News @ M-Media

Blog

  • တောင်တရုတ်ပင်လယ်တွင် ကျွန်းတုဆောက်မှု ရပ်တန့်ရန် အမေရိကန် တိုက်တွန်း

    တောင်တရုတ်ပင်လယ်တွင် ကျွန်းတုဆောက်မှု ရပ်တန့်ရန် အမေရိကန် တိုက်တွန်း

    မေ ၂၈၊ ၂၀၁၅
    M-Media

    – တောင်တရုတ်ပင်လယ်အနီးတွင် ကျွန်းတုများဖန်တီးနေကြသည့် တရုတ်နိုင်ငံနှင့် အခြားသော နိုင်ငံများအနေဖြင့် ချက်ချင်းရပ်တန့်ကြရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ယမန်နေ့တွင် ပြောကြားလိုက်ပြီး ပါဝင်သည့်နိုင်ငံများအနေဖြင့် စစ်ပြင်ဆင်မှုကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းသော အဖြေတစ်ခုကို ရှာဖွေရန် တိုက်တွန်းလိုက်သည်။

    ဟာဝိုင်ယီရှိ စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုတွင် ကာတာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ကျွန်းတုတည်ဆောက်နေမှုက ဒေသတွင်း အခြားနိုင်ငံများ၏ ဆန္ဒနှင့် တစ်ခြားစီဖြစ်နေသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်က တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်း၏ လေပိုင်နက်တွင် အမေရိကန်မှ ကင်းထောက်လေယာဉ်များ ပျံသန်းရာ တရုတ်နိုင်ငံက ၎င်းတို့၏ စစ်ဘက်ဇုန်အတွင်းသို့ ၀င်ရောက်သည်ဟုဆိုကာ မောင်းထုတ်ခဲ့သည်။ ကာတာကမူ နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားသောကြောင့် မိမိတို့အနေဖြင့် အဆိုပါဒေသများတွင် လေယာဉ်များ၊ စစ်သင်္ဘောများ ဖြတ်သန်းသွားလာမှုကို ဆက်လက်ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တရုတ်ရဲ့လုပ်ရပ်တွေက ဒေသအတွင်းနိုင်ငံတွေကို နည်းလမ်းအသစ်တွေနဲ့ ပေါင်းစည်းစေခဲ့ပါတယ်။ သူတို့က အာရှပစိဖိတ်မှာ အမေရိကန်ပါဝင်လာဖို့အတွက် တောင်းဆိုမှုတွေ တိုးလာပါတယ်။ ကျွန်တော်တို့ကလည်း ဖြည့်ဆည်းပေးသွားမှာပါ” ဟု ကာတာက ဆိုသည်။

    တောင်တရုတ်ပင်လယ်ရှိ စပရက်တလေကျွန်းစုမှ ကျွန်းအချို့တွင် ယခုနှစ်အစပိုင်းမှစ၍ တရုတ်နိုင်ငံ၏ ကျွန်းတုချဲ့ထွင်နေမှုမှာ ဧက ၁၅၀၀ ရှိလာခဲ့ပြီး စုစုပေါင်း ပြီးစီးခဲ့သည့် ပမာဏမှာ ဧက ၂၀၀၀ ရှိလာပြီဟု အမေရိကန်အာဏာပိုင်များ ပြောကြားခဲ့သည်။

    Ref: Reuters

  • မြန်အောင်တွင် နှစ်စဉ် ပြုလုပ်နေကြ ဘာသာရေး သင်တန်းဆင်း ဆုပေးပွဲ ခြိမ်းခြောက်မှုများကြောင့် ပျက်

    မြန်အောင်တွင် နှစ်စဉ် ပြုလုပ်နေကြ ဘာသာရေး သင်တန်းဆင်း ဆုပေးပွဲ ခြိမ်းခြောက်မှုများကြောင့် ပျက်

    မေ ၂၈၊ ၂၀၁၅
    M-Media
    မိုးစက်
    Myan Aung
    မြန်အောင်။        ။ မေလ ၂၈ ရက်နေ့တွင် မြန်အောင်မြို့၌ ကျင်းပရန်ပြုလုပ်ထားသော  အစ္စလာမ်ဘာသာဝင် ကလေးသူငယ်များအတွက် ဘာသာရေး သင်တန်းဆင်းပွဲ ဆုပေးပွဲအခမ်းအနားအား သံဃာအချို့နှင့် လူတစ်စုတို့၏ ခြိမ်းခြောက်မှုများကြောင့် မကျင်းပခဲ့ရကြောင်း သိရသည်။

    ဟသာင်္တ၊ သလုပ်ထော်၊ အင်္ဂပူ၊ ထူးကြီး၊ မယ်ဇလီကုန်း၊ အင်ပင်၊ ထုံးဘို၊ ဘက်ရဲ၊ ကွင်းကောက် အစရှိသည့်ရွာများမှ တစ်ရွာချင်းအလိုက် ဘာသာရေး ပညာများနှင့် ပတ်သက်သည့်စာမေးပွဲများ ကျင်းပခဲ့ပြီး ယင်းရွာများမှ ထူးချွန်သည့် ကလေးများအနေဖြင့် မြန်အောင်မြို့ အရှေ့ဗလီတွင် ပြန်လည် ယှဉ်ပြိုင်ပြီး ဆုပေးပွဲကို ကျင်းပပြုမည်ဖြစ်ကြောင်း သိရသည်။

    ယင်းနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ မေလ ၂၇ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား/သူ များနှင့် ကျောင်းသား/သူ မိဘများ မြန်အောင်မြို့ အရှေ့ဗလီသို့ ရောက်ရှိလာခဲ့သည်။ ဤအရာကိုအကြောင်းပြု၍ မေလ ၂၇ ရက်နေ့ည (၁၁) နာရီကျော်အချိန်တွင် မြန်အောင်မြို့ အရှေ့ဗလီသို့ ဘုန်းကြီး (၇) ပါးနှင့် တုတ်၊ လက်နက်များကို ကိုင်ဆောင်ထားသော လူ (၅၀) ကျော်မှ ဗလီကိုဝိုင်းထားပြီး ဗလီထဲမှာလူတွေ အများကြီးစုဝေးပြီး တစ်ခုခုကြံစည်ပြီး လူစုလူဝေးနှင့်မနေရန် ပြောဆိုလာကြောင်း ဒေသခံများက ဆိုသည်။

    “သူတို့ကရောက်လာပြီး ဗလီထဲမှာ လူ (၃၀၀) ကျော်လောက်ရှိတယ်ပြောတယ်။ ခုချက်ချင်းထွက်ခိုင်းတယ်။ တကယ်တော့ ဗလီထဲမှာ ကျောင်းသားတွေနဲ့ ဆရာတွေပါအိပ်တာပါ။ အလွန်ဆုံးရှိ အယောက် (၈၀) လောက်ပဲရှိမယ်။ကျောင်းသားမိဘတွေက အိမ်တွေမှာတည်းကြတာ” ဟု ဒေသခံတစ်ဦးက M-Media ကိုပြောသည်။

    ထိုသို့ဖြစ်နေသည့်အခြေအနေတွင် သက်ဆိုင်ရာ ရဲများ၊ အာဏာပိုင်များရောက်ရှိလာပြီး ဗလီထဲမှာအိပ်နေတဲ့သူတွေကို ခုချက်ချင်းထွက်ပေးခိုင်းကြောင်း သိရသည်။ “ရဲစခန်းကိုဗလီက တာဝန်ရှိသူတွေက ဖုန်းဆက်ခေါ်တော့ ရောက်လာပါတယ်။ သူတို့ကပါ ခုချက်ချင်း အိမ်ပြန်ဆိုပြီးပြောတယ်။ ကျောင်းသားတွေနဲ့ မိဘတွေလည်း ညတွင်းချင်းပဲ အိမ်ပြန်ခဲ့ရတယ်။ လမ်းကြိုလမ်းကြားတွေမှာလည်း တုတ်တွေ လက်နက်တွေကိုင်ပြီး စောင့်နေတယ်။ ကျွန်တော်ဘက်ကသာ တစ်ခုခုပြောခဲ့ရင် သူတို့က ပြန်လုပ်မဲ့အနေအထားမျိုးပါ။ အိမ်သာပြန်ရတယ် လမ်းမှာလည်း လုံခြုံမှုမရှိဘူး။ အန္တရယ်တွေကြားထဲက ညတွင်းချင်း ဆုယူရမဲ့ကလေးတွေက အိမ်ပြန်ခဲ့ရတာပါ” ဟု ညတွင်းချင်းအိမ်ပြန်ခဲ့ရသည့်အကြောင်းကို ဟသာင်္တမှ မျက်မြင်တွေ့ကြုံခဲ့သူ တစ်ဦးက M-Media သို့ပြောသည်။

    “သူတို့အဓိကရည်ရွယ်ချက်က ဒီဆုပေးပွဲပျက်ဖို့ပဲ။ အဲဒါကြောင့် သူတို့မဖြစ်ဖြစ်အောင် လုပ်သွားတာ။ ဒီမြန်မာနိုင်ငံမှာက ဘာသာရေး လွတ်လပ်ခွင့်လည်း မရှိတော့ဘူး။ လူ့အခွင့်အရေးဆိုတာလည်း အဝေးကြီးမှာ။ အစိုးရကလည်း ဒီလူတွေကိုတားလို့ရရဲ့သားနဲ့ မတားဘူး။ နိုင်အောင်မထိန်းဘူး။ မထိန်းတဲ့အပြင် သူတို့ကပါ ဝင်ပါနေတယ်။ ညကြီးမိုးချုပ် ကြောက်ကြောက်လန့်လန့်နဲ့ ပြန်သွားရတဲ့ ကလေးငယ်တွေနဲ့ မိဘတွေ သနားဖို့ကောင်းပါတယ်” ဟု ယင်းကဆက်လက်ပြောဆိုခဲ့သည်။

    မြန်အောင်မြို့အနေနှင့် ယခုကဲ့သို့ ကျေးရွာမြို့နယ်အသီးသီးမှ ကလေးများ၏ ဘာသာရေးဆုပေးပွဲကိုကျင်းပပြုလုပ်လာသည်မှာ (၉) နှစ်တိုင်ရှိပြီဖြစ်ပြီး ယခုနှစ်မှ ကျင်းပပြုလုပ်ခွင့် မရကြောင်း သိရသည်။

    လက်ရှိမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခန်း(၈) ပုဒ်မ (၃၅၄) တွင်  နိုင်ငံသားတိုင်းသည် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း အတိအလင်းပြဌာန်းထားသည်။

  • ယူရိုပါကို ဆီးဗီးလား ၄ ကြိမ်မြောက်ဗိုလ်စွဲ

    ယူရိုပါကို ဆီးဗီးလား ၄ ကြိမ်မြောက်ဗိုလ်စွဲ

    မေ ၂၈၊ ၂၀၁၅
    M-Media

    europa

    – ယမန်နေ့က ကစားခဲ့သည့် ယူရိုပါဖလား ဗိုလ်လုပွဲတွင် လာလီဂါကလပ် ဆီးဗီးလားအသင်းက ဒီနီပရိုအသင်းအား အနိုင်ရရှိကာ လေးကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်ဟု သိရသည်။

    ပိုလန်နိုင်ငံ ၀ါဆောမြို့တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဆီးဗီလားမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ယူရိုပါဗိုလ်လုပွဲတက်လာသော ဒီနီပရိုအသင်း၏ ဦးဆောင်မှုကို ခံခဲ့ရပြီး နောက်မှလိုက်၍ ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ပွဲကို မြန်မြန်ဆန်ဆန် စတင်ခဲ့သည့် ဒီနီပရိုအတွက် ပွဲအစ ၇ မိနစ်မှာပင် အန် ကာလီနစ်က ဦးဆောင်ဂိုး သွင်းပေးခဲ့သည်။ နောက်ပိုင်းတွင် ဆီးဗီးလာက ချေပဂိုးရရန် ကြိုးစားလာပြီး ၂၈ မိနစ်နှင့် ၃၁ မိနစ်တို့တွင် ကရီချိုဝီအက်နှင့် ဘက်ကာတို့က ချေပဂိုးနှင့် အနိုင်ဂိုများကို သွင်းပေးခဲ့သည်။

    ဆီးဗီးလား၏ ဦးဆောင်မှုမှာ ၁၃ မိနစ်သာ ခံခဲ့ပြီး ၄၄ မိနစ်တွင် ဒီနီပရို အသင်းခေါင်းဆောင် ရက်စ်လန် ရိုတန်က ဖရီးကစ်မှတစ်ဆင့် ချေပဂိုး ပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ဆီးဗီးလားက ပိုကောင်းခဲ့ပြီး နှစ်သင်းစလုံး အပိုင်ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဆီးဗီလားမှ ဘက်ကာ၏ ၇၃ မိနစ် ကန်သွင်းချက်သာ ဂိုးအဖြစ်ပြောင်းလဲခဲ့၍ ဆီးဗီးလားလို့ ယူရိုပါဖလားအား ကိုင်မြှောက်နိုင်ခဲ့သည်။

    ယူအီးအက်ဖ်အေဖလားအမည်ဖြင့် ကျင်းပခဲ့သည့် အချိန်က ဆီးဗီးလားမှာ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး ယခုတွင်လည်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တို့တွင် ရရှိခဲ့သောကြောင့် သမိုင်းတစ်လျှောက် ယူရိုပါလိဂ်ကို ပထမဆုံး ၄ ကြိမ်မြောက်ရရှိသည့်အသင်း ဖြစ်လာခဲ့သည်။

    “အသင်းကို ဂိုး ၂ ဂိုးနဲ့ ကူညီနိုင်ခဲ့လို့ ကျွန်တော် ကျေနပ်မိပါတယ်။ ပြီးတော့ ဒီဂိုးတွေရခဲ့ပြီး အသင်းကို ကူညီနိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော် ပျော်ပါတယ်” ဟု ထိုပွဲတွင် ၂ ဂိုးသွင်းပေးခဲ့သည့် ဘက်ကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • နီပေါငလျင်သင့်ပြည်သူများအတွက် စင်ကာပူမွတ်စလင်လူ့အဖွဲ့အစည်း ဒေါ်လာ ၂ သိန်းကျော်  လှူဒါန်း

    နီပေါငလျင်သင့်ပြည်သူများအတွက် စင်ကာပူမွတ်စလင်လူ့အဖွဲ့အစည်း ဒေါ်လာ ၂ သိန်းကျော် လှူဒါန်း

    မေ ၂၈၊ ၂၀၁၅
    M-Media

    nepal

    – အစ္စလာမ်၏ သွန်သင်ချက်များထဲမှ အချို့ကို အကောင်အထည်ဖော်သည့်အနေဖြင့် စင်ကာပူ မွတ်စလင်လူ့အဖွဲ့အစည်းမှာ နီပေါရှိ ငလျင်ဒဏ်ခံပြည်သူများအတွက် ဒေါ်လာ ၂ သိန်းကျော် လှူဒါန်းခဲ့သည်ဟု သိရသည်။

    အဆိုပါ အလှူငွေများမှာ ရဟ်မာတန် လီ အလ်အာမင် ဖောင်ဒေးရှင်းက ကမကထပြု၍ စင်ကာပူတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်များနှင့် စင်ကာပူ အစ္စလာမ်သာသနာရေးရာ ကောင်စီတို့တွင် မေလဆန်းမှစ၍ ကောက်ခံခဲ့သော အလှူငွေများဖြစ်ပြီး နီပေါတွင်
    ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် Mercy relief အဖွဲ့ကို အင်္ဂါနေ့တွင် ပေးအပ်ခဲ့သည်။

    Mercy Relief ကမူ ရဟ်မာတန် လီ အလ်အာမင် ဖောင်ဒေးရှင်းကဲ့သို့ အဖွဲ့များက မိမိတို့၏ လုပ်ငန်းများတွက် လာရောက်လှူဒါန်းခြင်းမှာ ကံကောင်းခြင်းဖြစ်ပြီး မိမိတို့အဖွဲ့မှာ လက်ရှိအချိန်တွင်ငလျင်ဒဏ်ခံပြည်သူများအတွက် ယာယီနေထိုင်ရာထိုင်ခင်းများ
    တည်ဆောက်ပေးမှုကို ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    ရဟ်မာတန် လီ အလ်အာမင် ဖောင်ဒေးရှင်း၏ ဘုတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာ ဇိုင်နူလ် အဘီဒင် အီဘရာဟင်က ထိုကဲ့သို့ လှူဒါန်းရခြင်းအတွင်း ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    “စင်ကာပူက မွတ်စလင်လူ့အဖွဲ့အစည်းက ဒီလိုဆောင်ရွက်နိုင်ခဲ့တာကို ကျွန်တော် အရမ်းကျေနပ်မိပါတယ်။ မွတ်စလင်လူ့အသိုင်းအ၀ိုင်းအပြင်ဘက်က လူ့အဖွဲ့အစည်းအစည်းတွေကို ကိုညီဖို့ ကျွန်တော်တို့က အဆင်သင့်ရှိနေတယ်၊ ဆန္ဒရှိနေတယ်လို့ ပြောရတာကို ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်”

    သီတင်းတစ်ပတ်သာခြား၍ ၂ ကြိမ်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နီပေါနိုင်ငံတွင် သေဆုံးသူမှာ ၈ ထောင်ကျော်ခဲ့ပြီး အဆောက်အဦးအများအပြားလည်း ပြိုကျ ပျက်ဆီးခဲ့သည်။

    Ref: Channelnewsasia, Onislam

  • ရိုဟင်ဂျာအရေး ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်အား ဒလိုင်းလားမား တိုက်တွန်း

    ရိုဟင်ဂျာအရေး ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည်အား ဒလိုင်းလားမား တိုက်တွန်း

    မေ ၂၈၊ ၂၀၁၅
    M-Media

    လှေစီးဒုက္ခသည်ပြဿနာများ မြင့်တက်လာချိန်တွင် မြန်မာနိုင်ငံရှိ ညှင်းပန်းနှိပ်စက်ခံ လူနည်းစု ရိုဟင်ဂျာများအား ကူညီရေး ပိုမိုဆောင်ရွက်ပေးရန် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်းလိုက်သည်။

    ဆင်းရဲမွဲတေမှုနှင့် နိုင်ငံရှိ လူများစု ဗုဒ္ဓဘာသာဝင်များ၏ ခွဲခြားဆက်ဆံမှုတို့မှ လွတ်မြောက်ရန်အတွက် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ စိုးရိမ်ဖွယ်ရာကောင်းသည့် လှေစီးခရီးစဉ်ဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ ထွက်ပြေးနေရသော်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မည်သည့် မှတ်ချက်မှ မပေးသေးပေ။

    ဘုန်းတော်ကြီး ဒလိုင်းလားမားကမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူသိရှင်ကြား ပြောကြားရမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်တို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်အချိန် ၂၀၁၂ ခုနှစ်ကတည်းက ရိုဟင်ဂျာများအတွက်
    ပိုမိုဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်အား မိမိက ၂ ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “၀မ်းနည်းစရာပါပဲ။ မြန်မာနိုင်ငံက ပြဿနာမှာ နိုဘယ်ဆုရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်ခုခုလုပ်နိုင်မယ်လို့ ဘုန်းကြီး မျှော်လင့်ပါတယ်။ သူနဲ့ လန်ဒန်မှာတစ်ကြိမ်၊ ချက်မှာ တစ်ကြိမ် နှစ်ကြိမ်တွေ့ခဲ့ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်လို့ ဘုန်းကြီးက ပြောခဲ့ပြီး သူက အခက်အခဲတွေရှိနေတယ်၊ ဒီပြဿနာဟာ ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ တော်တော်ရှုပ်ထွေးတဲ့ ပြဿနာလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမအနေနဲ့ တစ်ခုခုလုပ်နိုင်မယ်လို့ ဘုန်းကြီး ခံစားရပါတယ်” ဟု သြစတေးလျ သတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားခဲ့သည်။ ဒလိုင်းလားမားမှာ လာမည့်သီတင်းပတ်တွင် သြစတေးလျသို့ သွားရောက်မည်ဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာသူများနှင့်အတူ လှေစီးကာ ထွက်ပြေးခဲ့ကြသည့် ထောင်နှင့်ချီသော ရိုဟင်ဂျာများအား အရှေ့တောင်အာရှ ကမ်းခြေများတွင် ယခုလအစောပိုင်းက ကယ်တင်ခဲ့ရပြီးနောက် ထိုပြဿနာမှာ ရှေ့တန်းရောက်လာခဲ့သည်။

    အဆိုပါပြဿနာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရာက်လာသည်ဟု ရှုမြင်ခြင်းခံရသော မြန်မာနိုင်ငံအနောက်ပိုင်းမှ ရိုဟင်ဂျာ ၁ သန်းခန့် ရင်ဆိုင်နေရသည့် ဆိုးဝါးသော အခြေအနေများနှင့် ခွဲခြားဆက်ဆံမှုများအပေါ် နိုင်ငံတကာမှ အာရုံစိုက်လာခဲ့သည်။

    ဒလိုင်းလားမားကမူ ရိုဟင်ဂျာများအား မည်ကဲ့သို့ကူညီရေးအတွက် မေးမြန်းမှုပင် မလုံလောက်ဟု ဆိုသည်။

    “ဒီလောက်နဲ့ မလုံလောက်ပါဘူး။ လူသားထုရဲ့ စဉ်းစားပုံစဉ်းစားနည်းက တစ်ခုခုမှားနေပါတယ်။ အခြေခံအားဖြင့် ဘုန်းကြီးတို့ဟာ အခြားလူတွေရဲ့ ဘ၀တွေအတွက်၊ ကောင်းကျိုးချမ်းသာအတွက် စိုးရိမ်မှု နည်းနေပါတယ်”

    Ref: Channelnewsasia