News @ M-Media
Blog
  • အာဆင်နယ်မှာ လာမည့်နှစ်ချန်ပီယံဘွဲ့ စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ရမ်ဆေးပြော
    အာဆင်နယ်မှာ လာမည့်နှစ်ချန်ပီယံဘွဲ့ စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ရမ်ဆေးပြော
    မေ ၂၇၊ ၂၀၁၅
    M-Media
    ar
    – FA ဖလား ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်ခြင်းမှာ အာဆင်နယ်အသင်းအတွက် တိုးတက်မှုဖြစ်ပြီး မိမိတို့အသင်းအနေဖြင့် လာမည့်နှစ် ပရီးမီးယားလိဂ်ဖလားရရန် အဆင်သင့်ဖြစ်နေသည်ဟု ကွင်းလယ်လူ ရမ်ဆေးက ပြောကြားလိုက်သည်။
    ရမ်ဆေးမှာ ပြီးခဲ့သည့်နှစ်က FA ဖလား ဗိုလ်လုပွဲတွင် အသင်းအတွက် အချိန်ပိုအနိုင်ဂိုး သွင်းပေးခဲ့သူဖြစ်ပြီး အသင်း၏ ၉ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်စေခဲ့သည်။
    အာဆင်နယ်မှာ လာမည့် တနင်္ဂနွေနေ့တွင် အက်စတွန်ဗီလာနှင့် FA ဖလားကို ဗိုလ်လုရမည်ဖြစ်ပြီး ဗိုလ်စွဲပါက အသင်းမှာ မှန်ကန်သော လမ်းကြောင်းသို့ ဦးတည်နေသည်ကို ပြသခြင်းဖြစ်သည်ဟု ရမ်ဆေးက ယုံကြည်နေသည်။
    “ဒီနိုင်ပွဲဟာ တော်တော်လေး စကားပြောမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ တိုးတက်မှုကို ပြသပါလိမ့်မယ်။ ဘာတစ်ခုမှမရဘဲနဲ့ အချိန်တွေကို ဖြတ်သန်းရခြင်းဟာ အသင်းမှာရှိတဲ့လူတိုင်းအတွက် ဖိအားကို ခံစားရစေပါတယ်။ ပြီးတော့ ဒါကို ကျွန်တော်တို့ ချန်ထားခဲ့ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီး လာမယ့်ပွဲကတော့ ခက်ခဲတဲ့ပွဲ ဖြစ်မှာပါ” ဟု ရမ်ဆေးက ပြောကြားခဲ့သည်။
    ထို့ပြင် ယခုဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ပါက ထူခြားမည်ဖြစ်သော်လည်း လာမည့်နှစ်တွင် ချယ်ဆီးအား ဖြုတ်ချရန်သာ မျက်စပစ်နေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • အိန္ဒိယတွင် အပူလှိုင်းကြောင့် လူ တစ်ထောင်ကျော်သေဆုံး
    အိန္ဒိယတွင် အပူလှိုင်းကြောင့် လူ တစ်ထောင်ကျော်သေဆုံး
    မေ ၂၇၊ ၂၀၁၅
    M-Media
    india
    – ပြင်းထန်သော အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူမှာ ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၁၀၀ ကျော်သွားခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။
    “နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်နဲ့ တီလန်ဂါနာ ပြည်နယ်တွေမှာ အပူလွန်ကဲမှုကြောင့် သေတာတွေအပါအ၀င် သေဆုံးသူဟာ အခုအချိန်မှာ ၁၁၀၀ ကျော်သွားပါပြီ။ အခြား သေဆုံးသူ ၂၀ က နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် အပါအ၀င် အိန္ဒိယရဲ့ အခြားသောအစိတ်အပိုင်းတွေက ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    အဆိုပါ ပြည်နယ်များတွင် အပူလှိုင်းဒဏ်ကို အဆိုးဆုံးခံစားရသည့် ပြည်နယ်မှာ အန်ဒရာပရာဒက်ရှ် ပြည်နယ်ဖြစ်ပြီး ယခုအချိန်အထိ လူပေါင်း ၈၅၂ ဦး သေဆုံးခဲ့ကာ တီလန်ဂါနာပြည်နယ်တွင် သေဆုံးသူမှာ ၂၆၀ ကျော်သွားခဲ့ပြီး ဂူဂျာရတ်တွင် သေဆုံးသူ ၇ ဦးရှိခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
    နယူးဒေလီတွင် အပူချိန်မှာ ၄၅ ဒီဂရီဆဲလ်စီးယက်ပ်ရှိပြီး တောင်ပိုင်းပြည်နယ်များတွင် ၄၇ ဒီဂရီရှိနေသည်ဟု မိုးလေ၀သ၏ ထုတ်ပြန်မှုအရ သိရသည်။ အပူရှိလွန်ကဲမှုအခြေအနေ ဖြစ်ပေါ်နေသည့် နိုင်ငံအတွင်း ယခုတစ်ပတ်ကြာသာပတေးနေ့တွင် မိုးအနည်းငယ် ရွာမည်ဟု မိုးလေ၀သက ခန့်မှန်းထားသည်။ သို့သော်လည်း ယခုလကုန်နောက်ပိုင်းတွင်မှ အိန္ဒိယတွင်
    မိုးမှန်မည်ဖြစ်သည်။
    Ref: Xihnua
  • ဖီဖာ၏ အကြီးတန်း တာဝန်ရှိသူများ လာဘ်ပေး လာဘ်ယူ ပြဿနာဖြင့် အဖမ်းခံရ
    ဖီဖာ၏ အကြီးတန်း တာဝန်ရှိသူများ လာဘ်ပေး လာဘ်ယူ ပြဿနာဖြင့် အဖမ်းခံရ
    မေ ၂၇၊ ၂၀၁၅
    M-Media
    fifa
    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှ အဆင်မြင့်တာဝန်ရှိသူများကို ဆွစ်ဇာလန် အာဏာပိုင်များက လာဘ်စားမှုဖြင့် ယနေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
    လာဘ်ငွေအဖြစ် ဒေါ်လာသန်းနှင့်ချီ အပေးအယူရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမေရိကန် အာဏာပိုင်များ၏ မေတ္တာရပ်ခံမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆွစ်ဇာလန် ဖက်ဒရယ်တရားရေးရုံး FOJ မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
    ဖမ်းဆီးခံရသူများမှာ ၁၀ ဦးကျော်ရှိပြီး ၎င်းတို့မှာ ဖီဖာ၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ရန် ဇူးရစ်ခ်ျသို့ ရောက်ရှိနေစဉ်အတွင်း ယခုကဲ့သို့ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ဖမ်းဆီးခံရသူများတွင် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ ပါဝင်ခြင်း မရှိဟု ဖီဖာ၏ ပြောရေးဆိုခွင့်ရှိသူ ဝေါလ်တာ ဒီ ဂရီဂေါ်ရီက ပြောကြားခဲ့သည်။
    “နယူးအယောက်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီသံသယရှိသူတွေကို ၁၉၉၀ ပြည့်နှစ်အစောပိုင်းကနေ ဒီနေ့အချိန်အထိ လာဘ်ငွေတွေ၊ တရားမ၀င်ငွေကြေးတွေ လက်ခံမှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ အားကစားမီဒီယာ ကိုယ်စားလှယ်တွေ၊ အားကစားဆိုင်ရာ ပရိုမိုးရှင်းလုပ်တဲ့ လုပ်ငန်းတွေ စတဲ့ သံသယရှိသူတွေဟာ ဘောလုံးနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ဖီဖာက ကိုယ်စားလှယ်တွေနဲ့ ဖီဖာရဲ့ အဖွဲ့ခွဲတွေက အခြားသော အမှုထမ်းတွေကို စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ကျော်လောက်ပေးတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရပါတယ်” ဟု FOJ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    သို့သော်လည်း ဖမ်းဆီးထားသူများ၏ အမည်ကို ဖော်ပြခဲ့ခြင်း မရှိချေ။ ဖမ်းဆီးခံရသူများတွင် ကေးမန်ကျွန်းမှ ဖီဖာ၏ ဒုတိယဥက္ကဌ ဂျက်ဖရီ ၀ဘ်လည်း ပါဝင်သည်ဟု AP သတင်းဌာနက ဖီဖာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ ဖမ်းဆီးခံထားရသူများကို ဆွစ်ဇာလန် တာဝန်ရှိသူများက အမေရိကန်သို့ လွှဲပြောင်းပေးသွားမည်ဖြစ်သည်။
    Ref: Aljazeera
  • အမေရိကန်ရှိ မြို့ ၃ မြို့တွင် ၄ ရက်အတွင်း သေနတ်ပစ်မှု ၁၀၀ ကျော်ဖြစ်ပွား
    အမေရိကန်ရှိ မြို့ ၃ မြို့တွင် ၄ ရက်အတွင်း သေနတ်ပစ်မှု ၁၀၀ ကျော်ဖြစ်ပွား
    မေ ၂၇၊ ၂၀၁၅
    M-Media
    us
    – Memorial Day ပိတ်ရက်များအတွင်း အမေရိကန်နိုင်ငံမှ ရာဇ၀တ်မှု အများဆုံးဖြစ်ရာ မြို့ ၃ မြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။
    ချီကာဂို၊ ဘာလ်တီမိုးနှင့် နယူးယောက်မြို့များတွင် ဖြစ်ပြီး ချီကာဂိုတွင် သေနတ်ဖြင့်ဆက်နွယ်သည့် ရာဇ၀တ်မှုနှုန်းမှာ နှစ်စဉ် မြင့်တက်လျက် ရှိနေသည်။ သောကြာနေ့ နေ့လည်ပိုင်းမှ အင်္ဂါနေ့ မနက်အစောပိုင်းအထိ အနည်းဆုံး လူပေါင်း ၅၆ ဦး သေနတ်ဖြင့် အပစ်ခံရပြီး ၁၂ ဦးသေဆုံးခဲ့ကာ ပြီခဲ့သည့်နှစ်ကထက် ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။
    ဘာလ်တီမိုးတွင်မူ အဆိုပါ ၃ ရက်၌ လူသတ်သမား ၉ ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်ကတည်းက လစဉ် လူသတ်မှုနှုန်းမှာ အမြင့်ဆုံးသို့ ရောက်ခဲ့သည်။
    ယခုလ ၁ ရက်နေ့မှစ၍ ယမန်နေ့အထိ လူသတ်မှု ၃၅ မှုအတွက် ရဲတပ်ဖွဲ့တွင် တိုင်ကြားခြင်း ခံထားရပြီး လွန်ခဲ့သည့် ၁၅ နှစ်အတွင်း လတစ်လတွင် အမြင့်ဆုံးလည်း ဖြစ်ခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ယှဉ်လျှင် ၄၀ ရာခိုင်နှုန်း တက်လာခြင်းလည်းဖြစ်သည်။
    ဧပြီလ ၁၉ ရက်နေ့တွင် လူမည်တစ်ဦးဖြစ်သော အသက် ၂၅ နှစ်အရွယ် ဖရက်ဒီဂရေး သေဆုံးခဲ့ပြီးနောက်ပိုင်း ဘာလ်တီမိုးတွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဖြင့် တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
    နယူးယောက်တွင်မူ ယခုသီတင်းပတ် ပိတ်ရက်တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၁၆ ဦးရှိခဲ့သည်ဟု နယူးယောက်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့ပြင် ဓားဖြင့် ထိုးမှု တစ်မှုအပါအ၀င် လူသတ်မှုမှာ ၅ မှုရှိခဲ့သည်။
    ၂၀၁၅ ခုနှစ် ဇန်န၀ါရီမှစ၍ အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူများမှာ ၉၃၆၆ ဦး ရှိခဲ့သည်ဟု သေနတ်ဖြင့်တိုက်ခိုက်မှု မော်ကွန်းရုံး၏ မှတ်တမ်းများအရ သိရပြီး ပြီးသည့်နှစ်က ၇၁၄၅ ဦးရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်။ သေဆုံးသူများမှာမူ မနှစ်က ၄၁၂၃ ဦးသာရှိသော်လည်း ယခုနှစ်အတွင်း ၄၈၆၈ ဦး ရှိနေပြီဖြစ်သည်။
    Ref: PressTV
  • ချယ်ဆီးမှာ ပရီးမီးယားလိဂ်ကို ဆက်လက်လွှမ်းမိုးမည်ဟု ဖာဂူဆန်ပြော
    ချယ်ဆီးမှာ ပရီးမီးယားလိဂ်ကို ဆက်လက်လွှမ်းမိုးမည်ဟု ဖာဂူဆန်ပြော
    မေ ၂၇၊ ၂၀၁၅
    M-Media
    jose
    – ပရီးမီးယားလိဂ်တွင် စံချိန်တင်မှတ်တမ်းသစ်ဖြင့် ဗိုလ်စွဲခဲ့သည့် ချယ်ဆီးအသင်းမှာ အင်္ဂလိပ်ဘောလုံးလောကကို ဆက်လက် လွှမ်းမိုးထားမည်ဟု မန်ယူအသင်း၏ ဂန္တ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။
    ယခုနှစ်တွင် လိဂ်ဖလားကို ရရှိခဲ့သည့် ချယ်ဆီးမှာ ပထမနေရာကို ၂၇၄ ရက်ကြာ စံချိန်တင်ဆုပ်ကိုင်၍ ၅ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည်။ မော်ရင်ဟိုမှာလည်း ပရီးမီးယားလိဂ်၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။
    “သူက အောင်မြင်တဲ့လူတစ်ယောက်ပါ။ အနိုင်ရသူတစ်ယောက်ပါ။ သူဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်။ သူ့မှာ အကောင်းဆုံးလူစာရင်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂျွန်တယ်ရီကလည်း ပွဲတိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ချန်ပီယံဆိုတာ နိုင်ဖို့ အမြဲတမ်းရှိနေသူပါ။ ဂျိုဆေး(မော်ရင်ဟို) က သူ့ရဲ့အသင်းအကြောင်း ကောင်းကောင်းသိပါတယ်။ ချယ်ဆီးဟာ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ တော်တော်လေး အောင်မြင်တော့မှာပါ” ဟု အကောင်းဆုံးနည်းပြဆု ပေးပွဲကို တက်ရောက်လာခဲ့သည့် ဖာဂူဆန်က ပြောကြားခဲ့သည်။
    မော်ရင်ဟို ပထမအကြိမ် ချယ်ဆီးသို့ စရောက်စဉ်က ဖာဂူဆန်၏ ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပြီး ဖာဂူဆန်ကမူ မော်ရင်ဟိုတွင် ပြောင်းလဲမှုရှိပြီး ရှေရှည်ကိုကြည့်တတ်ကာ လာမည့်နှစ်အနည်းငယ်မှာ မိမိတို့ မန်ယူအသင်းအတွက် နာကျင်စရာနှစ်များ ဖြစ်လာမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal