News @ M-Media

Blog

  • မည်သူ့ကိုရောင်းကာ၊ မည်သူ့ကို ၀ယ်ရမည်ကို သိနေသည်ဟု ဗန်ဂါးလ်ပြော

    မည်သူ့ကိုရောင်းကာ၊ မည်သူ့ကို ၀ယ်ရမည်ကို သိနေသည်ဟု ဗန်ဂါးလ်ပြော

    မေ ၂၅၊ ၂၀၁၅
    M-Media

    1427922_heroa

    – ယခုနှစ်နွေရာသီတွင် မည်သူ့အားထုတ်ရောင်းကာ မည်သူ့အား ၀ယ်ယူရမည်ဆိုသည်ကို မိမိအနေဖြင့် သိရှိပြီးဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ဟားလ်စီးတီးနှင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့သည့် မန်ယူမှာ ရာသီကို အဆင့် ၄ နေရာဖြင့် သိမ်းနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်သာလန်တိုက်စစ်မှူး ဒီပေးကို ခေါ်ယူရန် ပီအက်စ်ဗီအသင်းနှင့် သဘောတူညီထားသည်။

    ထို့ပြင် လာမည့်ရာသီ ချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်ရေးအတွက် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင်လည်း ထပ်မံ လှုပ်ရှားသွားရန် အစီအစဉ်ရှိနေသည်။ ဗန်ဂါးလ်မူ မိမိမှာ လာမည့်ရာသီ ရွေးချယ်မှုအတွက်နှင့် အသင်းမှ ကစားသမားများကို လက်လွှတ်ရန်အတွက် စီစဉ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်စကားပြောဖို့လိုတဲ့ ကစားသမားတိုင်းကို ကျွန်တော် ဖုန်းခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကာလကတော့ ဖြစ်စဉ်တစ်ခုပါ။ ဘယ်ကစားသမားက သွားရမယ်၊ ဘယ်ကစားသမားက လာရမယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ဗန်ဂါးလ်က
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် မိုနာကိုမှ အငှားဖြင့်လာရောက်ကစားနေသည့် တိုက်စစ်မှူး ဖယ်လ်ကာအိုမှာ အသင်းတွင် ဆက်ရှိတော့မည်မဟုတ်ဟု မန်ယူက အတည်ပြုထားသည်။ ထို့ပြင် ဗန်ဂါးလ်က အသင်းအား ပြောင်းလဲမှုများ ပြုလုပ်ရန် ဆန္ဒရှိနေသောကြောင့် ဗန်ပါစီ၊ ဖယ်လိုင်နီတို့အပါအ၀င် အဓိက ကစားသမားများ မန်ယူမှ ထွက်ခွာရန်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    Ref: Goal

  • အသက် ၁၁ နှစ်နဲ့ ဘွဲ့ရတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ပါရမီရှင်လေး

    အသက် ၁၁ နှစ်နဲ့ ဘွဲ့ရတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ပါရမီရှင်လေး

    မေ ၂၅ ၊ ၂၀၁၅
    M-Media
    11-year-old Indian-American genius graduates from college
    ကယ်လီဖိုးနီးယားပြည်နယ်၊ စက်ခရာမန်တို ဇာတိနေ၊ အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား အသက် ၁၁ နှစ်အရွယ် တန်နစ်ရှ် အီဗရာဟီမ်သည် အိမ်တွင်း လေ့လာသင်ကြားမှုအားဖြင့် ပညာသင်ကြား လာရသူဖြစ်သည်။ ယခုအခါ စက်ခရာမန်တိုရှိ American River College (ARC) ကောလိပ်မှ သင်္ချာ၊ သိပ္ပံနှင့် နိုင်ငံခြား ဘာသာရပ် ဘွဲ့သုံးရပ်ကို အခြား ကျောင်းသား ၁၈၀၀ အကြား ထူးထူးခြားခြား တစ်ချိန်တည်း ဆွတ်ခူးရယူနိုင်ခဲ့သည်။

    အီဗရာဟင်မ်သည် ယခုနှစ် ARC ကောလိပ်၏ အသက်အငယ်ဆုံး ဘွဲရကျောင်းသားဖြစ်ပြီး ယမန်နှစ်ကလည်း အသက်အငယ်ဆုံးဖြင့် အထက်တန်းကျောင်းအောင်မြင်သူ အဖြစ် စာရင်းဝင်ခဲ့သည်။ ထိုအချက်ကို ကောလိပ်၏ပြောရေးဆိုခွင့်ရှိသူ စကော့ ခရိုးက NBC သတင်းဋ္ဌာနသို့ အတည်ပြု ပြောကြားသည်။

    သူသည် အသက် ၇ နှစ်အရွယ်ကပင် အိမ်တွင်း ပညာသင်ကြားရေး စနစ်ဖြင့် တက်လှမ်းသူဖြစ်ပြီး ယမန်နှစ် မတ်လ၌ ပြည်နယ် စာမေးပွဲအောင်မြင်ကာ တက္ကသိုလ် ပညာရေးအဆင့်တက်လှမ်းရန် အသိအမှတ်ပြုခံရသည်။ သမ္မတ ဘားရက် အိုဘားမားကပင် ဂုဏ်ပြုလွှာပို့ပေးသည်အထိ အရေးစိုက်ခံရသည်။

    အသက် ၄ နှစ်အရွယ်ကတည်းက ထင်ရှားထူးခြား ဥာဏ်ရည်မြင့်အဖွဲ့ MENSA၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ သူသည် အတန်းတိုင်း၏ရှေ့ဆုံးတွင် အစဉ်အမြဲ ဦးဆောင်နေခဲ့ကြောင်း မိခင်ဖြစ်သူ တာဂျီ အီဗရာဟီမ်က ဆိုသည်။ “ကောလိပ်ကနေ ဘွဲ့ရလာခြင်းမှတ်တိုင်က ကျွန်တော့်အဖို့ ထူးခြားဆန်းကြယ်လွန်းတာတော့ မဟုတ်ပါဘူး” ဟု သူက ဒေသန္တရ ရုပ်မြင်ဋ္ဌာနသို့ ပြောကြားသည်။

    အတန်းထဲ၌ ချာတိတ် တစ်ဦးရောက်နေခြင်းအဖြစ်ကို ကောလိပ်ကျောင်းသား အချို့မှ စိတ်ပျက်ကြသော်လည်း အများစုကမူ ပျော်ရွှင်လက်ခံကြသည်ဟု အီဗရာဟီမ်က ပြောပြသည်။

    ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သူအကြိုက်ဆုံး “Toy Story” ဇာတ်ကား၏စာသား “2 Infinity and Beyond” စာတန်းပါအင်္ကျီကို ၀တ်ဆင်ခဲ့သည်။

    “ကျွန်တော် ဆရာဝန်တစ်ဦး ဖြစ်ချင်ပါတယ်။ ဆေးပညာ သုတေသီတစ်ဦးလည်း ဖြစ်ချင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန် သမ္မတလည်း ဖြစ်ချင်ပါတယ်။ သင်ယူလေ့လာတာကို ကျွန်တော် နှစ်သက်တာကြောင့် လေ့လာလိုမှုဝသီနောက် တစိုက်မတ်မတ်လိုက်ရာကနေ ခုလို ဒီနေရာမှာ ရပ်နိုင်ခြင်းပဲဖြစ်ပါတယ်” ဟု ပါရမီရှင် ချာတိတ်လေးက Fox သတင်းဋ္ဌာနသို့ ပြောကြား သွားသည်။

    Ref : Hindustan Times

  • နိုင်ငံမှထွက်ပြေးသူများမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများဟု ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ပြော

    နိုင်ငံမှထွက်ပြေးသူများမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများဟု ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ပြော

    မ ၂၅၊ ၂၀၁၅
    M-Media

    aa

    – နိုင်ငံရပ်ခြားတွင် အလုပ်ရှာရန် ထွက်သွားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများဖြစ်သည်ဟု ၀န်ကြီးချုပ် ရှိခ်ဟာဆီနာက ဝေဖန်လိုက်ပြီး ၎င်းတို့က တိုင်းပြည်၏ ပုံရိပ်ကို ပျက်ဆီးစေသည်ဟု ပြောကြားလိုက်သည်။

    ဟာဆီနာ၏ ယမန်နေ့က ပြောကြားမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် သတင်းစာ Bangladesh Sangbad Sangstha က ဖော်ပြခဲ့ခြင်းဖြစ်ပြီး နိုင်ငံမှ ပြောင်းရွှေ့ထွက်ခွာကာ ပင်လယ်ထဲ၌ ဆိုးရွားသောအခြေအနေကို ရင်ဆိုင်နေရသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် နိုင်ငံအတွင်းမှာပင် အခွင့်အလမ်း ပိုလျှံနေသည်ဟု ဆိုသည်။

    “ဒီလိုအန္တရာယ်ရှိတဲ့နည်းလမ်းနဲ့ တိုင်းပြည်ကနေ ထွက်သွားနေပမယ့် သူတို့အတွက် အလုပ် လုံလုံလောက်လောက်ရှိပါတယ်” ဟု ဟာဆီနာကဆိုပြီး အလုပ်အကိုင်ရှာဖွေရန် တိုင်းပြည်မှ ထွက်ပြေးသည့်အတွက်ကြောင့် ၎င်းတို့မှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသို့ ပြောကြားမှုမှာ အရှေ့တောင်အာရှတွင် ဖြစ်ပွားနေသာ လှေစီးဒုက္ခသည် အကျပ်အတည်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ပထမဆုံး မှတ်ချက်ဖြစ်ပြီး ဟာဆီနာက ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်တွင် ပိုကောင်းသောဘ၀ကို ရနိုင်သည်ဟု ဆိုသည်။

    ထို့ပြင် အဆိုပါ ရွှေပြောင်းသူများက နိုင်ငံတကာတွင် တိုင်းပြည်၏ပုံရိပ်ကို စွန်းထင်းစေပြီး ထိုကဲ့သို့ တိုင်းပြည်မှ စွန်ခွာနေမှုကို ရပ်တန့်ရန်နှင့် လူကုန်ကူးသူများကို အရေးယူမှုများပြုလုပ်ရန် တာဝန်ရှိသူများကို ဟာဆီနာက တိုက်တွန်းခဲ့သည်။

    “ပွဲစားတွေနဲ့အတူ တိုင်းပြည်ကနေ တရားမ၀င်ထွက်ခွာသွားတဲ့သူတွေကို အပြစ်ပေးရပါလိမ့်မယ်” ဟု သူမက အလုပ်သမားနှင့် အလုပ်အကိုင်ခန့်ထားရေး တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှဒေသမှာ ယခုလ အစောပိုင်းမှစတင်ကာ ပင်လယ်ထဲတွင် စက်လှေများဖြင့် မျောနေသည့် ထောင်နှင့်ချီသော လှေစီးဒုက္ခသည် ပြဿနာဖြင့် ရင်ဆိုင်နေရပြီး မလေးရှား အင်ဒိုနီးရှားနှင့် ထိုင်းတို့တွင် ကယ်တင်ထားရသူများမှာ ထောင်နှင့်ချီ၍ရှိနေသည်။ အဆိုပါ လှေစီးဒုက္ခသည်များမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဖြစ်ကြသည်ဟု ၎င်းတိုအား ကယ်တင်ထားသည့် နိုင်ငံများက ဆိုသည်။

    အင်ဒိုနီးရှားနိုင်ငံကမူ ၎င်းတို့ကယ်ဆယ်ထားသူများတွင် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံတွင် ငြှင်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများဖြစ်ပြီး ကျန်လူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ရိုဟင်ဂျာများအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် စာရင်းသွင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုမူ ပြန်ပို့မည်ဟု ပြီးခဲ့သည့် သီးတင်းပတ်တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လီဗာပူးလ်အရှက်ကွဲ၊ ချယ်ဆီးရာသီသိမ်းလှခဲ့ပြီး၊ နယူးကာဆယ်တို့ တင်ကျန်ခဲ့တဲ့ ပရီးမီးယားလိဂ်  ရာသီနောက်ဆုံးပွဲ

    လီဗာပူးလ်အရှက်ကွဲ၊ ချယ်ဆီးရာသီသိမ်းလှခဲ့ပြီး၊ နယူးကာဆယ်တို့ တင်ကျန်ခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီနောက်ဆုံးပွဲ

    မေ ၂၅၊ ၂၀၁၅
    M-Media

    epl 1

    – ဒီနှစ်ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ် ၁၀ ပွဲစလုံးကို မနေ့က တစ်ပြိုင်တည်းကစားခဲ့ပြီး ချယ်ဆီး၊ အာဆင်နယ်တို့ အနိုင်နဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ မန်ယူက သရေကျခဲ့ကာ လီဗာပူးလ်ကတော့ အရှက်တကွဲ အကျိုးနည်းခဲ့ရပါတယ်။ ကျန်ရှိနေတဲ့ တန်းဆင်းတစ်နေရာကတော့ ဟားလ်စီးတီးအတွက် ဖြစ်ခဲ့ပါတယ်။

    ပွဲစဉ် ၃၅ ထဲက ချန်ပီယံဖြစ်သွားတဲ့ ချယ်ဆီးတို့ ဒီနေ့ပွဲမှာတော့ လူစားဝင်လာတဲ့ ပြင်သစ်တိုက်စစ်မှူး လိုအစ်ရီမီရဲ့ ဂိုး ၂ ဂိုးနဲ့ ရာသီသိမ်း လှခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ကြားပွဲမှာ အာဆင်နယ်ကို သရေကျပြီး တန်းဆင်းဇုန်ကလွတ်သွားတဲ့ ဆန်းဒါးလန်းတို့ အမှတ်မလိုပေမယ့် ကစားအားတော့ မကျခဲ့ဘဲ ဖလက်ချာရဲ့ ၂၆ မိနစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၃၇ မိနစ်မှာ ဒီယေဂိုကော်စတာ ပင်နယ်တီကတစ်ဆင့် ချေပဂိုးသွင်းခဲ့ပြီး ရီမီက ၇၀ နဲ့ ၈၈ မိနစ်တွေမှာ အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြစ်ပြီး ချယ်ဆီးတို့ ရာသီ သိမ်းနိုင်ခဲ့ပါတယ်။ ဒရော့ဘာက သူဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာတော့မယ်လို့ ဒီပွဲမတိုင်ခင် ပြောကြားခဲ့ပါတယ်။

    ဂန္တ၀င်ကစားသမား ဂျရတ်ရဲ့နောက်ဆုံးပွဲမှာ လီဗာပူးလ်တို့ အရှက်တကွဲဖြစ်ခဲ့ရပြီး စတုတ်စီးတီးကို အဝေးကွင်းမှာ ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ပထမပိုင်းမှာပဲ ၅ ဂိုးပြတ်နေခဲ့ပြီး ဂျရတ်က သူ့ရဲ့ အသင်းအတွက် နောက်ဆုံးဂိုးအဖြစ် မိနစ် ၇၀ မှာ သိက္ခာဆယ်တစ်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ရော်ဂျာကတော့ ဒီရလဒ်အတွက် ပွဲအပြီးမှာ ပရိတ်သတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

    ရာသီအစပိုင်းတုန်းက အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး နည်းပြ အလန်ပါဂျူး ထွက်သွားပြီးတဲ့နောက်ပိုင်း ထိုးဆင်းသွားခဲ့တဲ့ နယူးကာဆယ်တို့ နောက်ဆုံးပွဲမှာ ၀က်စ်ဟမ်းကို အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရမှ ပရီးမီးယားလိဂ်မှာ ဆက်နေခွင့်သေချာမယ့် နယူးကာဆယ်အတွက် မူဆာ စစ်ဆိုကိုနဲ့ ဂျိုးနက်စ် ဂူတီယာရက်စ်တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    ဟားလ်စီးတီးကတော့ မန်ယူနဲ့ သရေကျခဲ့ပြီး နယူးကာဆယ်နိုင်သွားတာကြောင့် ပရီးမီးယားလိဂ်ကို လက်ပြတ်နှုတ်ဆက်သွားခဲ့ရပါပြီ။ စပါးကလည်း အဲဗာတန်ကို အနိုင်ကစားပြီး ယူရိုပါဝင်ခွင့်တစ်နေရာ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အာဆင်နယ် ၄-၁ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၀-၁ ဘန်လေ
    ချယ်ဆီး ၃-၁ ဆန်းဒါးလန်း
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ဆွမ်ဆီး
    အဲဗာတန် ၀-၁ စပါး
    ဟားလ်စီးတီး ၀-၀ မန်ယူ
    လက်စတာ ၅-၁ ကျူပီအာရ်
    မန်စီးတီး ၂-၀ ဆောက်သက်တမ်
    နယူးကာဆယ် ၂-၀ ၀က်စ်ဟမ်း
    စတုတ် ၆-၁ လီဗာပူးလ်

  • နိုင်ငံစီးပွားရေးကျသော်လည်း ရုရှားဟာလာလ်လုပ်ငန်းများကို မထိခိုက်

    နိုင်ငံစီးပွားရေးကျသော်လည်း ရုရှားဟာလာလ်လုပ်ငန်းများကို မထိခိုက်

    မေ ၂၅၊ ၂၀၁၅
    M-Media

    russia

    – အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရုရှား၏စီးပွားရေးလားရာမှာ အကျဘက် ရောက်သွားခဲ့သော်လည်း နိုင်ငံအတွင်းရှိ ဟာလာလ် စီးပွားရေးလုပ်ငန်းများမှာ ထိခိုက်မရှိဟု သိရသည်။

    “စီးပွားရေးအကျပ်အတည်း ရှိနေပေမယ့် ဟာလာလ်ထွက်ကုန်တွေရောင်းချတဲ့လုပ်ငန်း တစ်ခုတောင်မှ မပိတ်ရပါဘူး” ဟု ၆ ကြိမ်မြောက် မော်စကို နိုင်ငံတကာ ဟာလာလ်ကုန်ပစ္စည်းပြပွဲမှ ဒါရိုက်တာဖြစ်သူ မဒီနာ ကာလီမူလီနာက ပြောကြားခဲ့သည်။

    ရုရှား မွဖ်သီကောင်စီမှ ဒုတိယဥက္ကဌဖြစ်သူ ရူရှန် အက်ဘာဆော့ဗ်ကလည်း ရုရှားတွင် ဟာလာလ် ထွက်ကုန်များနှင့် ၀န်ဆောင်မှုလုပ်ငန်းများအတွက် ဈေးကွက်မှာ တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာသည်ဟု ပြောကြားခဲ့ကာ အစားအသောက်ကုမ္ပဏီ အများအပြားမှာလည်း ဟာလာလ် အသိအမှတ်ပြု လက်မှတ်များကို ရယူကြသည်ဟု ဆိုသည်။

    “ရုရှားမှာ စီးပွားရေးအကျပ်ရိုက်မှု ရှိနေပေမယ့် ဒီပြပွဲအပေါ် စိတ်ဝင်စားမှုဟာ ဒီနှစ်မှာ လျော့မသွားပါဘူး” ဟု မွဖ်သီက ပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံတကာ ဟာလာလ်ကုန်ပစ္စည်း ပြပွဲကြီးကို ပြီးခဲ့သည့် ကြာသာပတေးနေ့မှ စတင်ကာ ရုရှားတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဟာလာလ် အစားအသောက်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းများစွာ ၀င်ရောက်ပြသခဲ့ကြသည်။

    ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်သူ ဒီလာလာ ဆာဒရီဗာကမူ အဆိုပါပြပွဲမှာ အစ္စလာမ်နှင့် အစ္စလာမ့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။

    “အစ္စလာမ့်ရဲ့ ၀တ်စားဆင်ယင်မှုပုံစံဟာ ပျင်းစရာကောင်းပြီး၊ စိတ်ဝင်စားစရာမရှိဘူးလို့ ထင်မြင်ယူဆနေတာကို ကျွန်မတို့ ပြောင်းလဲချင်ပါတယ်” ဟု သူမက ဆိုပြီး မွတ်စလင်အမျိုးသမီးများအနေဖြင့် အလှတရားနှင့် ဂုဏ်သိက္ခာကို ကမ္ဘာကြီးဆီသို့
    ယူဆောင်လာခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၀ ခုနှစ်ကလည်း ရုရှားမွဖ်သီကောင်စီ RMC မှ ဟာလာလ်ပြပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး တိုးတက်လာသော ဟာလာလ်ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံသူများ ၀င်ရောက်လာရေး ဆွဲဆောင်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

    ချေခြင်းညာ အစိုးရ ခရီးသွားလုပ်ငန်းက်ာမတီ၏ ဒုတိယ ဥက္ကဌဖြစ်သော ယူဆက်ပ် မာဂိုမာအီဗ်ကလည်း အဆိုပါပြပွဲက စီးပွားရေးလက်တွဲဖော်များ ရှာဖွေရန် အခွင့်အရေး ဖြစ်ခဲ့သည်ဟု ဆိုသည်။

    ၃ရက်တာ ကြာမြင့်ခဲ့သည့် ထိုပြပွဲတွင် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း၊ အ၀တ်အစားလုပ်ငန်း၊ ဖက်ရှင်၊ ယဉ်ကျေးမှု၊ ဆေးဝါးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း၊ ဟာလာလ်အစားအသောက်နှင့် ၀န်ဆောင်မှုလုပ်ငန်းများ စသဖြင့် တူရကီ၊ အီရန်၊ ဗြိတိန်၊ ပါကစ္စတန်၊ ဆော်ဒီ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ ကုမ္ပဏီပေါင်း ၂၀၀ ကျော်တို့က ပါဝင်ပြသခဲ့ကြသည်။

    ပြသသည့် အစီအစဉ်များတွင် အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ ပြသခြင်းလည်း ပါဝင်ခဲ့ကာ တက်ရောက်လာသူများနေဖြင့် မွတ်စလင်ဖက်ရှင်များနှင့် အစားအသောက်များ၊ ထိုနည်းတူစွာ အစ္စလာမ့်အနုပညာလက်ရာများကို မြည်းစမ်းခံစားခွင့်ရခဲ့ကာ ရိုးရာတေးသံသာများကိုလည်း နားဆင်ခွင့်ရခဲ့သည်။

    ရုရှားနိုင်ငံတွင် အစ္စလာမ်မှာ ခရစ်ယာန်ပြီးနောက် ဒုတိယအကြီးဆုံး အယူဝါဒဖြစ်ပြီး နိုင်ငံလူဦးရေ ၁၄၅ သန်းမှ ၁၅ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    Ref: Onislam