News @ M-Media

Blog

  • ခေါင်းစည်းပဝါ ဝတ်၍ အလုပ်ခန့်ရန် ငြင်းခံရမှု တရားစွဲသည့် အမေရိကန် မွတ်စလင်မ် အမျိုးသမီး အနိုင်ရ

    ခေါင်းစည်းပဝါ ဝတ်၍ အလုပ်ခန့်ရန် ငြင်းခံရမှု တရားစွဲသည့် အမေရိကန် မွတ်စလင်မ် အမျိုးသမီး အနိုင်ရ

    ဇွန် ၂၊ ၂၀၁၅
    M-Media

    us

    – ဘာသာရေးဆန်သည့် အ၀တ်အစားကြောင့် Abercrombie & Fitch အထည်ဆိုင်က အလုပ်ခန့်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဘာသာရေး ခွဲခြားခံရမှုအတွက် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့သော အမေရိကန်မွတ်စလင် အမျိုးသမီးတစ်ဦးအား တရားရုံးက အနိုင်ပေးလိုက်သည်ဟု သိရသည်။

    ဟီဂျဘ်ဝတ်ဆင်ထားသော စမန်သာ အီလာအွဖ်ဆိုသူဖြစ်ပြီး ၂၀၀၈ ခုနှစ် သူမအသက် ၁၇ နှစ်အရွယ်က အိုကလာဟိုးမားရှိ Abercrombie & Fitch ၏ ဆိုင်ခွဲတစ်ခုတွင် အရောင်းစာရေးအလုပ် သွားလျှောက်ရာမှ ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။

    အ၀တ်အစားကိုအကြောင်းပြု၍ ထိုသို့ ငြင်းပယ်ခံရမှုကြောင့် အမေရိကန် အလုပ်သမားအခွင့်အရေး တန်းတူညီမျှမှု ကော်မရှင် EEOC က လူမျိုးရေးခွဲခြားမှုစွဲချက်ဖြင့် တရားရုံး၌ တရားစွဲဆိုခဲ့ပြီး နောက်ဆုံး စီရင်ချက်ကို ယမန်နေ့က ချမှတ်ခဲ့ရာ အီလာအွဖ်ကိုယ်စား တရားစွဲဆိုခဲ့သည့် EEOC ကို တရားရုံးက အနိုင်ပေးခဲ့သည်။

    Abercrombie & Fitch ကုမ္ပဏီမှာ အီလာအွဖ်၏ ဟီဂျဘ်ဝတ်ဆင်မှုက ၎င်းတို့ကုမ္ပဏီ၏ ပုံရိပ်ကို မြှင့်တင်ရန် သတ်မှတ်ထားသော ပေါ်လစီဖြစ်သည့် အရောင်းစာရေးများအတွက် ပုံပန်းသွင်ပြင်ပေါ်လစီကို ချိုးဖောက်ခြင်းကြောင့် အလုပ်ပေးရန် ငြင်းခဲ့ ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရားရုံး၏ ထိုဆုံးဖြတ်မှုအတွက် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR က ကြိုဆိုခဲ့သည်။

    “အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းဟာ အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှု အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ကာကွယ်ပေးတဲ့ ဒီသမိုင်းဝင် အမိန့် အတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်။ နောက်ပြီး EECO ကနေပြီး တရားစွဲဆိုနိုင်အောင် ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီး သူမရဲ့အခွင့်အရေးအတွက် ရင်ဆိုင်ခဲ့တဲ့ စမန်သာရဲ့ သတ္တိကိုလည်း ကျွန်တော်တို့ ချီးကျူးပါတယ်” ဟု CAIR ၏ အမှုဆောင်ဒါရိုက်တာ နီဟတ်အ၀ဒ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တရုတ်နိုင်ငံတွင် ဇိမ်ခံသင်္ဘောတစ်စီးနစ်မြုပ်၊ လူရာနှင့်ချီပျောက်ဆုံး

    တရုတ်နိုင်ငံတွင် ဇိမ်ခံသင်္ဘောတစ်စီးနစ်မြုပ်၊ လူရာနှင့်ချီပျောက်ဆုံး

    ဇွန် ၂၊ ၂၀၁၅
    M-Media

    china

    – လူပေါင်း ၄၅၀ ကျော် တင်ဆောင်သွားခဲ့သည့် ဇိမ်ခံသင်္ဘောတစ်စင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ယန်ဇီမြစ်အတွင်း နစ်မြုပ်သွားခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။

    ယမန်နေ့ညပိုင်းက နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး လူ ၅ ဦး၏အလောင်းကို ဆယ်ယူရရှိခဲ့ကာ သင်္ဘောကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ အပါအ၀င် လူ ၃၀ ကို ကယ်ဆယ်နိုင်ခဲ့သည်။ ကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ကိုမူ ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီဟု နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။

    ယန်ဇီမြစ် ရေကြောင်းသွားလာမှု စီမံခန့်ခွဲရေးအဖွဲ့ကမူ အဆိုပါသင်္ဘောမှာ ဟူဘီပြည်နယ်ရှိ ဂျီယန်လီမြို့၌ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း တိမ်းမှောက်ကာ ရေ၀င်၍ ဇောက်ထိုးဖြစ်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    တိမ်းမှောက်ပြီးနောက် လူ ၇ ဦးက ကမ်းခြေသို့ ရေကူးလာကာ ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့သောကြောင့် သင်္ဘောမှောက်သည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။

    အဆိုပါသင်္ဘောတွင် လိုက်ပါခဲ့ကြသူ အများစုမှာ အသက် ၅၀ မှ အသက် ၈၀ အရွယ်ကြားရှိ ခရီးသွားများဖြစ်ပြီး သင်္ဘောမှောက်သည့်အချိန်မှာ အိပ်ရန် ပြင်ဆင်နေကြသည့်အချိန်ဖြစ်သည်ဟု ဆိုသည်။

    ဆင်ဟွာသတင်းဌာနကမူ အဆိုပါသင်္ဘောပေါ်တွင် တရုတ်ခရီးသည် ၄၀၅ ဦး၊ ခရီးသွားအေဂျင်စီမှ ၀န်ထမ်း ၅ ဦးနှင့် သင်္ဘောအမှုထမ်း ၄၇ ဦး ပါဝင်သွားခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ယခုလက်ရှိတွင် သင်္ဘော အစီး ၁၅၀ ကျော်၊ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၁၀၀ တို့ဖြင့် ရှာဖွေကာဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ယန်ဇီမြစ်အတွင်း၌ လေပြင်းများတိုက်ခတ်နေကာ၊ မိုးများလည်း ရွာသွန်းနေသည်။

    တရုတ်သမ္မတ ဇီဂျင်ပင်းက ရှယ်ဖွေကယ်ဆယ်ရေးလုပ်ငန်းအား အစွမ်းကုန်လုပ်ဆောင်သွားရန် အမိန့်ပေးခဲ့ပြီး ၀န်ကြီးချုပ် လီကီကွီယန်မှာလည်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ကြည့်ရှုနေသည်။

    ယန်ဇီမြစ်အတွင်း သင်္ဘောဖြင့် အပန်းဖြေခရီးသွားခြင်းမှာ တရုတ်ပြည်သူများအကြား ရေပန်းစားသည့် အပန်းဖြေခရီးလည်းဖြစ်သည်။

    Ref: Aljazeera

  • ချန်ပီယံလိဂ်တွင် ရီးယဲလ်အတွက် ဘာကာအား ဂိုးသွင်းချင်သည်ဟု မိုရာတာပြော

    ချန်ပီယံလိဂ်တွင် ရီးယဲလ်အတွက် ဘာကာအား ဂိုးသွင်းချင်သည်ဟု မိုရာတာပြော

    ဇွန် ၂၊ ၂၀၁၅
    M-Media

    juve

    – ယခုတစ်ပတ် စနေနေ့ညတွင် ကစားမည့် ဘာစီလိုနာနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ဂျူဗင်တပ်စ်အသင်းအတွက်သာမက ရီးယဲလ်မက်ဒရစ်အစား လက်စားချေရန်အတွက်ပါ ဂိုးသွင်းရန် ကြိုးစားသွားမည်ဟု ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး မိုရာတာက ပြောကြားလိုက်သည်။

    ရီးယဲလ်မှ ယူရို သန်း ၂၀ ဖြင့် ဂျူဗီသို့ပြောင်းရွှေ့ခဲ့သည့် မိုရာတာမှာ ပြီးခဲ့သည့်နှစ်က ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင် ရီးယဲလ်အား ၎င်း၏ ဂိုးဖြင့် ဆီးမီးဖိုင်နယ်တွင် ဖြုတ်ချခဲ့သည်။

    ယခုအချိန်အတွင် ၎င်းက အသင်းဟောင်း ရီးယဲလ်အတွက်ပါ ဘာကာကို ဂိုးသွင်းယူပေးချင်နေသည်။

    “ဘာစီလိုနာကို ဂိုးသွင်းနိုင်အောင် ကျွန်တော်ကြိုးစားသွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါက မက်ဒရစ်ပရိတ်သတ်တွေ အတွက်လည်း အဓိပ္ပါယ်ရှိမှာ မို့လို့ပါပဲ။ ဂိုးသွင်းတာဟာ ဘာကာဆိုတဲ့ အသင်းကြောင့် ထူးခြားမှာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်ဖိုင်နယ်ဆိုတဲ့ပွဲကြောင့် ထူးခြားမှာပါ။ ဒါဟာ သမိုင်းရေးဖို့ အခွင့်အရေးကောင်းတစ်ခုပါ။ ပြီးတော့ ဘာကာနဲ့ပွဲမှာ ဂိုးသွင်းနိုင်တာဟာ ရီးယဲလ်နဲ့ပွဲမှာ ဂိုးသွင်းတာလောက် နာကျင်မှာမဟုတ်ပါဘူး” ဟု မိုရာတာက Cadena SER သို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာနှင့် ဂျူဗင်တပ်စ် ၂ သင်းစလုံးမှာ ပြည်တွင်းအမှတ်ပေးဖလားနှင့် ရှုံးထွက်ဖလားတို့ကို အသီးသီးရရှိထားပြီး ချန်ပီယံလိဂ်မှာ ၎င်းတို့၏ ဖလားသုံးလုံးအိပ်မက် အကောင်အထည်ပေါ်မည့် ဖလားလည်းဖြစ်သည်။

    မိုရာတာကမူ မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ တိုက်စစ်တွဲကလည်း မိမိတို့အား ကောင်းကောင်းဒုက္ခပေးနိုင်သည်ဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာ၏ ဒီမိုကရေစီအပြောင်းအလဲ အောင်မြင်ချင်ပါက ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံမှုကို ရပ်တန့်ရမည်ဟု အိုဘားမားပြော

    မြန်မာ၏ ဒီမိုကရေစီအပြောင်းအလဲ အောင်မြင်ချင်ပါက ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံမှုကို ရပ်တန့်ရမည်ဟု အိုဘားမားပြော

    ဇွန် ၂၊ ၂၀၁၅
    M-Media

    – မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ချင်ပါက ရိုဟင်ဂျာများအား ခွဲခြားဆက်ဆံမှုကို ရပ်တန့်ရမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အိမ်ဖြုတော်၌ အာရှမှ လူငယ်ခေါင်းဆောင်များကို ဖိတ်ကြားတွေ့ဆုံစဉ် အိုဘားမားက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ လူကုန်ကူးခြင်းခံနေရသော သို့မဟုတ် ပင်လယ်ပြင်တွင် မျောပါနေသော ရိုဟင်ဂျာများအား သေသေချာချာ ပြန်လည်နေရာချထားပေးရေးတွင် မိမိတို့ အမေရိကန်အနေဖြင့် အာရုံစိုက်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသို့ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများအား လက်ခံပေးထားသော အင်ဒိုနီးရှားနှင့် မလေးရှားတို့ကိုလည်း အိုဘားမားက ချီးကျူးခဲ့ပြီး အမေရိကန်အနေဖြင့်လည်း အချို့ကို လက်ခံမည်ဟု ဆိုသည်။

    သို့သော်လည်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်စနစ်မှ အမေရိကန်က ထောက်ခံအားပေးသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်း အောင်မြင်ရန်အတွက် မည်သည့်အရာ လိုအပ်သနည်းဟု မေးမြန်းခဲ့ရာ အိုဘားမားက

    “အရေးအကြီးဆုံးကိစ္စတွေထဲက တစ်ခုကတော့ ရုပ်ဆင်းသွင်ပြင်ကြောင့် ဒါမှမဟုတ် ကိုးကွယ်ရာ အယူဝါဒကြောင့် ပြည်သူတွေကို ခွဲခြားဆက်ဆံနေတာတွေကို ရပ်တန့်ဖို့လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ရိုဟင်ဂျာတွေဟာ ခွဲခြားဆက်ဆံခံနေရပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က ထွက်ပြေးနေကြတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့နောက် အကယ်၍ ၎င်းအနေဖြင့် ရိုဟင်ဂျာတစ်ဦးဖြစ်ပါက မည်သည့်နေရာတွင် ရှိနေချင်သနည်းဟု မေးမြန်းရာတွင်လည်း အိုဘားမားက မိမိမှာ မိမိမွေးဖွားရာနေရာတွင်ပင် ရှိနေလိမ့်မည်ဟု ထင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    “ကျွန်တော့်မိဘတွေ နေခဲ့တဲ့ နေရာမှာပဲ ကျွန်တော် နေဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အစိုးရက ကျွန်တော့်ကိုကာကွယ်ပေးအောင်၊ လူတွေက ကျွန်တော့်ကို မျှမျှတတ ဆက်ဆံလာအောင် အသေအချာ ဆောင်ရွက်သွားချင်မှာပါပဲ”

    အိုဘားမားမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မြှင့်တင်ရေးအတွက် အိုဘားမားမှာ ၎င်း၏ ကိုယ်ပိုင်အားထုတ်မှုနှင့် ဂုဏ်သိက္ခာဖြင့် ကြိုးစားခဲ့ပြီး ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့သည်။

    သို့သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှေးကွေးလာမှုနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူမျိုးရေးခွဲခြားမှုအခြေအနေမျိုးတွင် နေထိုင်နေရသည့် ရိုဟင်ဂျာများအပေါ် ဆက်ဆံမှုတို့နှင့် ပတ်သက်၍ ၀ါရှင်တန်မှာ စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

    မြန်မာနိုင်ငံကမူ ရိုဟင်ဂျာလူနည်းစုများအား ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်ကလည်းက ငြှင်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် ရိုဟင်ဂျာ ၁ သိန်းကျော်မှာ ထွက်ပြေးခဲ့ရသည်။

    ရိုဟင်ဂျာများမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသူများ ဖြစ်ကြသည်ဟု မြန်မာနိုင်ငံက ဆိုပြီး၊ ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၀၀၀ ကျော်ပါဝင်ပြီး မကြာသေးမီ သီတင်းပတ်များက ဖြစ်ပွားခဲ့သော လှေစီးဒုက္ခသည် အရေးအတွက် နိုင်ငံတကာမှ ပြစ်တင်မှုကိုလည်း ပြီးခဲ့သည့်တစ်ပတ်က ဘန်ကောက်တွင် ပြုလုပ်ခဲ့သော ၁၇ နိုင်ငံ အစည်းဝေးတွင် မြန်မာနိုင်ငံက
    ငြင်းဆိုခဲ့သည်။

    Ref: Reuters

  • အားနည်းချက် အချို့ကြောင့် ဂိုးပြတ် ရှုံးပေမယ့် ခြေစွမ်းကောင်းပြနိုင်ခဲ့တဲ့ မြန်မာလူငယ်

    အားနည်းချက် အချို့ကြောင့် ဂိုးပြတ် ရှုံးပေမယ့် ခြေစွမ်းကောင်းပြနိုင်ခဲ့တဲ့ မြန်မာလူငယ်

    ဇွန် ၂၊ ၂၀၁၅
    M-Media

    ယူ-၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၊ အုပ်စု (က) ဒုတိယပွဲစဉ်
    မြန်မာ ၀-၆ ယူကရိန်း

    Untitled

    အုပ်စုကနေတက်ဖို့ အရေးပါတဲ့ ဒီပွဲအတွက် မြန်မာအသင်းဟာ အမေရိကန်နဲ့တုန်းက ပွဲထွက်ခဲ့တဲ့ ကစားသမား ၁၁ ယောက်ကိုပဲ ထုတ်သုံးခဲ့ပါတယ်။

    ပွဲအစမှာ အထနှေးတဲ့ မြန်မာအသင်းကို ယူကရိန်းတို့ အချိတ်အဆက်မိမိနဲ့ ထိုးဖောက်နိုင်ခဲ့ပြီး ၁၀ မိနစ်အတွင်းမှာ ထောင့်ကန်ဘော ၃ ကြိမ်အထိ ရခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနောက်တန်းနဲ့ ဂိုးသမားတို့က အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    မိနစ် ၂၀ ၀န်းကျင်နောက်ပိုင်းကစလို့ မြန်မာတို့ ကစားကွက်ပြန်မိလာခဲ့ပြီး ဘတစ်ပြန် ကျားတစ်ပြန်ဖြစ်လာခဲ့ကာ ၂၅ မိနစ်လောက်မှာ မြန်မာအသင်းဟာ ဂိုးရလုနီးပါးအထိ ဖြစ်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ မြန်မာက ယူကရိန်းကို ထိန်းချုပ်နိုင်ခဲ့ပြီး တစ်ချက်တစ်ချက် ယူကရိန်းဂိုးပေါက်ကိုပါ ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

    မိနစ် ၄၀ မှာ အောင်သူက ကွင်းလယ်ကနေ ယူကရိန်းကစားသမားတွေကို လှလှပပကျော်ဖြတ်ပြီး ဂိုးဧရိယာ ထိပ်က ကန်သွင်းချက်ဟာ ယူကရိန်းနောက်ခံလူနဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်သွားခဲ့ပါတယ်။

    အဲဒီထောင့်ကန်ဘောကနေ မောင်မောင်လွင် ဘီးဂုပ်စက်ဝိုင်းထိပ်က ၂ ဆင့် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးရရှိခြင်း မရှိခဲ့ပါဘူး။

    ၄၂ မိနစ်မှာ မြန်မာအသင်းရဲ့ လူကျွံထောင်ချောက်ကို ယူကရိန်းတို့ ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့် နောက်ကလိုက်လာတဲ့ ရန်နိုင်ဦးက အကောင်းဆုံး ဖြတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

    ပထမပိုင်းရဲ့ နောက်ဆုံးမိနစ်တွေမှာ ယူကရိန်းက အချိန်အဆက်မိမိနဲ့ ပြန်လည်ထိုးဖောက် တိုက်စစ်ဆင်လာခဲ့ပြီး ယူကရိန်းတိုက်စစ်မှူးတွေရဲ့ ဂိုးဧရိယာအတွင်းက အနီးကပ် အပိုင်ကန်သွင်းမှု တစ်ကြိမ်နဲ့ ဂိုးဧရိယာထိပ်က အဝေးကန်ချက် တစ်ကြိမ်တို့ကို ဂိုးသမား မျိုးမင်းလတ် လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ပထမပိုင်းခြေစွမ်းကြောင့် မျှော်လင့်ချက်တွေမြင့်မားခဲ့ရပေမယ့် ၅၁ မိနစ်မှာ ဦးဆောင်ဂိုး ပေးလိုက်ရတာက မြန်မာအသင်း အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ချေပဂိုးရဖို့ သွက်သွက်လက်လက်ကြိုးစားခဲ့ရကာ လူကျွံထောင်ချောက်ကို မထိန်းနိုင်တော့ဘဲ ယူကရိန်းက ၆ မိနစ်အတွင်း နောက်ထပ် ၂ ဂိုး ထပ်သွင်းသွားခဲ့ပါတယ်။

    နောက်ပိုင်းမှာလည်း ယူကရိန်းကပဲ ဂိုးသွင်းခွင့်တွေရခဲ့ပြီး ၆၈၊ ၇၁ မိနစ်နဲ့ ၇၇ မိနစ်တွေမှာ နောက်ထပ် ၃ ဂိုး ထပ်သွင်းခဲ့ပါတယ်။ ၇၅ မိနစ်မှာ မြန်မာအသင်းနောက်ခံလူ ထိုက်ထိုက်အောင် ယူကရိန်းရဲ့ ဂိုးသွင်းမှုကို ဂိုးဧရိယာအတွင်းမှာ လက်နဲ့ တားဆီးခဲ့တဲ့အတွက် တိုက်ရိုက် အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

    ဂိုးတွေ ဆက်တိုက်သွင်းခံခဲ့ရပေမယ့် မြန်မာအသင်းရဲ့ ကစားအားတော့ မကျခဲ့ဘဲ ယူကရိန်းကို ယှဉ်ကစားနိုင်ခဲ့ပါတယ်။မြန်မာအသင်းဟာ ကစားပုံမဆိုးခဲ့ပေမယ့် အ၀င်အထွက်မရဲတာ၊ လူကပ်ကစားမှု မသေချာတာနဲ့ လူကျွံဘောကို ထိထိရောက်ရောက် မဖမ်းနိုင်ခဲ့တာကြောင့် ဒီလောက်ဂိုးပြတ်ခဲ့ရတာ ဖြစ်ပါတယ်။

    ဒီပွဲအရှုံးကြောင့် မြန်မာအသင်းရဲ့ အုပ်စုတက်ရေး မျှော်လင့်ချက်ကတော့ ပျက်သုဉ်းသွားခဲ့ရပါတယ်။