News @ M-Media
Blog
  • နိုင်ငံတကာသတင်းတို (မေ ၂၃၊ ၂၀၁၅)
    မေ ၂၃၊ ၂၀၁၅
    M-Media
    မာလီလူ့အခွင့်အရေးချိုးဖောက်မှု ကုလ စစ်ဆေးမည်
    …………………………………..
    မာလီနိုင်ငံမြောက်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော ခွဲထွက်ရေးသမားများနှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များအကြား တိုက်ခိုက်မှုအတွင်း အရပ်သားများကို သတ်ဖြတ်ခြင်းအပါအ၀င် လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးသွားမည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ သေဆုံးသများတွင် အကူအညီပေးရေး
    ပစိဖိတ်ကျွန်းနိုင်ငံများကို ဂျပန် အကူအညီပေးမည်
    …………………………..
    ပစိဖိတ်ကျွန်းနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုများနှင့် သဘာဝဘေးအန္တရာယ်များကို တွန်းလှန်ရာ၌ အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၄၅၃ သန်းကို အကူအညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ကတိပြုခဲ့သည်။ ကျွန်းနိုင်ငံ ၁၄ နိုင်ငံမှ
    ခေါင်းဆောင်များမှာ ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူရှီးမားမြို့ရှိ အီဝါကီမြို့တွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ပြီး သဘာဝဘေးအန္တရာယ် ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။ ဂျပန်၏ ထိုအကူအညီမှာ ၃ နှစ်အတွင်း ပေးအပ်သွားမည်ဖြစ်သည်။
    အရှေ့အလယ်ပိုင်း နျူကင်းစင်ရေး ကုလတွင် ဆွေးနွေးမှု မအောင်မြင်
    ……………………………….
    ၁၉၇၀ နျူးကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်အား ပြန်လှန်သုံးသပ်မှုအတွက် ကုလတွင် လေးပတ်ကြာပြုလုပ်ခဲ့သော အစည်းအဝေးမှာ ယမန်နေ့တွင် ပြီးဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ နျူလက်နက်ပိတ်ပင်ရေး သဘောတူညီချက်ရရန် ဆွေးနွေးမှုမှာ
    မအာင်မြင်ခဲ့ပေ။
    Ref: News Agencies
  • ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ယမန်နေ့က ပြုပြင်ခဲ့ရ
    ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ယမန်နေ့က ပြုပြင်ခဲ့ရ
    မေ ၂၃၊ ၂၀၁၅
    M-Media
    thai
    – မြန်မာနိုင်ငံ မြ၀တီမြို့နှင့် ထိုင်းနိုင်ငံ မဲစောက်ရှိ ဘန်ရင်မ်မွိုင်မြို့တို့ကို ဆက်သွယ်ထားသော ထိုင်း- မြန်မာ ချစ်ကြည်ရေးတံထားကို ပြုပြင်ရန်အတွက် ယမန်နေ့က စောစီးစွာ ပိတ်ခဲ့ရသည်ဟု သိရသည်။
    တံတားအား ထောက်ပံ့ထားသော တိုင်လုံးတစ်ခု နိမ့်သွားသည်ကို တွေ့မြင်ရပြီးနောက် ပြင်ဆင်ရန် ပုံမှန်ပိတ်ချိန်ထက် ၃ နာရီခွဲစောကာ ယမန်နေ့ ၅ နာရီတွင် ပိတ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပျက်ဆီးမှုမှာ ၄၂ တန်ရှိသော လောင်စာတင် ၁၀ဘီး ထရပ်ကားကြီးများ ဖြတ်သန်းသွားခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
    တံတားမှာ ၂၅ တန်ရှိ ယာဉ်များ ဖြတ်သန်းခြင်းကိုသာ ခံနိုင်ပြီး တံတားတွင်လည်း ခံနိုင်ဝန်ပမာဏကို ရှင်းရှင်းလင်းလင်း ဆိုင်းဘုတ်ဖြင့် ရေးသားထားသည်။ တံတားမှာ ၂ လမ်းသွားဖြစ်ပြီး တရပ်ကားများက ဖြေးဖြေးခြင်းသွားရသောကြောင့် တံတားပေါ်တွင် အချိန်ကြာမြင့်စွာ ရှိခဲ့ကာ ထိုအကြောင်းအရင်းက တံတားပေါ်တွင် ၀န်အားများ ပိုမိုများပြားစေခဲ့သည်။
    ပြီးခဲ့သည့်နှစ်ကလည်း တံတား၏ ယက်ေမများ ပျက်ဆီးမှုနှင့် တံတားကိုယ်ထည် ကွဲအက်မှုများကြောင့် အကြီးစာပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ ပြင်ဆင်ပြီးနောက်တွင် ၂၅ တန်အထက်ယာဉ်များမှာ တရားမ၀င် ဖြတ်သန်းသွားလာမှုများ ပြုလုပ်ခဲ့ကြသည်။
    Ref: Bangkokpost
  • အမေရိကန်၏ ပစ်မှတ်ထားခံရမှုကြောင့် နိုင်ငံသားများအား ရုရှားက ခရီးသွားသတိပေးချက် ထုတ်ပြန်
    အမေရိကန်၏ ပစ်မှတ်ထားခံရမှုကြောင့် နိုင်ငံသားများအား ရုရှားက ခရီးသွားသတိပေးချက် ထုတ်ပြန်
    မေ ၂၃၊ ၂၀၁၅
    M-Media
    jail
    – အမေရိကန်က ကမ္ဘာတစ်ဝှမ်းတွင် ရုရှားနိုင်ငံသားများအား အမဲလိုက်နေခြင်းကြောင့် နိုင်ငံသားများအနေဖြင့် နိုင်ငံရပ်ခြားသို့ ခရီးသွားလာသည့်အခါ အန္တရာယ်အားလုံးကို ချင့်ချိန် တွက်ဆထားကြရန် ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။
    နိုင်ငံရပ်ခြားရှိ ရုရှားနိုင်ငံသားများမှာ အမေရိကန် ဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ထောက်လှမ်းရေးအဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခြိမ်းခြောက်မှုကို ခံနေရပြီး အထူးသဖြင့် အမေရိကန်နှင့် သဘောတူစာချုပ် ချုပ်ထားသည့် နိုင်ငံများတွင်ဖြစ်သည်ဟု အဆိုပါ
    ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    မော်လ်ဒိုက်နိုင်ငံတွင် အမေရိကန် ထောက်လှမ်းရေးအေးဂျင့်များ၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အမေရိကန်သို့ အတင်းအဓမ္မ လွှဲပြောင်းပေးအပ်ခံခဲ့ရသည့် ရုရှားနိုင်ငံသား ရိုမန် ဆီလီဇန်ယွဗ်ကို ထောက်ပြ၍ အမေရိကန် တပ်ဖွဲ့များမှာ အခြားနိုင်ငံမှ ရုရှားနိုင်ငံသားများကို ပြန်ပေးဆွဲသည်ဟုလည်း အဆိုပါ အကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ဆီလီဇန်ယွဗ်မှာ
    ယခုအချိန်အထိ အမေရိကန်၏ ထိန်းသိမ်းခြင်းကို ခံနေရသည်။
    အမေရိကန် တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရသူများမှာ သက်သေအထောက်အထား မရှိသော်လည်း ဖြောင့်ချက်ပေးရန် ခြိမ်းခြောက်ခံရခြင်း၊ ထိုသို့ ခြိမ်းခြောက်၍ မရပါက ရိုက်နှက်ခံရခြင်းတို့ ရှိနေသည်ဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပြီး အမေရိကန်တို့၏ ဖမ်းဆီးခြင်းခံထားရသည့် ဗစ်တာ ဘောက်နှင့် ကွန်စတန်တင် ယာရိုရှန်ကိုတို့ကို ဥပမာပေးခဲ့သည်။
    ယာရိုရှန်ကိုမှာ အမေရိကန်သို့ မူးယစ်ဆေးဝါး မှောင်ကိုသွင်းရာတွင် ပူးပေါင်းကြံစည်မှုဖြင့် ၂၀၁၁ ခုနှစ်က ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရသူဖြစ်ပြီး ထိုအမှုအတွက် ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုမှုကို နယူးယောက်တရားရုံးက ငြင်းပယ်ခဲ့သည်။ ၎င်းအား လိုက်ဘေးရီးယားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးသည့်အချိန်တွင် ရုရှားက ကန့်ကွက်ခဲ့ကာ သံတမန်စည်းမျဉ်းကို
    ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဗစ်တာဘောက်မှာ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး အမေရိကန်တွင် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသူဖြစ်ကာ မိမိနိုင်ငံသို့ပြန်ပို့ရန် ရုရှား၏တောင်းဆိုမှုကို အမေရိကန်က ငြင်းဆန်ခဲ့သည်။
    Ref: RT
  • ချယ်ဆီးမှ ခွာလျှင်လည်း ပရီးမီးယားလိဂ်တွင် ဆက်ရှိချင်သည်ဟု မော်ရင်ဟိုပြော
    ချယ်ဆီးမှ ခွာလျှင်လည်း ပရီးမီးယားလိဂ်တွင် ဆက်ရှိချင်သည်ဟု မော်ရင်ဟိုပြော
    မေ ၂၃၊ ၂၀၁၅
    M-Media
    mrh
    – အသင်းပိုင်ရှင် အီဗရာဟီမိုဗစ်ခ်ျ ဆန္ဒရှိသလောက် ချယ်ဆီးအသင်းတွင် နေသွားမည်ဖြစ်ပြီး ချယ်ဆီးမှထွက်ခွာပါကလည်း ပရီးမီးယားလိဂ်တွင်သာ ဆက်လက်ရှိနေချင်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    မော်ရင်ဟိုမှာ မနက်ဖြန်တွင် စတမ်းဖို့ဒ်ဘရစ်ခ်ျ၌ ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်မြောက် ကိုင်မြှောက်ရမည်ဖြစ်သည်။ အနာဂတ်နှင့်ပတ်သက်၍ ပြောကြားရာတွင် မော်ရင်ဟိုက မိမိအား အီဗရာဟီမိုဗစ်ခ်ျက အသင်းမှထုတ်ပယ်လျှင်လည်း ပရီးမီးယားလိဂ်တွင်သာ ဆက်ရှိနေချင်သည်ဟု ဆိုသည်။
    “မစ္စတာ အီဗရာဟီမိုဗစ်ခ်ျက ကျွန်တော်ဟာ မကောင်းတော့ဘူးလို့ ထင်တဲ့တစ်နေ့ ဖြစ်နိုင်ရင် အင်္ဂလန်မှာပဲ အလုပ်လုပ်ချင်ပါတယ်။ မစ္စတာ အီဗရာဟီမိုဗစ်ခ်ျက မပြောမချင်း ကျွန်တော် သွားဖို့ မရှိပါဘူး။ အခု ဘယ်ကလပ်မဆိုလာပြီး ကမ်းလှမ်းမယ်၊ ချယ်ဆီးက လခထက် ၂ ဆပေးမယ်ဆိုရင်တောင် မရပါဘူး” ဟု မော်ရင်ဟိုက BBC ၏ Football Focus အစီအစဉ်တွင် ပြောကြားခဲ့သည်။
    ထို့ပြင် မော်ရင်ဟိုက မိမိအနေဖြင့် အခြားကလပ်အသင်းကို နည်းပြရန် မျှော်မှန်းထားသော်လည်း ချယ်ဆီးကို ချစ်မြတ်နိုးသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၁၃ ခုနှစ်တွင် မန်ယူမှ ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်း မော်ရင်ဟိုမှာ ၎င်း၏နေရာကို ဆက်ခံရန် အလွန်အမင်း ရေပန်းစားခဲ့သော်လည်း ဖာဂူဆန်ကမူ တစ်နိုင်ငံတည်းသား ဒေးဗစ်မိုယက်စ်ကို အကြံပြုခဲ့သည်။
    Ref: Goal
  • ဂွာတီမာလာတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကို လူအုပ်ကြီးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
    ဂွာတီမာလာတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ကို လူအုပ်ကြီးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
    မေ ၂၃၊ ၂၀၁၅
    M-Media
    – ဆိုင်ကယ်တက္ကဆီသမားကို သတ်ဖြတ်ခဲ့သည့်အဖွဲ့နှင့် ပတ်သက်သည်ဟုဆိုကာ ဂွါတီမာလာတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်အား လူအုပ်ကြီးက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
    မြို့တော် ဂွါတီမာလာစီးတီးနှင့် ၇၇ မိုင်အကွာ ရီယို ဘရာဗိုရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမည်မသိ အဆိုပါ အမျိုးသမီးငယ်အား လူအုပ်ကြီးက ၀ိုင်း၍ ရိုက်နှက်ကန်ကျောက်ကာ မီးရှို့သည့် ၃၈ စက္ကန့်ကြာ ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာများတွင် တစ်မဟုတ်ချင်း ပြန့်နှံသွားခဲ့သည်။
    ထိုအမျိုးသမီးငယ်မှာ အခြားလူငယ်အမျိုးသား ၂ ဦးနှင့်အတူ အသက် ၆၈ နှစ်အရွယ် ဆိုင်ကယ်တက္ကဆီသမား ကားလို့စ် အန်းရစ် ဂွန်ဇာလက်ဆိုသူကို ဓားပြတိုက်ပြီးနောက် သေနတ်ဖြင့်ပစ်ကာ ထွက်ပြေးသွားသည်ဟူသော စွပ်စွဲချက်ဖြင့် ထိုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်း
    ဖြစ်သည်။
    လူငယ်အမျိုးသား ၂ ဦးမှာ လမ်းကြိုလမ်းကြားများမှ ထွက်ပြေးလွတ်မြောက်သွားပြီး ထိုအမျိုးသမီးငယ်မှာ လမ်းမှားကာ လူအုပ်ကြီး၏ လက်တွင်းသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။
    ဗီဒီယို၌ မျက်နှာတွင် သွေးများကျနေကာ မူးဝေပြီး ဒယိမ်းဒယိုင်ဖြစ်နေသည့် ထိုအမျိုးသမီးငယ်ကို လူအုပ်ကြီးက ၀ိုင်းထားသည်ကို တွေ့ရှိခဲ့ရသည်။ လူအုပ်ကြီးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ကန်ကျောက်ပြီးနောက် လဲကျနေသည့် ထိုအမျိုးသမီးအပေါ်သို့ ဓာတ်ဆီလောင်းချခဲ့ပြီး မီးရှို့ခဲ့ကြသည်။ မိန်းကလေးငယ်မှာ နာကျင်မှုကြောင့် ပြင်းပြင်းထန်ထန်အော်ဟစ်ကာ လူအုပ်ကြီးကလည်း သေသည်အထိ ၀ိုင်း၍ ကြည့်နေကြသည်။
    ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့အနေဖြင့် ဖြန်ဖြေရန် ကြိုးစားခဲ့သော်လည်း ဘေးနားတွင်ရှိနေသူများ၏ တာဆီးမှုကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုကို YouTube ပေါ် လွှင့်တင်ခဲ့ပြီးနောက် ကြည့်ရှုသူ ထောင်နှင့်ချီ၍ ရှိခဲ့ပြီး နောက်ပိုင်းတွင် YouTube က ပြန်ဖျက်ခဲ့သည်။
    သေဆုံးသွားသည့်အမျိုးသမီးငယ်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ၊ တင်းမာမှုများ ဆက်လက်ပြန့်နှံ့သွားမည်ကို စိုးရိမ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    Ref: Dailymail