အခါ မိမိတို့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ အမုန်းတရားမပါဘဲ မေတ္တာရှေ့ထား၍ တုန့်ပြန်သည်ဆိုသည်ကို ပြသရန်ဖြစ်သည်ဟု
    ပြောကြားခဲ့သည်။ ထို့ပြင် ထိုပွဲကို တက်ရောက်မည့်သူများအား ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ပန်းများ ယူဆောင်လာရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။

    ဖီးနစ်မြို့ရှိ မွတ်စလင်ခေါင်းဆောင်များကမူ အစ္စလာမ်ဆန့်ကျင်ရေး ချီတက်မှုပြီးနောက် ယခုကဲ့သို့ ရရှိသည့် လူ့အဖွဲ့အစည်း၏ အားပေးမှုကို ကြိုဆိုပြီး၊ မိမိတို့အနေဖြင့် ကြည်နူးခံစားရသည်ဟု ပြောကြားခဲ့သည်။

    “ဒီလှုပ်ရှားမှုက တစ်ယူသန်မှုတွေဟာ ခြွင်းချက်ရှိတယ်ဆိုတာကို ပြသနေပါတယ်။ ဒီအမုန်းတရားက ခြွင်းချက်ရှိပါတယ်။ လူတော်တော်များများဟာ ယုံကြည်ချက်တွေ မတူကြပါဘူး။ ဒါပေမယ့် လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာကို ရောက်လာတဲ့အခါ ဘာသာပေါင်းစုံရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ပုခုံးချင်းယှဉ် ရပ်လာခဲ့ကြပါတယ်” ဟု ဖီးနစ်မြို့ အစ္စလာမ့်လူမှုစင်တာမှ ဥက္ကဌဖြစ်သူ အူစာမာ ရှာမီက ပြောကြားခဲ့သည်။

    ဖီးနစ်ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ မဟ်မူးဒ် ဆူလိုင်မန်ကလည်း ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ပြီး ၎င်း၏ မိန့်ခွန်းတွင် အယူဝါဒများ၏ ကျမ်းစာများမှ ကျမ်းချက်များကို ကောက်နှုတ်ဖော်ပြခဲ့သည်။

    “အကောင်းဆုံးသော အောင်မြင်မှုကို သင်တို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျေးဇူးပါပဲ” ဟု ဘာသာပေါင်းစုံ လူအုပ်ကြီးအား ဆူလိုင်မန်က ပြောကြားခဲ့သည်။

    အရီဇိုးနားလူ့အဖွဲ့အစည်း၏ ထိုကဲ့သို့ အားပေးနှစ်သိမ့်မှုကို အခြားသော မွတ်စလင်ခေါင်းဆောင်များကလည်း ချီးကျူးခဲ့သည်။

    “ကျွန်တော် ဒါမျိုး စိတ်တောင် မကူးဖူးပါဘူး။ ဒီရက်အနည်းအတွင်း ဒလဟောကျလာတဲ့ ချစ်ခြင်းမေတ္တာတွေက ကျွန်တော့်ကို လေးစားအားကျမိစေပါတယ်” ဟု မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟူစိန်က လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များကလည်း သောကြာနေ့က ပြုလုပ်ခဲ့သော အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။

    “ကျွန်တော်မြင်ဖူးသမျှ၊ ကြုံဖူးသမျှတွေထဲမှာ ဒါဟာ ကြောက်စရာအကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲဒီ သောကြာနေ့ကလုပ်ရပ်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး” ဟု သောကြာနေ့ အဆိုပါ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဆန္ဒပြသူများနှင့် ဗလီဝတ်ကျောင်းတော်အကြား လူတံတိုင်းဖန်တီးရန် ကူညီပေးခဲ့သည့် ခရစ်ယာန်တရားဟောဆရာ ဘော့ဘ်ဟေကီက
    ပြောကြားခဲ့သည်။

    အခြားသော ခေါင်းဆောင်များကလည်း ယခုကဲ့သို့ အမုန်းတရားဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အရီဇိုးနားရှိ လူ့အဖွဲ့အစည်းအတွင်း နားလည်မှုတိုးမြှင့်ရေးအတွက် အခွင့်အရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ နားလည်မှု၊ အားပေးမှုနဲ့ လူတိုင်းအတွက် မေတ္တာတံတားတွေ ထိုးပေးဖို့ ဒီကိုရောက်နေကြတာပါ” ဟု ဘာသာပေါင်းစုံလှုပ်ရှားရေးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ ပေါလ် အက်ပင်ဂါက ပြောကြားခဲ့သည်။

    တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါလှုပ်ရှားမှုမှာ ဖီးနစ်လူ့အဖွဲ့အစည်းက မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့် ပထမဆုံး လှုပ်ရှားမှုမဟုတ်ချေ။

    ပြီးခဲ့သည့် သီတင်းပတ်ကလည်း Take On Hate အဖွဲ့က အမေရိကန်မွတ်စလင်များအပေါ် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားသည့် အွန်လိုင်းလှုပ်ရှားမှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြသည်။

    Ref: Onislam

  • တချိန်က စိတ်ဓာတ် နဲ့ အခုစိတ်ဓါတ် (အမှတ်တရ ဘောလုံးနေ့များ)

    တချိန်က စိတ်ဓာတ် နဲ့ အခုစိတ်ဓါတ် (အမှတ်တရ ဘောလုံးနေ့များ)

    ဇွန် ၅ ၊ ၂၀၁၅
    ဇင်ဘိုအောင် ရေးသည်။
    .Football
    ၁၉၉၂ နှစ်ခုနှစ် က သုဝဏ္ဏ  အားကစားကွင်းမှာ မြန်မာလက်ရွေးစင် vs စင်ကာပူ လက်ရွေးစင် အသင်း ခြေစမ်းပွဲကစားခဲ့တယ်၊ ( ၁၉၉၃ မှာ စင်ကာပူမှာ ကျင်ပမယ့် SEA game ပြိုင်ပွဲအကြို ခြေစမ်းပွဲပေါ့ ၊ အဲဒီ အချိန်က ယခုလို ယူ၂၃ သာ ၀င်ပြိုင်ရမယ်လို့ မသတ်မှတ်သေးဘူး ၊ အရှေ့တောင်အာရှ ဘောလုံး ချန်ပီယံလုပွဲ တိုက်ဂါးဖလား / ဆူဇူကီး ဖလား ဆိုပြီး မပေါ်လာသေးတော့ SEA game က ဘောလုံး ရွှေတံဆိပ် ရရင် အရှေ့တောင်အာရှ ဒေသမှာ အကောင်းဆုံး အသင်း အဖြစ်ယူဆလို့လို့ရတဲ့ အချိန်ပေါ့။)
    မှတ်မှတ်ရရ အဲဒီနေ့က ကျနော်က ၉ တန်းကျောင်းသား ကျောင်းဖွင့်တဲ့ weekday ကြီးမှာ ဘောလုံးပွဲက ကန်မှာ။
    .
    အခုခေတ်လို အွန်လိုင်းက လက်မှတ်ဝယ်လို့လည်းမရ ကြိုလည်း မဝယ်နိုင်တဲ့အခြေအနေပါ။
    .
    သေချာပေါက် လက်မှတ်ရဖို့ ခက်မှာသိနေတဲ့ ကျနော် နဲ့ သူငယ်ချင်း တယောက် ဆရာမ ကို အသနားခံပြီ နေ့တဝက် Time Out ယူကာ သုဝဏ္ဏ ကွင်းဆီသို့ စိန်ပေါကျောင်းကနေ ၃၉ စီးပြီး ချီတက်ကြတယ်။ ဟိုရောက်တော့ ထုံးစံအတိုင်း ရိုးရိုးတန်း နေပူ ထဲ ထိုင်ရမယ့် လက်မှတ်တောင် မှောင်ခို လုပ်စားများ ဝယ်ယူထားလို့ ကုန်ပြီ၊ အပင်ပန်းခံ ပြီး ကြည့်ဖို့လာတာ မကြည့်ရရင် မဖြစ်လို့ ရှိစုမဲ့စု မုန့်ဖိုးလေးနဲ့ ၂ဆ ပေးပြီး မှောင်ခိုကပဲ ဝယ်လိုက်ရတယ်။

