News @ M-Media

Blog

  • ရိုဟင်ဂျာ အရေး ဥပဒေ အရဖြေရှင်းမှ အဖြေရမည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပြော

    ရိုဟင်ဂျာ အရေး ဥပဒေ အရဖြေရှင်းမှ အဖြေရမည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းပြော

    မေ ၂၁၊ ၂၀၁၅
    M-Media

    11267538_1664229647140775_5376405044191612636_n

    အက်ဒမန် ပင်လယ်တွင်းရှိ လှေစီး ဒုက္ခသည် ရိုဟင်ဂျာထောင်ပေါင်းများစွာ၏ ကံကြမ္မာနှင့်စပ်လျဉ်း၍ မြန်မာအစိုးရမှ မျက်နှာလွှဲခဲပစ် ပြုလုပ်နေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ထိုပြဿနာအတွက် ရေရှည်ခံမည့် အဖြေမှာ ဥပဒေအရ နိုင်ငံသားပေးသင့် သူများကို နိုင်ငံသားပေးခြင်းပင်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    “ဒီပြဿနာကို ဥပဒေကြောင်း အရ ဖြေရှင်းဖို့လိုအပ်ပါတယ်။ ဥပဒေကလည်း ပြောင်းလဲဖို့လိုအပ်တယ်။ မျိုးဆက်တစ်ဆက် သို့မဟုတ် နှစ်ဆက်ထိ အခြေချနေထိုင်လာသူများ အဖို့ နိုင်ငံသားဖြစ်ခွင့် ရှိသင့်ပါတယ်” ဟု ဦးဥာဏ်ဝင်းက The Independent နှင့်ပြုလုပ်သော အင်တာဗျူး၌ ပြေကြားခဲ့သည်။

    အစောပိုင်း AFP နှင့်ပြုလုပ်သော အင်တာဗျူးတွင်လည်း သူက “သူတို့(ရိုဟင်ဂျာတွေ)ကို နိုင်ငံသားအဖြစ် လက်မခံနိုင်ရင်တောင်မှ ပင်လယ်ထဲ တွန်းထုတ်တာမျိုး မလုပ်သင့်ပါဘူး။ သူတို့လည်း လူသားတွေပါပဲ။ သူတို့ဟာ လူ့အခွင့်အရေး ခံစားထိုက်တဲ့ လူသားတွေလို့ပဲ ကျွန်တော် မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အစိုးရအသိအမှတ်ပြု  မဟန အဖွဲ့မှ တရားဟောခြင်း ပိတ်ပင်ခံထားရသော ထင်ရှားသည့် သံဃာတော်တစ်ပါးဖြစ်သူ ဦးပညာသီဟက ၎င်းရိုဟင်ဂျာများနှင့် ပတ်သက်ပြီး ဤသို့ မိန့်ကြားခဲ့သည်။

    “လှေစီး လူစုတွေ တော်တော့်ကို ဒုက္ခရောက်ရှာပါတယ်။ ဆရာတော် အလွန်ပဲ စိတ်မကောင်းဖြစ်မိတယ်။ ဗုဒ္ဓရဟန်းတစ်ပါး အနေနဲ့ သူတို့ကို တကယ် ကူညီချင်ပါတယ်။ အစိုးရဖက်က ဒီပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်း သင့်ပါတယ်။ အာဆီယံနိုင်ငံက အစိုးရတွေနဲ့အတူ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဘယ်လိုဖြေရှင်းလဲ ဆိုတာ ဆုံးဖြတ်သင့်ပါတယ်။ ဗုဒ္ဓလမ်းစဉ်ဟာ လူမျိုးဘာသာမရွေး လူသားအားလုံးကို ကယ်တင်ဖို့၊ ကူညီဖို့၊ မေတ္တာ တရားထားဖို့ ဖြစ်တယ်။ ဒါကြောင့် ထိုထိုသောလူမျိုးတွေကို မေတ္တာ မထားနိုင်ဘူးဆိုပြီး ငြင်းပယ် သူများဟာ ဗုဒ္ဓ တရားတော်နဲ့ ဆန့်ကျင်ပါတယ်”

    ရိုဟင်ဂျာအရေး အပေါ် နှုတ်ဆိတ်နေသည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နှင့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်းတို့၏ နိုင်ငံသား အခွင့်အရေး၌ အမြင် တူညီနိုင်ပါသလားဟု မေးမြန်းရာတွင် ဦးဥာဏ်ဝင်းက “ကျွန်တော် မသိပါ” ဟု ဖြေဆိုသွားသည်။

