News @ M-Media

Blog

  • အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ အမေရိကန်တိုးမြှင့်မည်

    အစ္စရေးအတွက် စစ်ရေးအထောက်အပံ့ အမေရိကန်တိုးမြှင့်မည်

    မေ ၂၉၊ ၂၀၁၅
    M-Media

    – အစ္စရေးသို့ အမေရိကန်မှ ကာကွယ်ရေး အကူညီပေးအပ်နေခြင်းမှာ ၂၀၁၇ နောက်ပိုင်းတွင် တိုးမြှင့်သွားဖွယ်ရှိနေပြီး အီရန်နှင့် နျူအရေးနှင့်ပတ်သက်သည့် အမေရိကန်၏ သံခင်းတမန်ခင်းအပေါ် အစ္စရေး၏ စိုးရိမ်ကြောက်ရွံ့နေမှုကို နှစ်သိမ့်ရန် ဖြစ်နိုင်သည်ဟု
    နှစ်ဘက်စလုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    လက်ရှိတွင် အမေရိကန်မှာ အစ္စရေးအား ကာကွယ်ရေးအတွက် နှစ်စဉ် ကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့နေပြီး အဆိုပါ ထောက်ပံ့မှုသက်တမ်းမှာ ၂၀၁၇ ခုနှစ်တွင် ကုန်ဆုံးတော့မည်ဖြစ်ကာ နောက်ထပ်နှစ်များတွင် နှစ်စဉ် ကန်ဒေါ်လာ ၃.၆ ဘီလီယံမှ ၃.၇ တန်ဖိုးအထိ ထောက်ပံ့သွားရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းသူများအကြား ရရှိရန် နီးစပ်နေသည်ဟု အမည်မဖေါ်လိုသည့်
    အမေရိကန် တာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အစ္စရေးဘက်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကလည်း ထောက်ပံ့မှုမှာ ၃.၅ ဘီလီယံနှင့် ၄ ဘီလီယံအကြား ရှိမည်ဟုဆိုသည်။

    “သူတို့ (အမေရိကန်က) အီရန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မကျေနပ်မှုကို နှစ်သိမ့်ဖို့ ကြိုးစားနေတာပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အမေရိကန်နှင့် ထိုကဲ့သို့ ဆွေးနွေးမှုများရှိသည်ဟု အတည်ပြုခဲ့သော်လည်း မိမိအနေဖြင့် အီရန်နျူသဘောတူညီချက်အား ဆန့်ကျင်မှုကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အလစ်စတဲရ် ဘတ်စကေးကမူ အဆိုပါသတင်းမှာ လုံးဝ မှန်ကန်မှုမရှိဟု ပြောကြားခဲ့သည်။ ပင်တဂွန်ကမူ မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    ၂၀၀၇ ခုနှစ်က ချုပ်ဆိုထားသော စာချုပ်အရ အမေရိကန်က နှစ်စဉ်ထောက်ပံ့သော ကာကွယ်ရေးအကူအညီ ကန်ဒေါ်လာ ဘီလီယံ ၃၀ မှ အများစုကို အမေရိကန်ထံမှ လက်နက်များ ၀ယ်ယူန်အတွက် အစ္စရေးက သုံးစွဲရသည်။ ထို့ပြင် အမေရိကန်မှာ အစ္စရေး၏
    ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဒေါ်လာ သန်းရာနှင့်ချီ၍ သုံးစွဲရန် လျာထားထားသည်။

    Ref: Reuters

  • ဘာကာအား အကောင်းဆုံးထက်ပိုသည့် ပုံစံဖြင့် ရင်ဆိုင်ရမည်ဟု တီဗက်ဇ်ဆို

    ဘာကာအား အကောင်းဆုံးထက်ပိုသည့် ပုံစံဖြင့် ရင်ဆိုင်ရမည်ဟု တီဗက်ဇ်ဆို

    မေ ၂၉၊ ၂၀၁၅
    M-Media

    tevez

    – ဘာစီလိုနာအသင်း၏ တိုက်စစ်မှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းတိုက်စစ်ဖြစ်ပြီး မိမိတို့အသင်းအနေဖြင့် ပြီးပြည့်စုံသည်ထက်ပိုသည့် ပုံစံမျိုးဖြင့် ရင်ဆိုင်ရမည်ဟု ဂျူဗင်တပ်စ်တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က ပြောကြားလိုက်သည်။

    စီးရီးအေနှင့် ကိုပါအီတာလီယာချန်ပီယံ ဂျူဗင်တပ်စ်မှာ ဇွန်လ ၆ ရက်နေ့တွင် ကစားမည့် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ကာ ၎င်းတို့၏ ဖလား ၃ လုံး မျှော်လင့်ချက်ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။

