News @ M-Media

Blog

  • ဂိုးပြတ်နဲ့ FA ဖလားကို ၂ နှစ်ဆက်သိမ်းပိုက်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ အာဆင်နယ်

    ဂိုးပြတ်နဲ့ FA ဖလားကို ၂ နှစ်ဆက်သိမ်းပိုက်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ အာဆင်နယ်

    မေ ၃၁၊ ၂၀၁၅
    M-Media

    fa

    – ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ FA ဖလားဗိုလ်လုပွဲကို မနေ့က ၀င်ဘလေကွင်းမှာ အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ ကစားခဲ့ပြီး အာဆင်နယ်က ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။

    ဗိုလ်စွဲဖို့ အာဆင်နယ်က ရေးပန်းစားနေပေမယ့် အသင်းငယ်တွေက မထင်မှတ်တာတွေ လုပ်ပြလေ့ရှိတတ်တဲ့ FA ဖလားရဲ့ သမိုင်းကြောင်းကြောင့် အက်စတွန်ဗီလာကလည်း မျှော်လင့်ချက်တွေ မြင့်မားခဲ့ရပါတယ်။ ဒါပေမယ့် တစ်ကယ်ကစားခဲ့တဲ့အခါမှာတော့ အာဆင်နယ်ကို ဗီလာတို့ မယှဉ်နိုင်ခဲ့ပါဘူး။

    ပွဲအစကတည်းက စိုးမိုးထားတဲ့ အာဆင်နယ် မိနစ် ၄၀ မှာ အဖွင့်ဂိုးရခဲ့ပြီး မွန်ရီယဲလ်ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ဘောကို ဆန်းချက်ဇ် ခေါင်းတိုက်ချပေးရာကနေ ဝေါလ်ကော့က မြေမကျ လှလှပပ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

    နောက်ပိုင်းမှာလည်း အာဆင်နယ်သာ လုပ်တိုင်းဖြစ်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းစက် ဆန်းချက်ဇ်က မိနစ် ၅၀ မှာ တစ်ဂိုး၊ နောက်ခံလူ မာတီဆက်ကာက ၆၂ မိနစ်မှာ တစ်ဂိုး၊ လူစားဝင်လာတဲ့ ဂျရူးက နောက်ဆုံး မိနစ်မှာတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ အနိုင်ကို ပြတ်သားစေခဲ့ပါတယ်။ ဗီလာကတော့ တစ်ပွဲလုံးမှာ အပိုင်ဂိုးသွင်းခွင့် တစ်ကြိမ်တောင် မရခဲ့ပါဘူး။

    အခုတစ်ကြိမ် FA ဖလားဟာ အာဆင်နယ်သမိုင်းတစ်လျှောက် ၁၂ ကြိမ်မြောက် ဖလားဖြစ်ပြီး အင်္ဂလန်အသင်းတွေထဲမှာ FA ဖလားကို အများဆုံးရရှိတဲ့ စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။

    အာဆင်ဝင်းဂါးကတော့ ဒီဖိုင်နယ်က သူ့ရဲ့ အကောင်းဆုံးဖိုင်နယ်လားဆိုတာကို မပြောတတ်ဘူးလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    “ခြုံပြီးပြောရရင် ကျွန်တော်တို့ဟာ ဖိအားတွေကို ရင်ဆိုင်နိုင်တဲ့ တကယ့်အသင်းဖြစ်တယ်ဆိုတာကို ဒီနေ့မှာ သက်သေထပ်ပြနိုင်ခဲ့တာပါ။ ကျွန်တော်တို့ အရမ်းပျော်ရွှင်မိပါတယ်။ (ရာသီကို) ခက်ခက်ခဲခဲ စတင်ပြီးတဲ့နောက်ပိုင်းမှာ ကောင်းကောင်းမွန်မွန်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ဒီတစ်ပတ်ဟာ ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ (အသင်းလူစာရင်းအတွက်)
    တော်တော်လေးခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပါတယ်။ ယုံကြည်မှုကလည်း ကောင်းနေပြီး စိတ်ဓာတ်ကလည်း မြင့်နေပြီဆိုရင် ဒါဟာ အကူအညီဖြစ်တာပါပဲ။ ကျွန်တော့်အသင်းက ကောင်းကောင်းမွန်မွန်လုပ်ခဲ့တဲ့အတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်” လို့ ၀င်းဂါးက ပွဲအပြီးမှာ ပြောကြားခဲ့ပြီး အသင်းမှာလည်း ဆက်ရှိသွားမယ်လို့ ဆိုပါတယ်။