    Ref : The Independent

  • အိန္ဒိယနိုင်ငံ ဘီဟာရ်ရှိ ကမ္ဘာ့အကြီးဆုံး ဟိန္ဒူဘုရားကျောင်း အတွက် မွတ်စ်လင်မ်တို့မှ မြေလှူဒါန်း

    အိန္ဒိယနိုင်ငံ ဘီဟာရ်ရှိ ကမ္ဘာ့အကြီးဆုံး ဟိန္ဒူဘုရားကျောင်း အတွက် မွတ်စ်လင်မ်တို့မှ မြေလှူဒါန်း

    မေ ၂၁ ၊ ၂၀၁၅
    M-Media
    .bihar_post
    လူပေါင်း နှစ်သောင်းကျော်ဝင်ဆန့်သည့် ကမ္ဘာ့အကြီးမားဆုံး ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရန် အိန္ဒိယနိုင်ငံ ဘီဟာရ်နယ်ရှိ မွတ်စ်လင်မ်တို့သည် လူ့အဖွဲ့အစည်း အချင်းချင်း သဟဇာတဖြစ်မှု၏ ပြယုဂ်အဖြစ် မြေကွက်များကိုလှူဒါန်းခဲ့သည်။
    .
    “ကမ္ဘာ့အကြီးဆုံး ဟိန္ဒူဘုရားကျောင်း တည်ဆောက်ရေး အတွက် မွတ်စ်လင်မ်တွေက မြေကွက်ကို လှူဒါန်းပေးခြင်း တင်မကပါဘူး၊ ဆောက်လုပ်မှု ကုန်ကျစရိတ် သက်သာဖို့ မြေ၀ယ်ယူရေးမှာလည်း တတပ်တအားကူညီခဲ့ကြပါတယ်။ သူတို့သာ မကူညီရင် ဒီအိပ်မက် စီမံကိန်းကြီး လက်တွေ့ဖြစ်လာဖို့ ခက်ခဲနေဦးမှာပါ” ဟု Patna-based cash-rich Mahavir Mandir ဂေါပက အတွင်းရေးမှူး ရဲအရာရှိဟောင်း Acharya Kishore Kunal မှပြောကြားသည်။
    .
    ပြည်နယ်မြို့တော်မှ ၁၅၀ ကီလိုမီတာအကွာ အရှေ့ပိုင်း ချမ်ပရာန်ခရိုင်ရှိ Janki Nagar ၌ ဆောက်လုပ်ရေးလုပ်ငန်းစဉ်ကို ဇွန်လအတွင်း စတင်မည်ဖြစ်ပြီး ရူပီး သန်း ၅၀၀ ကုန်ကျမည်ဖြစ်သည်။ ပေ ၂၅၀၀ ရှည်လျား၍ ၁၂၉၆ ပေကျယ်ဝန်းသော ၎င်းဘုရားကျောင်းအား မွန်ဘိုင်းအခြေစိုက် Valecha ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
    .
    “ဘုရားကျောင်းအတွက် မြေလှူဒါန်းခြင်းဟာ ဟိန္ဒူများအဖို့ မထူးဆန်းပေမယ့် မွတ်စ်လင်မ်တွေ လှူဒါန်းတာကတော့ ထူးခြား လှပါတယ်။ ကောင်းမှုကိစ္စမှာ ပူးပေါင်း ပါဝင်တတ်တဲ့ မွတ်စ်လင်မ်တွေကို သြဘာပေးသင့်ပါတယ်။ ဘုရားကျောင်းရဲ့အဆိုပြုမြေနေရာပေါ်မှာ မွတ်စ်လင်မ်မိသားစု ၃ ဒါဇင်အထက်ရှိနေပြီး အချို့မွတ်စ်လင်မ် မိသားစုတွေက စီမံကိန်းဆက်စပ် လမ်းကြောတစ်လျှောက်မြေတွေကို ပိုင်ဆိုင်ထားကြတယ်။ သူတို့ထဲက အချို့သူတွေက မြေကိုလှူဒါန်းတယ်။ အချို့ကျတော့ အဲ့ဒီဆက်စပ်မြေကွက် ၀ယ်ယူရေးမှာ ပံ့ပိုးကူညီခဲ့ကြတယ်လေ။ သူတို့ရဲ့ပါဝင်ကူညီမှု မရှိခဲ့ရင် ဘုရားကျောင်း စီမံကိန်း နှောင့်နှေးနေဦးမှာ မလွဲဘူးဗျာ”။
    .
    အဆိုပါ Virat Ramayan Mandir ဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ ၂၁၅ ပေမြင့်မားသော ၁၂ ရာစုလက်ရာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် နာမည်ကြီး အန်ကောဝပ် ဘုရားကျောင်းထက် မြင့်မားလိမ့်မည်ဖြစ်သည်။
    .
    တာဝန်ခံဂေါပကအဖွဲ့အနေနှင့် မြေနေရာ ၂၀၀ ဧက ရရှိထားပြီဖြစ်သည်။ ဟိန္ဒူနှင့် မွတ်စ်လင်မ်တို့၏မြေလှူဒါန်းမှုမှာ ဧက ၅၀ ဖြစ်ပြီး ကျန်သည်များကို လိုက်လံ ၀ယ်ယူခဲ့သည်။ နီပေါနယ်စပ်နှင့် ကပ်နေသဖြင့် ငလျင် ဒဏ်ခံနိုင်အောင် ဆောက်လုပ်သွားမည်ဟု ဆိုသည်။
    .
    Ref : Hindustan Times

  • သီရိလင်္ကာ အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှု ပြည်သူများ ဆန္ဒပြ

    သီရိလင်္ကာ အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှု ပြည်သူများ ဆန္ဒပြ

    မေ ၂၁၊ ၂၀၁၅
    M-Media

    siri

    – အသက် ၁၇ နှစ်အရွယ် သီရိလင်္ကာ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်အသတ်ခံရမှုအား မကျေနပ်သောကြောင့် ပြည်သူများ၏ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် အဖမ်းခံခဲ့ရသည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်းမြို့တော် ဂျက်ဖ်နာတွင် ယမန်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲခဲ့ကြသည်။

    ဗဒ်ယာဟု အမည်ရသည့် ကျောင်းသူမှာ ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က ကျောင်းမှအပြန် အိမ်သို့ ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပြီးနောက် လိုက်လံရှာဖွေရာ အလောင်းအား ကြာသာပတေးနေ့တွင် ပြန်တွေ့ခဲ့သည်။

    ထိုမိန်းကလေးငယ်မှာ လက်နှင့် ခြေထောက်များကို ကြိုးတုပ်ခံထားရပြီး မသေဆုံးမီ အ၀တ်စုတ်ကိုလည်း ပါးစပ်တွင် ဆို့ထားခံခဲ့ရသည်ဟု သတင်းများက ဖော်ပြကြသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဒေသခံများက ဒေါသထွက်ခဲ့ကြကာ ယမန်နေ့က ဂျက်ဖ်နာမြို့ တရားရုံးရှေ့တွင် ထောင်ပေါင်းများစွာသော လူအုပ်စုကြီးက ဆန္ဒပြခဲ့ကြပြီး အုပ်စုဖွဲ့ မုဒိမ်းမှုအတွက် ဖမ်းဆီးခံထားရကာ တရားစွဲဆိုမှု ခံရတော့မည့် လူ ၉ ဦးကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

    ထို့နောက် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့ပြီး ဆန္ဒပြသူများကလည်း ခဲများဖြင့် တရားရုံးအား ပစ်ပေါက်ခြင်း၊ အနီးအနားရှိယာဉ်များအား ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြကာ ဆန္ဒပြသူ ၁၀၀ ကျော်ခန့် ဖမ်းဆီးခံခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ ဖမ်းဆီးထားသူများအား တရားမ၀င် ဆန္ဒပြမှုနှင့် ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နှင်းဆီခင် – လွမ်းမောစရာလေးတွေ

    နှင်းဆီခင် – လွမ်းမောစရာလေးတွေ

    မေ ၂၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    2632313
    ဖြစ်ရိုးဖြစ်စဉ်တစ်ခုမို့ ဆန်းတယ်လို့ မဆိုသာပေမယ့် တကယ်တမ်းနဖူးတွေ့ ဒူးတွေ့ ကြုံလာရတဲ့အခါ (များသော အားဖြင့်) ဆောက်တည်ရာ မရဖြစ်ရကြ ပါတယ်။ ဖြစ်ဆို ဘဝတစ်လျှောက်လုံး နှောင်ဖွဲ့ထားတဲ့ သံယောဇဉ်အထုကနည်းမှ မနည်းပဲလေ။ ကိုယ်သိပ်ပြီး သံယောဇဉ်ကြီးခဲ့တဲ့သူ၊ ကိုယ်တိုင်လည်း သံယောဇဉ်ကြီးတဲ့သူ တစ်ဦးဦး လောကကြီးက ထွက်ခွာသွားတယ်ဆိုမှတော့ ရင်နှင့်အမျှ ခံစားရသည်ပဲပေါ့။ ခြွင်းချက် အနေနှင့်ကတော့ ထိန်းနိုင်တဲ့သူတွေတော့ ရှိပါတယ်။ လောကရဲ့ယာယီ သခါင်္ရသဘောကို အပြည့်အဝနှလုံးသွင်းနိုင်သူတွေကတော့ ရင်ထဲကအပူမီးကို ထိန်းထားနိုင်ပေမယ့် လောက သဘာဝ အရကတော့ အကြီးအကျယ် လွမ်းဆွေးတသသ ဖြစ်တာချည်းပါပဲ။ မြင်သာအောင်ကျလာတဲ့ မျက်ရည်တွေရှိသလို ရင်ထဲမှာငိုနေသူတွေဟာ ဒုနဲ့ဒေးပါပဲ။ သွားနှင့်သူကိုအကြောင်းတိုက်ဆိုင်မှုရှိတိုင်း ဖျက်ခနဲသတိရလိုက်တာမျိုး၊ အထိမ်းအမှတ်နှစ်လည်တွေမှာ တသသဖြစ်ကြရတာ သဘာဝလို့ပဲ ဆိုပါရစေ။

    ကျွန်မဘဝမှာ တသသဖြစ်ခဲ့ဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိခဲ့တယ်။ ကဗျာဆရာမ ခရစ္စတီးနားရိုဇေး (Christina Rosetti) ရဲ”့တေးသွား”ဆိုတဲ့ ကဗျာရဲ့စာသားတစ်ချို့ကို ဆယ်ကျော်သက်ဘဝကတည်းက နှစ်ခြိုက်စွဲလမ်းခဲ့မိတယ်။

    ချစ်သူရယ် ကိုယ်သေဆုံးသွားတဲ့အခါ
    ကိုယ့်ရဲ့မြေပုံမှာ နှင်းဆီပန်းလှလှလေးတွေ စိုက်ပျိုးမထားပါနှင့်၊
    စိမ်းလန်းတဲ့ မြက်ပင်လေးတွေသာ ရှိပါစေ။
    ကိုယ့်အတွက် ကြေကွဲတေးတွေမဆိုပါနှင့်နော်၊
    နိုက်တင်ဂေးလ်ဌက်ကလေးတွေပဲ လွမ်းတေးသီပါစေ။
    ကိုယ့်ကိုတမ်းတပြီး လွမ်းမနေပါနှင့်ကွယ်၊
    ဘာဖြစ်လို့လဲဆိုတော့
    ကိုယ်ကလည်း ချစ်သူကို သတိရချင်မှ ရမှာဖြစ်သလို
    ချစ်သူကလည်း ကိုယ့်ကိုမေ့ချင်မေ့သွားမှာပါ တဲ့။

    ဒါက အဲဒီဂန္တဝင်ကဗျာလေးရဲ့ စာသားတချို့ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ လက်တွဲဖြုတ်သွားသူနှင့် ကျန်ရစ်သူတွေ အကြား ဖြေသိမ့်နိုင်မယ့် စကားလုံးလေးတွေ အလွမ်းဖြေကြရစမြဲပေါ့။ ရင်ထဲကအလွမ်းတွေကို ရေးချပြလိုက်တဲ့အခါ တစ်ဖက်သားမသိနိုင်တော့ဘူးဆိုပေမယ့် ခံစားနေရသူ ရင်ပေါ့သလိုတော့ ဖြစ်သွားနိုင်ပါတယ်။ ဖတ်မိသူတွေ မျှဝေခံစားခြင်း မခံစားကတော့ တစ်ကဏ္ဍပေါ့လေ။

    ၂၀၁၅ ဖေဖော်ဝါရီလမှာ သားသမီးနှင့်မြေးလေးရှိတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အလည်အပတ်ရောက်ခဲ့တယ်။ ခါတိုင်းနှစ်တွေမှာတော့ နွေရာသီအားလပ်ရက်တွေကိုရွေးပြီး သွားလေ့ရှိပေမယ့် ဒီနှစ်တော့ နှစ်သစ်ကူးချိန်နှင့် တိုက်ဆိုင်နေတာမို့ The Star သတင်းစာပါ အထူးဆောင်းပါးတွေကို ဖတ်ဖြစ်တယ်။ ဒါ့အပြင် လွမ်းလွမ်းဆွေးဆွေးဖွဲ့နွဲ့ထားတဲ့ စာသားလေးတွေကိုဖတ်ရင်း ခံစားရပါတယ်။ စာဖတ်သူအနေနှင့်တော့ မျှဝေခံစားလိုရင်တော့ ကိုယ့်ဆန္ဒအတိုင်းပါပဲနော်။

    စာသားတွေမှာတော့ လက်တွဲဖြုတ်သွားတဲ့ ကိုယ့်ရဲ့ဘဝလက်တွဲဖော်ဇနီး၊ ခင်ပွန်း၊ သံယောဇဉ်ကြီးလှတဲ့အမေ၊ အဖေ၊ သားသမီးနှင့် မိတ်ဆွေရင်းချာ၊ ဆရာသမား စသူတွေ အမျိုးမျိုးပဲပေါ့။

    “ခုတော့မင်းဟာလေနှင့်အတူ၊ သမုဒ္ဓရာနှင့်အတူ၊ သက်တံ ကြယ်လေးတွေနှင့် သဘာဝတရားအားလုံးနှင့် အတူရှိနေပြီပေါ့နော်။

    ဒါပေမယ့်လေ မင်းဟာကိုယ့်ရဲ့အရာခပ်သိမ်းမှာ တစ်စိတ်တစ်ဒေသပါဝင်နေဆဲပါပဲ။

    ဘာဖြစ်လို့လဲ သိလားဟင်၊ မင်းဟာမြေပြင်မှာ စိုက်ပျိုးခဲ့တဲ့ မျိုးစေ့လေးဟာ အချစ်၊ ကြင်နာမှုနှင့် သိက္ခာတရားကို ရှင်သန်နေစေခဲ့တာကြောင့်ပေါ့။

    ပြီးတော့လေ ကိုယ်ဟာမင်းပျိုးထောင်ပေးခဲ့တဲ့အတိုင်း ကြင်နာတတ်တဲ့လူ့အသိုင်းအဝိုင်းတစ်ခုမှာ ကျင်လည်နေရပြီး စကြဝဋ္ဌာကြီးရဲ့ ဖန်ဆင်းရှင်ရယ် ကျေးဇူးတင်လိုက်တာ။ လှပပြီး တန်ဖိုးထားအပ်တဲ့ ဝိညာဉ်တစ်ခုကို လက်ဆောင်အဖြစ်ပေးခဲ့လို့ပါ။”

    မင်းကိုထာဝရလွမ်းဆွေးတသရင်း တန်ဖိုးထားဂုဏ်ယူနေမဲ့…. ချစ်ဇနီး

    “မင်းသိထားတာထက် ပိုပြီးတမ်းတလွမ်းဆွေးနေတယ် ဆိုတာ သိစေချင်လိုက်တာ”
    မင်းရဲ့ထာဝရ လက်တွဲဖော် “ကိုယ်”

    “အချိန်က တို့တစ်တွေရဲ့ ပြင်းထန်တဲ့နှလုံးသားခံစားမှုကို သက်သာရာရအောင်ကူညီပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မယ်။ တို့အားလုံးရဲ့ အချစ်ဆုံးသမီးလေးကို ဆုံးရှုံးလိုက်ရပြီပေါ့။ ဒါပေမယ့်လေ တို့အားလုံးဘယ်လောက်လွမ်းဆွတ်ကြေကွဲနေတယ်ဆိုတာ သူများတွေ မသိနိုင်ပါဘူးကွယ်။ ဒီနှစ်ကူးမှာလေ တို့အားလုံးအထီးကျန်ဝေဒနာကို ခံစားနေကြရတယ်။ သမီးလေးဟာ အခုဆိုရင် လောကဒုက္ခတွေ ကင်းငြိမ်းလို့နေပါပြီ။ ဘုရားသခင်အလိုတော်ရှိမယ်ဆိုရင်လေ၊ လမ်းတွေရဲ့အဆုံးမှာ တို့မိသားစုတွေပြန်ဆုံကြဦးမှာပါ။ တကယ် ပြန်ဆုံကြဦးမှာပါ သမီးလေးရယ်”

    မေ၊ ဖေတို့ရဲ့ အချစ်ဆုံး သမီးလေးအတွက် အလွမ်းပြေ

    အဆုံးမဲ့တမ်းချင်း…. တို့များပြန်ဆုံကြတဲ့အခါ
    ချစ်သူ ချစ်သူရဲ့အမှတ်တရလေးတွေဟာ အပြုံးလေးတစ်ခုကို ဖန်တီးပေးတယ်။
    ချစ်သူ ကိုယ့်ဆီခဏလေးပြန်လာနိုင်ခဲ့ရင်လေ တို့ထိုင်နေကျ ပန်းခြံခုံတန်းလေးမှာထိုင်ပြီး စကားတွေတဝကြီးပြောချင်လိုက်တာ
    ဒါပေမယ့် တကယ့်လက်တွေ့မှာ ချစ်သူမရှိတော့ပါလား ဆိုတဲ့အသိဝင်လာရင် ကိုယ့်ရင်ထဲ ထစ်ခနဲ နာကျင်သွားလိုက်တာ
    ဒါပေမယ့် ချစ်သူရေ ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ ချစ်သူရှိနေတယ်။ တစ်သက်လုံးလည်းရှိနေမယ်။ ဒါကို သူများတကာတွေ သိဖို့မလိုဘူးကွယ်။
    ချစ်သူနှင့် ကိုယ်နှစ်ယောက်တည်း သိတာနော်။
    ချစ်သူကို ကိုယ်အမြဲချစ်နေမယ်။

    ဘုရားသခင်ရဲ့ မင်းရဲ့ ပင်ပန်းနွယ်းနယ်မှုတွေကို မြင်တွေ့လိုက်တော့ နှစ်သိမ့်မှုပေးဖို့အတွက် တီးတိုးဖိတ်ခေါ်လိုက်တယ်။ “ငါအရှင်ဆီလာခဲ့ပါ”တဲ့။
    မျက်ရည်ဖုံးတဲ့မျက်လုံးတွေနှင့် မင်းကိုတို့ အားလုံးကြည့်နေကြတယ်။ တို့သိပ်ချစ်ကြပေမယ့် မင်းကိုဆက်ပြီး ရှင်သန်ဖို့တားလို့ မရခဲ့ပါဘူး။
    ရွှေရောင်နှလုံးသားရဲ့ ရင်ခုန်သံတွေ ရပ်သွားပြီ။ မိသားစုအတွက် အမြဲသွက်လက်လှုပ်ရှားနေတဲ့ မင်းရဲ့လက်ကလေးတွေ အနားရသွားပြီ။
    ဘုရားသခင်ကလေ တို့အားလုံးရဲ့ နှလုံးသားတွေကို ကြေကွဲစေရင်းက
    ဘုရားရှင်တစ်ပါးတည်းကသာ မင်းကိုအကောင်းဆုံးစောင့်ရှောက်နိုင်ကြောင်း သက်သေပြလိုက်တာပါ။
    တို့မိသားစုရဲ့ အရှင်သခင်မ
    ကိုယ့်ရဲ့အချစ်ဆုံး လက်တွဲဖော် သို့။

    သားရေ.. အမေတို့နှင့် အဝေးဆုံးကို ထွက်သွားပြီပေါ့နော်။ ဒါပေမယ့် သားရေ  သားအပြုံး၊ သားရဲ့စကားသံနှင့် လှုပ်ရှားမှု အားလုံးအမေ တွေ့ထိခံစားနေရဆဲပါ သားရယ်။ လူတွေ မသိဘူး။ အမေတစ်ယောက်တည်းသိတယ် သားရယ် နော်။
    အမေ့သားလေးကို သိပ်ချစ်တယ်။

    နှလုံးသားလှတဲ့ ဝိညာဉ်လေးတစ်ခုအဖေ့ရင်ထဲက ထွက်သွားပေမယ့် ဘုရားသခင်ရဲ့ အေးချမ်းတဲ့ရပ်ခွင်မှာ သားလေးရှိနေတယ်ဆိုတဲ့ အသိနှင့် အဖေဖြေသိမ့်နေတယ် သားရယ်။
    သိပ်ချစ်တယ် သား။

    ကိုယ်နှင့် စရိုက်မတူ၊ ရေမြေခြားသည့်တိုင် လူသားဆိုတဲ့ သဘာဝအရ လွမ်းဆွေးတမ်းတကြတာတွေတော့ မခြားနားကြပါဘူးနော်။ စာဖတ်သူ လက်ခံလိုက လက်ခံပါ။ ငြင်းပယ်ချင်လည်း ငြင်းပယ်လိုက်ပါလို့။

    နှင်းဆီခင်