News @ M-Media

Blog

  • ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဗာတီကန် တရားဝင် အသိအမှတ်ပြု

    ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ဗာတီကန် တရားဝင် အသိအမှတ်ပြု

    မေ ၁၄၊ ၂၀၁၅
    M-Meida

    holy see

    – ပါလက်စတိုင်းအား အသိအမှတ်ပြုမှု ပါဝင်သည့် နိုင်ငံအချင်းချင်း သဘောတူစာချုပ်တစ်ခုကို မကြာခင် လက်မှတ်ရေးထိုးတော့မည်ဟု ဗာတီကန်က ယမန်နေ့တွင် ကြေညာလိုက်သည်။

    အဆိုပါ စာချုပ်ကို ယမန်နေ့တွင် နောက်ဆုံး အပြီးသတ်ခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဦးဆောင်သည့် ဗာတီကန်အစိုးရက ပါလက်စတိုင်းနိုင်ငံအတွက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO နှင့် သံတမန်ဆက်ဆံရေးများကို အပြန်အလှန်ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

    ထိုစာချုပ်က ဗာတီကန်အစိုးရအနေဖြင့် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ပထမဆုံးအကြိမ် တရားဝင် အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။ ဗာတီကန်၏ ပေါ်လစီအရ အစ္စရေး၊ ပါလက်စတိုင်း နှစ်နိုင်ငံအဖြေသာလျှင် မြင့်မြတ်သောနယ်မြေအတွင်း ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု သတ်မှတ်ထားသည်။

    ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ကုလက ပါလက်စတိုင်းအား အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် လေ့လာသူနိုင်ငံအဖြစ် မဲခွဲအသိအမှတ်ပြုခဲ့စဉ်ကလည်း ဗာတီကန်က ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရည်ညွှန်းသုံးနှုန်းခဲ့သည်။

    ဗာတီကန်၏ ထိုသို့အသိအမှတ်ပြုမှုကို ပါလက်စတိုင်းခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။

    “ဗာတီကန်ဆိုတာ နိုင်ငံတစ်ခုသာ မဟုတ်ပါဘူး။ ပါလက်စတိုင်းအပါအ၀င် ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန် သန်းပေါင်းမျာစွာကို ဗာတီကန်က ကိုယ်စားပြုပါတယ်” ဟု ပါလက်စတိုင်း နိုင်ငံခြားရေးရာဌာနမှ အကြီးတန်းအရာရှိဖြစ်သူ ဟူဆမ် ဇွမ်လွတ်က ပြောကြားခဲ့သည်။

    အစ္စရေးနိုင်ငံခြားရေးဌာနကမူ ဗာတီကန်၏ ထိုသို့အသိအမှတ်ပြုမှုမှာ စိတ်ပျက်စရားကောင်းသည်ဟု ပြောကြားခဲ့ပြီး ထိုအသိအမှတ်ပြုမှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးတက်စေမည်မဟုတ်ဟု ဆိုသည်။ ဥရောပနိုင်ငံရှိ လွှတ်တော်များက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် သတ်မှတ်ရန် အစိုးရများအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာသည့် အချိန်ကလည်း အစ္စရေးက ထိုကဲ့သို့ပင် တုံ့ပြန်ခဲ့သည်။ သို့သော်လည်း အစ္စရေးမှ လေ့လာဆန်းစစ်သူများကမူ ဗာတီကန်၏ ထိုဆုံးဖြတ်ချက်က ပိုမိုနာကျင်စေသည်ဟု ဆိုသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ စနေနေ့တွင် ဗာတီကန်သို့လာရောက်လည်ပတ်၍ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် ရှိနေသည်။ တနင်္ဂနွေနေ့တွင်မူ ပါလက်စတိုင်းမှ ခရစ်ယာန်သီလရှင် ၂ ပါးကို ဗာတီကန်က သူတော်စင်အဖြစ် ချီးမြှောက် သတ်မှတ်ပေးမည်ဖြစ်သည်။

