News @ M-Media

Blog

  • နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော

    နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော

    မေ ၂၀၊ ၂၀၁၅
    M-Media

    Vangal

    – မိမိအသင်း၏ လူစာရင်းမှာ ညီမျှမှုမရှိသေးဘဲ လာမည့်ရာသီအတွက် ပြင်ဆင်ရာတွင် နွေရာသီအပြောင်းအရွှေ့မှာ ခက်ခဲမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ လောလောဆယ်တွင် နယ်သာလန်တိုက်စစ်မှူးဒီပေးကို ပေါင် ၂၂.၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီချက် ရရှိထားပြီး အားထားရသည့် ဂိုးသမား ဒီဂီယာနှင့်လည်း ယခုသီတင်းပတ်နှောင်းပိုင်းတွင် သက်တမ်းတိုးရေး ဆွေးနွေးရန် ရှိနေသည်။

    သို့သော်လည်း အငှားဖြင့်လာရောက်ကစားနေသည့် တိုက်စစ်မှူးဖယ်လ်ကာအိုမှာ အသင်းတွင် ဆက်ရှိနေရန် အလားအလာမရှိဘဲ ဗန်ဂါးလ်မှာ အသင်းအား ပြန်ပုံဖော်ရန် စီစဉ်နေသောကြောင့် အခြားသော ကစားသမားများမှာလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာရန်ရှိနေသည်။

    မန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ တစ်နှစ်တာဆုပေးပွဲအခမ်းအနားတွင် ဗန်ဂါးလ်က လာမည့်သီတင်းပတ်များ၌ လုပ်စရာအလုပ် အများအပြားရှိသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အသင်းက ညီမျှမှုမရှိပါဘူး။ ကျွန်တော်တို့ အဆင့်လေးအတွင်းဝင်ခဲ့ပေမယ့် ချန်ပီယံဖြစ်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းကိုလည်း တိုးတက်အောင်လုပ်ရမယ်။ ကစားသမားအများစုအတွက် ခက်ခဲတဲ့နွေရာသီ ဖြစ်မှာပါ။ ဒါပေမယ့် မန်ယူလို ထိပ်တန်းအသင်းကတော့ ဒါမျိုးလုပ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဗန်ဂါးလ်မှာ ယခုရာသီအစပိုင်းတွင် ကစားကွက်စမ်းသပ်မှုများကြောင့် ဝေဖန်ခံခဲ့ရပြီး လာမည့်ရာသီတွင် မိမိအနေဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရာသီအဆုံးအထိ တိုက်ပွဲဝင်သွားပြီး ကaစားသမားများ ၀ယ်ယူရာတွင်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကစားသမားတွေထွက်သွားတာဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ပရိတ်သတ်တွေကတော့ သူတို့ကို မေ့မှာမဟုတ်ပါဘူး”

    Ref: Goal

  • တရုတ်နိုင်ငံသား ၆ ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    တရုတ်နိုင်ငံသား ၆ ဦးကို စီးပွားရေးသူလျှိုမှုဖြင့် အမေရိကန်တရားစွဲ

    မေ ၂၀၊ ၂၀၁၅
    M-Media

    us

    – တရုတ်နိုင်ငံသား ၆ ဦးကို စီးပွားရေး သူလျှိုလုပ်မှုဖြင့် အမေရိကန်က တရားစွဲဆိုလိုက်ပြီး ၎င်းတို့မှာ စစ်ဘက်ဆိုင်ရာ စနစ်များတွင် မကြာခဏ အသုံးပြုလေ့ရှိသည့် နည်းပညာများကို ထုတ်လုပ်ပေးသော ကုမ္ပဏီနှစ်ခုမှ လျှို့ဝှက်ချက်များကို ခိုးယူခဲ့သည်ဟု တရားရေးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တရားစွဲဆိုခြင်းမှာ လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံအတွက် စီးပွားရေး သူလျှိုလုပ်ပေးသည်ဟူသော စွပ်စွဲချက်ဖြင့် တတိယမြောက် တရားစွဲဆိုခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် ထိပ်တန်းအမျိုးသားလုံခြုံရေး စိုးရိမ်မှုအဖြစ် သတ်မှတ်ထားသော ထိုကိစ္စကို
    ပိုမိုအာရုံစိုက်လာသည့် လက္ခဏာလည်းဖြစ်သည်။

