News @ M-Media

Blog

  • မြင်နေရသည်ကို စိတ်မချမ်းသာသည့်အတွက် ရှူးမိတ်ကာ၏ ပိုင်ဆိုင်မှုအချို့ကို ဇနီးဖြစ်သူ ရောင်းချ

    မြင်နေရသည်ကို စိတ်မချမ်းသာသည့်အတွက် ရှူးမိတ်ကာ၏ ပိုင်ဆိုင်မှုအချို့ကို ဇနီးဖြစ်သူ ရောင်းချ

    မေ ၉၊ ၂၀၁၅
    M-Media

    schumacher-main

    – ၂၀၁၃ ခုနှစ်က မတော်တဆဖြစ်ရင်း ဦးနှောက်ထိခိုက်ကာ သတိပြန်မလည်လာသေးတဲ့ ကမ္ဘာ့ ပြိုင်ကားမောင်းချန်ပီယံဟောင်း ဂျာမန်နိုင်ငံသား မိုက်ကယ် ရှူးမိတ်ကာတစ်ယောက် အပြည့်အ၀ ပြန်ကောင်းလာမှာ မဟုတ်ဘူးဆိုတဲ့သတင်း ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ ရှူးမိတ်ကာရဲ့ ဇနီးဖြစ်သူက ပေါင် ၂၅ သန်းတန် ဂျက်လေယာဉ်နဲ့ နွေရာသီ အပန်းဖြေအိမ်တို့ကို ရောင်းချလိုက်ပါတယ်။

    ရှူးမိတ်ကာဟာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းမှာ ရေခဲပြင်စကိတ်စီးရင်း မတော်တဆ ပြုတ်ကျခဲ့ပြီးနောက် ခေါင်းကို ထိသွားခဲ့တာပါ။ အဲဒီအချိန်ကစပြီး သတိပြန်မလည်လာတော့ပဲ ဆေးကုသမှုခံနေရပြီး နီးစပ်သူတွေကတော့ ရှူးမိတ်ကာကို ကုသမှုမှာ တိုးတက်မှု နည်းနည်းပဲရှိတယ်လို့ ဆိုပါတယ်။

    ဇနီးဖြစ်သူ ကိုရင်နာက ရှူးမိတ်ကာရဲ့ ပေါင်း သန်း ၅၀၀ လောက်တန်ဖိုးရှိတဲ့ စီးပွားရေးတွေကို ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဂျက်လေယာဉ်နဲ့ နော်ဝေက အပန်းဖြေအိမ်ကို ရောင်းရတဲ့ အကြောင်းအရင်းကတော့ ရှူးမိတ်ကာတစ်ယောက် သူ့ရဲ့ ဂျက်လေယာဉ်ကို ဘယ်တော့မှ ပြန်စီးနိုင်တော့မှာမဟုတ်ဘဲ အပန်းဖြေအိမ်ကိုလည်း ဘယ်တော့မှ ပြန်သွားနိုင်တော့မှာ မဟုတ်တာကြောင့် ဒါတွေကို မြင်နေရတာဟာ စိတ်မချမ်းသာစေတဲ့အတွက် ဖြစ်တယ်လို့ ဂျာမန်မဂ္ဂဇင်း Bunte က ရေးသားဖော်ပြခဲ့ပါတယ်။

    နောက်ပြီး ရှူးမိတ်ကာမတော်တဆဖြစ်ခဲ့ရာ နေရာက သူပိုင်တဲ့ သစ်သားအပန်းဖြေအိမ်ကိုလည်း ရေားင်းချဖို့ ကိုရင်နာက စီစဉ်နေပါတယ်။

    ဆရာဝန်တွေက ရှူးမိတ်ကာဟာ အနည်းငယ်ပဲ ပြောင်းလဲမှုရှိပြီး ကျန်တဲ့သက်တမ်းတစ်လျှောက်လုံးမှာ လှုပ်ရှားနိုင်တော့မှာ မဟုတ်သလို၊ စကားလည်း ပြောနိုင်တော့မှာ မဟုတ်ဘူးလို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။

    အခုလက်ရှိမှာတော့ ရှူးမိတ်ကာကို ဆွဇ်လန်က နေအိမ်မှာ ဆရာဝန်အဖွဲ့၊ သူနာပြုတွေ၊ နားလည်တတ်ကျွမ်းသူတွေနဲ့ ပြုစုကုသနေပါတယ်။