    ဗီလာနည်းပြ ရှားဝုဒ်က အသင်းဟာ အရှုံးနဲ့ထိုက်တန်ခဲ့ပြီး ဒီအတွက် စိတ်ပျက်ရတယ်လို့ ညည်းတွားခဲ့ပါတယ်။

    “ကျွန်တော် မကျေမချမ်းဖြစ်ရပြီး ကောင်းလေးတွေလည်း ဒီလိုပါပဲ။ ဒါပေမယ့် အခြားအသင်းက ဖလားကြီးပိုက်ပြီး ကွင်းပတ် အောင်ပွဲခံနေတာကို ကြည့်ရတဲ့အခါ အနိုင်ရရှိတဲ့ ခံစားမှုမျိုးကို ခံစားနိုင်ပါတယ်။ အခုအချိန်မှာ ကျွန်တော်ဟာ တော်တော်လေး စိတ်ပျက်နေပါတယ်။ သူတို့ အနိုင်နဲ့ ထိုက်တန်ပါတယ်။ ဒီအတွက်တော့ ငြင်းစရာမရှိပါဘူး။ သူတို့ လက်ဖျားခါလောက်စရာ ဖြစ်ခဲ့ပြီး
    ကမ္ဘာ့အဆင့်ကစားသမားတွေလည်း ရှိတဲ့အသင်းပါ။ ပြီးတော့ ဒီနေ့မှာ ကျွန်တော်တို့ဟာ သူတို့ရဲ့ ခြိမ်းခြောက်မှုကို မချိုးနိုင်ခဲ့သလို၊ ကျွန်တော်တို့ကလည်း သူတို့ကို မခြိမ်းခြောက်နိုင်ခဲ့ပါဘူး”

    Ref: Dailymail,Goal

  • ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် လုပ်ပွဲကစားရန်ကြံစည်မှုဖြင့် လူ ၄ ဦးကို စင်ကာပူ တရားစွဲ

    ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် လုပ်ပွဲကစားရန်ကြံစည်မှုဖြင့် လူ ၄ ဦးကို စင်ကာပူ တရားစွဲ

    မေ ၃၀၊ ၂၀၁၅
    M-Media

    malaysia 2
    ပုံ – ယနေ့ကစားခဲ့သည့် မလေးရှားနှင့် တီမောတို့၏ မြင်ကွင်း

    – ယနေ့တွင် စတင်ကျင်းပခဲ့သည့် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ၌ လုပ်ပွဲကစားရန် ကြံစည်မှုဖြင့် ယနေ့နံနက်ပိုင်းက လူ ၄ ဦးကို စင်ကာပူက တရားစွဲဆိုခဲ့ပြီး တရားစွဲဆိုခံရသူများတွင် စင်ကာပူနိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်ဟု သိရသည်။

    ဆီးဂိမ်းပြိုင်ပွဲ လုပ်ပွဲကစားရန် ကြံစည်နေသည်ဆိုသော သတင်းအရ ဖမ်းဆီးမှုများကို ကြာသာပတေးနေ့ ညနေပိုင်းမှ သောကြာနေ့မနက်ပိုင်းအထိ စင်ကာပူ အာဏာပိုင်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    တရားစွဲဆိုခံရသူများထဲမှ အသက် ၅၅ နှစ်အရွယ် စင်ကာပူနိုင်ငံသား ရာဂျန်ဒရန် အာရ် ကူရူဆာမီမှာ ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် မလေးရှားနှင့် အရှေ့တီမောပွဲတွင် အရှေ့တီမောက အရှုံးပေးလျှင် အရှေ့တီမောဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ အော်လန်ဒို ဟန်းရစ် မန်ဒက်စ်ကို စင်ကာပူဒေါ်လာ ၁၅၀၀၀ လာဘ်ငွေ ပေးသွားမည်ဟု
    သဘောတူညီခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။

    အော်လန်ဒိုမှာ ဆီးဂိမ်းပြိုင်ပွဲဝင် အရှေ့တီမောအသင်း၏ နည်းပြလည်း ဖြစ်သည်။ တရားရုံး၏ မှတ်တမ်းများအရ ရာဂျန်ဒရန်မှာ တီမောတာဝန်ရှိသူများနှင့် မေလ ၂၈ ရက်နေ့က Orchid Country Club တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။ အော်လန်ဒိုမှာလည်း လုပ်ပွဲအတွက် ငွေလက်ခံရန် သဘောတူညီမှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

    တရားစွဲဆိုခံခဲ့ရသည့် အခြား ၂ ဦးမှာ တီမောကစားသမား မွိုင်စက် နာတာလီနို ဒီဂျီးဆက်စ်နှင့် အင်ဒိုနီးရှား ကစားသမား နာစီရ်ရူဒင်တို့ ဖြစ်ကြသည်။

    လက်ထောက် ပြည်သူ့တရားသူကြီးကမူ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်အတွက် ၎င်းတို့ ၄ ဦးစလုံးအား ရမန်တစ်ပတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုဖမ်းဆီးမှုမှာ ချစားမှုစုံစမ်းစစ်ဆေးရေးဗျူရို CPIB မှ ပြုလုပ်သော စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ပွဲအတွက် စောင့်ကြည့်နေသူ အများအပြားရှိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အားလုံးကို
    ဖမ်းဆီးခြင်းမပြုခဲ့ဟု ဆိုသည်။

    ဆီးဂိမ်းပြိုင်ပွဲဝင် အရှေ့တီမောအသင်း၏ အဖွဲ့ဝင်များကလည်း CPIB ၏ စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်ဟု အတည်ပြုပြောကြားခဲ့သည်။ တရားစွဲဆိုခံရသူများကို ဇွန်လ ၅ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါ ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ တစ်သိန်း ပေးဆောင်ရမည်ဖြစ်သည်။

    ယနေ့ညနေက ကစားခဲ့သည့် မလေးရှားနှင့် အရှေ့တီမောတို့ပွဲတွင် ၁၀ ယောက်ကျန် မလေးရှားအသင်းက တီမောအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ခဲ့ရသည်။

    Ref: Channelnewsasia

  • နိုင်ငံတကာ သတင်းတို (မေ ၃၀၊ ၂၀၁၅)

    မေ ၃၀၊ ၂၀၁၅
    M-Media

    မြောက်ကိုရီးယား ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ကို ကုလ သတိပေး
    ……………………………..
    ပြီးခဲ့သည့်နှစ်က မိုးရွာနှုန်းမှာ နှစ် ၃၀ အတွင်း အနိမ့်ဆုံးသို့ရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်မိုးခေါင်နေသောကြောင့် မြောက်ကိုရီးယားနိုင်ငံအတွင်း အစားအသောက်များ ပြတ်လတ်ကာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးဆီသို့ ဦးတည်သွားနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးပြောကြားလိုက်သည်။ မြောက်ကိုရီးယား လယ်သမားများမှာ လောင်စာ၊ လက်ယာစိုက်ပျိုးရေးပစ္စည်းများ ပြတ်လတ်မှုနှင့်လည်း ကြုံနေရပြီး စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အဦးများမှာလည်း လုံလုံလောက်လောက်မရှိပေ။ ထို့ပြင် ၂၀၁၆ ခုနှစ်တွင် မိုးခေါင်မှုမှာ ပိုမိုဆိုးဝါးမည်ဟု ကုလက ပြောကြားခဲ့သည်။

    အမေရိကန်မှာ မိမိတို့သမိုင်းကို အလေးမထားဟု တရုတ်ပြော
    ……………………………..
    တောင်တရုတ်ပင်လယ် စိုးမိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်၏လုပ်ရပ်က ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည်ဟု အမေရိကန်၏ ပြောကြားမှုကို တရုတ်နိုင်ငံက ပြန်လည်တုန့်ပြန်လိုက်ပြီး အမေရိကန်မှာ တရုတ်နိုင်ငံ၏ သမိုင်း၊ ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အချက်အလက်များကို အလေးမထားဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ
    ချန်ယင်းက ပြောကြားခဲ့သည်။ ထို့ပြင် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ အချုပ်အခြာနှင့် အခွင့်အရေးများမှာ နှစ်ပေါင်းများစွာ အရင်ကတည်းက တည်ဆောက်ပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မန်ယူနောက်ခံလူဟောင်း ဖာဒီနန် အနားယူပြီ
    …………………………..
    တန်းဆင်းသွားခဲ့ရသည့် ကျူပီအာရ်အသင်းမှ လက်လွှတ်လိုက်သော မန်ယူ ဂန္တ၀င်နောက်လူဟောင်း ရီယိုဖာဒီနန်က ၎င်းအနေဖြင့် ကစားသမားဘ၀မှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် ဖာဒီနန်မှာ ကစားသမားသက်တမ်း ၁၉ နှစ်ရှိပြီဖြစ်ပြီး မန်ယူ အသင်းတွင် ၁၂ နှစ်ကြာ ကစားခဲ့ကာ ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သည်။

    Ref: News Agencies

  • အရီဇိုးနားတွင် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဒေသတွင်းလူ့အဖွဲ့အစည်းက တန်ပြန်ဆန္ဒပြကာ နာဇီများဟု သမုတ်ခဲ့

    အရီဇိုးနားတွင် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဒေသတွင်းလူ့အဖွဲ့အစည်းက တန်ပြန်ဆန္ဒပြကာ နာဇီများဟု သမုတ်ခဲ့

    မေ ၃၀၊ ၂၀၁၅
    M-Media

    ph 2

    – အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ဗလီဝတ်ကျောင်းတော်ရှေ့တွင် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြသူများမှာ လူမျိုးရေးခွဲခြားမှုနှင့် အမုန်းတရား ဖြန့်ဝေမှု ဆန့်ကျင်သူများ၏ တန်ပြန်ဆန္ဒပြခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

    အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အီရတ်စစ်ပြန် အမေရိကန် မရိန်းတပ်သားဟောင်းဖြစ်သော ဂျွန် ရစ်ဇိုင်းမားက ဆိုရှယ်မီဒီယာမှ လှုံ့ဆော်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာတွင် လူ ၇၀၀၀ ခန့်ကို ဖိတ်ခေါ်ခဲ့သော်လည်း ၂၀၀ကျော်သာ တက်ရောက်ခဲ့သည်။

    အစ္စလာမ့်ဆန့်ကျင်ရေးဆန္ဒပြသူများမှာ အစ္စလာမ်ကိုစော်ကားသည့် စာသားများကို ရေးသားထားသော တီရှပ်များကို ၀တ်ဆင်၍ အစ္စလာမ်ကို ရှုတ်ချသည့် ဆိုင်းဘုတ်များနှင့် တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ပုံများကို ကိုင်ဆောင်လာခဲ့ကြသည်။ ထို့ပြင် ၎င်းတို့မှ သေနတ်များကိုပင် ယူဆောင်ခဲ့ကြသည်။

    သို့သော်လည်း ၎င်းတို့ထက် အင်အားပိုမိုများပြားသော လူအုပ်ကြီးမှာ “အမုန်းကိုမလို မေတ္တာကိုသာလိုသည်” “ငြိမ်းချမ်းရေးကို ဖြန့်ဝေကြ” ဟူသော ကျွေးကျော်သံများကို ကျွေးကြော်ကာ ချီတက်လာခဲ့ကြပြီး ဖီးနစ် ဗလီဝတ်ကျောင်းတော်ရှေ့တွင် ၎င်းတို့နှစ်ဖွဲ့မှာ ထိပ်တိုက်တွေ့ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ဝင်များမှာ ဆန္ဒပြမှု မပြုလုပ်ခင်ကပင် ဗလီဝတ်ကျောင်းတော် အနီးတစ်ဝိုက်၌ လုံခြုံရေးယူထားခဲ့ပြီး နှစ်ဖွဲ့ဖြစ်လာသည့်အချိန်တွင် ပြဿနာမဖြစ်ပွားစေရန် ၎င်းတို့ အဖွဲ့နှစ်ခု၏ကြား တံတိုင်းအဖြစ် ကာပေးခဲ့သည်။

    အမုန်းတရားဆန့်ကျင်ရေးအဖွဲ့သားများမှာ ငြိမ်းချမ်းရေးဆိုင်းဘုတ်များ၊ မွတ်စလင်လူ့အဖွဲ့အစည်းအား နှစ်သိမ့်အားပေးသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာခဲ့ကြကာ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြသူများအား “နာဇီများ” ဟု ဟစ်အော် မောင်းထုတ်ခဲ့ကြသည်။

    ၎င်းတို့ ဆန္ဒပြခဲ့ရာ ဖီးနစ်ဗလီဝတ်ကျောင်းတော်မှာ ပြီးခဲ့သည့်နှစ်ကတည်းက အကြမ်းဖက်ဆန့်ကျင်ရေး၊ IS၊ အလ်ကိုင်းဒါးနှင့် ဘိုကိုဟရမ်ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများအား အစ္စလာမ်နှင့် မည်သို့မှ မသက်ဆိုင်သည့်အကြောင်းကို သောကြောဒေသနာများမှတစ်ဆင့် မွတ်စလင်များအား အသိပညာပေးမှုများ ပြုလုပ်နေသည့် ဗလီဝတ်ကျောင်းတော် ဖြစ်သည်။

    ထိုကဲ့သို့ ဆန့်ကျင်ဆန္ဒပြမှုများမှာ ဒေသစံတ်ေချိန် ည ၇ နာရီခန့်တွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး ၉ နာရီကျော်တွင် လူစုကွဲသွားခဲ့သည်။ ရစ်ဇိုင်းမားကမူ မိမိအနေဖြင့် ထိုကဲ့သို့သော် ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters, RT

  • အလ်ဂီရီကိုနိုင်ခဲ့သည့် အမီးရ်ခန်း မေ၀ယ်သာနှင့်ထိုးရန် မျက်စပစ်

    အလ်ဂီရီကိုနိုင်ခဲ့သည့် အမီးရ်ခန်း မေ၀ယ်သာနှင့်ထိုးရန် မျက်စပစ်

    မေ ၃၀၊ ၂၀၁၅
    M-Media

    amir

    – ယနေ့နံနက်က နယူးယောက်တွင် ထိုးသတ်ခဲ့သည့် ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းနှင့် အမေရိကန် နာမည်ကြီး လက်ဝှေ့သမား ခရစ် အလ်ဂီရီတို့၏ပွဲတွင် အမီးရ်ခန်းက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

    ပြီးခဲသည့် ၇ လ ပက်ကွီအိုနှင့်ပွဲတွင်တွင် ၆ ကြိမ်တိုင်တိုင် အလဲထိုးခြင်းခံခဲ့ရကာ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့သည့် အလ်ဂီရီမှာ ပထမ ၆ ချီခန့်တွင် ခန်းအား အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခန်း၏ လက်သီးချက်များကို အလူးအလဲ ခံခဲ့ရသည်။

    ၁၂ ချီပြီးနောက် မည်သူမှ အလဲမထိုးနိုင်ခဲ့သောကြောင့် အမှတ်ဖြင့် ဆုံးဖြတ်ခဲ့ရာ ဒိုင်လူကြီး ၃ ဦးစလုံးက အမီးရ်ခန်းအား အနိုင်ပေးခဲ့သည်။

    “ကျွန်တော်တို့တစ်သင်းလုံး ဖလွိုက်မေ၀ယ်သာနဲ့ ထိုးချင်နေပါတယ်။ ဒါပေမယ့် တစ်ခုခုအတွက် ခင်ဗျားဟာ အချိန်အတော်ကြာ မျှော်လင့်နေတဲ့အခါ အဲဒါက နှောင့်နှေးတတ်ပါတယ်” ဟု ခန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ယခုပွဲတွင် အမှားများ လုပ်ခဲ့မိသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ အလ်ဂီရီကမူ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိပြီး မိမိ၏ ထိုးချက်တော်တော်များများမှာ အမီးရ်ခန်း၏ ခန္ဓာယ်ကိုယ်ကို ထိခဲ့သည်ဟု ပြောကြားခဲ့သည်။

    အမီးရ်ခန်းမှာ မိမိအနေဖြင့် အလ်ဂီရီအား အနိုင်ရပါက မေ၀ယ်သာနှင့် ထိုးသတ်ရန် မျှော်လင့်မိသည်ဟု စောစောပိုင်းက ပြောကြားခဲ့ဖူးသည်။

    Ref: Dailymail