News @ M-Media

Blog

  • စစ်ကောင်စီက ပြည်သူများ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေ

    စစ်ကောင်စီက ပြည်သူများ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တိုက်ပွဲတွေဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောပါတယ်။

    ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်​ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီကလည်း တပ်အင်အားတွေ ထပ်တိုးကာ ထိုးစစ်တွေ လုပ်ဆောင်နေပါတယ်။

    အထူးအကြံပေးကောင်စီက စစ်ကောင်စီတပ်တွေဟာ အဲဒီဒေသတွေမှာ စားနပ်ရိက္ခာ အထောက်အပံ့တွေကို ဖျက်ဆီးပစ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေကို သတ်တာ၊ စားနပ်ရိက္ခာသယ်ဆောင်ရာ လမ်းကြောင်းတွေကို ဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လယ်သမားတွေလည်း ကောက်ပဲသီးနှံတွေ မရိပ်သိမ်းနိုင်ပါဘူး။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံက လိုအပ်နေသူတွေကို အကူအညီပေးအပ်ဖို့ ကြိုးစားရာမှာ ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ကောင်စီက ပြောပါတယ်။

    စစ်ကောင်စီဟာ ပြည်သူတွေ အငတ်ဘေးဆိုက်အောင် လုပ်ဆောင်နေပြီး ဒါဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်တပ်က တိုင်းရင်းသား ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကို စုံစမ်းဖော်ထုတ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အထူးအကြံပေးကောင်စီကို ကုလသမဂ္ဂက ဖွဲ့စည်းထားတာပါ။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်ကောင်စီကို ဆက်လက်ပစ်ပယ်ထားဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂၃၄၆၀၀ ရှိပြီး၊ အရင်ကအရေအတွက်နဲ့ပေါင်းလိုက်ရင် ၆ သိန်းကျော် ရှိနေတယ်လို့ ကုလရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူ​ အများစုဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လောင်စာဆီ ပြတ်တောက်မှုတွေ ကြုံတွေ့နေရပါတယ်။

    မြန်မာနိုင်ငံမှာ အသက်ဆက်ရှင်ရေး အရေးပါတဲ့ အကူအညီ လိုအပ်နေသူအရေအတွက်က ၃ သန်းလောက်ရှိနေပြီး ၂ သန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ တိုးလာတာဖြစ်ပါတယ်။

    Ref : The Guardian

  • တောင်အာဖရိကမှ ကိုဗစ်မျိုးကွဲသစ် ကာကွယ်ဆေးမတိုးနိုင်ဟု ပညာရှင်များသုံးသပ်

    တောင်အာဖရိကမှ ကိုဗစ်မျိုးကွဲသစ် ကာကွယ်ဆေးမတိုးနိုင်ဟု ပညာရှင်များသုံးသပ်

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -တောင်အာဖရိကမှာ ပြန့်နှံ့နေတဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ အလွန်စိုးရိမ်စရာကောင်းပြီး လက်ရှိအသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မတိုးတဲ့ ထူးထူးခြားခြား မျိုးကွဲမျိုးဖြစ်နိုင်တယ်လို့ ဗြိတိန်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    B.1.1.529 လို့အမည်ပေးထားတဲ့ အဲဒီမျိုးကွဲသစ်ဟာ တောင်အာဖရိကနဲ့ ဘော့စ်ဝါနာတို့မှာ ပြန့်နှံ့နေပြီး ဟောင်ကောင်မှာလည်း ဒီကနေ့အထိ ၂ ဦး တွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်က ကိုယ်ခံအားကို တိုက်ခိုက်နိုင်တဲ့ ပရိုတိန်းအချွန် (spike protein) ပုံပြောင်းမှုဟာ အကြိမ် ၃၀ ကျော်ရှိပြီး မူရင်း ကိုဗစ်ဗိုင်းရပ်စ်နဲ့ လုံး၀ ကွဲပြားခြားနားသွားပြီ ဖြစ်ပါတယ်။

    ဗြိတိန်ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်က အခုမျိုးကွဲသစ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အကြီးအကျယ် စိုးရိမ်နေတယ်လို့ ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ မျိုးကွဲသစ်အကြောင်း စောစောစီးစီး ထုတ်ဖော်ပြောဆိုခဲ့တဲ့ တောင်အာဖရိက သိပ္ပံပညာရှင်တွေကို ကျေးဇူးတင်တယ်လို့လည်း ဂျာဗစ်က ဆိုပါတယ်။

    B.1.1.529 အကြောင်းကို များများစားစား မသိရသေးပေမယ့် လတ်တလောသိရှိထားမှုအရ ဒီမျိုးကွဲသစ်ဟာ ပိုမိုပြန့်နှံ့လွယ်ပြီး ကာကွယ်ဆေးမတိုးတာမျိုးအထိ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုဗစ်မျိုးကွဲသစ် ဘယ်လောက်အထိ ​ပြန့်နှံ့လွယ်သလဲဆိုတာ သိရဖို့ သီတင်းပတ်အနည်းငယ်လောက် စောင့်ကြည့်ရအုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေ၊ စင်ကာပူတို့အပါအဝင် ကမ္ဘာ့နိုင်ငံတစ်ချို့ဟာ တောင်အာဖရိကကနေ ခရီးသွားတွေဝင်ရောက်မှုကို ပိတ်ပင်ထားပြီး အခြားနိုင်ငံတွေကလည်း ဒီလိုကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

    Ref: Reuters

  • အစ္စလာမ့်ခေတ်ဦးက ရွှံ့ဗလီတစ်လုံးကို အီရတ်တွေ တူးဖော်တွေ့ရှိ

    အစ္စလာမ့်ခေတ်ဦးက ရွှံ့ဗလီတစ်လုံးကို အီရတ်တွေ တူးဖော်တွေ့ရှိ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်ရာ ခေတ်ဦးပိုင်းက တည်ဆောက်ခဲ့တဲ့ ရွှံ့ဗလီတစ်လုံးကို သုတေသနပညာရှင်တွေက အီရတ်နိုင်ငံတောင်ပိုင်း ဒီကွာဒေသမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။

    အလ်ရာဖိုင်မြို့က လူနေရပ်ကွက်အလယ်မှာ တွေ့ခဲ့တဲ့ ဒီဗလီဟာ ၂၆ ပေအကျယ်၊ ၁၆ ပေအမြင့် ရှိပါတယ်။ အနည်းဆုံး လူ ၂၅ ဦး ဝတ်ပြုနိုင်တဲ့ အနေအထားဖြစ်ပြီး ဗလီရဲ့အလယ်မှာ ရှေ့ဆောင်အီမာမ်တစ်ဦးရဲ့ အုတ်ဂူ ရှိပါတယ်။

    အူမိုင်ယာမင်းဆက်လက်ထက် အေဒီ ၆၇၉ ခုနှစ်မှာ ဆောက်လုပ်ထားတဲ့ ဗလီပါ။ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ တမန်တော် မိုဟာမက်က အစ္စလာမ်သာသနာကို စတင်ဟောကြားပြီး နှစ်ပေါင်း ၇၀ အတွင်း တည်ဆောက်ခဲ့တဲ့ ဗလီလည်း ဖြစ်ပါတယ်။

    ဒီကွာဒေသ ရှေးဟောင်းပစ္စည်းများ တူးဖော်ရေးဌာန အကြီးအကဲ အလီ ရှာလ်ဂမ်က အခုတွေ့ရှိမှုဟာ အရေးပါပြီး ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အူမိုင်ယာမင်းဆက်လက်ထက်က ဆောက်လုပ်ထားတဲ့ ရှေးဟောင်းဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အရင်က အနည်းငယ်သာ တွေ့ရှိခဲ့ပြီး ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးနေတဲ့အတွက် တည်ဆောက်ခဲ့တဲ့ ကာလအတိအကျကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့လည်း ရှာလ်ဂမ်က ဆိုပါတယ်။