    Ref: Mirror

  • သီရိလင်္ကာမှ ဘာသာရေးအစွန်းရောက်အဖွဲ့ ပါတီထောင်မည်

    သီရိလင်္ကာမှ ဘာသာရေးအစွန်းရောက်အဖွဲ့ ပါတီထောင်မည်

    မေ ၉၊ ၂၀၁၅
    M-Media

    sirilanka

    – သီရိလင်္ကာနိုင်ငံမှ ဆင်ဟာလီ ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့တစ်ခုဖြစ်သည့် ဘိုဒုဗလသေန BBS အဖွဲ့က ၎င်းတို့မှာ နိုင်ငံရေးပါတီတစ်ခု ထောင်သွားမည်ဟု ယခုသီတင်းပတ်တွင် ကြေညာလိုက်သည်။

    ဗုဒ္ဓဘာသာဝင်အများစုရှိရာ သီရိလင်္ကာနိုင်ငံတွင် အာဏာပိုမိုကြီးထွားစေရန် ဆောင်ရွက်နေသည့် BBS အဖွဲ့မှာ ယခင်က သီရိလင်္ကာ အာဏာရပါတီ SLFP နှင့် နီးကပ်သည့်ဆက်ဆံရေး ရှိခဲ့သော်လည်း သမ္မတဟောင်း မာဟင်ဒါ ရာဂျာ ပက်ဆာ ဖြုတ်ချခံလိုက်ရသည်မှာ
    ထိုဆက်ဆံရေးကြောင့်ဟု ပြောကြားမှုများ ရှိခဲ့သည်။

    ဇန်န၀ါရီ ရွေးကောက်ပွဲတွင် SLFP မှာ ရှုံးနိမ့်ခဲ့ပြီး ရာဂျာပက်ဆာမှာလည်း ပြုပြင်ပြောင်းလဲရေးသမား မိုင်သရီပါလာ ဆရီဆီနာ၏ ဖြုတ်ချခြင်းကို ခံခဲ့ရသည်။

    “BBS ဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေး နိုင်ငံရေးပါတီထူထောင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆွေးနွေးခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ BBS ဟာ ဘယ်နိုင်ငံရေး ပါတီကိုမှ ထောက်ခံသွားမှာ မဟုတ်ပါဘူး။ BBS ကို စွပ်စွဲချက်တွေ အမျိုးမျိုးရှိနေပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံရေးပလက်ဖောင်း မရှိပါဘူး။ နိုင်ငံရေးပါတီဖွဲ့ဖို့ တောင်းဆိုမှု ကြီးကြီးမားမား ရှိနေပြီး
    လူတော်တော်များများကလည်း ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု BBS အမှုဆောင်တာဝန်ရှိသူ ဒီလန်သာ ၀ီသာနာဂီက ပြောကြားခဲ့သည်။

    ထို့ပြင် လွှတ်တော်အမတ်များမှာ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သည့်အတွက် မိမိတို့အဖွဲ့မှာ စိတ်မချမ်းမသာဖြစ်ရကြောင်း၊ BBS အား တိုက်ရိုက်စွပ်စွဲမှုများကို ကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း
    ပြောကြားခဲ့သည်။

    “BBS ဟာ ဘာသာရေးဆိုင်ရာတိုက်ခိုက်မှုတွေ၊ ဘာသာရေးဆိုင်ရာ လူ့အဖွဲ့အစည်းတွေအကြား သဟဇာတမဖြစ်အောင် လုပ်ဆောင်ရာမှာ ပါဝင်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွဲ့အစည်းအဖြစ် တိုက်ခိုက်ပြောဆိုမှုတွေ ရှိနေပါတယ်”

    BBS၊ ဆင်ဟလာ ရာဝါယာ၊ ရာဝါနာ ဘာလာယာနှင့် သီရိလင်္ကာရှိ အခြားသော ဗုဒ္ဓဘာသာအဖွဲ့စည်းများမှာ နိုင်ငံအတွင်း ဘာသာရေးအစွန်းရောက်ဝါဒ ကြီးထွားလာမှုအတွက် အပြစ်တင်ခံနေရသည့် အဖွဲ့များဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကာ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် မွတ်စလင်ဆန့်ကျင်ရေး
    တိုက်ခိုက်မှုပြီးနောက် တင်းမာမှုများမှာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

    ၀ီသာနာဂီကမူ ၎င်းတို့တည်ထောင်မည့် နိုင်ငံရေးပါတီမှာ ဗုဒ္ဓဘာသာဝင်များ၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ဟာ BBS ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းသွားမှာမဟုတ်ဘဲ သီးခြားပါတီ ထောင်သွားမှာပါ။ BBS ကတော့ နိုင်ငံရေးအဖွဲ့အနေနဲ့ ဆက်ရှိနေမှာဖြစ်ပါတယ်” ဟု ဆိုသည်။