    ဒုတိယကမ္ဘာစစ်က နာဇီတို့၏ရန်ကြောင့် အရှေ့ဥရောပမှ ထွက်ပြေးလာခဲ့ရသည့် ဂျူးများက ပါလက်စတိုင်းနယ်မြေထဲသို့ ၀င်ရောက်က အနောက်နိုင်ငံအချို့၏ ထောက်ပံ့မှုဖြင့် ၁၉၄၈ ခုနှစ်တွင် ပါလက်စတိုင်းနယ်မြေ၌ အစ္စရေးနိုင်ငံ ထူထောင်ခဲ့ပြီးနောက် ပါလက်စတိုင်း ပြည်သူများမှာ ၎င်းတို့၏ နေရပ်တွင်ပင် နိုင်ငံမဲ့ ဖြစ်သွားခဲ့ရသည်။

    ထို့အချိန်မှစ၍ အစ္စရေးမှာ ပါလက်စတိုင်းတို့၏ နယ်မြေများအား တစ်ဖြည်းဖြည်းသိမ်းယူကာ ပါလက်စတိုင်းပြည်သူများ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ခွင့်မရအောင် ဆောင်ရွက်ခဲ့သည်။

    ပါလက်စတိုင်းခေါင်းဆောင်များကမူ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာရေးအတွက် ကြိုးစားနေပြီး လက်ရှိအချိန်တွင် ဥရောပမှ နိုင်ငံအချို့အပါအ၀င် နိုင်ငံပေါင်း ၁၃၀ ကျော်က ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။

    Ref: CNN, Press TV, NY Times

  • လူ့အခွင့်အရေးများ၊ ကျန်းမာရေး အသိပညာများကို လူငယ်များ သိရှိစေရန် ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်

    မေ ၁၃၊ ၂၀၁၄
    M-Media
    မိုးစက်
    3
    ရန်ကုန်။    ။ လူ့အခွင့်အရေးဆိုင်ရာ အသိပညာများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အသိများကို လူတိုင်း၏ရင်ထဲသို့ ရောက်ရှိစေလိုသော ရည်ရွယ်ချက်ဖြင့် အနုပညာဆန်စွာ ယင်း အသိပညာများကို ဖျော်ဖြေ ရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ရှိ အစ္စလာမ့်ဓမ္မဗိမာန်တွင်  ပြုလုပ်ကျင်းပသော ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းနှင့် Religions For Peace- Myanmar (ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့) တို့မှ ယနေ့ ပူးပေါင်းတင်ဆက်သည့် ပညာပေးဖျော်ဖြေရေး အစီအစဉ်တွင် ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာနှင်းအေးကိုက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “ကျွန်မတို့က မတူတဲ့လူငယ်တွေကြားမှာ ငြိမ်းချမ်းမှုရရှိအောင်၊ နောက်ပြီး လူငယ်တွေက သူတို့အခွင့်အရေးတွေက ဘာတွေလည်းဆိုတာ သိရအောင်လို့ ယခုလို ဘာသာပေါင်းစုံအဖွဲ့နဲ့ ပူးပေါင်းပြီး လူငယ်တွေကို ပညာပေး အစီအစဉ်တွေ လုပ်နေရတာပါ” ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

    ယင်းပညာပေး ဖျော်ဖြေပွဲအစီအစဉ်တွင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး၊ ကူးစက်ရောဂါကာကွယ်မှု၊ ငြိမ်းချမ်းရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး အစရှိသည်တို့ကို ကဗျာ၊ သီချင်း၊ သံချပ်၊ ပြဇာတ်၊ အကများကို ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှလူငယ်များနှင့်  Religions For Peace- Myanmar (ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့)မှ လူငယ်များက ပူးပေါင်းတင်ဆက် ဖျော်ဖြေခဲ့ပါသည်။

