News @ M-Media

Blog

  • ပါကစ္စတန်ရှိ မွတ်စလင် အန်ဂျီအိုများ ပူးပေါင်းကာ မိဘမဲ့ ကလေးများအား ကူညီဖေးမသွားမည်

    ပါကစ္စတန်ရှိ မွတ်စလင် အန်ဂျီအိုများ ပူးပေါင်းကာ မိဘမဲ့ ကလေးများအား ကူညီဖေးမသွားမည်

    မေ ၃၁၊ ၂၀၁၅
    M-Media

    paki

    – မကြာခင်ကျရောက်တော့မည့် ရမ်ဇာန်ဥပုသ်လ ၁၅ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအစီအစဉ်ကို စတင်ရန် ပါကစ္စတန်မှ အစ္စလာမ့်မစ် အကူအညီပေးရေးအဖွဲ့ စုစုပေါင်း ၁၃ ခုက ပါကစ္စတန် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ဖိုရမ် POCF ကို စီစဉ်ခဲ့သည်ဟု သိရသည်။

    “နိုင်ငံအတွင်းက ၄ သန်းကျော်တဲ့ မိဘမဲ့ကလေးတွေးရဲ့ သာယာဝပြောမှုရှိဖို့နဲ့ စောင့်ရှောက်ဖို့အတွက် အိုအိုင်စီ ကြေညာချက်နဲ့အညီ ရမ်ဇာန် ၁၅ ရက်နေ့ကို ပါကစ္စတန်နိုင်ငံတစ်ဝှမ်း မိဘမဲ့ကလေးများနေ့အဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံ၏ အကြီးဆုံး အစ္စလာမ့်မစ် အကူအညီပေးရေးအဖွဲ့ အလ်-ခစ်သမသ် ဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ အဘ်ဒူလ် ရှကူးရ်က ပြောကြားခဲ့သည်။

    အစ္စလာမ့်မစ် အကူအညီပေးရေးအဖွဲ့များ ပူးပေါင်းကာ အဆိုပါအစီအစဉ်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို အစ္စလာမ်မာဘတ်တွင် မေလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ထိုအဖွဲ့များတွင် ထင်ရှားသည့် အလ်-ခစ်သမသ်ဖောင်ဒေးရှင်း၊ လူနာများ ဆေးရုံသို့ ပို့ဆောင်ပေးရေး ၀န်ဆောင်မှုကို အာရှတွင် အကြီးဆုံး ဆောင်ရွက်နေသည့် အဒ်ဟီဖောင်ဒေးရှင်း၊ Helping Hands၊ ကာတာအခြေစိုက် ပါကစ္စတန်နိုင်ငံကသားများက စီစဉ်ဆောင်ရွက်နေသည့် ကာတာအကူအညီပေးရေးအဖွဲ့၊ Muslim Aid and Muslim Hands စသည့် အဖွဲ့တို့ ပါဝင်ခဲ့သည်။

    မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအစီအစဉ်အတွက် ပြီးပြည့်စုံသည့် မဟာဗျူဟာတစ်ခု လာမည့်သတီတင်းပတ်အတွင်း ထွက်ပေါ်ရန်နှင့် အစီအစဉ် အကောင်အထည်ဖော်ရေးတို့အား စီမံခန့်ခွဲရန်အတွက် အဖွဲ့ဝင်လေးဦးပါဝင်သည့် စီမံခန့်ခွဲရေးကော်မတီကို အဆိုပါ ဖိုရမ်တွင် ဖွဲ့စည်းခဲ့သည်။

    အလ်-ခစ်သ်မသ်ဖောင်ဒေးရှင်းမှာ နိုင်ငံအတွင်း မိဘမဲ့ကေလေးများအား နေရာထိုင်ခင်ပေးရန် အစီအစဉ်ကို လုပ်ဆောင်နေသည့် အဖွဲ့လည်းဖြစ်သည်။

