News @ M-Media

Blog

  • ပေါ်တူဂီ ရှုံးထွက်ဖလား ရခဲ့သည့် စပို့တင်း လစ္စဘွန်း အသင်းကို နာနီချီးကျူး

    ပေါ်တူဂီ ရှုံးထွက်ဖလား ရခဲ့သည့် စပို့တင်း လစ္စဘွန်း အသင်းကို နာနီချီးကျူး

    ဇွန် ၁၊ ၂၀၁၅
    M-Media

    nani

     မည်သူမှ ထင်မှတ်မထားသည့် အခြေအနေမှ ရုန်းထနိုင်ခဲ့ကာ ပေါ်တူဂီ ရှုံးထွက်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်ကို ကွင်းလယ်လူ နာနီက ချီးကျူးလိုက်သည်။

    ယမန်နေ့က ဘရာဂါအသင်းနှင့် ဗိုလ်လုပွဲတွင် စပို့တင်း လစ္စဘွန်း အသင်း မှာ ၁၆ မိနစ်၌ ပင်နယ်တီဖြင့် ဦးဆောင်ဂိုး ပေးခဲ့ရပြီး နောက်ခံလူ စီဒရစ်လည်း အထုတ်ခံခဲ့ရသည်။ ထို့ပြင် သိပ်မကြာမီမှာပင် ဘရာဂါက ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း အသင်း၏ ပထမဆုံး ပေါ်တူဂီရှုံးထွက်ဖလားကို ရရှိရန် အခြေအနေကောင်းခဲ့သည်။

    သို့သော်လည်း စပို့တင်း လစ္စဘွန်း အသင်း၏ တိုက်စစ်မှူး အစ္စလာမ် စလီမာနီက ၈၄ မိနစ်တွင် အသင်းအတွက် ပထမချေပဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဖရက်ဒီ မွန်တီရိုက နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ဒုတိယချေပဂိုး သွင်းပေးနိုင်ခဲ့သည်။

    ထို့ကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ရာ စပို့တင်း လစ္စဘွန်း က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ၁၆ ကြိမ်မြောက် ပေါ်တူဂီရှုံးထွက်ဖလားကို ဆွတ်ခူးရရှိခဲ့သည်။

    “ဒီလိုအနိုင်မျိုးဟာ အောင်မြင်မှုကို ပိုပြီး ချိုမြိန်စေပါတယ်။ ထူးထူးခြားခြားလည်း ခံစားရပါတယ်။ ဒီပွဲဟာ စောင့်ကြည့်ဖို့ကောင်းတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အစကတည်းက ကျွန်တော်တို့ တစ်ယောက်လျော့သွားတယ်။ ဘယ်သူမှ ကျွန်တော်တို့ ဒီလိုလုပ်နိုင်မယ်လို့ မထင်ခဲ့ပါဘူး” ဟု နာနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    နာနီမှာ မန်ယူမှ စပို့တင်း လစ္စဘွန်း သို့ တစ်နှစ်အငှားဖြင့် ပြောင်းရွှေ့ကစားနေသူဖြစ်ပြီး ယခုရာသီကုန်တွင် ပြည့်မည်ဖြစ်သည်။ ဘရာဂါ နည်းပြကမူ ထိုပွဲအရှုံးက ခါးသီးခဲ့ပြီး စပို့တင်း၏ အနိုင်ရမှုကို လက်မခံနိုင်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

     

  • ဘေဂျင်းဆေးလိပ်ဆန့်ကျင်ရေးအစီအစဉ် တရုတ်အစိုးရက ပိုမိုတင်းကျပ်

    ဘေဂျင်းဆေးလိပ်ဆန့်ကျင်ရေးအစီအစဉ် တရုတ်အစိုးရက ပိုမိုတင်းကျပ်

    ဇွန် ၁၊ ၂၀၁၅
    M-Media

    china

    – လက်ရှိတွင် ဘေဂျင်းရှိ စားသောက်ဆိုင်များ၊ ရုံးများနှင့် အများပြည်သူသုံး ယာဉ်များတွင် ဆေးလိပ်သောက်သုံးခြင်းမပြုရန် တားမြစ်ထားသည့် တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သုံးမှု မပြုရသည့် နေရာများကို ပိုမိုတင်းကျပ်လိုက်သည့် ဥပဒေသစ်ကို ပြဌာန်းလိုက်သည်ဟု သိရသည်။

    ယနေ့တွင်စတင်လိုက်သည့် ဥပဒေအောက်တွင် စာသင်ကျောင်းများနှင့် ဆေးရုံးများအနီး ဆေးလိပ်သောက်ခြင်းကိုပါ ပိတ်ပင်ခဲ့ပြီး အဆိုပါဥပဒေကို ချိုးဖောက်သည့် မည်သူမဆို ဒဏ်ငွေ ကန်ဒေါ်လာ ၃၂.၂၅ ဒေါ်လာနှင့် ညီမျှသည့် ယွမ်ငွေကို ပေးဆောင်ရမည်ဖြစ်သည်။ လက်ရှိ ဒဏ်ငွေမှာ ၁.၆၀ ဒေါ်လာသာ ရှိသည်။

    အသစ်ပြဌာန်းလိုက်သည့် ဥပဒေအား သုံးကြိမ်တိုင်တိုင်ချိုးဖောက်ပါက အမည်မှတ်သားခြင်းခံရကာ အစိုးရ၏ ၀ဘ်ဆိုက်တွင် လူသိရှင်ကြား ဖော်ပြခြင်းခံရမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များကမူ ၎င်းတို့၏ လုပ်ငန်းအဆောက်အဦးများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းမရှိပါက ဒေါ်လာ ၁၆၀၀ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်သည်။

    ထို့ပြင် အခြေခံပညာ မူလတန်းကျောင်းများနှင့် မူကြိုများမှ မီတာ ၁၀၀ အကွာတွင်ရှိသည့် ဆိုင်များတွင် စီးကရက်ရောင်းချခြင်းကိုလည်း အဆိုပါဥပဒေသစ်က တားမြစ်ပိတ်ပင်ထားသည်။

    တရုတ်နိုင်ငံတွင် ဆေးလိပ်သောက်သုံးသူမှာ သန်း ၃၀၀ ကျော်ရှိပြီး ဆေးလိပ်နှင့် ဆက်စပ်သည့် ရောဂါများကြောင့် သေဆုံးသူမှာ နှစ်စဉ် ၁ သန်းခန့်ရှိနေသည်ဟု အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မရှင်၏ မှတ်တမ်းအများအရ သိရသည်။

    ၂၀၁၁ ခုနှစ်ကစတင်ခဲ့သည့် ဆေးလိပ်သောက်သုံးမှု တားမြစ်ရေး အစီအစဉ်မှာ အောင်မြင်မှုမရှိခဲ့ပေ။ သို့သော်လည်း ယခုထုတ်ပြန်လိုက်သည့် ဥပဒေသစ်အား လိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် စစ်ဆေးရေးမှူး ၁၃၀၀ ကျော်ကိုလည်း ခန့်အပ်သွားမည်ဖြစ်သည်။

    ပါလီမန်မှာ ဆေးလိပ်နှင့်ပတ်သက်သည့် ကြော်ငြာများကို မီဒီယာများ၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ကြော်ငြာခြင်းကို ပိတ်ပင်သည့် ဥပဒေတစ်ခုကိုလည်း ပြီးခဲ့သည့်လက ပြဌာန်းခဲ့သည်။

    ဘေဂျင်းတွင် ဆေးလိပ်သောက်သုံးသူဦးရေမှာ ၄.၂ သန်းရှိပြီး ထိုပမာဏမှာ အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများတွင် ဆေးလိပ်သောက်သုံးသူ ၂၃.၄ ရာခိုင်နှုန်းလည်း ဖြစ်သည်။ ၎င်းတို့မှာ တစ်နေ့လျှင် စီးကရက် ပျမ်းမျှ ၁၄.၆ လိပ် သောက်သုံးကြသည်ဟု ဘေဂျင်း ရောဂါဘယထိန်းချုပ်ရေးစင်တာက ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုအရ သိရသည်။

    တရုတ်နိုင်ငံရှိ မြို့တော်တော်များများတွင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ပိတ်ပင်ထားသော်လည်း တင်းတင်းကျပ်ကျပ်မရှိချေ။

    Ref: Aljazeera

  • အကူအညီပေးရေးအဖွဲ့အား အစ္စရေးကပစ်သတ်မှု တူရကီတွင် အောက်မေ့ဖွယ်အခမ်းအနားလုပ်

    အကူအညီပေးရေးအဖွဲ့အား အစ္စရေးကပစ်သတ်မှု တူရကီတွင် အောက်မေ့ဖွယ်အခမ်းအနားလုပ်

    ဇွန် ၁၊ ၂၀၁၅
    M-Media

    turkey

    – ဂါဇာဒေသို့ အကူအညီပေးရန် သွားရောက်သည့် သင်္ဘောအား အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်းကာ လူ ၁၀ ယောက်ကို ပစ်သတ်မှုအတွက် ၅ နှစ်မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို တူရကီတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူသိန်းချီ
    တက်ရောက်ခဲ့ကြသည်။

    အစ္စရေးက ပိတ်ဆို့ထားသောကြောင့် ဂါဇာပြည်သူများ၏ အတိဒုက္ခရောက်နေမှုများအား ကူညီရန်အတွက် ၂၀၁၀ ခုနှစ်က တူရကီနှင့် အနောက်နိုင်ငံများမှ အကူအညီပေးရေး သင်္ဘောငယ် အုပ်စုမှာ ဂါဇာသို့ ဦးတည်ထွက်ခွာနေစဉ် ဂါဇာအနီး နိုင်ငံတကာရေပိုင်နက်၌ တူရကီသင်္ဘောဖြစ်သော Mavi Marmara ပေါ်သို့ အစ္စရေး စစ်တပ်က ၀င်ရောက်စီးနင်း၍ ပစ်ခတ်မှုကြောင့် တူရကီနိုင်ငံသား ၈
    ဦး၊ အမေရိကန်-တူရကီ ၁ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ အခြားတူရကီနိုင်ငံသားတစ်ဦးမှာ ကိုးမားရောဂါ ခံစားခဲ့ရပြီး ပြီးခဲ့သည့်နှစ်က သေဆုံးခဲ့သည်။

    အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပရန်အတွက် တူရကီပြည်သူများမှာ ယမန်နေ့ နေ့လည်ပိုင်းက အစ္စတန်ဘူလ် ဖိသ်ခရိုင်ရှိ ဗလီဝတ်ကျောင်းတော်တွင် စုရုံးခဲ့ကြသည်။ ဗလီဝတ်ကျောင်းတော်တွင် သေဆုံးသွားသူများအတွက် ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေး၏ သတ်ဖြတ်မှုအတွင်း သေဆုံးသွားသူများတွင် ပါဝင်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဖုရ်ကန် ဒိုဂန်၏ ဖခင်ဖြစ်သူက လူအုပ်ကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။

    “ကျွန်တော့်သားကတော့ သေကောင်းသေသွားမှာပါ။ ဒါပေမယ့် ဒီမှာရှိတဲ့ ကျွန်တော်တို့အားလုံးဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်မယ့် ဖုရ်ကန်အသစ်တွေပါပဲ”

    အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို အစ္စတန်ဘူလ်အခြေစိုက် အကူအညီပေးရေးအဖွဲ့ဖြစ်သော IHH Humanitarian Relief ဖောင်ဒေးရှင်းက စီစဉ်ကျင်းပခြင်းဖြစ်ပြီး ခန့်မှန်းခြေ လူပေါင်း ၁ သိန်းကျော် တက်ရောက်ခဲ့ကြသည်။

    ယမန်နေ့မနက်ပိုင်းတွင် လူငယ် တက်ကြွလှုပ်ရှားသူများက အစ္စရေး၏ ပါလက်စတိုင်းဒေသအား ပိတ်ဆို့ထားခြင်းကြောင့် ပါလက်စတိုင်းပြည်သူများ ခံစားနေရသည့် ဒုက္ခသုက္ခများနှင့် ပါလက်စတိုင်း ပြည်သူများအား အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆက်ဆံမှုတို့ကို သရုပ်ဖော်ထားသည့် Bosphorus အမည်ရ ပြဇာတ်ကိုလည်း ကပြခဲ့ကြသည်။

    ထို့ပြင် အစ္စတန်ဘူလ်၏ ဥရောပဘက်ခြမ်းတွင် တက်ကြွက်လှုပ်ရှားသူများမှာ တူရကီနှင့် ပါလက်စတိုင်းတို့၏ အလံများ၊ သေဆုံးသွားသူများ၏ ရုပ်ပုံများကို ပုံနှိပ်ထားသော ပိုစတာများကိုကိုင်ကာ ဆိုင်ကယ်ဖြင့် ချီတက်ခဲ့ကြသည်။

    တရကီနိုင်ငံတစ်ဝှမ်းတွင် ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ သီးခြားအခမ်းအနားများကိုလည်း ပြုလုပ်ခဲ့ပြီး၊ အစ္စတန်ဘူလ်တွင် ပြုလုပ်သည့်အခမ်းအနားတွင် တက်ရောက်လာသူများမှာ ညနေပိုင်း၌ သေဆုံးသူများ မြှုပ်နှံထားရာ နေရာများသို့ သွားရောက်ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

    အကူအညီပေးရေး သင်္ဘောအား အစ္စရေးက ထိုကဲ့သို့ စီးနင်းမှုကြောင့် တူရကီက အစ္စရေးနှင့် သံအဆက်အသွယ်ကို ဖြတ်တေက်ခဲ့ပြီး ယခုလက်ရှိတွင် နှစ်နိုင်ငံ ဒုတိယအဆင့် ဆက်ဆံရေးသာ ရှိသည်။

    အစ္စရေးကမူ ထိုအဖြစ်အပျက်အတွက် ၂၀၁၃ ခုနှစ်တွင် တောင်းပန်ခဲ့ပြီး လုပ်မှားကိုင်မှားဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် လျော်ကြေးပေးရန်အတွက် ကမ်းလှမ်းခဲ့ကာ လျော်ကြေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • လူမျိုးဘာသာမရွေးဘဲ ကျောင်းနေအရွယ် ကလေး ၂၀၀ ကျော်အား ကျောင်းသုံး ပစ္စည်းများထောက်ပံ့

    လူမျိုးဘာသာမရွေးဘဲ ကျောင်းနေအရွယ် ကလေး ၂၀၀ ကျော်အား ကျောင်းသုံး ပစ္စည်းများထောက်ပံ့

    ဇွန် ၁ ၊ ၂၀၁၅
    M-Media
    မိုးစက်
    .6
    ရန်ကုန်။    ။ ရန်ကုန်မြို့ ပုဇွန်တောင်မွတ်စလင်(မ်)လူငယ်များ သာရေးနာရေးကူညီမှုအသင်းမှ ကျောင်းနေအရွယ်  လူမျိုးဘာသာမရွေး ကလေးများအား ကျောင်းသုံးပစ္စည်းများကို မေလ ၃၁ ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။
    .
    ပုဇွန်တောင် မြို့နယ်အတွင်း နေထိုင်သူကလေးများနှင့် ပုဇွန်တောင်မြို့နယ်ရှိ ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသည့် မည်သည့် ဘာသာဝင်မဆို ယင်းအဖွဲ့မှ ကျောင်း တက်ရောက်နိုင်ရန် လိုအပ်သည့် ပစ္စည်းများကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
    .
    “ကျွန်တောတို့ ဒီအဖွဲ့နာမည်နဲ့ လှူတာတော့ ဒါပထမဆုံးအကြိမ်ပါ။ ဒါပေမယ့် ဒီအဖွဲ့ထဲက ကျွန်တော်တို့ သူငယ်ချင်းတွေပဲ တခြား အဖွဲ့နာမည်တွေနဲ့ ဒီပုဇွန်တောင်က ကလေးတွေကို ဒီလိုကျောင်းဖွင့် ရာသီဆို လှူနေတာကတော့ ဒါနဲ့ဆို (၇) ကြိမ်မြောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းရှင် သူငယ်ချင်းတွေစုပေါင်းပြီး ဒီကလေးတွေကို လှူဒါန်းတာပါ” ဟု ပုဇွန်တောင် မွတ်စလင်(မ်)လူငယ်များ သာရေးနာရေး ကူညီမှုအသင်းမှ ဒုဥက္ကဌ ဦးဟန်တင်က ဆိုပါတယ်။
    .
    ကလေးတစ်ဦးလျှင် အကျီင်္သုံးစုံ၊ ခဲတံ ၊ဘောပင် နှင့် စာအုပ်များကို တစ်နှစ်လုံးသုံးလောက်သည့် အရေအတွက်ထိ အတန်းအလိုက်ပေးခဲ့ပါသည်။ ထို့ပြင် ဖိနပ်၊ ထီးအစရှိသည့် လိုအပ်သည့် ပစ္စည်းများ ဝယ်ရန်အတွက် ပစ္စည်းများအပြင် ငွေကြေးများပါ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    1
    .
    ၇ တန်းနှင့် ၁၀တန်း ကျောင်းသူများအတွက် လာရောက်ယူသည့် ကျောင်းသူမိဘတစ်ဦးမှလည်း “ကျွန်တော်က ဗုဒ္ဓဘာသာဝင်ပါ။ ဒီကမွတ်စလင်တွေက ဘာသာမတူသူတွေကိုလည်း လှူနေကြပါ။ ကျွန်တော့် သမီးတွေအတွက် ဒီမှာယူနေတာ သုံးနှစ်လောက်ရှိပါပြီ။ ဒီမှာက ငါ့ဘာသာ သူ့ဘာသာခွဲခြားထားတာ မရှိပါဘူး။ အားလုံး လူတွေပဲ တူတူပဲလို့ပဲ ခံယူထားကြတာပါ။ ကျောင်းတက်ခါနီး လိုအပ်တာတွေကို ထောက်ပံ့ပေးတဲ့ ဒီအဖွဲ့ကိုလည်း ကျေးဇူးတင်မိပါတယ်” ဟု ပီတိစကားကို M-Media ကို ပြောကြားခဲ့ပါတယ်။
    .
    ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်အတွက် ပုဇွန်တောင် မွတ်စလင်(မ်)လူငယ်များ သာရေးနာရေးကူညီမှုအသင်းမှ ကျောင်းနေရွယ်ကလေး ၂၂၅ ဦးတွင် ကျောင်းသုံးပစ္စည်းများ လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

    3
    .
    အဆိုပါ ပုဇွန်တောင် မွတ်စလင်(မ်)လူငယ်များ သာရေးနာရေးကူညီမှုအသင်းကို ၂၀၁၄ ခုနှစ်တွင် ပုဇွန်တောင်ရှိလူငယ်များမှ စတင်တည်ထောင်ခဲ့ပြီး လူမျိုးဘာသာမရွေးတက်ရောက်နိုင်သော ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းများနှင့် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူသားအရင်းအမြစ်တိုးတက်မှုလုပ်ငန်းများကို ဆောင်ရွက်အကောင်ထည်ဖော်နေကြောင်း သိရပါတယ်။ ။ သာရေးနာရေးနှင့် ပတ်သက်သည့်နေရာများတွင်လည်း ခုံ၊ စားပွဲများကို ဌားရမ်းပြီး သက်ကြီးဘိုးဘွားများအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ဆောင်ရွက်သွားရန် ရှိကြောင်း သတင်းရရှိပါတယ်။

    5

  • လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

    လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး NLD သဘောထားကြေညာချက် ထုတ်ပြန်

    ဇွန် ၁ ၊ ၂၀၁၅
    M-Media
    .15MIGRANTS-WEB1-master675-v2
    လှေစီးဒုက္ခသည်များနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်တခုကို ဒီကနေ့ နေစွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
    ကြေငြာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
    .
    လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား
    ———————————————
    ကြေညာချက်အမှတ်-၀၁/၀၆/၂၀၁၅

    ပြီးခဲ့သောရက်သတ္တပတ်များတွင် မြန်မာ့ပင်လယ်ပြင်၌လည်းကောင်း၊ အာဆီယံနိုင်ငံအချို့၏ ပင်လယ်ပြင်၌လည်းကောင်း လှေစီး ဒုက္ခသည်များ ပါသောရေယာဉ်များကို အကြိမ်ကြိမ်ဖမ်းမိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့ကြုံတွေ့ခဲ့ရသော အစားဆင်းရဲခြင်းဒုက္ခနှင့် အနေဆင်းရဲခြင်းဒုက္ခများ အပြင် ကျန်းမာရေးချို့တဲ့မှု ဖြစ်ရပ်များကိုပါ ကြားသိခဲ့ရပါသည်။ အဆိုးရွားဆုံး အချက်မှာ အချို့သော ဒုက္ခသည်များသည် အသက်ပင်ဆုံးရှုံးခဲ့သည်အထိ အတိဒုက္ခရောက်ခဲ့ရပါသည်။
    .
    ဒုက္ခသည်များပါဝင်သော ရေယာဉ်များ ဆက်တိုက်ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်းလူဦးရေမှာ သောင်းဂဏန်းကျော်မည်ဟု ခန့်မှန်းရပါသည်။ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟု သတင်းများအရ သိရှိရပါသည်။ ပထမဦးစွာ လှေစီး ဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်တောင့် သက်သာနေနိုင်ရေး အတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ နိုင်ငံတကာ အကူအညီများ ရယူ၍ ၎င်းတို့ လတ်တလော ရင်ဆိုင်နေရသော ပြဿနာများကို ကူညီဖြေရှင်း ပေးရပါမည်။ ၎င်းတို့သည် မည်သည့်နိုင်ငံမှဖြစ်သည် ကိုလည်း သေချာစွာ စီစစ်အတည်ပြုရပါမည်။
    .
    လှေစီးဒုက္ခသည်များကိစ္စသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများ တွင် လွန်ခဲ့သော သုံး၊လေးနှစ်ခန့်မှ စ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ကြပါသည်။ တကမ္ဘာလုံးက စိုးရိမ်ပူပန်နေသော လူကုန်ကူးခြင်းပြဿနာ (Human Trafficking) ကိုလည်း ထိရောက်စွာ ကိုင်တွယ်ရပါမည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက ၀ိုင်းဝန်းကူညီဖြေရှင်း သင့်ပါသည်။ အချိန်ဆွဲလေ ပြဿနာကြီးလေဖြစ်မည်ကို အထူးသတိပြုကြစေလိုပါသည်။
    .
    ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများကို ဖြေရှင်းရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူများ ရှောင်ကြဉ်ရေး တို့ကို အခြေခံအလေးထားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် လည်းကောင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌအနေနှင့်လည်းကောင်း မကြာခဏ ထုတ်ဖေါ်ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာရပ်တိုင်းကို ဖြေရှင်းရာတွင် အကြမ်းမဖက်သော နိုင်ငံရေး လမ်းစဉ်ကို တစိုက်မတ်မတ် ခိုင်မာစွာ ဆွဲကိုင်ထားပါသည်။ ရေရှည်အမြင်ဖြင့် အခြေအနေကို သေချာစွာ လေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရပါမည်။
    .
    ရခိုင်ပြည်နယ်ရှိ ပြဿနာများနှင့်ပတ်သက်၍ ပြောဆိုမှုများ၊ ကြေညာချက်များ အမျိုးမျိုး ထုတ်ပြန်ခဲ့ကြသော်လည်း ထိုမျှနှင့် မလုံလောက်ပါ။ ထိရောက်သောလုပ်ငန်းရပ်များကို ဘက်စုံအမြင်ဖြင့် ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရပါမည်။
    .
    ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများ ပြေငြိမ်းစေရန် လည်းကောင်း၊ လှေစီး ဒုက္ခသည်များ ထပ်မံမပေါ်ပေါက်လာစေရန် လည်းကောင်း အောက်ပါတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။
    .
    – တရားဥပဒေစိုးမိုးရေး၊
    – နယ်စပ်လုံခြုံရေး၊
    – နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိလိုက်စားမှု ကင်းရှင်းရေး၊
    – လူသားချင်းစာနာသော အကူအညီအထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး၊
    – ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည်နေရာချထားရေး၊
    – ဒေသတွင်းနေထိုင်သူများ၏ လူမှုစီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊
    – နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စရပ်များကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံးဆောင်ရွက်ရေး။
    .
    လူကုန်ကူးမှုပြဿနာများ ပပျောက်သွားစေရန်လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်း လူမှုရေးပဋိပက္ခများ ငြိမ်းအေးစေရန် လည်းကောင်း ဆောင်ရွက်ရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် ရေရှည် လိုအပ်ချက် ဖြစ်သော ငြိမ်းချမ်းစွာ အားလုံးနေထိုင်နိုင်ရေး ရည်မှန်းချက်များကို အစဉ်တစိုက် သတိပြုသွားရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ ဒေသတွင်း အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အင်အားစုများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
    .
    ဗဟိုအလုပ်အမှုဆောင်အဖွဲ့
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

     

    NLD 1

    NLD 2

    ref: National League for Democracy FB