    ပွဲက ၅ နာရီမှ စကန်မှာ ဖြစ်ပေမယ့် လူတွေက နေရာကောင်းမရမှာ စိုးရိမ်စိတ် နဲ့ နေ့လည်၂ နာရီကတည်းက ကွင်းအတွင်း နေရာဝင်ဦးနေကြတယ်။ သုဝဏ္ဏ ကွင်း အရှေ့ဘက်တန်းက ဟင်းလင်းပြင် နေက ခေါင်းပေါ်မှာ အသေပူတာ မတတ်နိုင်ဘူး ၊ လွယ်အိတ် ကို ထီးလုပ်ပြီး သူများတကာလို သွားထိုင်နေရတယ်၊ အရှေ့ဘက်တန်းရဲ့ အလယ် မကျတကျ လောက်မှာ နေရာရမှ view က ကြည့်လို့ ကောင်းမှာ၊

    ပွဲစဖို့ နီးလာတော့ အခု SEA game ပြိုင်ပွဲ ဝင် ယူ၂၃ အသင်း မန်နေဂျာကြီး သန်းတိုးအောင် (ကျနော်တို့က ချစ်စနိုးနဲ့ နာမည်ပေးထားတာ ကိုတိုးကြီး) က Line Up ပါဖို့ မသေချာဘူးဖြစ်နေတယ် သူရဲ့ BE Civil ဘွဲ့ယူရမယ့် rehearsal အခမ်းအနား နဲ့ တိုက်နေလို့ ထရိန်နင် မလာနိုင်ဘူး၊ နောက်ကျနေတယ် အရံခုံမှာ ထိုင်မယ်လို့ သတင်းက တက်လာတယ်။

    အားကိုးစရာ ရှေ့တန်း က ဝင်းအောင်ကြီး (ချစ်စနိုးအခေါ် နွားကြီး) နဲ့ မျိုးလှိုင်ဝင်း (ကိုမျိုး) တို့တော့ ပါလောက်မယ် လို့တော့ မျှော်လင့်နေကြတယ်။
    .
    အထူးသဖြင့် စင်ကာပူမှာ ပရို အဆင့် ကစာဖူးတဲ့ ဝင်းအောင်ကြီးဟာ ကျနော့် အသည်းစွဲ ကစားသမားပေါ့ အခုပွဲက စင်ကာပူ နဲ့ ပွဲ ဖြစ်လို့ ဝင်းအောင်ကြီး ပါဖို့ အရေးကြီးတယ်။
    .
    မြင်ဖူးသမျှ မြန်မာ အားကစားသမားတွေထဲမှာ ဝင်းအောင်ကြီး ရဲ့ heading power နဲ့ jumping power ကို မှီသူ မတွေ့ဖူး သေး။
    .
    အထူးသဖြင့် အဲ့ဒီ အချိန်က ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းမှာ အတူတွဲကစားနေတဲ့ သန်းတိုးအောင် နဲ့ ဝင်းအောင် ရဲ့ one touch technique ဟာ အတော်လှတယ်။ ပွဲစကန်တော့ စင်ကာပူ ဘက်က အပေးအယူ ညီတဲ့ Fandi Ahmed (now head coach of LionXII) နဲ့ V. Sundramoorthy (now Tampines Rovers (head coach) ,sg) အတွဲက စင်ကာပူ ရှေ့တန်းကို ဦးဆောင်လာတယ် ၊ မြန်မာ ဘက်က ဝင်းအောင်ကြီး ပါပေမယ့် သန်းတိုးအောင်မပါဘူး၊ နောက်တန်းက စောဘမြင့် ၊ Slide စိုးနိုင် ၊ ဂိုး အောင်ကျော်ကျော် ပါတယ်။

    ဘယ်လိုဖြစ်တယ် မသိ ခေတ်မီ တဲ့ ၂၀၁၅ ရောက်မှ ၊ စင်ကာပူ နိုင်ငံမှာ မြန်မာ အလုပ်လုပ်နေသူ နေထိုင်သူ ၂၀၀,၀၀၀ ရှိတဲ့ ခေတ်ရောက်မှ စင်ကာပူ အသင်းမှာ မလေး နဲ့ အိန်ဒီယန်း ကစားသမား ပါတာ အဆန်းဖြစ်ရတယ် ၊ လူမျိုးရေး racist ဖြစ်တဲ့ အသုံးအနှုန်း နဲ့ social media ကနေ အဖွ ခံရတယ်။
    .