    အစ္စလာမ်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူးဖြစ်သူ အလ်ဟာဂ်ျဦးအေးလွင်ကလည်း ယင်းအခမ်းအနားနှင့် ပတ်သက်၍ “ကျွန်တော်တို့ ဓမ္မဗိမာန်အဆောက်အအုံဆိုတာ အစ္စလာမ်ဘာသာရေး အဆောက်အအုံဖြစ်သော် လည်း ယနေ့အခမ်းအနားမှာ  လူတွေမှာရှိသင့်တဲ့ လူ့အခွင့်အရေးတွေ၊ ကျမ်းမာရေး အသိတွေကို တရားတွေဟော၊ စာအုပ်တွေ ဖတ်ခိုင်းနေမယ့်အစား အခုလို ဘာသာပေါင်းစုံလူငယ်တွေက ပညာပေးဖျော်ဖြေ အစီအစဉ်တွေ လုပ်ပေးခြင်းအားဖြင့် လူတွေရင်ထဲကို ပိုရောက်စေသောကြောင့် ဒီလိုအခမ်းအနားတွေကို ဒီနေရာမှာ လုပ်ခွင့်ပြုထားတာပါ။ တချို့သော ကိစ္စရပ်များနှင့် မကိုက်ညီဘူးထင်ရင် နားလည်ပေးစေလိုပါတယ် ” ဟု ပြောဆိုခဲ့သည်။

    2

    Religions For Peace- Myanmar (ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့)မှ ဥက္ကဌမှလည်း ယနေ့ခေတ်လူငယ်များသည် လူကြီးများထက်ပိုပြီး ဘာသာတရား တစ်ခုနှင့်တစ်ခုအကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ည်ဟု ယုံကြည်ကြောင်း၊ ဘာသာရေးပဋိပက္ခများသည်လည်း နိုင်ငံရေး လှည့်ကွက်များကြောင့် ဖြစ်ရသည်ဆိုတာ ယနေ့ခေတ်လူငယ်များ သိရှိနေပြီဖြစ်သောကြောင့် လူငယ်များအချင်းချင်းရင်းနှီးမှုများ ပိုမို တည်ဆောက်လာနိုင်ကြောင်း ယုံကြည်မိသည်ဟု ယနေ့ခေတ်လူငယ်များ အကြောင်း ပြောဆိုခဲ့သည်။

    ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းနှင့် Religions For Peace- Myanmar (ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့) တို့မှ ပူးပေါင်းတင်ဆက်သည့် ပညာပေးဖျော်ဖြေရေး အစီအစဉ်များအား မြန်မာနိုင်ငံအနှံ့အပြားတွင် ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားပြီး ယခုပြုလုပ်သည်မှာ လေးကြိမ်မြောက်ဖြစ်ကြောင်း သိရပါသည်။

    1 4 5 6

  • အဆုံးသတ်မသေချာမှုတွေနဲ့အတူ ဘာနေဗျူးမှာ ချန်ပီယံလိဂ်အိပ်မက်တွေ ပျက်ပြယ်ခဲ့ရတဲ့ ရီးယဲလ်

    အဆုံးသတ်မသေချာမှုတွေနဲ့အတူ ဘာနေဗျူးမှာ ချန်ပီယံလိဂ်အိပ်မက်တွေ ပျက်ပြယ်ခဲ့ရတဲ့ ရီးယဲလ်

    မေ ၁၄၊ ၂၀၁၅
    M-Media

    juve

    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ရဲ့ပွဲမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးနဲ့ ဂျူဗင်တပ်စ်တို့ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

    အိမ်ကွင်းပီပီ ရီးယဲလ်တို့ ပွဲအစကတည်းက တင်ကစားခဲ့ပြီး ၂၃ မိနစ်မှာ ရော်ဒရီဂက်စ်ကြောင့်ရတဲ့ ပင်နယ်တီကို ရော်နယ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းရဲ့ ကျန်တဲ့အချိန်တွေမှာလည်း ရီးယဲလ်တို့ ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် ပထမအကျော့မှာ အဆုံးသတ်ညံ့ဖျင်းလို့ ဝေဖန်ခံခဲ့ရတဲ့ တိုက်စစ်မှူး ဂါရက်ဘေးလ် ဒီနေ့ပွဲမှာလည်း အဆုံးသတ် မသေချာတာ၊ ဂျူဗီဂိုးသမားနဲ့ နောက်တန်းက အဆင့်ဆင့် ဖြတ်ထုတ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