    BBS မှာ ပြီးခဲသည့်နှစ်က မွတ်စလင်နှင့် ခရစ်ယာန်များကို ဆန့်ကျင်သော မြန်မာနိုင်ငံမှ ၉၆၉ အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

    သီရိလင်္ကာရှိ လူနည်းစုအချို့ကမူ အဆိုပါ အစွန်းရောက် ဗုဒ္ဓဘာသာပါတီကို ဘာသာရေးတင်းမာမှုများ လှုံ့ဆော်ပေးရန်အတွက် မလွဲဧကန် အသုံးချသွားမည်ဟု ခံစားနေရသည်။

    “လူတိုင်းက ပါတီထောင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူတို့က အမုန်းတရားတွေ၊ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေဖြန့်ဖို့ ပါတီထောင်မှာပါ။ BBS ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက ဘာသာရေးလူနည်းစုတွေကို တိုက်ခိုက်ဖို့ ဥပဒေကို သူတို့လက်ခုပ်ထဲကရေ ပုံစံမျိုး လုပ်ခဲ့ပါတယ်” ဟု အမည်မသိအဖွဲ့များ၏ တိုက်ခိုက်မှုများကို အကြိမ်များစွာ ခံခဲ့ရသည့် ဒမ်ဘူလာ
    ဗလီဝတ်ကျောင်းတော်မှ အဖွဲ့ဝင်ဖြစ်သူ ဆင်မ် ဆလီမ်း ဘီန်းက ပြောကြားခဲ့သည်။

    Ref: ucanews

  • မက်ဆီရှိလျှင် အင်္ဂလန်ကလပ်များ ချန်ပီယံလိဂ်ရမည်ဟု မော်ရင်ဟိုပြော

    မက်ဆီရှိလျှင် အင်္ဂလန်ကလပ်များ ချန်ပီယံလိဂ်ရမည်ဟု မော်ရင်ဟိုပြော

    မေ ၉၊ ၂၀၁၅
    M-Media

    messi

    – ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းမှ တစ်သင်းသင်းတွင် မက်ဆီရှိနေပါက ထိုအသင်းမှာ ချန်ပီယံလိဂ်ဖလားကို ရရှိလိမ့်မည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မက်ဆီမှာ ဘိုင်ယန်မြူးနှစ်နှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမကျော့တွင် ဘာကာအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ကာ နေးမာအတွက် ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။ မော်ရင်ဟိုကမူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု လေးကြိမ်ရ မက်ဆီအား ချီးကျူးခဲ့ပြီး ပရီးမီးယားလိဂ်မှ ထိပ်တန်းအသင်းများကို ဥရောပ အောင်မြင်မှုရရှိရန် ဆောင်ကျဉ်းပေးနိုင်သူဟ ပြောကြားခဲ့သည်။

    “မက်ဆီရှိတဲ့ မန်စီးတီးအသင်း၊ မက်ဆီပါတဲ့ အာဆင်နယ်အသင်း၊ ချယ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတွေဟာ ချန်ပီယံလိဂ် ရနိုင်တယ်ဆိုတာကို ခင်ဗျား သံသယရှိလား။ ရနိုင်မယ်လို့ ခင်ဗျား မထင်ဘူးလား။ ကျွန်တော်ကတော့ ထင်တယ်။ တစ်ဖက်က သာမန်ဘောလုံးအသင်း နောက်တစ်ဖက်က မက်ဆီပါတဲ့အသင်း။ ဒါဟာ မတူညီတဲ့ ဇာမ်လမ်းတစ်ခုပါပဲ” ဟု မော်ရင်ဟိုက
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီမှာ ဂွါဒီယိုလာနှင့် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ကစားခဲ့ဖူးပြီး ယေဘူယျအားဖြင့် ယခုနှစ်တွင်လည်း လူးဝစ်အန်းရစ်နှင့် ချန်ပီယံလိဂ်ဖိုင်နယ်ကို ကစားရတော့မည်ဖြစ်ကြောင်း မက်ဆီရှိသည့် ဘယ်နည်းပြမဆို ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ဘိုင်ယန်နည်းပြ ဂွါဒီယိုလာကမူ မက်ဆီအား ရပ်တန့်ရန် မည်သည့်စနစ်မှ မရှိဟု ပြောကြားခဲ့သော်လည်း မော်ရင်ဟိုကမူ မိမိအနေဖြင့် မက်ဆီအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သိသည်ဟု ဆိုသည်။

    “မက်ဆီနဲ့တွေ့တဲ့ပွဲတိုင်း သူ့ကိုတားဆီးဖို့ နာရီများစွာ ကြိုးစားလေ့လာခဲ့ပါတယ်။ အကြိမ်တော်တော်များများ ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ အခြားအချိန်တွေမှာတော့ မအောင်မြင်ခဲ့ပါဘူး။ အင်တာနဲ့အတူ ကျွန်တော်တို့ဟာ သူ့ကို ဆီးမီးဖိုင်နယ် ၂ ပွဲစလုံးမှာ တားဆီးနိုင်ခဲ့ပါတယ်”

    Ref: Goal

  • ဒုက္ခသည်နိုင်ငံခြားသားများအား တောင်အာဖရိက ဖမ်းဆီး

    ဒုက္ခသည်နိုင်ငံခြားသားများအား တောင်အာဖရိက ဖမ်းဆီး

    မေ ၉၊ ၂၀၁၅
    M-Media

    south

    – မြို့တော် ဂျိုဟန်နစ္စဘတ်ရှိ ခရစ်ယာန်ဘုရားကျောင်းအပါအ၀င် နိုင်ငံခြားသားများ ခိုလှုံရာ အဆောက်အဦးများကို တောင်အာဖရိက လုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့တွင် ၀င်ရောက်စီးနင်းခဲ့ကြပြီး အနည်းဆုံး နိုင်ငံခြားသား ၄၀၀ ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    စစ်တပ်နှင့် ရဲတို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ပြီး တောင်အာဖရိက ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကတ်လီဂို မိုဂါလီက ထိုဖမ်းဆီးမှုမှာ တောင်အာဖရိက ပြည်ထဲရေးဝန်ကြီးဌာနမှ ပြုလုပ်သည့် တရားမ၀င်နိုင်ငံခြားသားများအား ဖမ်းဆီးသော ရာဇ၀တ်မှုတားဆီးရေး လှုပ်ရှားမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဗဟိုရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ သူတွေအားလုံးကို သူတို့ရဲ့ စာရွက်စာတမ်းတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာနက စီစစ်သွားမှာပါ” ဟု မိုဂါလီက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ဖမ်းဆီးမှုတွင် ပဋိပက္ခအနည်းငယ် ဖြစ်ပွားခဲ့ပြီး ဒေသတွင်းမီဒီယာများကမူ ဖမ်းဆီးခံရသူမှာ ၅၀၀ ကျော်သည်ဟု ဖော်ပြခဲ့ကြသည်။ မိုဂါလီက အရေအတွက်အတိအကျကို ပြောကြားခဲ့ခြင်း မရှိချေ။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဒါဘန်နှင့် ဂျိုဟန်နစ္စဘတ်မြို့များ၌ နိုင်ငံခြားသားမုန်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ကာ နိုင်ငံခြားသားပိုင် ဆိုင်များလည်း လုယက်ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုများကြာင့် နေထိုင်ရာနေရာကို စွန့်ကာ ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်နေရသူ နိုင်ငံခြားသားများမှာလည်း ထောင်နှင့်ချီ၍ ရှိသည်။

    ယမန်နေ့က စီးနင်းဖမ်းဆီးမှုတွင် နိုင်ငံခြားသား ဒုက္ခသည်များကို ခိုလှုံခွင့်ပေးထားသော ဂျိုဟန်နစ္စဘတ် မြို့လယ်ကောင်ရှိ မက်သဒစ် ဘုရားကျောင်းလည်း ပါဝင်သည်။ အဆိုပါ ဘုရားကျောင်းမှာ လူ ၆၂ ဦးသေဆုံးခဲ့သည့် ၂၀၀၈ ခုနှစ် နိုင်ငံခြားသားမုန်း တိုက်ခိုက်မှုတွင်
    ထောင်ချီသော နိုင်ငံခြားသားများကို ကယ်တင်ခဲ့သည့်နေရာ ဖြစ်သည်။ အများစုမှာ ဇင်ဘာဘွေ နိုင်ငံသားများဖြစ်ပြီး ထိုအချိန်မှစ၍ ရာနှင့်ချီသော နိုင်ငံခြားသားများမှာ အဆိုပါ ဘုရားကျောင်းတွင် ဆက်လက် နေထိုင်ခဲ့ကြသည်။

    နိုင်ငံခြားသားများကို ခိုလှုံခွင့်ပေးထားသည့် အဆိုပါဘုရားကျောင်း၏ ၀င်ပေါက်နေရာများမှာ ဖျက်ဆီးခံခဲ့ရပြီးနောက် ဘုရားကျောင်းကလည်း ဒုက္ခသည်များ ထွက်ခွာသွားရန် ကြေညာထားသည်။