    လက်ရှိအချိန်တွင် ဗိုလ်စွဲရန်အတွက် ဘာစီလိုနာကသာ ရေပန်းစားနေသည်။ ဘာကာ၏ မက်ဆီ၊ နေးမာ၊ ဆွာရက်ဇ် ၃ ယောက်တွဲတိုက်စစ်မှာ ယခုရာသီတွင် ပြိုင်ပွဲအားလုံး၌ အသင်းအတွက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူထားပြီး တီဗက်ဇ်ကမူ ၎င်းတို့က ဂျူဗီ၏ နောက်တန်းအတွက် ကြောက်မယ်ဖွယ်ကောင်းသည့် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဟု ၀န်ခံခဲ့သည်။

    “သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းလို့ ကျွန်တော်ထင်ပါတယ်။ သူတို့မှာ အကောင်းဆုံး တိုက်စစ်မှူး ၃ ယောက် ရှိပါတယ်။ ဒါ့ကြောင့် ပြီးပြည့်စုံတာထက်ကိုပိုတဲ့ စွမ်းဆောင်ရည်နဲ့ ရင်ဆိုင်ဖို့ တော်တော်လေး ကြိုးစားရပါလိမ့်မယ်” ဟု တီဗက်ဇ်ကပြောကြားခဲ့သည်။

    တီဗက်ဇ်မှာ အာဂျင်တိုင်းအသင်းဖော် မက်ဆီနှင့် ပြန်တွေ့ရမည်ဖြစ်ပြီး တီဗက်ဇ်ကမူ မက်ဆီထက်သာအောင် ခြေစွမ်းပြနိုင်ခြင်းထက် ချန်ပီယံလိဂ်ဖာလားကိုသာ ရရှိချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တီဗက်ဇ်မှာ ဂျူဗင်တပ်စ်အသင်းတွင် အကောင်းဆုံး ပုံစံကို ရရှိနေပြီး အသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ၂၉ ဂိုး သွင်းယူပေးထားကာ စီးရီးအေနှင့် ကိုပါအီတာလီယာဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်ခဲ့သည်။

    Ref: Goal

  • ရိုဟင်ဂျာတို့အား ဖိနှိပ်မှု အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်များမှ ရှုတ်ချ

    ရိုဟင်ဂျာတို့အား ဖိနှိပ်မှု အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်များမှ ရှုတ်ချ

    မေ ၂၉ ၂၀၁၅
    M-Media
    The Largest Buddhist Temple in Indonesia
    အကြမ်းဖက်ဆက်ဆံမှုသည် ဗုဒ္ဓဓမ္မ သွန်သင်ချက် အစစ်အမှန်နှင့် ဆန့်ကျင်နေကြောင်း အထူးပြုဖော်ပြ၍ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စ်လင်မ်များ အပေါ် အကြမ်းဖက်နေမှုအား အရှေ့ဂျာဗားရှိ မဒူရာမှ ထင်ရှားသော ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည့် Kosala Mahinda က  ရှုတ်ချလိုက်သည်။

    “လူသားအားလုံးကို မေတ္တာထားဖို့ ဗုဒ္ဓ၀ါဒက ကျွန်တော်တို့ကို သွန်သင်ထားတဲ့ အတွက် ရိုဟင်ဂျာပြဿနာ ဖြစ်ပေါ်လာအောင် လုပ်စရာအကြောင်းကို မရှိပါဘူး။ မြန်မာနိုင်ငံထဲက ပဋိပက္ခကို အဖြေရှာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီပြဿနာဟာ ကမ္ဘာ့ဘာသာတရားများရဲ့ သဟဇာတဖြစ်စဉ်ကို ခြိမ်းခြောက်လာနိုင်တဲ့ အတွက် ကုလသမဂ္ဂအနေနဲ့ ဒီအပေါ်မှာ အရေးစိုက်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ဟု မဒူရာမှ Avalokitesvara  Temple Foundation ဥက္ကဋ္ဌဖြစ်သူ မဟင်းဒါးက Antara သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။  တဆက်တည်းမှာပင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်များ အတူတစ်ကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ပြီး အပြန်အလှန်လေးစားမှုရှိကြသော Pamekasan ကဲ့သို့ အင်ဒိုနီးရှားဒေသများကိုလည်း ချီးကျူးစကားဆိုခဲ့သည်။

