News @ M-Media

Blog

  • ဗလီဝတ်ကျောင်းတော်ဆိုင်ရာ ဖိုရမ်တစ်ခုကို ဆော်ဒီအာရေဗျတွင် ကျင်းပမည်

    ဗလီဝတ်ကျောင်းတော်ဆိုင်ရာ ဖိုရမ်တစ်ခုကို ဆော်ဒီအာရေဗျတွင် ကျင်းပမည်

    နိုဝင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -အစ္စလာမ်သာသနာ သမိုင်းတစ်လျှောက် ဗလီဝတ်ကျောင်းတော်တွေ ဖြစ်ပေါ် တိုးတက်လာပုံနဲ့ပတ်သက်တဲ့ နိုင်ငံတကာ ဖိုရမ်တစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံမှာ အခုတစ်ပတ်အတွင်း ပြုလုပ်ဖို့ ရှိနေပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဒဟ်ရန်မြို့က ‘ကင်း အဘ်ဒူလ်အဇစ် ယာဉ်ကျေးမှုစင်တာ’ (Ithra) မှာ နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်သွားမှာပါ။ ဒီဖိုရမ်ကို Ithraနဲ့ ဗလီဝတ်ကျောင်းတော် ဗိသုကာဆိုင်ရာ ဆုချီးမြှင့်ရေးအဖွဲ့ Abdullatif Al-Fozan Award for Mosque Architecture တို့ ပူးပေါင်း စီစဉ်တာဖြစ်ပါတယ်။

    ဖိုရမ်မှာ အစ္စလာမ်သာသနာ သမိုင်းတစ်လျှောက် ဗလီဝတ်ကျောင်းတော်တွေ ဖြစ်ပေါ်တိုးတက်လာပုံ၊ ဗလီဝတ်ကျောင်းတော်ရဲ့ လုပ်ငန်းစဉ်တွေ၊ ဗိသုကာလက်ရာတွေ၊ သမိုင်းကြောင်းတွေ၊ လူအဖွဲ့အစည်းကို နယ်ပယ်စုံမှာ အထောက်အကူပြုခဲ့ပုံတွေကို ဆွေးနွေး တင်ပြမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက နာမည်ကျော် ဗလီဝတ်ကျောင်းတော်တွေရဲ့ ပုံတူပြပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ဖိုရမ်ကို ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်သူတွေ၊ သမိုင်းပညာရှင်၊ ဗိသုကာပညာရှင်တွေ၊ ကျောင်းသူကျောင်းသားတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

    Ithra စင်တာက တာဝန်ရှိသူ အမျိုးသမီး ဖာရာအဘူရှူလာအီက ဒီဖိုရမ်ဟာ သမိုင်းတစ်လျှောက် အစ္စလာမ့် အနုပညာလက်ရာတွေကို မပျောက်မပျက် ထိန်းသိမ်းပုံ၊ အစ္စလာမ်ကို အခြေခံတဲ့ အနုပညာ၊ ဗိသုကာအကြောင်း၊ အစ္စလာမ်သာသနာက သတ်မှတ်တဲ့ ဝတ်ပြုရာနေရာတဲ့ အဓိပ္ပါယ် လုပ်ဆောင်ချက်တွေကို မီးမောင်းထိုးပြသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Arab News

  • လွိုင်ကော်ရှိ ခရစ်ယာန်ဘုရား​ကျောင်းကို စစ်ကောင်စီက ဝင်စီးပြီး၊ ကျန်းမာ​ရေးဝန်ထမ်းများကို ဖမ်းဆီး

    လွိုင်ကော်ရှိ ခရစ်ယာန်ဘုရား​ကျောင်းကို စစ်ကောင်စီက ဝင်စီးပြီး၊ ကျန်းမာ​ရေးဝန်ထမ်းများကို ဖမ်းဆီး

    နိုဝင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    Christ the King Cathedral ဘုရားကျောင်းက ဖွင့်လှစ်ထားသည့် ဆေးခန်း

    -ကယားပြည်နယ် လွိုင်ကော်မြို့က Christ the King Cathedral ခရစ်ယာန် ကက်သလစ်ဘုရား​ကျောင်းကို စစ်ကောင်စီတပ်တွေက တနင်္လာနေ့မှာ ဝင်ရောင်စီးနင်းရှာဖွေခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးသွားပါတယ်။

    ဘုရားကျောင်းပရ၀ုဏ်၊ ဂိုဏ်းအုပ်ဘုန်းကြီးနေထိုင်ရာ အိမ်နဲ့ ဘုရားကျောင်းက ကမကထပြု ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို စစ်သားနဲ့ ရဲ ၂၀၀ ကျော်လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဘုရားကျောင်းတာဝန်ရှိသူတွေက ကက်သလစ် သတင်းဌာနတစ်ခုဖြစ်တဲ့ UCA ကို ပြောကြားခဲ့ပါတယ်။

    ဆေးခန်းကို ဝင်စီးရာမှာ ကိုဗစ်လူနာ ၄ ဦးအပါအဝင် လူနာ ၄၀ လောက်ကို စစ်ကောင်စီတပ်သားတွေက မောင်းထုတ်ခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ဆရာဝန် ၄ ဦး၊ သူနာပြုတွေ၊ ဆေးဝါးကျွမ်းကျင်သူနဲ့ စေတနာ့ဝန်ထမ်းတွေ ပါဝင်ပါတယ်။ စစ်သားတွေဟာ ဆေးမှတ်တမ်းတွေ၊ ဆေး၀ါးပစ္စည်း ကိရိယာတွေကို ယူဆောင်သွားခဲ့ပါတယ်။

    ဘုရားကျောင်းပရ၀ုဏ်အတွင်းမှာရှိတဲ့ အ​ဆောက်အဦးတွေကို စစ်ကောင်စီတပ်သားတွေက မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း အနည်းဆုံး ၃ ကြိမ် ဝင်ရောက်စီးနင်းခဲ့ကြကာ၊ အဲဒီအချိန်အတွင်း ဘုရားကျောင်းတစ်၀ိုက်မှာ လုံခြုံရေးကို ထူထပ်စွာ ချထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    “ကျွန်တော်တို့ ပရဟိတအလုပ်တွေကို လုပ်နေတာပါ။ ဘာအမှားအယွင်းမှ မလုပ်ထားပါဘူး။ ဘာဖြစ်လို့ ဒီလိုစီးနင်းတာလဲ၊ ဘာတွေရှာတာလဲဆိုတာ ကျွန်တော်တို့လည်း မပြောတတ်တော့ဘူး” လို့ လွိုင်ကော် ကက်သလစ်သာသနာ့နယ်မြေက တာဝန်ရှိသူ ဖာသာ ဖရန်စစ်စိုးနိုင်က ပြောပါတယ်။

    ဒီလိုဝင်ရောက်စီးနင်းတာကြောင့် ဘုရားကျောင်းဆေးခန်းမှာ လာပြတဲ့လူနာတွေ၊ မေလကတည်းက တိုက်ပွဲပြင်းထန်မှုနောက်ဆက်တွဲ ဘုရားကျောင်းမှာ လာရောက်ခိုလှုံနေသူတွေကြားမှာ စိုးရိမ်စိတ်တွေ၊ မလုံခြုံမှုတွေ ဖြစ်လာတယ်လို့ ဖာသာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ​ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေအတွင်း ကာယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် အနည်းဆုံး ခရစ်ယာန်ဘုရားကျောင်း ၅ ခု ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

    Ref: UCA

  • အီသီယိုးပီးယားပြည်တွင်းစစ် အရှိန်ပိုမြင့်လာ၊ ၀န်ကြီးချုပ်ကိုယ်တိုင် ထွက်တိုက်မည်ဟုဆို

    အီသီယိုးပီးယားပြည်တွင်းစစ် အရှိန်ပိုမြင့်လာ၊ ၀န်ကြီးချုပ်ကိုယ်တိုင် ထွက်တိုက်မည်ဟုဆို

    နို၀င်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -နို၀င်ဘာ ၂၃ ရက်နေ့ကစတင်ပြီး စစ်တပ်ကိုဦးဆောင်ကာ ရှေ့တန်းစစ်မျက်နှာကို ထွက်တိုက်မယ်လို့ အီသီယိုးပီးယား ၀န်ကြီးချုပ် အဘီအဟ်မဒ်က ကြေငြာလိုက်ပါတယ်။

    နိုင်ငံမြောက်ပိုင်း တီဂရေးဒေသမှာ တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) နဲ့ အီသီယိုးပီးယား အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့နှစ် နိုင်၀င်ဘာလကတည်းက စတင်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ဟာ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာပြီး တစ်ခြားဒေသတွေပါ ပြန့်နှံ့လာပါတယ်။ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကလည်း TPLF နဲ့ မဟာမိတ်ဖွဲ့ကာ အစိုးရကို တိုက်ခိုက်လာကြပါတယ်။

    အင်္ဂါနေ့ကစတင်ပြီး ရှေ့တန်းကိုထွက်ကာ စစ်တပ်ကို ဦးဆောင်တော့မယ်လို့ ၀န်ကြီးချုပ် အဘီ အဟ်မဒ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    “အီသီယိုးပီးယားမျိုးဆက်သစ်တွေ ပြောစမတ်ပြုစရာအဖြစ် သမိုင်းကျန်ခဲ့ချင်သူတွေ ဒီကနေ့ တိုင်းပြည်အတွက် လက်ထောင်လိုက်ပါ။ ရှေ့တန်းမှာ ကျွန်တော်တို့ တွေ့ကြမယ်”

    ၁ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ အီသီယိုးပီးယား ပြည်တွင်းစစ်မှာ လူထောင်ချီ သေဆုံးခဲ့ပြီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သိန်းချီ ရှိနေပါတယ်။ အာဖရိကရဲ့ ဒုတိယလူဦးရေအများဆုံး နိုင်ငံက ဒီပြဿနာဟာ ဒေသတွင်းကိုပါ ရိုက်ခတ်လာမှာကို ကမ္ဘာ့အသိုင်းအ၀ိုင်းက စိုးရိမ်နေကြပါတယ်။

    TPLF အဖွဲ့ဟာ မြို့တော် အက်ဒစ် အဘာဘာကို သိမ်းဖို့ ကြိုးစားနေပြီး မြို့တော် အရှေ့မြောက်ဖက် ၁၃၆ မိုင်သာ၀ေးတဲ့ ရှီ၀ါရိုဘစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • အာဆီယံမှ လယ်ယာထွက်ကုန် ဒေါ်လာ ဘီလီယံ ၁၅၀ ဖိုး တရုတ်က ဝယ်ယူမည်

    အာဆီယံမှ လယ်ယာထွက်ကုန် ဒေါ်လာ ဘီလီယံ ၁၅၀ ဖိုး တရုတ်က ဝယ်ယူမည်

    နိုဝင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေကနေ လယ်ယာထွက်ကုန် ဒေါ်လာ ဘီလီယံချီ ဝယ်ယူသွားမှာဖြစ်ပြီး၊ အကူအညီတွေလည်း ပေးအပ်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

    ဒီအစည်းအဝေးမှာ မြန်မာအဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နဲ့ အာဆီယံက တက်ခွင့် မပေးပါဘူး။

    အင်အားနည်းတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အနိုင်ကျင့်မှာမဟုတ်ဘူးလို့ အဖွင့်မိန့်ခွန်းမှာ သမ္မတရှီက ပြောကြားခဲ့သလို၊ နောက်ထပ် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေကနေ အဆင့်မီတဲ့ လယ်ယာထွက် ကုန်ပစ္စည်း ကန်ဒေါ်လာ ဘီလီယံ ၁၅၀ ဖိုး ဝယ်ယူတင်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်ကစလို့ တရုတ်ဟာ ဥရောပသမဂ္ဂကို​ ကျော်တက်ပြီး အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အာဆီယံနဲ့ တရုတ်တို့အကြား မိတ်ဖက်ဆက်ဆံမှုဟာ နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပါပြီ။

    အာဆီယံနိုင်ငံတွေ ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက် နောက်ထပ် ၃ နှစ်အတွင်း ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိတဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: RFA

  • မြန်မာလူငယ်များအပေါ် လွှမ်းမိုးနိုင်ရေး စစ်ကောင်စီကို ဒေါ်လာသန်းချီလှူသည်ဆိုသည့်သတင်းကို တရုတ်ငြင်း

    မြန်မာလူငယ်များအပေါ် လွှမ်းမိုးနိုင်ရေး စစ်ကောင်စီကို ဒေါ်လာသန်းချီလှူသည်ဆိုသည့်သတင်းကို တရုတ်ငြင်း

    နိုဝင်ဘာ ၂၂၊ ၂၀၂၁

    M-Media

    Twitter တွင်ပြန့်နေသည့် စခရင်ရှော့

    -အာဏာသိမ်းစစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကို ယွမ် ၁.၁၆ ဘီလီယံ (ဒေါ်လာ သန်း ၁၈၀) တရုတ်သံရုံးက လှူဒါန်းတယ်ဆိုပြီး Twitter မှာ ပြန့်နှံ့နေတဲ့သတင်းဟာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက ငြင်းချက်ထုတ်လိုက်ပါတယ်။ 

    “တရုတ်အစိုးရကိုယ်စား မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးဟာ မြန်မာပညာရေးဝန်ကြီးဌာနကို နိုဝင်ဘာ ၁၂ ရက်နေ့က ယွမ် ၁.၆ ဘီလီယံ လှူဒါန်းခဲ့ပြီး ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေက ကျောင်းသားတွေအားလုံးကို အခမဲ့ နေ့လည်စာကျွေးဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်ဟာ တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က ပြောပါတယ်” လို့ တရုတ်လိုရေးထားတဲ့ စခရင်ရှော့တစ်ခု နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး Twitter က တရုတ်နိုင်ငံသားတွေအကြားမှာ ပြန့်နှံ့နေတာဖြစ်ပါတယ်။

    တရုတ်အလံ၊ တရုတ်လိုရေးထားတဲ့ ‘မြန်မာနိုင်ငံတရုတ်သံရုံး’ ဆိုတဲ့ နောက်ခံမှာ တရုတ်တာဝန်ရှိသူ နှစ်ဦး ထိုင်နေတဲ့ဓာတ်ပုံလည်း စခရင်ရှော့မှာ ပါဝင်ပါတယ်။

    ဒါပေမယ့် ဒီဓာတ်ပုံဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ပေးအပ်တုန်းက တရုတ်သံရုံးမှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး၊ မြန်မာပညာရေးဝန်ကြီးဌာနကို ဒေါ်လာသန်းချီပေးတယ်ဆိုတဲ့သတင်းဟာလည်း ခိုင်လုံမှုမရှိကြောင်း AFP သတင်းဌာနရဲ့ စစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။ 

    မြန်မာနိုင်ငံက တရုတ်သံရုံးကလည်း ဒီသတင်းက မဟုတ်ဘူးလို့ ငြင်းပါတယ်။ Twitter မှာ ပြန့်နှံ့နေတဲ့ သတင်းဟာ လုပ်ကြံရေးသားထားတာဖြစ်ပြီး ဓာတ်ပုံကလည်း နိုဝင်ဘာ ၁၂ ရက်နေ့ ကိုဗစ်ကာကွယ်ဆေးလှူတဲ့အချိန်က ဓာတ်ပုံဖြစ်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    “အခုနှစ်အစကတည်းက တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၈.၉ သန်းနဲ့ ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းတွေ အကြိမ်ကြိမ် ပေးအပ်ခဲ့ပါတယ်။ မြန်မာကျောင်းသားတွေ၊ မသန်စွမ်းသူတွေ၊ ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေနဲ့ အခြားသူတွေအတွက်လည်း တရုတ်သံရုံးက ထောက်ပံ့လှူဒါန်းမှု တော်တော်များများ လုပ်ပေးခဲ့ပါတယ်”

    Ref: AFP