    မျှော်လင့်ခြင်းများစွာ

    ထိုသို့ စီစဉ်ထားသည့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအစီအစဉ်နှင့်ပတ်သက်၍ ရှကူးရ်က အကောင်းမြင်နေပြီး ပါကစ္စတန်လူ့အဖွဲ့အစည်းမှာ ထိုကဲ့သို့သောအစီအစဉ်များကို အမြဲတမ်း ရက်ရက်ရောရော အားပေးထောက်ပံ့ကြသည်ဟု ဆိုသည်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ စောင်မမှုနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ အန်ဂျီအိုအဖွဲ့အားလုံးဟာ လေးစားခံရတဲ့အဖွဲ့တွေဖြစ်ပြီး စိတ်နှစ်မြှုပ်မှု၊ ပေးဆပ်မှု သမိုင်းကြောင်းကောင်းတွေ ရှိခဲ့ပါတယ်။ အလ်-ခစ်သမသ် ဖောင်ဒေးရှင်း၊ အဒ်ဟီဖောင်ဒေးရှင်းနဲ့ အခြားအဖွဲ့အစည်းတွေဟာ
    ဒီလိုနယ်ပယ်မှာ ဆောင်ရွက်လာတာ ဆယ်စုနှစ်နဲ့ ချီနေပါပြီ။ ပါကစ္စတန် ပြည်သူတွေက သူတို့တွေကို ယုံကြည်ကြပါတယ်” ဟု ရှကူးရ်က ပြောကြားခဲ့ပြီး ယခုအစီအစဉ်အတွက် ရန်ပုံငွေမှာလည်း အဓိကပြဿနာမဟုတ်ဟု ဆိုသည်။

    ၎င်းတို့လုပ်ဆောင်မည့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး အစီအစဉ်တွင် ပညာရေး၊ နေရာထိုင်ခင်း၊ အစားသောက်၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ စသည့် မိဘမဲ့ကလေးများ လတ်တလောနှင့် အနာဂတ်အတွက်လိုအပ်သော ကဏ္ဍများ၌ ဖြည့်ဆည်းပေးခြင်းတို့ အပါအ၀င် မိဘမဲ့ကလေးများ အကျိုးရှိမည့် အခြားသောအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

    “ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အစိုးရနဲ့ နိုင်ငံရေးပါတီတွေမှာ (မိဘမဲ့ကလေးတွေကို ဂရုစိုက်တာထက်) ပိုပြီးအရေးကြီးတဲ့ကိစ္စတွေ ရှိနေပါတယ်။ ဒီမိဘမဲ့ကလေးကိစ္စအတွက် အစိုးရက တာဝန်အရှိဆုံးဆိုတာ ကျွန်တော် သဘောတူပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒါဟာ ကျွန်တော်တို့အတွက် ဆင်ခြေတော့ မဖြစ်ရပါဘူး။ တကယ်လို့
    သူတို့က ဒါတွေမလုပ်ဘူးဆိုရင် ကျွန်တော်တို့ လုပ်သွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့လေးတွေဟာ ကျွန်တော်တို့ရဲ့ ကလေးတွေ ဖြစ်နေလို့ပါပဲ” ဟု ရှကူးရ်က ထပ်လောင်းပြောကြားခဲ့သည်။

    တရားဝင် ကိန်းကဏန်းများ မရှိသော်လည်း အန်ဂျီအိုအဖွဲ့များ၏ စစ်တမ်းကောက်ယူမှုအရ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းတွင် မိဘမဲ့ကလေး အရေအတွက်မှာ ၄.၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော သဘာဝ ဘေးအန္တရာယ်များကြောင့် ထိုအရေအတွက်မှာ ပိုမိုများပြားမည်ဟု ယူဆရသည်။

    Ref: Onislam

  • စပိန်ဘုရင့်ဖလားပွဲ မက်ဆီ၏ဂိုးမှာ တစ်ခြားကမ္ဘာမှဖြစ်သည်ဟု နည်းပြဆို

    စပိန်ဘုရင့်ဖလားပွဲ မက်ဆီ၏ဂိုးမှာ တစ်ခြားကမ္ဘာမှဖြစ်သည်ဟု နည်းပြဆို

    မေ ၃၁၊ ၂၀၁၅
    M-Media

    messi

    – ဘီလ်ဘာအိုအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် မက်ဆီ၏ အံအားသင့်ဖွယ်ခြေစွမ်းကို ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ချီးကျူခဲ့ပြီး ၎င်း၏ ဂိုးမှာလည်း အခြားကမ္ဘာမှ လာသည့်ဂိုး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယနေ့နံနက်ပိုင်းက ကစားခဲ့သည့် အဆိုပါပွဲတွင် မက်ဆီမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး မိနစ် ၂၀ တွင် တစ်ကိုယ်တော်ထိုးဖောက်မှုဖြင့် ပထမဂိုးကို လှပစွာ သွင်းယူခဲ့ကာ ၇၄ မိနစ်တွင် တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့သည်။

    “ကျွန်တော်တို့ ဒီမက်ဆီနဲ့ အသားကျနေပါပြီ။ သူ့ကို နေ့စဉ် လေ့ကျင့်ခန်းမှာ မြင်နေရတာဟာ ကျွန်တော်တို့ ကံကောင်းပါတယ်။ သူ့ရဲ့ ပထမဂိုးကတော့ တစ်ခြားကမ္ဘာက လာတာပါပဲ။ အဲဒီဂိုးကို တီဗီမှာပြန်ကြည့်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ နည်းပြတစ်ယောက်ဖြစ်ရတာဟာ ဒီဂိုးကို သေသေချာချာကြည့်ဖို့ ခက်ခဲပါတယ်” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    လာလီဂါဖလားကို ဆွတ်ခူးရရှိထားသည့် ဘာစီလိုနာအတွက် စပိန်ဘုရင့်ဖလားမှာ ယခုနှစ်ရာသီ ဒုတိယမြောက်ဖလားဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် ဂျူဗင်တပ်စ်အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အနိုင်ရပါက ဘာကာ၏ ဖလားသုံးလုံးမျှော်လင့်ချက် အထမြောက်မည်ဖြစ်သည်။

    ထိုပွဲတွင် နေးမာက ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့ပြီး မက်ဆီ၊ နေးမာနှင့် ဆွာရက်ဇ်တို့၏ တိုက်စစ်အတွဲမှာ ရော်နယ်ဒို၊ ဘန်ဇီမာနှင့် ဟီဂူအင်တို့ တိုက်စစ်အတွဲ၏ ၂၀၁၁-၁၂ ဘောလုံးရာသီက တင်ထားသော တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်ခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

    Ref: Goal

  • ယခုနှစ်အတွင်း အမေရိကန်ရဲများ၏ ပစ်သတ်ခံရသူ လေးရာနီးပါးရှိ

    ယခုနှစ်အတွင်း အမေရိကန်ရဲများ၏ ပစ်သတ်ခံရသူ လေးရာနီးပါးရှိ

    မေ ၃၁၊ ၂၀၁၅
    M-Media

    us

    – ၀ါရှန်တန်ပို့စ်သတင်းစာမှ ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုများအရ ယခုနှစ် ပထမ ၅ လအတွင်း အမေရိကန်ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည့် ပြည်သူအရေအတွက်မှာ ၃၈၅ ဦးရှိပြီး ပျမ်းမျှ တစ်ရက်လျှင် ၂ ယောက်နှုန်းရှိသည်ဟု သိရသည်။

    အဆိုပါနှုန်းထားမှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဖက်ဒရယ်အစိုးရက စာရင်းသွင်းထားသည့် ပမာဏထက် ၂ ဆပိုများနေပြီး တာဝန်ရှိသူများကမူ ထိုစာရင်းမှာ ပြည့်စုံမှုမရှိဟု ၀န်ခံခဲ့သည်။

    “အဲဒီပစ်ခတ်မှုတွေကို အစီရင်ခံစာမတင်တာတွေ တော်တော်များများ ရှိပါတယ်။ တကယ်လို့ ဒီအချက်အလက်တွေကို တိတိကျကျ နောက်ကြောင်းလိုက်မှု မရှိဘူးဆိုရင် ကျွန်တော်တို့ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုအရေအတွက်ကို လျှော့ချနိုင်မှာ မဟုတ်ပါဘူး” ဟု ဥပဒေစိုးမိုးရေး တိုးတက်ရန်အတွက် လုပ်ဆောင်နေသည့် ၀ါရှင်တန်အခြေစိုက် အကျိုးအမြတ်မယူသည့် ရဲတပ်ဖွဲ့ ဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဂျင်မ် ဘွားမန်းက ပြောကြားခဲ့သည်။

    အဆိုပါ လေ့လာဆန်းစစ်မှုတွင် ၀ါရှင်တန်ပို့စ်မှာ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့၏ပစ်ခတ်မှု တစ်ခုစီတိုင်းကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တိုင်း၏ အချက်အလက်များလည်း ပါဝင်သည်။

    ထိုစာရင်းမှာ ရဲတပ်ဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသူများ၏ အရေအတွက်သာဖြစ်ပြီး ကျင်စက်အသုံးပြုမှုကြောင့် သေဆုံးသူများ၊ ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခံရစဉ် သေဆုံးသူများကဲ့သို့ အခြားသောနည်းလမ်းများဖြင့် အသတ်ခံရသူများ မပါဝင်ပေ။

    လေ့လာမှုအရ သေဆုံးသူများ၏ ထက်ဝက်ခန့်မှာ လူနည်းစုများ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့၏ပစ်သတ်မှုတွင် လက်နက်မဲ့များလည်း ပါဝင်ပြီး ၃ ပုံ ၂ ပုံမှာ အာဖရိကန်-အမေရိကန် သို့မဟုတ် စပိန်စကားပြောသူများ ဖြစ်သည်။

    သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ ဒေသများမှ လူဦးရေနှင့် ချိန်ဆသည့်အခါ အမေရိကန်ရဲတပ်ဖွဲ့ဝင်များမှာ လူမည်းများကို လူဖြူနှင့် အခြားသော လူနည်းစုများထက် ၃ ဆပို၍ ပစ်သတ်ခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

    သေဆုံးသူများမှ ၈၀ ရာခိုင်နှုန်းကျော်မှာ သေနတ်၊ ဓားမြှောင်၊ တောခုတ်ဓား စသည့် လက်နက်များကို ကိုင်ဆောင်သူများဖြစ်သည်။ ၄၉ ဦးမှာ မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိဘဲ ၁၃ ဦးမှာ သေနတ်အတု ကိုင်ဆောင်ထားသူများဖြစ်သည်။ ၁၆ ရာခိုင်နှုန်းကမူ အရုပ်ကိုင်ထားခြင်း သို့မဟုတ် မည်သည့် လက်နက်မှ ကိုင်ထားခြင်းမရှိဟု ၀ါရှန်ပို့စ်က ဖော်ပြခဲ့သည်။

    လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ယခင် တပ်ဖွဲ့ဝင်ဟောင်းများ၊ အခြားသော ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိသူများကမူ ယခုအချိန်မှာ အဆိုပါကိစ္စအတွက် ရဲတပ်ဖွဲ့မှ တာဝန်ယူရမည့်အချိန်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၀ါရှန်တန်ပို့စ်မှ လေ့လာတွေ့ရှိခဲ့သည့် အဆိုပါစာရင်းမှာ အားနည်းသည့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုများ၏ ရလဒ်သာဖြစ်သည်ဟု
    ပြောကြားခဲ့သည်။

    Ref: PressTV

  • အင်ဒိုနီးရှားဘောလုံး အသင်း နိုင်ငံတကာပွဲ ကစားခွင့် ဖီဖာပိတ်ပင်

    အင်ဒိုနီးရှားဘောလုံး အသင်း နိုင်ငံတကာပွဲ ကစားခွင့် ဖီဖာပိတ်ပင်

    မေ ၃၁၊ ၂၀၁၅
    M-Media

    fifa

    – ဘောလုံးအဖွဲ့ချုပ်အတွင်း အစိုးရက ပါဝင်ပတ်သက်မှုကြောင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် PSSI ကို ဖီဖာက ပိတ်ပင်လိုက်ပြီး ထို့ကြောင့် နိုင်ငံဘောလုံးအသင်းမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။

    အင်ုဒိုနီးရှား စူပါလိဂ် ISL တွင် မည်သည့်အသင်းများကို ကစားခွင့်ပေးမည်ဆိုသည်နှင့် ပတ်သက်၍ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့် လူငယ် ၀န်ကြီးဌာနတို့အကြား ပြဿနာများ ဖြစ်ပွားခဲ့ပြီး ဘောလုံးရာသီ တစ်ရာသီ ဖျက်သိမ်းခဲ့ရသည်အထိ ဦးတည်ခဲ့ပြီးနောက် ဖီဖာက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    ထိုပြဿနာကို ဖြေရှင်းရန်အတွက် နောက်ဆုံးရက်ကို မေလ ၂၉ ရက်နေ့ သတ်မှတ်ပေးခဲ့ပြီး ယခုအချိန်တွင် အင်ဒိုနီးရှား အသင်းအား နိုင်ငံတကာပြိုင်ပွဲများ တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းမှာ ကမ္ဘာ့ဖလားဝင်ခွင့်အဖြစ် လာမည့် နှစ်ပတ်ကျော်တွင် ထိုင်ဝမ်အသင်းနှင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ ခြေစစ်ပွဲမှာ အာရှဖလားအတွက် ခြေစစ်ပွဲလည်းဖြစ်ကာ ယခုဖြစ်ရပ်ကြောင့် ပါဝင်ကစားခွင့် ရတော့မည်မဟုတ်ချေ။

    ဖီဖာက ထိုကဲ့သို့ ပိတ်ပင်ခဲ့သော်လည်း စင်ကာပူတွင် ကျင်းပပြုလုပ်နေသည့် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှား အသင်းမှာ ဆက်လက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

    “အမှုဆောင်ကော်မတီက အင်ဒိုနီးရှားဘောလုံး အဖွဲ့ချုပ်ကို ချက်ချင်းသက်ရောက်စေတဲ့ ပိတ်ပင်မှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖီဖာရဲ့ သဘောထားတွေထဲက အပိုဒ် ၁၃ နဲ့ ၁၇ တို့နဲ့ ကိုက်ညီအောင် ဆောင်ရွက်နိုင်မှု မရှိမချင်း ဒီပိတ်ပင်မှုက ရှိသွားမှာပါ” ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုသို့ ပိတ်ပင်ခြင်းမှာ အင်ဒိုနီးရှားဘောလုံးအဖွဲ့ အတွင်း အာဏာပိုင်များ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ဖြစ်သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

    Ref: Goal

  • ပင်လယ်နက်တွင် အမေရိကန်နှင့် ရုရှားစစ်တပ်တို့ ထိပ်တိုက်တွေ့ခဲ့

    ပင်လယ်နက်တွင် အမေရိကန်နှင့် ရုရှားစစ်တပ်တို့ ထိပ်တိုက်တွေ့ခဲ့

    မေ ၃၁၊ ၂၀၁၅
    M-Media

    russia

    – ပင်လယ်နက်အတွင်းရှိ အမေရိကန်စစ်သင်္ဘော၏ ရန်လိုသောအပြုအမူကို တုန့်ပြန်ထားဆီးရန်အတွက် စစ်ဘက်ဆိုင်ရာလေယာဉ်ကို ရုရှားက စေလွှတ်ခဲ့သည်ဟု ရုရှားနိုင်ငံပိုင် သတင်းအေဂျင်စီ RIA က ဖော်ပြခဲ့သည်။

    ခရိုင်းမီးယားရှိ ရုရှားစစ်တပ်၏ လျှို့ဝှက်ရင်းမြစ်မှ ယနေ့တွင်ပြောကြားမှုကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက်ဆီးရေးသင်္ဘော USS Ross မှာ ရုရှား ရေပိုင်နက်အစွန်းတစ်လျှောက် လှုပ်ရှားနေခြင်းကြောင့် သွားရောက် ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “သင်္ဘောက သင်္ဘောသားတွေဟာ ဆွပေးတဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ပြီး ဒီလိုလုပ်ဆောင်မှုက စောင့်ကြည့်ရေးစခန်းတွေက အော်ပရေတာတွေနဲ့ ပင်လယ်နက်ရေတပ်က သင်္ဘောတွေကို စိုးရိမ်စရာ ဖြစ်လာစေပါတယ်။ Su-24 တိုက်ခိုက်ရေး လေယာဉ်ဟာ နယ်စပ်ချိုးဖောက်မှုကို ပြင်းပြင်းထန်ထန် တားဆီးဖို့နဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်
    အဆင်သင့်ဖြစ်နေတယ်ဆိုတာ အမေရိကန်သင်္ဘောသားတွေကို သွားပြခဲ့ပါတယ်” ဟု RIA သတင်းဌာနက ထည့်သွင်းဖော်ပြခဲ့သည်။

    ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ အီလင်း လိုင်နက်ဇ်ကမူ USS Ross မှာ နိုင်ငံတကာရေပိုင်နက်အတွင်း တစ်ချိန်လုံး ကောင်းမွန်စွာရှိနေပြီး နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့ကာ အဆိုပါသင်္ဘောအား လူသိရှင်ကြား ချထားခြင်းဖြစ်သည်ဟု ဆိုသည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုသတင်းအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။ ရုရှား၏ ပင်လယ်နက်ရေတပ် တည်ရှိသော ခရိုင်းမီးယား ကျွန်းဆွယ်ကို ပြီးခဲ့သည့်နှစ်က ရုရှားမှ သိမ်းပိုက်ထားခြင်းနှင့် ယူကရိန်းပြဿနာ ဆက်လက်ဖြစ်ပွားနေသည့် အချိန်တွင် ရုရှားနှင့် အနောက်နိုင်ငံများမှ စစ်တပ်တို့အကြား ထိပ်တိုက်တွေ့ဆုံမှုမှာ ယခုအကြိမ်သည့် နောက်ဆုံး အကြိမ်ဖြစ်သည်။

    ယခုလအစောပိုင်းကလည်း ဗြိတိန်နှင့် ဆွီဒင်တို့က ၎င်းတို့မှာ ၎င်းတို့၏ နယ်စပ်အနီးသို့ ရောက်လာသော ရုရှား ဗုံးကြဲလေယာဉ်များကို ကြားဖြတ်ဟန့်တားရန် တိုက်လေယာဉ်များ စေလွှတ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera