News @ M-Media

Blog

  • ရာထူးမှ မဆင်းပေးသေးဟု ဝန်းကြီးချုပ်တာဝန်ယူထားသည့် ထိုင်းစစ်ခေါင်းဆောင်ဟောင်းပြော

    ရာထူးမှ မဆင်းပေးသေးဟု ဝန်းကြီးချုပ်တာဝန်ယူထားသည့် ထိုင်းစစ်ခေါင်းဆောင်ဟောင်းပြော

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -မိမိအနေနဲ့ လက်ရှိအချိန် ရာထူးကနေ ဆင်းပေးမှာမဟုတ်သေးဘဲ အနည်းဆုံး အာရှပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း (အေပက်) ထိပ်သီးအစည်းအဝေးကျင်းပမယ့် ၂၀၂၂ ခုနှစ်အထိ ဆက်ရှိသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

    မနေ့က ကာကွယ်ရေးကောင်စီအစည်းအဝေးအပြီး သတင်းထောက်တွေကို ပရာယွတ်က ဖြေကြားခဲ့တာပါ။

    “တိုင်းပြည်ကို လည်ပတ်အောင်လုပ်ရမယ့် ကိစ္စပါ။ ဥပဒေအရ ကျွန်တော်တို့ ရာထူးမှာ ဆက်နေသွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ပြဿနာတွေအများကြီးဖြစ်နေတယ်။ အဲဒါတွေကို ဖြေရှင်းရအုံးမှာပါ”

    သူ့လက်ထက် တိုင်းပြည်မှာ တိုးတက်မှုတွေ ရရှိနေတယ်လို့လည်း ပရာယွတ်က ဆိုပါတယ်။

    လက်ရှိဝန်ကြီးချုပ်သက်တမ်းကုန်တဲ့ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ပရာယွတ်က ခေါင်းညိမ့်ပြခဲ့ပါတယ်။ အာဏာရ PPRP နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို၊ သူတို့ရဲ့ ညွန့်ပေါင်းအစိုးရ ချည့်နဲ့နေပြီဆိုတဲ့ အတိုက်အခံတွေရဲ့စကားကိုလည်း ပရာယွတ်က ပယ်ချခဲ့ပါတယ်။

    အေပက် ထိပ်သီးအစည်းအဝေးကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံ ဖူးကတ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

    ထိုင်းစစ်တပ်အကြီးအကဲဖြစ်တဲ့ ပရာယွတ်ချန်အိုချာဟာ ၂၀၁၄ ခုနှစ် နိုင်ငံရေးအကြပ်အတည်ဖြစ်တဲ့အချိန် အာဏာသိမ်းခဲ့​ပြီး ဆန့်ကျင်တဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဝန်ကြီးချုပ်အဖြစ် တိုင်းပြည်ကို အုပ်ချုပ်ကာ ၂၀၁၇ ခုနှစ်မှာတော့ သူအာဏာတည်မြဲရေး အာမခံချက်ရှိစေမယ့် အခြေခံဥပဒေတစ်ခုကို ပြဌာန်းခဲ့ပါတယ်။

    အဲဒီ အခြေခံဥပဒေအောက်က ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ ပရာယွတ်ဟာ ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံခဲ့ရပါတယ်။

    Ref: Bangkok Post

  • ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    ယူအေအီးက တူရကီတွင် ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -တူရကီမှာ ကန်ဒေါ်လာ ၁၀ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကြေငြာလိုက်ပါတယ်။

    စွမ်းအင်၊ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အပါအဝင် မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှာပါ။ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်နဲ့ တူရကီသမ္မတ အာဒိုဂန်တို့ မနေ့က အန်ကာရာမှာ တွေ့ဆုံဆွေးနွေးမှုအတွင်း ဒီသဘောတူညီချက်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

    ဒါဟာ ဒေသတွင်း ပြိုင်ဘက်နိုင်ငံနှစ်ခု ဆက်ဆံရေးမှာ စာမျက်နှာသစ် ဖွင့်လှစ်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။ ယူအေအီးအစိုးရက အခုလိုရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်တာဟာ တူရကီရဲ့ စီးပွားရေးကို အထောက်အပံ့ဖြစ်စေဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ်ဟာ တူရကီအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ တူရကီနိုင်ငံ အန်ကာရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

    ဒေသတွင်းပြဿနာတစ်ချို့မှာ သဘောထားမတိုက်ဆိုင်ဘဲ ထိပ်တိုက်တွေ့ဆုံတာတွေရှိပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်အောင် ယူအေအီးနဲ့ တူရကီတို့က ကြိုးစားလာကြပါတယ်။

    Ref : Alarabiya

  • ဘင်္ဂလားဒေ့ရှ်က ပြည်တွင်းဖြစ်ကိုဗစ်ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်မည်

    ဘင်္ဂလားဒေ့ရှ်က ပြည်တွင်းဖြစ်ကိုဗစ်ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်မည်

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ရဲ့ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို လူသားတွေမှာ စမ်းသပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

    ဒါကာအခြေစိုက် Globe Biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီဆေးကို Bangavax လို့ အမည်ပေးထားပြီး တစ်ကြိမ်သာထိုးရတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆေးဝါး သုတေသနကောင်စီက လူသားတွေမှာ စမ်းသပ်ဖို့အတွက် အင်္ဂါနေ့က ခွင့်ပြုချက် ထုတ်ပေးခဲ့ပါတယ်။

    Bangavax ကိုဗစ်ကာကွယ်ဆေးကို လက်ရှိ မျောက်တွေမှာ စမ်းသပ်ထားပြီး ကူးစက်မြန် Delta အပါအဝင် ကိုဗစ်မျိုးကွဲ ၁၁ ခုကို ရာနှုန်းပြည့်ကာကွယ်နိုင်တာ တွေ့ခဲ့ရပါတယ်။ Pfizer နဲ့ Moderna တို့က အသုံးပြုတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အေးခဲထားစရာမလိုဘဲ အပူချိန် ၄ ဒီဂရီမှာ ရက်ပေါင်း ၃၀ ထားလို့ရပါတယ်။

    ဒါ့ကြောင့် Pfizer နဲ့ Moderna ကာကွယ်ဆေးတွေမှာ ကြုံတွေ့ရတဲ့ သိုလှောင်ဖြန့်ဖြူးမှု ပြဿနာမျိုးကို လျော့ချနိုင်မှာပါ။

    Globe Biotech ကုမ္ပဏီရဲ့ အရည်အသွေးဆိုင်ရာ မန်နေဂျာ ဒေါက်တာ မိုဟာမက် မိုဟီယူဒင်းက သုတေသနကောင်စီက ခွင့်ပြုချက်ရပြီးတဲ့​နောက် ဆေးဝါးဦးစီးဌာနကို ခွင့်ပြုချက်ထပ်တင်ထားပြီး လူသားတွေမှာ စမ်းသပ်မှုကို လာမယ့်လဆန်းပိုင်းလောက် လုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    မြို့တော် ဒါကာ Bangabandhu Sheikh Mujib ဆေးတက္ကသိုလ်က စေတနာ့ဝန်ထမ်း ၆၅ ဦးကို စမ်းသပ်ထိုးနှံမှု လုပ်ဆောင်မှာပါ။ ဒါဟာ အဆင့် ၁ စမ်းသပ်မှုဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်။ အဲဒီနောက် အဆင့် ၂၊ အဆင့် ၃ စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

    အဆင့်တိုင်းက ရလဒ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထံ မျှဝေသွားမယ်လို့ Globe Biotech က ပြောပါတယ်။

    WHO ရဲ့ ဒေသဆိုင်ရာအကြံပေးဟောင်းဖြစ်တဲ့ ပရော်ဖက်ဆာ ဒေါက်တာ မူဇာဟီရူလ် ဟက်က WHO က ကာကွယ်ဆေးရဲ့ ရလဒ်တွေကို ကျေနပ်တယ်ဆိုရင် အရေးပေါ်အသုံးပြုခွင့် ရနိုင်မှာဖြစ်ပြီး အဲဒီနောက် ပြည်တွင်းမှာ အသုံးပြုဖို့၊ နောက်ပိုင်း ပြည်ပကိုတင်ပို့ဖို့ စီစဉ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Bangavax ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်စမ်းသပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့နှစ်ကတည်းက ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။

    Ref: Arab News

  • အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာအာဏာသိမ်းခေါင်းဆောင် တက်ခွင့်မရ

    အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာအာဏာသိမ်းခေါင်းဆောင် တက်ခွင့်မရ

    နိုဝင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -နို၀င်ဘာ ၂၅ ရက် (‌ယနေ့)မှာ ကျင်းပပြုလုပ်တဲ့ အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (Asem) ကို မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခွင့်မရပါဘူး။

    အာဆီယံရဲ့ မူအတိုင်း နိုင်ငံရေးနယ်ပယ်ကမဟုတ်သူတစ်ဦးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ခွင့်ပေးပေမယ့် စစ်ကောင်စီက စေလွှတ်ခြင်း မရှိပါဘူး။

    Asem အစည်းအဝေးကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ကျင်းခဲ့တာဖြစ်ပါတယ်။ ၂ နှစ်တစ်ကြိမ် ကျင်းပ​လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းကာ ဒီနှစ်မှ ကျင်းပနိုင်တာဖြစ်ပါတယ်။

    အွန်လိုင်းက ပြုလုပ်မှာဖြစ်ပြီး ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ဦးဆောင်မှာ ဖြစ်ပါတယ်။ အခုနှစ်အစည်းအဝေးမှာ ဥရောပနိုင်ငံ ၃၀ နဲ့ အာရှ ၂၁ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

    Asem အစည်းအဝေးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး၊ လူမှုယဉ်ကျေးမှုဆိုင်ရာ အချက် ၃ ချက်ကို အဓိကထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အာရှနဲ့ ဥရောပက ဒီနယ်ပယ်တွေမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို အခုအစည်းအဝေးမှာ သုံးသပ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

    အာဆီယံဟာ အောက်တိုဘာကလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးသလို၊ ပြီးခဲ့တဲ့တစ်ပတ်ကလုပ်တဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ခွင့်မပေးပါဘူး။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းရေး ဧပြီလက အာဆီယံခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ကို လိုက်နာဆေငာ်ရွက်ခြင်း မရှိတဲ့အတွက် ဖယ်ကျဉ်ရခြင်းဖြစ်တယ်လို့ အာဆီယံက ထုတ်ပြန်ထားပါတယ်။

    Ref: The Star

  • အိုင်းစတိုင်း၏ နာမည်ကျော်သီအိုရီ လက်ရေးမူ ဒေါ်လာ ၁၃ သန်းဖြင့် ရောင်းထွက်

    အိုင်းစတိုင်း၏ နာမည်ကျော်သီအိုရီ လက်ရေးမူ ဒေါ်လာ ၁၃ သန်းဖြင့် ရောင်းထွက်

    နိုဝင်ဘာ ၂၄၊ ၂၀၂၁
    M-Media

    -အိုင်းစတိုင်းရဲ့ နာမည်ကျော် ရလစ်တီဗတီသီအိုရီ (Theory of Relativity) ဖြစ်လာစေမယ့် တွက်ချက်မှု လက်ရေးမူကို မနေ့က ပြင်သစ်နိုင်ငံမှာ လေလံတင်ရာမှာ အမေရိကန်ဒေါ်လာ ၁၃.၁၇ သန်း ရရှိခဲ့ပါတယ်။

    စာရွက်အဝါပေါ်မှာ မှင်အနက်ရဲ့ တွက်ချက်ထားတဲ့ အဲဒီလက်ရေးမူဟာ စာမျက်နှာ ၅၄ မျက်နှာရှိပြီး ထက်ဝက်နီးပါးက အိုင်းစတိုင်းရဲ့ လက်ရေးပါ။ ကျန်တဲ့တစ်ဝက်က အိုင်းစတိုင်းရဲ့ သူငယ်ချင်းအရင်းဖြစ်ပြီး သိပ္ပံပညာရှင်လည်းဖြစ်တဲ့ ​မိုက်ကယ် ဘက်ဆိုက ရေးသားတွက်ချက်တာ ဖြစ်ပါတယ်။

    ရလစ်တီဗတီသီအိုရီဟာ အိုင်းစတိုင်းရဲ့ အကျော်ကြားဆုံး ဖော်ထုတ်မှုတွေထဲက တစ်ခုဖြစ်ပြီး နက္ခတ္တဗေဒနဲ့ နည်းပညာပိုင်းမှာ ဒီကနေ့ရရှိနေတဲ့ တိုးတက်မှုမျိုး ဖြစ်ပေါ်လာဖို့အတွက် အခြေခံအုတ်မြစ် ချပေးခဲ့တာဖြစ်ပါတယ်။

    ဒီသီအိုရီနဲ့ပတ်သက်လို့ အိုင်းစတိုင်းတွက်ချက်ခဲ့တဲ့ လက်ရေးမူ ၂ ခုသာရှိပြီး မနေ့က လေလံတင်တဲ့ စာအုပ်ဟာ အဲဒီအထဲက တစ်ခုဖြစ်ကာ ၁၉၁၃ ခုနှစ်နဲ့ ၁၉၁၄ ခုနှစ်ကြားမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

    သိပ္ပံပညာရှင် မိုက်ကယ်ဘက်ဆိုမိသားစုက ထိန်းသိမ်းထားတဲ့ ဒီလက်ရေးမူ တန်ဖိုးဟာ ကန်ဒေါ်လာ ၂.၂၅ သန်းကနေ ၃.၃၈ သန်းအထိ ရှိမယ်လို့ လေလံကုမ္ပဏီ Christie တွက်ချက်ခဲ့ပြီး လေလံတင်ရာမှာ ၁၃.၁၇ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်သူဝယ်သွားလဲဆိုတာကို Christie က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    Christie လေလံကုမ္ပဏီက ကျွမ်းကျင်သူ ဗင်းဆင့် ဘဲလွိုင်က ၁၉၁၉ ခုနှစ်မတိုင်ခင်မှာ ရေးသားခဲ့တဲ့ အိုင်းစတိုင်းရဲ့ လက်ရေးမူတွေဟာ အလွန်ရှားပါးတာကြောင့် ဒီလက်ရေးမူရဲ့ အရေးပါမှုဟာ ပိုမိုမြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အိုင်းစတိုင်းရဲ့ လက်ရေးမူတွေ သိပ်မကျန်တော့ပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်အထိ ကျန်ရစ်နေပြီး ကျွန်တော်တို့ သိမှီမြင်တွေ့ရတာကပဲ သိပ်ကို ထူးခြားနေပါပြီ”

    အိုင်းစတိုင်းရဲ့ နာမည်ကျော် သိပ္ပံညီမျှခြင်း E=mc² ပါဝင်တဲ့ လက်ရေးမူတစ်ခုကို အခုနှစ်မေလက အမေရိကန်မှာ လေလံတင်ရောင်းချခဲ့ပြီး ဒေါ်လာ ၁.၁ သန်းကျော် ရရှိခဲ့ပါတယ်။ ဒါဟာ မူရင်းတန်ဖိုးထက် ၃ ဆကျော် ရရှိတာလည်း ဖြစ်ပါတယ်။

    Ref: Aljazeera