    သံသယရှိသူ ၃ ဦးထဲမှ တစ်ဦးဖြစ်သူ အသက် ၃၆ နှစ်အရွယ် ပရော်ဖက်ဆာ ဟွေဇန်းကို စနေနေ့က လော့စ်အိန်ဂျလိစ်သို့ တရုတ်နိုင်ငံမှ လေယာဉ်ဖြင့် ရောက်လာပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားရေးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ အခြား ၅ ဦးမှာ တရုတ်နိုင်ငံအတွင်း ရှိနေမည်ဟု ယုံကြည်ရသည်။

    တီယန်ဂျင်းတက္ကသိုလ်မှ ဟွေဇန်းနှင့် အခြားပရော်ဖက်ဆာ ၂ ဦးကို ၎င်းတို့အလုပ်လုပ်သော ကွန်ပျူတာချစ်ပ်ပြား ထုတ်လုပ်သည့် Avago Technologies Ltd (AVGO.O) နှင့် Skyworks Solutions Inc (SWKS.O) ကုမ္ပဏီများမှ souce code နှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သော သတင်းအချက်အလက် ခိုးယူမှုဖြင့် တရားစွဲဆိုထားသည်။

    အဆိုပါကုမ္ပဏီ ၂ ခုစလုံးမှာ ဆဲလ်ဖုန်း၊ တက်ဘလက်၊ ဂျီပီအက်စ် ကိရိယာများနှင့် စစ်တပ်အက်ပလီကေးရှင်းများတွင် အသုံးပြုသော Film Bulk Acoustic Resonator (FBAR) နည်းပညာကို အဓိကထား ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည်။

    Skyworks ၀န်ထမ်းဟောင်းဖြစ်သော ဇန်းနှင့် အခြားသူများမှာ အမေရိကန် ကုမ္ပဏီများမှ ခိုးယူထားသော လျှို့ဝှက် အချက်အလက်များဖြင့် ဇီယန်ဂျန်းမြို့တွင် ROFS Microsystems ဟူသော ကုမ္ပဏီကို ထောင်ထားသည်ဟု တရားသူကြီးများက ပြောကြားခဲ့သည်။ ၎င်းတို့ ၆ ဦးမှာ အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် အနှစ် ၅၀ အထိ ကျခံရမည်ဖြစ်သည်။

    Ref: Reuters

  • ဇွန်လ ၁ရက်မှစပြီး မိုဘိုင်းဖုန်းများ ငွေဖြည့်တိုင်း ၅% အခွန်ဖြတ်တော့မည်။

    ဇွန်လ ၁ရက်မှစပြီး မိုဘိုင်းဖုန်းများ ငွေဖြည့်တိုင်း ၅% အခွန်ဖြတ်တော့မည်။

    မေ ၂၀ ၊ ၂၀၁၅
    M-Media
    သတင်း-သူရိန်

    11295802_10206829143111974_509535722301994523_n

    လာမည့် ဇွန်လ ၁ရက်နေ့မှစ၍ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ အခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

    ကောက်ခံမည့် အခွန်ရာခိုင်နှုန်းမှာ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ပါက သက်ဆိုင်ရာနှုန်းထား အလျောက် ကောက်ယူသွားမည် ဖြစ်သည်။

    အဆိုပါ ကောက်ခံမှုနှင့် ပတ်သက်၍ မိုဘိုင်းဖုန်း သုံးစွဲသူများအကြား ဝေဖန်မှုအချို့ရှိနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့သော ပြည်ထောင်စု အခွန် ဥပဒေအရ သတ်မှတ်ကောက်ခံခြင်းလည်း ဖြစ်သည်။

    ၁၀၀၀ဖိုး ဖုန်းငွေဖြည့်ပါ ၄၈ကျပ်၊ ၃၀၀၀ ဆိုလျှင် ၁၄၃ကျပ်၊ ၅၀၀၀ ကျပ်ဆိုလျှင် ၂၃၈ ကျပ်၊ ၁၀၀၀၀ကျပ် အတွက် ၄၇၆ကျပ်၊ ၂၀၀၀၀ဖိုးငွေဖြည့်ပါက ၉၅၂ ကျပ် အသီးသီး ဖုန်းငွေဖြည့်သူထံမှ ဖြတ်တောက် ကောက်ခံသွားမည်ဖြစ်သည်။

    အခွန်ငွေကောက်ခံမှုတွင် လက်ရှိ အော်ပရေတာများဖြစ်သည့် MPT၊ MECTEL၊ Ooredoo၊ Telenor သုံးစွဲသူများထံမှ ကောက်ခံမှုပြုမည်ဖြစ်ရာ သက်ဆိုင်ရာ အော်ပရေတာများမှ သုံးစွဲသူများထံ မက်ဆေစ့်များ ပေးပို့လျက်ရှိသည်။

    လက်ရှိအချိန်တွင် မြန်မာပြည်တွင်း မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲမှု တစစ မြင့်မားလျက်ရှိရာ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ ၅၅.၈ရာခိုင်နှုန်းသည် မိုဘိုင်း အင်တာနက်ကို နေ့စဉ် ပျမ်းမျှ တစ်နာရီမှ နှစ်နာရီအတွင်း သုံးစွဲလျက်ရှိကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူတို့၏ အလေ့အထ စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ဖုန်းပြောဆိုခများ အနေဖြင့် အော်ရီဒူးမှ တစ်မိနစ်လျှင် ၂၀ကျပ်ဖြင့် အနည်းဆုံးကောက်ခံနေပြီး တယ်လီနော်မှ ၂၅ကျပ်၊ MPT ဆွေသဟာသည် ၃၅ကျပ် နှင့် သာမန် MPT ဖုန်းများသည် တစ်မိနစ်လျှင် ၅၀ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

    ပြီးခဲ့သည့် ၂၀၁၄ခုနှစ်မှစ၍ နိုင်ငံတကာ အော်ပရေတာ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနော် ပြည်တွင်း အော်ပရေတာဖြစ်သည့် အမ်ပီတီနှင့် ၎င်း၏လက်ခွဲ MECTEL တို့မှ ဆက်သွယ်ရေးနှင့် မိုဘိုင်းဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လာမည့် ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းအော်ပရေတာ အသစ်တစ်ခုဖြစ်သည့် ရတနာပုံ တယ်လီပိုတ်မှလည်း ဆက်သွယ်ရေးနှင့်မိုဘိုင်းဝန်ဆောင်မှုများ ပေးရန် လျာထားကြောင်းသိရသည်။

    ၂၀၀၈ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၈၉တွင် နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည် ဟုဖော်ပြထားပြီး ကုန်သွယ်လုပ်ငန်းခွန်သည် ပုဒ်မ ၉၆ကိုရည်ညွှန်းသော အခြေခံဥပဒေ ဇယား၁ ဘဏ္ဍာရေးနှင့် စီမံကိန်း ကဏ္ဍတွင် ပါဝင်သည်။

  • ရီးယဲလ်မှာ စိတ်ဓာတ်ပြိုလဲခဲ့သည်ဟု ဘာကာနောက်ခံလူပြော

    ရီးယဲလ်မှာ စိတ်ဓာတ်ပြိုလဲခဲ့သည်ဟု ဘာကာနောက်ခံလူပြော

    မေ ၁၉၊ ၂၀၁၅
    M-Media

    baca

    – ရီးယဲလ်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲမှု လာလီဂါ၏အဆုံးအဖြတ်သီတင်းပတ်များတွင် ပေးဆပ်ခဲ့ရခြင်းဖြစ်ပြီး မိမိတို့အသင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် ပိုမိုတောင့်တင်းခဲ့သည်ဟု ဘာစီလိုနာနောက်ခံလူ ဂျယ်ရီမီ မက်သယူးက ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ရာသီဝက်အကုန်တွင် ဘာစီလိုနာအား ၁ ပွဲလျော့ ၁ မှတ်အကွာဖြင့် လာလီဂါဇယားကို ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ဒုတိယရာသီဝက်တွင် ခြေစွမ်း သိသိသာသာကျသွားခဲ့ပြီး အမှတ်များ ဆုံးရှုံးခဲ့သည်။