    ဒီပွဲဟာ ၁၉၉၃ Singapore SEA game အကြို ခြေစမ်းပွဲ ဖြစ်လို့ အရေးကြီးတယ် တသင်းနဲ့ တသင်း အမှားမခံ ခံစစ် အားပြု ကွင်းလယ် အားပြိုင် ကစားတယ်၊ သန်းတိုးအောင် မပါတော့ ကွင်းလယ် အားနည်းတာ မြန်မာ ဘက်က သိသာလာတယ်။ စင်ကာပူကလည်း chance တွေ မဖန်တီးနိုင်ဘူး ၊ ဒုတိယပိုင်း ၇၀ မိနစ် လောက်မှာ ဆွန်ဒယာမူတီ ခေါင်းတိုက် ချပေးတာကို ထုံးစံအတိုင်း ဖန်ဒီ အာမက် အဆုံးသတ်ကာ ၁ ဂိုးသွင်းသွား တယ်။ မြန်မာ အသင်းလည်း သန်းတိုးအောင် ကို အမြန်ထည့်ကာ ခြေပဂိုး ရရန် တင်ကစားပေမယ့် စင်ကာပူအသင်းနောက်တန်းလုံစွာ ဖျက်နိုင်တော့ ပွဲအပြီးမှာ စင်ကာပူ က ၁ ဂိုး ဂိုးမရှိနဲ့ မြန်မာကို နိုင်တယ် ၊ ပရိသတ်ကြီးက သုဝဏ္ဏ ကွင်း အပြည့်ပါ နေရာ တနေရာ မလွတ်ဘူး ။
    .
    လုံထိန်းလည်း မစောင့်ဘူး သာမန်ရဲတော့ ရှိတယ်၊ ပရိသတ် က နားလည်တယ် ဒါ ခြေသွေးပွဲ ရှုံးပေမယ့် မြန်မာအသင်း နည်းပြ ဂျာမန်လူမျိုး မစ္စတာ ဝါနာ အတွက် အများကြီး စမ်းသပ်ခွင့်ရတယ် ၊ ကစားသမားတွေ အတွက် နိုင်ငံတကာ အတွေ့အကြုံ ရတယ် ၊ ဘောလုံးပွဲ ထုံးစံ အဝါကဒ် ရှိတယ် ထိခိုက်မှု ရှိတယ် ဟန်ဆောင် မှု ရှိတယ် တွန်းတိုက်တာရှိတယ်၊ ပွဲပြီးတော့ သန်းတိုးအောင် ဝင်းအောင် တို့နဲ့ ဖန်ဒီအာမက် အတူတောင် ဓာတ်ပုံ ရိုက်ကြသေးတယ်။
    .
    ဘယ်ပရိသတ်ကမှ စင်ကာပူက ကုလားတွေ တရုတ်တွေ မလေးတွေ နိုင်ငံခြားသား လူမျိုးခြား မွေးစားသားတွေလို့ ဆဲနေတာကို ကျနော်ထိုင်ကြည့်နေတဲ့ နေရာပတ်ဝန်းကျင်မှာ မကြားခဲ့ရဘူး၊ နောက်နေ့ ဘယ်သတင်းစာ ဘယ်ဂျာနယ်ကမှလည်း အဲလိုပုံစံမရေးဘူး၊ အဲဒီ အချိန်က စင်ကာပူ လက်ရွေးစင် အသင်းမှာ လင်တောင်ဟိုင်း၊ စတီဘင်တန်၊ လီမန်းဟန် (ချိုင်းနီစ် စင်ကာပူရီယန်း) ဆွန်ဒယာမူတီ၊ ရာဖီအလီ ၊ အဝဘ်မာလစ် ၊မန်နီမိုဟန် (အားလုံး အိန်ဒီယန်း စင်ကာပူရီယန်း) ၊ ဖန်ဒီအာမက် ၊ နာဇရီနာဆာ ၊ ကိုင်ဒယ် ယာယာ၊ လက်ရှိ စင်ကာပူ ယူ ၂၃ နည်းပြ အိုင်ဒီ အစ်စကန်ဒါ (အားလုံး မလေး စင်ကာပူရီယန်း) တို့ ပါဝင် ကစားခဲ့ကြတယ် ထို အချိန်က အားကစား ဂျာနယ် အင်အား ၊ တံခွန် ကို မှန်မှန် ဖတ်သူတိုင်း စင်ကာပူ လက်ရွေးစင်အသင်းမှာ လူမျိုး စုံ ပါတာ သိကြတယ်
    .
    ဘယ်လိုဖြစ်တယ် မသိ ခေတ်မီ တဲ့ ၂၀၁၅ ရောက်မှ ၊ စင်ကာပူ နိုင်ငံမှာ မြန်မာ အလုပ်လုပ်နေသူ နေထိုင်သူ ၂၀၀,၀၀၀ ရှိတဲ့ ခေတ်ရောက်မှ စင်ကာပူ အသင်းမှာ မလေး နဲ့ အိန်ဒီယန်း ကစားသမား ပါတာ အဆန်းဖြစ်ရတယ် ၊ လူမျိုးရေး racist ဖြစ်တဲ့ အသုံးအနှုန်း နဲ့ social media ကနေ အဖွ ခံရတယ်။ အားကစားပြိုင်ပွဲ တိုင်းမှာ ၀င်ပြိုင်ရင် အရှုံး အနိုင် ၂ ခု သာ ၇ှိမယ် ၊ နိုင်ရင် ဂုဏ်ယူပါ ပျော်ရွှင်ပါ ရင်ခုန်ပါ ၊ ရှုံးရင် စိတ်ဓါတ်မကျဘဲ နောင် လာမယ့် ပြိုင်ပွဲအတွက် သင်ခန်းစာယူပါ အားနည်းသည့်အရာများကို ပိုပြီးလေ့ကျင့်ပါ ၊ ဟိုလူ ဒီလူ ဟိုအကြောင်း ဒီအကြောင်း လက်ညှိုးထိုးနေတာဟာ နိုင်ငံကြီးသားကောင်းတွေ အတွေးအခေါ်မြင့်မားသူတွေ အလုပ်မဟုတ်ဘူး။
    .
    အားကစားပြိုင်ပွဲတွေကို အရောင်ဆိုးနေကြတာ ခုတုံး လုပ်နေကြတာ အကြံသမား ဥာဏ်သမား ၀ိသမလောဘသား၊ လောင်းကစားသမား များသာဖြစ်တယ်၊ ခုတုံးလုပ်မှု အခွင့်အရေးယူမှုကို နောက်ကွယ်က လုပ်တတ်တာ အာဏာရှင်အစိုးရတွေ ၊ ပါတီအာဏာရရေး လုပ်ဆောင်နေသူတွေ ကမ္ဘာ့နိုင်ငံအချို့ မှာ ရှိတတ်တယ်ဆိုတာ မျက်စိဖွင့်နားစွင့် ကြည့်ရင်တွေ့နိုင်ပါတယ်။
    .
    ## ဘယ်လိုဘဲဖြစ်ပါစေ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့ ကျနော့်အတွက်တော့ ငယ်စဉ်ဘ၀ ဘောလုံးကွင်းအတွေ့အကြုံ များဟာ အမြဲ ထာဝရ အမှတ်တရ ရှိနေမှာပါ။