    တောင်အာဖရိကအစိုးရ၏ ထိုသို့ ဖမ်းဆီးမှုအတွက် အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြပြီး နိုင်ငံတော်ကျောထောက်နောက်ခံပြု နိုင်ငံခြားသားမုန်း လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

  • နေ့လည်စာနောက်ကျမှုကြောင့် ကစားသမား ၁၀ ဦးအား ဗန်ဂါးလ် ဒဏ်ငွေရိုက်

    နေ့လည်စာနောက်ကျမှုကြောင့် ကစားသမား ၁၀ ဦးအား ဗန်ဂါးလ် ဒဏ်ငွေရိုက်

    မေ ၉၊ ၂၀၁၅
    M-Media

    mu

    – စည်းကမ်းကြီးသည့် နည်းပြဗန်ဂါးလ်းမှာ မိမိနှင့် ကစားသမား ၁၀ ဦးကို နေ့လည်စာအချိန် ၁ မိနစ်ခန့် နောက်ကျသည့်အတွက် ဒဏ်ငွေရိုက်ခဲ့သည်ဟု မန်ယူကွင်းလယ်လူ ဖယ်လိုင်နီက ဖွင့်ဟ ပြောကြားလိုက်သည်။

    ဗန်းဂါးလ်မှာ ၎င်း၏ နည်းပြသက်တမ်းတစ်လျှောက် စည်းကမ်းတင်းကျပ်သည့်နေရာတွင် နာမည်ကျော်ပြီး အိုးထရက်ဖို့ဒ်သို့ ရောက်ရှိလာသည့်အချိန်တွင်လည်း ထိုကဲ့သို့ပင် ကျင့်သုံးခဲ့သည်။

    ဖယ်လိုင်နီကမူ မိမိအနေဖြင့် ဗန်ဂါလ်းလက်အောက်တွင် နေရာပြန်ရလာသည့်အတွက် ပျော်ရွှင်မိသော်လည်း နေ့လည်စာစားချိန် နောက်ကျသည့်အတွက် ဗန်ဂါလ်း၏ အမြတ်ထွက်ခြင်းကို ခံခဲ့ရကြောင်း ၀န်ခံခဲ့သည်။

    “တစ်နေ့မှာ လေ့ကျင့်ခန်းအပြီး နံနက်စာစားဖို့ ကျွန်တော်နဲ့ ကစားသမား ၁၀ ယောက် ၁ မိနစ်လောက် နောက်ကျသွားပြီး သူက ဆူတော့တာပါပဲ။ ခင်ဗျားတို့ကတော့ တစ်မိနစ်ဆိုတာ ဘာမှမဟုတ်ဘူးလို့ ထင်မှာပေါ့။ လေ့ကျင့်ခန်းအတွက်မှမဟုတ်တာ။ စားဖို့အတွက်ပဲလေ။ ဒါပေမယ့် သူ့အတွက်တော့ အရေးကြီးပါတယ်။ ပြီးတော့ ဒဏ်ငွေလည်း ရိုက်ပါတယ်။ နောက်ကျတဲ့သူတွေကို ဒီလိုဒဏ်ရိုက်သလို၊ အနီကဒ်အတွက်လည်း ဒဏ်ငွေရိုက်ပါတယ်။ ဆိုးရွားတဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက်လည်း
    ဒဏ်ငွေပေးရပါတယ်” ဟု ဖယ်လိုင်နီက Daily Mirror သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဖယ်လိုင်နီက နည်းပြဟောင်းမိုယက်စ်အား ၂၀၁၄ ခုနှစ် ဧပြီလ၌ မန်ယူက ထုတ်ပယ်ခဲ့သည့် အချိန်တွင် မိမိမှာ မျက်ရည်ကျခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “သူထွက်သွားတော့ ကျွန်တော် ၀မ်းနည်းခဲ့ပါတယ်။ ကျွန်တော် ကန်တင်းထဲဝင်လာတဲ့အခါ သူ့ကို အားကစားဝတ်စုံအစား ရိုးရိုးဝတ်စုံနဲ့တွေ့ပါတယ်။ ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး စကားပြောပါတယ်။ ကျွန်တော် မျက်ရည်ကျခဲ့ပြီး လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် ဒါဟာ သာမန်ပါပဲ။ ကျွန်တော် သူနဲ့ ၄ နှစ် အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျွန်တော့်ရဲ့ ဒုတိယဖခင် မဟုတ်ပေမယ့် အဲလောက်နီးနီးပါပဲ။ သူ ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့ပါတယ်”

    Ref: Goal