    ထိုသီတင်းပတ်များတွင် ဘာကာက အမှားအယွင်းမရှိခဲ့ဘဲ လာလီဂါဇယားအား ပြန်လည်ဦးဆောင်နိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးရန် ၁ ပွဲအလို ယခုသီတင်းပတ်တွင် ချန်ပီယံဖြစ်ခဲ့သည်။

    “မက်ဒရစ်ဟာ မာမာကျောကျော တိုက်ပွဲဝင်ခဲ့ပြီး ကျွန်တော်တို့အခြေအနေကိုလည်း ခက်ခဲအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီအဆုံးမှာတော့ သူတို့ စိတ်ဓာတ်ပြိုလဲခဲ့ပါတယ်။ နောက်ဆုံးပွဲတွေမှာ ကျွန်တော်တို့ဟာ ပိုကောင်းခဲ့ပြီး၊ အဆုံးသတ်မှာလည်း ပိုကောင်းခဲ့ပါတယ်” ဟု မက်သယူးက AS သတင်းစာသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဖလားများရရှိရန်အတွက် ဘာကာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုပြီး မက်ဆီကိုလည်း ချီးကျူးခဲ့သည်။

    “ဒီရာသီမှာ မက်ဆီဟာ သူ့ရဲ့ အကောင်းဆုံးပုံစံ ပြန်ရလာတယ်ဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး။ မက်ဆီဟာ ထူးခြားမှုတွေပြုလုပ်နိုင်တဲ့ ကစားသမားတစ်ဦးပါ”

    Ref: Goal

  • ကိုလံဘီယာမြေပြိုမှု လူ ၅၀ ကျော်သေဆုံး

    ကိုလံဘီယာမြေပြိုမှု လူ ၅၀ ကျော်သေဆုံး

    မေ ၁၉၊ ၂၀၁၅
    M-Media

    – ကိုလံဘီယာ အနောက်မြောက်ပိုင်း တောင်းတန်းများ ထူထပ်ရာဒေသတွင် ယမန်နေ့က မြေပြိုမှုကြောင့် အနည်းဆုံး လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    “မြေပြင်လွှာကြီးဟာ လာလီဘိုရီယာနာ လျှိုမြောင်လမ်းကြောင်းအတွင်းကို လျောဆင်းသွားတာပါ။ အဲဒီနောက် ရေကာတာက ရေတွေက ရွှံ့ပြိုဆင်းမှုကိုဖြစ်စေပြီး သူ့လမ်းကြောင်းမှာရှိတဲ့ အရာတိုင်းကို ဖျက်ဆီးသွားတာပါပဲ” ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ဂျိုဆေး အိန်ဂျဲလ် မန်ဒိုဇာက အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    အမျိုးသား သဘာဝဘေးအန္တရာယ်အဖွဲ့ကမူ သေဆုံးသူမှာ ၅၂ ဦးရှိပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့ပြီး၊ ရှာဖွေရေးခွေးများပါဝင်သည့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များမှာလည်း အရည်အတွက်မည်မျှရှိသည်ကို မသိရသေးသည့် ပျောက်ဆုံးနေသူများကို ရှာဖွေနေသည်။

    ကိုလံဘီယာ လေတပ်မှ ရိုက်ကူးထုတ်ပြန်ခဲ့သော ဓာတ်ပုံများတွင် ရွှံ့များဖုံးလွှမ်းနေသော အိမ်များ၊ လမ်းများ၊ မြို့ထဲတွင် အပျက်ဆီးများကို တွေ့ရှိခဲ့ရပြီး ဒေသခံများမှာလည်း အပျက်အဆီးများအကြားတွင် ၎င်းတို့၏ ပိုင်ဆိုင်များကို ရှာဖွေယူငင်နေကြသည်။

    “လူဘယ်လောက်ပျောက်နေလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” ဟု ကိုလံဘီယာသမ္မ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ပြောကြားခဲ့သည်။ ဆန်းတို့စ်မှာ ထိခိုက်ခဲ့ရသည့် နေရာများသို့ သွားရောက်ကာ အပျက်အဆီးများကို ကြည့်ရှုခဲ့ပြီး ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    Ref: Reuters