    ဇင်ဘိုအောင်
    ၀၅-၀၆-၂၀၁၅

    စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ၄င်း၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

    .—————————————
    ** M-Media သို့ သတင်းဆောင်းပါးများပေးပို့နိုင်ပါသည်။ [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ ပေးပို့လာသည့် ဆောင်းပါးများကို စိစစ်ပြီး ဖော်ပြပေးသွားပါမည်။

  • အိမ်ရှင်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ဖို့ သေချာ သလောက်ဖြစ်သွားတဲ့ မြန်မာ ယူ-၂၃

    အိမ်ရှင်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ဖို့ သေချာ သလောက်ဖြစ်သွားတဲ့ မြန်မာ ယူ-၂၃

    ဇွန် ၄၊ ၂၀၁၅
    M-Media

    ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) – ဒုတိယပွဲစဉ်
    မြန်မာ ၂-၁ စင်ကာပူ

    Screenshot_2015-06-04-22-04-39-1

     

    အဖွင့်ပွဲစဉ်မှာ ခြေစွမ်းကောင်းပြပြီး အင်ဒိုနီးရှားကို အနိုင်ရရှိခဲ့တဲ့ မြန်မာအသင်း ဒီနေ့ပွဲမှာလည်း ပွဲအစကတည်းက အချိတ်အဆက်မိမိ လျင်လျင်မြန်မြန်နဲ့ စင်ကာပူအသင်းကို ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။

    ၁၀ မိနစ်အတွင်းမှာပဲ မြန်မာအသင်းဟာ အိမ်ရှင်စက်ကာပူရဲ့ ဂိုးပေါက်ကို ၃ ကြိမ်လောက် ခြိမ်းခြောက်နိုင်ခဲ့ပြီး ၁၄ မိနစ်မှာ မြန်မာနောက်တန်းရဲ့ လူပေးမှားမှုကတစ်ဆင့် စင်ကာပူက ဂိုးရလုရခင် ဖြစ်ခဲ့ပေမယ့် နောက်တန်းကစားသမားတွေ အကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့ပါတယ်။

    ၂၄ မိနစ်မှာ မြန်မာတို့ ဦးဆောင်ဂိုးရခဲ့ပြီး ညာခြမ်းကရတဲ့ ပြစ်ဒဏ်ဘောကို ဇော်မိုးအောင်ကန်တင်ရာမှာ အသင်းခေါင်းဆောင် နေလင်းထွန်း ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုးရဖို့ ကြိုးစားလာတဲ့ စင်ကာပူ ၂၈ မိနစ်မှာ အပိုင်ကန်သွင်းခွင့် ရခဲ့ပေမယ့် မြန်မာနောက်တန်းနဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ဘတစ်ပြန်ကျားတစ်ပြန်ဖြစ်ခဲ့ပြီး နှစ်သင်းစလုံး ဂိုးပေါက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခြင်းတော့ မရှိပါဘူး။

    စင်ကာပူနောက်တန်းဟာ မြန်မာအသင်းရဲ့ တိုက်စစ်ကို ဟန့်တားရာမှာ ကြမ်းတမ်းမှုတွေ ရှိခဲ့တာကြောင့် ဒိုင်လူကြီးက မကြာခဏ သတိပေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

    ၃၂ မိနစ်မှာ စင်ကာပူက ပင်နယ်တီရခဲ့ပါတယ်။ ဘယ်ခြမ်းက ဖြတ်တင်ပေးတဲ့ဘောလုံးကို စင်ကာပူကစားသမားနဲ့ မြန်မာနောက်တန်းတို့ ခေါင်းယှဉ်တိုက်ရာမှာ မြန်မာနောက်ခံလူလက်နဲ့ ထိတယ်ဆိုပြီး ဒိုင်လူကြီးက ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်မှာ အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။

    ဒီပင်နယ်တီကို စင်ကာပူက နံပါတ် ၁၀ ဟာရစ်ရာမူက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာ အိမ်ရှင်စင်ကာပူတို့ မြန်မာဘက်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကိုတော့ ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

    မိနစ် ၆၀ မှာတော့ မြန်မာတို့ ဒုတိယဦးဆောင်ဂိုး ရခဲ့ပါတယ်။ စင်ကာပူအသင်း ကွင်းတစ်ဝက်ကျော်ကျော်လောက်ကနေရတဲ့ ပြစ်ဒဏ်ဘောကို ရဲကိုဦးက လှလှပပ မြေထောက် ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီဂိုးဟာ စင်ကာပူဂိုးသမားရဲ့ ပေါ့ဆမှုကြောင့် ပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

    စင်ကာပူကတော့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ၆၄ မိနစ်နဲ့ ၇၂ မိနစ်တွေမှာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းတော့ မရှိပါဘူး။ ၇၇ မိနစ်မှာ စင်ကာပူ ဂိုးသွင်းနိုင်ခဲ့ပေမယ့် မြန်မာဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက ဂိုးပေးခဲ့ခြင်း မရှိပါဘူး။

    ၈၄ မိနစ်မှာတော့ မြန်မာအသင်းက အပိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် သီဟဇော် အဆုံးသတ် ညံ့ဖျင်းခဲ့တာကြောင့် နောက်ထပ်တစ်ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ပွဲပြီးကာနီးမှာ စင်ကာပူ ချေပဂိုးရဖို့ ထရစပ်ထိုးဖောက်လာခဲ့ပေမယ့် မြန်မာနောက်တန်းက အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့လို့ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ ဆီမီးဖိုင်နယ်တက်ဖို့ သေချာသလောက် ဖြစ်သွားပြီဖြစ်ပါတယ်။

  • တိမ်းမှောက် တရုတ်သင်္ဘောမှ အလောင်းများ ပိုမိုတွေ့ရှိလာ

    တိမ်းမှောက် တရုတ်သင်္ဘောမှ အလောင်းများ ပိုမိုတွေ့ရှိလာ

    ဇွန် ၄၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း တနင်္လာနေ့က တိမ်းမှောက်ခဲ့သော ဇိမ်ခံသင်္ဘောမှ အလောင်းများ ဆယ်ယူရရှိမှု မြင့်တက်လာပြီး သင်္ဘောပေါ်တွင် လိုက်ပါသွားသူများ၏ ဆွေမျိုးများမှာလည်း ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသည့် နေရာသို့ ယနေ့တွင် တစ်ဖွဲဖွဲ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    လူပေါင်း ၄၀၀ ကျော် လိုက်ပါသွားသည့် အဆိုပါသင်္ဘောတွင် အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး နိုင်ငံပိုင်သတင်းဌာန CCTV ကမူ လက်ရှိအချိန်အထိ သေဆုံးသူ ရုပ်အလောင်း ၆၅ လောင်းကို ဆယ်ယူရရှိထားသည်ဟု ဖော်ပြခဲ့သည်။ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူများမှာ ၁၄ ဦးသာ ရှိသေးကာ ပျောက်ဆုံးသူများမှာ ၄၀၀ ခန့် ရှိနေသေးသည်။

    ကယ်ဆယ်ရေး လုပ်သားများကမူ ဇောက်ထိုးမှောက်နေသော သင်္ဘောထဲတွင် ပိတ်မိနေသူများကို ကယ်တင်ရန် နောက်ဆုံး ကြိုးပမ်းမှုအဖြစ် သင်္ဘောဝမ်းကို ဖောက်ပစ်ရန် လုပ်ဆောင်နေကြကာ ယနေ့နက်ပိုင်းတွင်မှု ဆိုးရွားသော ရာသီဥတုကြောင့် ခေတ္တ ရပ်နားထားသည်။

    သို့သော်လည်း တရုတ်နိုင်ငံ၏ ရေကြောင်းသွားလာရေးသမိုင်းတွင် အဆိုးဆုံးအဖြစ်အပျက်အဖြစ် မှတ်ယူနိုင်သည့် ထိုတိမ်းမှောက်မှုတွင် သေဆုံးသူအရေအတွက် မြင့်တက်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။ ယနေ့ တစ်နေ့တည်းတွင်ပင် သေဆုံးသူအလောင်း ၃၉ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

    “၇၂ နာရီနောက်ပိုင်း အသက်ရှင်တဲ့လူရှိတဲ့ အနေအထားမျိုး မတွေ့ရဘူးဆိုရင်တော့ သင်္ဘောကြီးကို ပြန်လှန်သွားမှာပါ” ဟု ကယ်ဆယ်ရေးတမ်မှူး ၀မ်ဇီဂန်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

    Eastern Star ဟု အမည်ရသည့် အဆိုပါသင်္ဘောတွင် လူပေါင်း ၄၅၆ ဦး လိုက်ပါသွားခဲ့ပြီး အများစုမှာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ သင်္ဘောမှောက်သည့် အကြောင်းအရင်းကို သေချာ မသိရသေးသော်လည်း တနင်္လာနေ့ ညနေပိုင်းက မိနစ်အနည်းငယ်ကြာ တိုက်ခတ်ခဲ့သည့် လေပြင်းမုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်သည်ဟု အသက်ရှင်ကျန်ရစ်သူများက
    ပြောကြားခဲ့သည်။

    Ref: Channelnewsasia