    ဒုတိယပိုင်းမှာ ဂျူဗီက ပိုကောင်းခဲ့ပြီး ရီးယဲလ်ဂိုးပေါက်ကို ပြန်ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ ၅၇ မိနစ်မှာ ဗီဒဲလ်နဲ့ ပေါ့ဘာတို့ရဲ့ တွဲလုံးကနေတစ်ဆင့် ရီးယဲလ်တိုက်စစ်မှူးဟောင်း မိုရာတာက ချေပဂိုး သွင်းယူခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ ဂျူဗီတို့ ခံစစ်ကို အထိုင်ချကစားသွားခဲ့ပြီး ပွဲဟာ သရေနဲ့ ပြီးဆုံးခဲ့တဲ့အတွက် ဂျူဗီတို့ ချန်ပီယံလိဂ် ဖိုင်နယ်ကို ၈ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပါတယ်။ချန်ပီယံလိဂ်လို့ အမည်ပြောင်းပြီးတဲ့နောက်ပိုင်း ပထမဆုံး ၂ ကြိမ်ဆက်ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ ရီးယဲလ်တို့ရဲ့အိပ်မက်ကတော့ ပျက်ပြယ်ခဲ့ရပါတယ်။

    ရာသီကုန်ရင် အသင်းကထွက်ရမယ်လို့ သတင်းတွေထွက်နေတဲ့ အန်ဆယ်လော့တီက အသင်းဟာ ကံမကောင်းခဲ့ဘူးလို့ ကာကွယ်ခဲ့ပါတယ်။

    “ဒီညမှာ ကျွန်တော်တို့ အကောင်းဆုံးကစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေးတွေများကြီးလည်း ရခဲ့ပါတယ်။ ပွဲအတွင်းမှာ ကျွန်တော်တို့ နည်းနည်းလေး ကံမကောင်းခဲ့ပါဘူး။ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် ဒုတိယဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး” လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ရာသီကုန်မှ အသင်းနဲ့ဆွေးနွေးသွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

    ဂျူဗီနည်းပြ အယ်လီဂရီက ရီးယဲလ်ကိုအနိုင်ရတာဟာ အံ့မခန်းရလဒ်ဖြစ်ပြီး ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

    “ရီးယဲလ်မက်ဒရစ်ကို ဖြုတ်ချခဲ့တာ အံ့မခန်းရလဒ်ပါပဲ။ ကျွန်တော်တို့အသင်းဟာ အခက်အခဲအကျပ်အတည်း အများကြီးကို ကျော်ဖြတ်လာခဲ့ရတာပါ။ မိုနာကိုနဲ့ပွဲကလွဲလို့ ကျွန်တော်တို့ အမြဲတမ်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ အသင်းဟာ ကိုယ်တိုင် အာမခံချက်ရှိနေပြီး တစ်ချိန်လုံး တိုးတက်နေပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကို ရောက်သွားတာဟာ ကျွန်တော်တို့အတွက် တော်တော်လေး ကျေနပ်စရာပါ။ ဒီရလဒ်နဲ့ ကျွန်တော်တို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ တော်တော်ကောင်းခဲ့ပြီး ပထမပိုင်းမှာရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ရမှာပါ” လို့ အလ်လီဂရီနီက ပြောကြားခဲ့ပါတယ်။

    ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာရှိနေတာနဲ့ပတ်သက်လို့ သူက “အဲဒါနဲ့ပတ်သကပြီး တွေးမနေပါဘူး။ ဗုဒ္ဓဟူးနေ့မှာ ကျွန်တော်တို့ဟာ နောက်ထပ်အရေးပါတဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ကိုပါဖိုင်နယ်ကစားရပါမယ်” လို့ ပြောခဲ့ပါတယ်။

    Ref: UEFA.com, Goal

  • ဘိုကိုဟရမ် လက်အောက်မှ တုန်လှုပ်ဖွယ်အတွေ့အကြုံ များ

    ဘိုကိုဟရမ် လက်အောက်မှ တုန်လှုပ်ဖွယ်အတွေ့အကြုံ များ

    မေ ၁၄ ၊ ၂၀၁၅
    M-MediaA woman rescued from Boko Haram in Sambisa forest is seen celebrating her freedom at Malkohi camp for Internally Displaced People in Yola, Adamawa State, Nigeria May 3, 2015. REUTERS/Afolabi Sotunde

    – ဘိုကိုဟရမ်များမှာ လူငယ်လေးများနှင့် အမျိုးသားကြီးများကို ၎င်းတို့၏ မိသားစုများရှေ့၌ သတ်ဖြတ်ခဲ့ကာ အမျိုးသမီးများနှင့် ကလေးငယ်များကို တောထဲသို့ခေါ် သွားခဲ့ပြီးတောထဲအရောက်တွင် အများစုမှာ အစာရေစာပြတ်လတ်ခြင်းနှင့် ရောဂါ ဘယများကြောင့် သေဆုံးခဲ့ရသည်ဟု ဘိုကိုဟရမ်လက်မှ လွတ်မြောက်လာသူများက အစိုးရ ဒုက္ခသည် စခန်းသို့ ပြန်လည်ရောက် လာပြီးနောက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်မှာ နိုင်ငံမြောက်ပိုင်း ဆမ်ဘီဆာ သစ်တောအတွင်း ပြုလုပ်သော အဓိက စစ်ဆင်ရေးတွင် ရာနှင့်ချီသော အမျိုးသမီးနှင့် ကလေးငယ်များကို ဘိုကိုဟရမ်များလက်မှ ပြီးခဲ့သည့် သီတင်းပတ်တွင် ကယ်ဆယ်နိုင်ခဲ့သည်။ ပြန်ပေးဆွဲ ခံထားရသူများအရေးနှင့် ပတ်သက်၍ ထိုစစ်ဆင်ရေးကို နိုင်ငံတကာက အာရုံစိုက်ကြသည်။

    ကယ်ဆယ်နိုင်ခဲ့သူများကို ထရပ်ကားများဖြင့် တင်ဆောင်ကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က နိုင်ငံ အရှေ့ပိုင်း ယိုလာမြို့ရှိ ဒုက္ခသည်စခန်းတွင် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီး ကျွေးမွေးခြင်း၊ ပြုစုကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ၎င်းတို့မှာ သတင်းထောက်များအား ပထမဆုံး အကြိမ်အဖြစ် စကားပြောနိုင်ခဲ့သည်။

    “ကျွန်မတို့ကို တစ်လက်မတောင် ရွေ့ဖို့ မပေးပါဘူး။ အိမ်သာသွားချင်တယ် ဆိုရင်တောင်မှ သူတို့က အနောက်ကလိုက်ပါတယ်။ ကျွန်မတို့ကို နေရာတစ်ခုထဲမှာ ဖမ်းထားတယ်။ ကျွန်မတို့ အကျဉ်းသားဘ၀ ရောက်ခဲ့တာပါ” ဟု လွတ်မြောက်လာ သူများထဲမှ တစ်ဦးဖြစ်သူ အာဆာဘီ အူမာရူက သူမအဖမ်းခံခဲ့ရသည့် အခြေအနေကို ပြောပြခဲ့သည်။

    “ဒီနေ့ အသက်ရှင်ခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့တဲ့ အတွက်လည်း နိုက်ဂျီးရီးယားစစ်တပ်ကို ကျွန်မတို့ ကျေးဇူးတင်ပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    Cicilia Abel (2nd L), from the local government of Michika, rests with her children at the Malkohi camp for the Internally Displaced People after being rescued from Boko Haram in Sambisa forest, in Yola, Adamawa State, Nigeria, May 3, 2015. REUTERS/Afolabi Sotunde

    အမျိုသမီးများနှင့် ကလေးငယ် ၂၇၅ ဦးမှာ စနေနေ့နှောင်းပိုင်းက ဒုက္ခသည်စခန်းသို့ ရောက်လာခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့မှာ ဦးခေါင်းနှင့် ခြေလက်များတွင် ပတ်တီးများ စီးထားကြသည်။

    ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့မှစ၍ ကြာသာပတေးနေ့ အထိ ဘိုကိုဟရမ်၏ ခြေကုပ် စခန်းဖြစ်သည့် အဆိုပါ တောထဲမှ အမျိုးသမီး ၇၀၀ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံး အသုတ်အဖြစ် ပြီးခဲ့သည့် တစ်ပတ် သောကြာနေ့တွင် အမျိုသမီးနှင့် ကလေးငယ် ၂၃၄ ဦးကို ထပ်မံ ကယ်တင်နိုင်ခဲ့သည်။

    “စစ်သားတွေကို တွေ့တဲ့အခါ အကူအညီရဖို့ အတွက် ကျွန်မတို့ လက်တွေကို ဝှေ့ယမ်းပြ ခဲ့ပါတယ်။ အစောင့်ချထားတဲ့ ဘိုကိုဟရမ်တွေက ကျွန်မတို့ကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး နောက်ထပ် ပုန်းခိုဖို့နေရာကို သွားဖို့ ခေါ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ငြင်းဆို ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ စစ်သားတွေက ကျွန်မတို့ကို ကယ်တင်မှာမို့လိုပါပဲ” ဟု အသက် ၂၄ နှစ်အရွယ် ကလေး ၂ ယောက်မိခင် အူမာရူက ပြောကြားခဲ့သည်။

    ဘိုကိုဟရမ်လက်တွင် ဖမ်းဆီးခံထားရသူများမှာ အဟာရချို့တဲ့ခြင်းနှင့် ရောဂါဘယများကို ခံစားနေကြရသည်။

    “နေ့တိုင်း ကျွန်မတို့ထဲက တစ်ယောက်စီ သေတာကို ကျွန်မတို့ မြင်နေရပြီး ကိုယ့်အလှည့်ကို စောင့်နေကြရပါတယ်” ဟု အူမာရူက ထည့်သွင်းပြောကြားခဲ့သည်။

    အခြား အဖမ်းဆီးခံတစ်ဦးဖြစ်သူ စီစီလီယာ အဘဲလ်က သူမနှင့် ကျန်ရှိသည် ကလေးငယ် ၈ ယောက်ကို စစ်သွေးကြွများက တောထဲသို့ အတင်းအဓမ္မ ဖမ်းဆီခေါ်ဆောင်သွားခြင်းမပြုမီ သူမ၏ ခင်ပွန်းနှင့် အကြီးဆုံးသားအား ၎င်းတို့ရှေ့မှာပင် ဘိုကိုဟရမ်တို့က သတ်ပစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Women and children rescued from Islamist militant group Boko Haram in the Sambisa forest by the Nigerian military arrive at an internally displaced people's camp in Yola, Adamawa State, Nigeria, May 2, 2015. REUTERS/Afolabi Sotunde.

    စစ်တပ်များ ရောက်မလာခင် နှစ်ပတ်အရင်က သူမမှာ အစားသောက်ကို ပြည့်ပြည့်၀၀ မစားခဲ့ရ။

    “ကျွန်မတို့ကို နေ့လည်ပိုင်းမှာ ပြောင်းဖူးခြောက်ပဲ ကျွေးပါတယ်။ ဒါဟာ လူတွေအတွက်မကောင်းပါဘူး။ ဖမ်းဆီးခံထားရတဲ့ ကျွန်မတို့ထဲက တော်တော်များများဟာ ဆမ်ဘီဆာ သစ်တောထဲမှာ သေခဲ့ရပါတယ်။ ကျွန်မတို့ကို ကယ်တင်ပြီးတာတောင်မှာ ဒီနေရာကိုလာတဲ့လမ်းမှာ ၁၀ ယောက်လောက် သေဆုံးခဲ့ပါတယ်” ဟု အဘဲလ်က ပြောကြားခဲ့သည်။

    အထူးကုသမှု

    ဘိုကိုဟရမ်လက်မှ လွတ်မြောက်လာသူများ အစိုးရ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီးပြီးချင်း ပေါင်မုန့်များကြွေးကာ လက်ဖက်ရည်ကို မတ်ခွက်နှင့် တိုက်ခဲ့သည်။ ၎င်းတို့ထဲမှ ၁၉ ဦးမှာ အထူးကြပ်မတ် ကုသရန် အတွက် ဆေးရုံတင်ခဲ့ရသည်ဟု အဒါမာဝါပြည်နယ် အရေးပေါ် စီမံ ခန့်ခွဲရေးအေဂျင်စီမှ ဒေါက်တာ မိုဟာမက် အာမင်နူ ဆူလေမန်နီက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်က ၎င်းတို့မှာ ပြီးခဲ့သည့်တစ်ပတ် စနေနေ့က အာဒါမာဝါပြည်နယ်တွင် ကင်းလှည့်နေစဉ် အမျိုးသမီးနှင့် ကလေးငယ် ၂၆၀ ကို တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုအထဲမှ အချို့က စစ်တပ်နှင့် ဘိုကိုဟရမ်တို့ တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာထွက်ပြေခဲ့ကြပြီး အချို့မှာ ပြန်ပေးဆွဲခံခဲ့ရသော်လည်း ဘိုကိုဟရမ်တို့၏ လက်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်က ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့တွင် ဘိုကိုဟရမ်အား အစားသောက်နှင့် လောင်စာဆီ ထောက်ပံ့နေသူ တစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Amnesty International ကမူ နိုက်ဂျီးရီးယား အနောက်ပိုင်းအား သိမ်းပိုက် အုပ်ချုပ်ချင်သည့် ဘိုကိုဟရမ်တို့ ၂၀၁၄ ခုနှစ် အစပိုင်းမှစ၍ ဖမ်းဆီးထားသူ အမျိုးသမီးနှင့် မိန်းကလေးငယ် အရေအတွက်မှာ ၂၀၀၀ ကျော်ရှိသည်ဟု ခန့်မှန်း တွက်ချက်ထားသည်။ အများစုမှာ ထမင်းချက်များ၊ လိင်ကျွန်များ သို့မဟုတ် လူသားတံတိုင်းအဖြစ် အသုံးပြုခံခဲ့ရသည်။

    ယခု လွတ်မြောက်လာခဲ့သူများတွင် လွန်ခဲ့သည့် တစ်နှစ်က ချီဘွတ်ဒေသရှိ စာသင်ကျောင်းမှ ဖမ်းဆီးသွားသည့် ကျောင်းသူ ၂၀၀ ကျော် မပါဝင်သေးပေး။ ထိုပြန်ပေးဆွဲမှုက ၆ နှစ်ကြာ သူပုန်ထနေခဲ့သည့် ဘိုကိုဟရမ်အဖွဲ့အား တစ်ကမ္ဘာလုံးမှ အာရုံစိုက်လာခဲ့သည့် ကိစ္စဖြစ်သည်။

    အူမာရူကမူ ၎င်းတို့အုပ်စုမှာ ချီဘွတ်မှ မိန်းကလေးများနှင့် အဆက်အသွယ်မရဟု ပြောကြားခဲ့သည်။

    အိမ်နီးချင်း ချဒ်၊ ကင်မရွန်း၊ နိုင်ဂျာနိုင်ငံတို့မှ စစ်တပ်များနှင့်အတူ နိုက်ဂျီးရီးယား တပ်ဖွဲ့များမှာ ပြီးခဲ့သည့် ၂ လအတွင် ဘိုကိုဟရမ်များလက်မှ ပိုင်နက်တော်တော်များများကို ပြန်သိမ်းနိုင်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်တွင် ဘိုကိုဟရမ်မှာ ၎င်းတို့၏ သြဇာကို ဘယ်လ်ဂျီယံနိုင်ငံ ထက် ပိုကြီးသည့် ဧရိယာအထိ ဖြန့်ကျက်နိုင်ခဲ့သည်။ သို့သော်လည်း ဇန်န၀ါရီလက စတင် ခဲ့သည့် တန်ပြန်ချေမှုန်းမှုများက ၎င်းတို့အား ဆမ်ဘီဆာ သစ်တောအတွင်းသို့ ရောက်ရှိစေ ခဲ့သည်။ နိုက်ဂျီးယားစစ်တပ်က ဘိုကိုဟရမ်အဖွဲ့မှာ ချောင်ပိတ်မိသွားပြီဟု ယုံကြည်နေပြီး ၎င်းတို့အား ရှင်းလင်းရန် ကြိုးပမ်းမှုမှာ မြေမြှုပ်မိုင်းများကြောင့် နှောင့်နှေးနေသည်။

    မိုဟာမက် ဘူဟာရီအား ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် မေလကုန်ပိုင်းတွင် ရာထူးမှဆင်းတော့မည့် သမ္မတ ဂွဒ်လက် ဂျိုနသန်က နိုက်ဂျီးရီးယားမှာ အကြမ်းဖက် ခြေကုပ်ယူမှု ကင်းစင်သည့် ဒေသအဖြစ်နှင့် အာဏာအား လွှဲအပ်ပေးသွားမည်ဟု ကတိပြုခဲ့သည်။

    ချစားမှုကြီးမားခြင်းနှင့် မြောက်ဘက်ပိုင်းရှိ သူပုန်ထမှုကို ရှင်းလင်းရန် မဆောင်ရွက်နိုင်ခြင်းက ဂျိုနသန်တစ်ယောက် ဘူဟာရီအား ရှုံးနိမ့်ခဲ့ရခြင်း အကြောင်းအရင်းလည်း ဖြစ်နေပေသည်။

    ref: Reuters
    လေးမောင် ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

  • နိုင်ငံတကာ သတင်းတို (မေ ၁၃၊ ၂၀၁၅)

    မေ ၁၃၊ ၂၀၁၅
    M-Media

    ဂါဇာစစ်ရာဇ၀တ်မှုအတွက် အစ္စရေးအား ICC သတိပေး
    ………………………………………………

    ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာအား အစ္စရေးက တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ အစ္စရေးနှင့် ပါလက်စတိုင်းတို့မှ သတင်းအချက်အလက်များကို မရရှိသေးဘဲ ထိုအချက်အလက်များကို မိမိအား ပေးအပ်ရန်အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှ တရားသူကြီး ဖာတူ ဘန်ဆူဒါက ပြောကြားလိုက်သည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုတွင် စစ်ရာဇ၀တ်မှုများ
    ကျူးလွန်ခြင်းရှိခဲ့သည်ဆိုသော ပါလက်စတိုင်း၏ စွပ်စွဲမှုအတွက် ပြည့်ဝသည့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရမလားဆိုသည်ကို ဆုံးဖြတ်သွားမည်ဟုလည်း အစ္စရေးအား သတိပေးခဲ့သည်။

    လက်ထပ်ရန်ငြင်းပယ်သည့် အိန္ဒိယအမျိုးသမီးကို ရွာက ဒဏ်ရိုက်
    ……………………………………………

    အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စတန်ပြည်ရှိ ရွာတစ်ရွာတွင် အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက အမျိုးသားတစ်ဦးအား လက်ထပ်ရန် ငြင်းပယ်ခဲ့သည့်အတွက် အဆိုပါမိန်းကလေးနှင့် မိသားစုတို့ကို ရပ်ရွာကောင်စီက ၀ိုင်းကျင်ခဲ့ပြီး ဒဏ်ငွေ ရူပီး ၁.၆ သန်း
    (ကန်ဒေါ်လာ ၂၅၀၀၀) ဒဏ်ရိုက်ခဲ့သည်။ ထိုအမျိုးသားနှင့် လက်ထပ်ရန် အသက် ၁၁ လ အရွယ်ကတည်းက မိဘများမှ သဘောတူထားခြင်းဖြစ်ပြီး ထိုအမျိုးသမီးမှာ အသက် ၁၆ နှစ်အရွယ်မှ ထိုကိစ္စကို သိခဲ့ခြင်းဖြစ်သည်။

    ဘူရန်ဒီတွင် စစ်တပ်အာဏာသိမ်း
    ………………………………….

    အခြေခံဥပဒေနှင့်ဆန့်ကျင်ကာ သမ္မတအဖြစ် တတိယသက်တမ်းကို ထမ်းဆောင်ရန် ကြိုးစားနေသည့် သမ္မတ ပီရီ အန်ကူရန်ဇီဇာကို ဖြုတ်ချလိုက်ပြီဟု ဘူရန်ဒီ စစ်တပ်က ယနေ့တွင် ကြေညာလိုက်သည်။ ထိုသတင်းကို ရုပ်သံမှ ကြေညာခဲ့ပြီးနောက် ဘူရန်ဒီပြည်သူများက လမ်းမများပေါ်သို့ထွက်၍ အောင်ပွဲခံခဲ့ကြသည်။

    Ref: News Agencies