    အီရတ်နိုင်ငံက ဒီကွာဒေသဟာ ရှေးဟောင်းနေရာအများအပြားရှိတဲ့ဒေသဖြစ်ပြီး နိုင်ငံပေါင်းစုံက ရှေးဟောင်း သုတေသနပညာရှင်တွေ လာရောက် ရှာဖွေတူးဖော်မှုတွေ လုပ်ဆောင်နေကြပါတယ်။ အီရတ်အစိုးရတော့ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ၊ စီမံခန့်ခွဲမှုအမှားတွေကြောင့် ရှေးဟောင်းသုတေသနဖက်မှာ ငွေကြေးစိုက်ထုတ်နိုင်ခြင်း မရှိပါဘူး။

    အခုအစ္စလာမ့်ခေတ်ဦးက ရှေးဟောင်း ရွှံ့ဗလီကို ဗြိတိန်-အီရတ် ရှေးဟောင်းသု​တေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • လာအို၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်

    လာအို၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းမှ လွတ်မြောက်

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြင်ကွင်းတစ်နေရာ

    -လာအို၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်း (LDC) ကနေ လွတ်မြောက်ကြောင်း အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက ကြာသာပတေးနေ့မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

    LDC စာရင်းကနေ လွတ်မြောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအဆင့် တက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်ချိန်ကာလကို ကုလက ၅ နှစ် သတ်မှတ်ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ၂၀၂၆ ခုနှစ်အရောက်မှာ လာအို၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ပြင်ဆင်ချိန်ကာလဟာ ပုံမှန်အားဖြင့် ၃ နှစ်ဖြစ်ပေမယ့် ကိုဗစ်နောက်ဆက်တွဲ စီးပွားရေး ပြဿနာတွေကြောင့် ကုလက နောက်ထပ် ၂ နှစ် တိုးပေးခဲ့ပါတယ်။

    ဖွံဖြိုးဆဲနိုင်ငံအဖြစ်ရောက်ဖို့ ပြင်ဆင်ချိန်ကာလမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ဖွံဖြိုးရေးစီမံကိန်းတွေ ရပ်ဆိုင်းသွားတာ၊ နောက်ပြန်ဆုတ်သွားတာတွေ ဖြစ်လို့မရပါဘူး။ ပြင်ဆင်ချိန်ကာလအတွင်း LDC နိုင်ငံတွေကိုပေးတဲ့ နိုင်ငံတကာရဲ့အထောက်အပံ့တွေ ဆက်လက်ရရှိမှာဖြစ်ပါတယ်။

    ကုလသမဂ္ဂရဲ့ ဖွံဖြိုးရေးမူဝါဒရေးရာ ကော်မတီဟာ LDC စာရင်းမှာ ထည့်သွင်းတာ၊ ထုတ်ပယ်တာတွေကို နိုင်ငံတစ်ခုရဲ့ တစ်ဦးချင်းပျမ်းမျှဝင်ငွေ (GNI)၊ လူသားအရင်းအမြစ်၊ စီးပွားရေးခံနိုင်ရည်ရှိမှု စတဲ့ အချက်သုံးချက်အပေါ် အခြေခံစဉ်းစားတာဖြစ်ပါတယ်။ အချက် ၃ ချက်မှာ ၂ ချက် စံသတ်မှတ်ချက်ပြည့်မှီရင် စာရင်းကနေ လွတ်မြောက်မှာဖြစ်ပါတယ်။

    ကုလဟာ LDC စာရင်းအတွက် ၃ နှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု ပြုလုပ်ပြီး လာအို၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ နောက်ဆုံး ၃ ကြိမ်ဆက်တိုက် သတ်မှတ်စံနှုန်းတွေကို ပြည့်မှီတဲ့အတွက် အခုလို LDC စာရင်းကနေ လွတ်မြောက်တာ ဖြစ်ပါတယ်။

    LDC စာရင်းမှာ လာအိုဟာနဲ့ နီပေါက ၁၉၇၁ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ်က ၁၉၇၅ ခုနှစ်တွေမှာ ပါဝင်ခဲ့တာပါ။

    အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းဟာ ၈၃ ရာခိုင်နှုန်း ရှိခဲ့ပြီး နောက်ပိုင်းမှာ အလုပ်အကိုင်ဖန်တီးနိုင်မှု မြင့်တက်လာတာကြောင့် ဆင်းရဲမွဲတေမှုရာခိုင်နှုန်း တစ်ဖြည်းဖြည်း ကျဆင်းခဲ့ကာ ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ဘင်္ဂလားဒေ့ရှ်ရဲ့ ဆင်းရဲမှုနှုန်းဟာ ၂၀.၅ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး မူစတာဖာ ကမားလ်က LDC စာရင်းကနေ လွတ်မြောက်သွားတာဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ ကြီးမားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိ LDC စာရင်းမှာ ၄၆ နိုင်ငံရှိပြီး မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း (LDC) ထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

    Ref: New Straits Times

  • စိုးရိမ်စရာ ကိုဗစ်မျိုးကွဲသစ်တစ်ခု တွေ့ရှိကြောင်း တောင်အာဖရိက ကြေငြာ

    စိုးရိမ်စရာ ကိုဗစ်မျိုးကွဲသစ်တစ်ခု တွေ့ရှိကြောင်း တောင်အာဖရိက ကြေငြာ

    နိုဝင်ဘာ ၂၆၊ ၂၀၂၁
    M-Media

    -ကိုဗစ်မျိုးကွဲသစ်တစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ပြီး၊ နိုင်ငံတစ်၀ှမ်း ကူးစက်မှုတွေ မြန်မြန်ဆန်ဆန် မြင့်တက်လာတာဟာ ဒီမျိုးကွဲကြောင့် ဖြစ်တယ်လို့ တောင်အာဖရိက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ကျန်းမာရေးဝန်ကြီး ဂျိုးဖာလာက ကူးစက်မှုအသစ်တွေဟာ ပုံမှန်အတိုင်း ဖြစ်တယ်လို့ အစောပိုင်းမှာ ထင်ခဲ့ပေမယ့် သိပ္ပံပညာရှင်တွေရဲ့ စုံစမ်းဖော်ထုတ်မှုအရ ကိုဗစ်မျိုးကွဲသစ်တစ်ခုကြောင့် ဖြစ်လာတာကို အောက်တိုဘာ ၂၅ ရက်နေ့က စတင်သိရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    လက်ရှိ အဲဒီကိုဗစ်မျိုးကွဲသစ်ကို တောင်အာဖရိက၊ ဘော့စ်ဝါနာနဲ့ ဟောင်ဟောင်က တောင်အာဖရိက ခရီးသွားတစ်ဦးမှာ တွေ့ရှိထားပါတယ်။

    အခုမျိုးကွဲသစ်ဟာ အကြိမ်ပေါင်း ၃၀ ကျော် ပုံပြောင်းပြီးဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်အာဖရိက သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ပရောဖက်ဆာ တူလီယို ဒီ အိုလီဗီယာရာက ပညာရှင်တွေမျှော်လင့်ထားတာထက် ပိုမို ပုံပြောင်းခဲ့ကာ ကူးစက်မှုလည်း အလွန်မြန်ဆန်သလို ဒီဒဏ်ကို လာမယ့် ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်း မြင်လာရဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အကြီးအကျယ် ကူးစက်စေနိုင်တဲ့ လူစုလူဝေးပြုလုပ်တာတွေကို ရှောင်ရှားဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    တောင်အာဖရိက အခု ကိုဗစ်မျိုးကွဲသစ်ဟာ ပုံပြောင်းမှုများလွန်းတာကြောင့် ကူးစက်မှုအလွန်မြန်ဆန်ပြီး လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေ မတိုးမှာကို ပညာရှင်တွေက စိုးရိမ်နေပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားအရ ဘာကိုမှ အတိအကျ မပြောနိုင်သေးဘဲ လေ့လာမှုတွေ ဆက်လုပ်ရမယ်လို့ ပညာရှင်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီသတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ယူကေအစိုးရက တောင်အာဖရိကအပါအဝင် အာဖရိကနိုင်ငံတစ်ချို့ကို ပြည်ဝင်ခွင့်မပေးတဲ့ ‘အနီရောင်စာရင်း’ ထဲ ထည့်သွင်းခဲ့ပါတယ်။

    ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အခုအချိန်အထိ ကူးစက်မှုအမြန်ဆုံးနဲ့ အသေအပျောက်အများဆုံးက Delta မျိုးကွဲဖြစ်ပါတယ်။

    Ref: CNN