    စုမားတြားမြောက်ပိုင်း Medan နယ်မှ ဗုဒ္ဓဘုန်းတော်ကြီး Peter Lim ကလည်း “ဒီအကြမ်းဖက်လုပ်ဆောင်မှုတွေဟာ ဗုဒ္ဓလမ်းစဉ်နဲ့ ဗုဒ္ဓသွန်သင်ချက်ကို စော်ကားရာရောက်တဲ့အတွက် ဘုန်းဘုန်း အရှက်ရ၀မ်းနည်းမိပါတယ်။ အဲ့ဒီအစွန်းရောက်တွေရဲ့ ဖိနှိပ်ညှင်းပန်းမှုက ဗုဒ္ဓလမ်းစဉ်သွန်သင်ချက်တွေကို ကိုယ်စားမပြုပါဘူး” ဟု မကြာသေးမီက ရှုတ်ချပြောဆိုပါသည်။

    ထို့ပြင် ဗုဒ္ဓဘာသာဝင် လူ့ဘောင်ကောင်စီ  Walubi  မှလည်း နိုင်ငံတွင်းရှိဗုဒ္ဓဘာသာဝင်တို့အား Aceh  နှင့် စုမားတြားမြောက်ပိုင်း တွင် သောင်တင်နေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် အကူအညီပေးကြဖို့ နှိုးဆော်ထားသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစု(အပါအ၀င် မြန်မာမွတ်စ်လင်မ်)တို့အား ဖိနှိပ် ညှင်းပန်းမှုဖြစ်စေအောင် တွန်းအားပေးနေသော အရှင်ဝီရသူမှ ဖြန့်ချိနေသည့် အယူသည်း အစွန်းရောက်ဝါဒမှာ အင်ဒို ဗုဒ္ဓဘာသာဝင်များနှင့် အလျဉ်း မပတ်သက်ကြောင်း အဆိုပါအဖွဲ့အစည်းက ကနဦးပိုင်းကပင် ပြောဆိုထားပြီးဖြစ်သည်။

    Ref : The Jakarta Post

    ဓါတ်ပုံအညွှန်း- မွတ်စလင်မ် အများစုနေထိုင်ရာ အင်ဒိုနီးရှားမှ ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးအကျဆုံးနှင့် အကြီးဆုံးဘုရား

  • ဖိအားများရှိနေသော်လည်း ဖီဖာဥက္ကဌအဖြစ် ဘလတ္တာ အရွေးခံမည်

    ဖိအားများရှိနေသော်လည်း ဖီဖာဥက္ကဌအဖြစ် ဘလတ္တာ အရွေးခံမည်

    မေ ၂၉၊ ၂၀၁၅
    M-Media

    fifa

    – ပြီးခဲ့သည့်ရက်အတွင်းက ပြဿနာများကြောင့် ဖီဖာမှ နှုတ်ထွက်ရန် ဖိအားပေးနေမှုကို ဥက္ကဌ ဆပ်ဘလတ္တာက အာခံလိုက်ပြီး မိမိနေဖြင့် လာမည့် ၅ ကြိမ်မြောက် သက်တမ်းအတွက် ၀င်ရောက်အရွေးခံရန် ဆုံးဖြတ်ချက်ကို ပြင်သွားမည်မဟုတ်ဟု ဆိုသည်။

    ယမန်နေ့က ဇူးရစ်ခ်ျတွင် ပြုလုပ်ခဲ့သည့် ဖီဖာ၏ ညီလာခံတွင် ဆပ်ဘလတ္တာက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖီဖာ၏ ယခုကြုံတွေ့နေရသည့် ပြဿနာမှာ မကြုံစဖူး၊ ခက်ခဲသည့် ပြဿနာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘလတ္တာ၏ အဆိုပါမှတ်ချက်မှာ ညီလာခံသို့ တက်ရောက်ရန်အတွက် ဇူးရစ်ခ်ျတွင်ရောက်နေကြသည့် ဒုဥက္ကဌအပါအ၀င် ဖီဖာအကြီးတန်းအရာရှိများကို ဗုဒ္ဓဟူးနေ့က ဆွဇ်ဇာလန် ရဲတပ်ဖွဲ့က ချစားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ပထမဆုံး ထွက်ပေါ်လာသည့် မှတ်ချက်လည်းဖြစ်သည်။

    “ဒါတွေက ဖီဖာအတွက် မကြုံစဖူး ခက်ခဲတဲ့အချိန်တွေပါပဲ။ ဒီလူတွေရဲ့ လုပ်ရပ်တွေက ဘောလုံးလောကနဲ့ပတ်သက်ပြီး အရှက်ရစရာတွေကို ယူဆောင်လာတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်ပြီး၊ အရေးယူမှုနဲ့ ကျွန်တော်တို့အားလုံးဆီက ပြောင်းလဲမှုကို
    တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    ထိုပြဿနာကြောင့် ဘလတ္တာအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပြီး ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီကမူ ဘလတ္တာအား နှုတ်ထွက်ရန် တောင်းဆိုထားကာ အပြောင်းအလဲကို မမြင်ရပါက ယူအီးအက်ဖ်အေတစ်ခုလုံး ဖီဖာအောက်မှ နှုတ်ထွက်သွားမည်ဟု သတိပေးခဲ့သည်။

    ဖီဖာ၏ ဥက္ကဌရွေးပွဲကို ယနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဆပ်ဘလတ္တာနှင့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလ်ဟူစိန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    Ref: Aljazeera

  • မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေ အတွက် လုံခြုံရေးကောင်စီတွင် အစည်းအဝေးလုပ်

    မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေ အတွက် လုံခြုံရေးကောင်စီတွင် အစည်းအဝေးလုပ်

    မေ ၂၉၊ ၂၀၁၅
    M-Media

    un

    – မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ ပထမဆုံး တံခါးပိတ်အစည်းအ၀းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြပြီး လူနည်းစု ရိုဟင်ဂျာမွတ်စလင်များ၏ ကြောက်မက်ဖွယ်အခြေအနေများအပေါ် အဓိကထား ဆွေးနွေးခဲ့သည်ဟု အမေရိကန်နှင့် ကုလသမဂ္ဂ သံတမန်များက ပြောကြားလိုက်သည်။

    ကုလမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဇီအစ် ရာအဒ် အလ်ဟူစိန်မှာ ဗီဒီယိုမှတစ်ဆင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ရိုဟင်ဂျာများအပေါ် မနှစ်မြို့စရာ ခွဲခြားဆက်ဆံမှု အခြေအနေများကို ဖော်ပြခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် စမန်သာပါဝါကမူ အဆိုပါအစည်းဝေးကို ကြိုဆိုခဲ့ပြီး “ပထမဆုံး သမိုင်းဝင်” ဟု Twitter စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

    “မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ကြောက်မက်ဖွယ် အခြေအနေတွေ၊ စနစ်တကျ ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်လို့ ဇီအစ်က ခိုင်မာတဲ့ အသေးစိတ်ရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ မကြာခဏ လူကုန်ကူးသူတွေရဲ့ အမြတ်ထုတ်မှုကို ခံရတယ်။ ရာနဲချီတဲ့သူတွေဟာလည်း မကြာသေးခင်က ပင်လယ်ထဲမှာ သေမလို ဖြစ်နေပါတယ်။ ဒါက ပြည့်ဝတဲ့ တုန့်ပြန်မှုကို တောင်းဆိုနေတာပါ။ ပြဿနာရဲ့ ရင်းမြစ်ကို မဖြစ်မနေ ကြည့်ရပါမယ်” ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အမည်မဖော်လိုသော သံတမန်တစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    စမန်သာပါဝါကမူ ရိုဟင်ဂျာများ၏ အခြေအနေမှာ စိုးရိမ်စရာကောင်ပြီး လူမဆန်သည့် အခြေအနေမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစည်းအဝေးအတွင်း ပါဝါက မြန်မာနိုင်ငံတွင် တိုးတက်မှုများ ပြုလုပ်ခဲ့သော်လည်း လူအချို့မှာ အသစ်ရရှိသည့် လွတ်လပ်မှုကို အမုန်းတရား တည်ဆောက်ရန်၊ အကြမ်းဖက်မှုကို ဆွပေးရန်နှင့် ချို့တဲ့သည့် ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက်ရေးကို ဖော်ဆောင်ရန် အသုံးပြုနေကြသည်ဟု ထောက်ပြခဲ့ကြောင်း အခြားသံတမန်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ နည်းနည်းဖြင့် ဒုက္ခသည်စခန်းများတွင် ပိတ်မိနေသည့် ၁၄၀၀၀၀ ကျော်သော ရိုဟင်ဂျာများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များကို မြန်မာအစိုးရက ချက်ချင်း ရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

    မကြာသေးမီ သီတင်းပတ်များအတွင်းက ပေါ်ထွက်ခဲ့သည့် လှေစီးဒုက္ခသည် ပြဿနာအတွက် ဘန်ကောက်တွင် ပြုလုပ်ရန်စီစဉ်ထားသော အရှေ့တောင်အာရှနိုင်ငံအချို့၏ အစည်းဝေးကိုလည်း ကြိုဆိုကြောင်း လုံခြုံရေးကာင်စီ အဖွဲ့ဝင်များက ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံမှ သံတမန်ကမူ လုံခြုံရေးကောင်စီမှာ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲဆောင်ရွက်ရန် သင့်တော်သည့်နေရာမဟုတ်ဟု စောဒကတက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ကာလရှည်မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံကမူ ထိုကိစ္စမှာ နိုင်ငံအာဏာပိုင်များ၏ ပြည်တွင်းရေးကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ထိုပြဿနာအခြေအနေအတွက် စိုးရိမ်မိသည်ဟု ဆိုသည်။

    Ref: Reuters