News @ M-Media

Blog

  • နီပေါငလျင်ကူညီမှုအတွင်း အမေရိကန် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံး

    နီပေါငလျင်ကူညီမှုအတွင်း အမေရိကန် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံး

    မေ ၁၃၊ ၂၀၁၅
    M-Media

    – နီပေါတွင် ယမန်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသော နေရာအနီးရှိ ငလျင်ဒဏ်ခံပြည်သူများထံသို့ ဆန်များနှင့် ရွက်ဖျင်တဲများ သွားရောက်ပေးပို့သည့် အမေရိကန် မရိန်းတပ်ဖွဲ့မှ ရဟတ်ယာဉ် တစ်စီးမှာ ယမန်နေ့က ပျောက်သွားခဲ့သည်ဟု သိရသည်။

    အပေါ့စား တိုက်ခိုက်ခိုက်ရေးယာဉ်ဖြစ်သော အဆိုရဟတ်ယာဉ်တွင် မရိန်းစစ်သား ၆ ဦးနှင့် နီပေါစစ်သား ၂ ဦးတို့ လိုက်ပါသွားသည်။

    ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စတီဗ် ၀ါရန်က အခင်းဖြစ်ပွားရာနေရာမှ အစီရင်ခံစာတွင် အမေရိကန်စစ်ဘက် တာဝန်ရှိသူများနှင့် အဆက်အသွယ်မပြတ်တောက်ခင် အဆိုပါ ရဟတ်ယာဉ်မှ အမှူထမ်းများ လောင်စာဆီ ပြဿနာနှင့် ပတ်သက်၍ ပြောကြားနေမှုများကို ငလျင်ဒဏ်ခံဒေသတွင် လုပ်ငန်းများဆောင်ရွက်နေသည့် အိန္ဒိယ ရဟတ်ယာဉ်တစ်စင်းက မတော်တဆ ကြားခဲ့ရသည်ဟု ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုရဟတ်ယာဉ်မှာ လောင်စာဆီနည်းခြင်း၊ သို့မဟုတ် ဆီပိုက်လိုင်းတွင် ပြဿနာရှိခြင်း စသဖြင့် မည်သည့် ပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုလေယာဉ်အား မရိန်းတပ်ဖွဲ့မှ လေယာဉ်တစ်စီးဖြင့် မိနစ် ၉၀ ကြာ ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် လေကြောင်းမှ ရှာဖွေမှုကို ရပ်နားထားပြီး နီပေါတပ်ဖွဲ့ဝင်များက မြေပြင်ရှာဖွေမှုများကို ဆက်လက်ပြုလုပ်နေသည်။

    ပျောက်ဆုံးသွားခဲ့သည့် ဒေသမှာ တောင်တန်းများထူထပ်ရာ ဒေသဖြစ်ပြီး ရဟတ်ယာဉ်မှ ရေဒီယိုအဆက်အသွယ်ကိုလည်း တောင်များကြောင့် ဖမ်းယူရရှိနိုင်မည်မဟုတ်ဟု ၀ါရန်က ထည့်သွင်းပြောကြားခဲ့သည်။

    ပျောက်ဆုံးသွားခဲ့သည့် လေယာဉ်မှာ ပြီးခဲ့သည့်နှစ်ပတ်ကျော်က ပြင်းအား ၇.၈ ငလျင် လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် Corps UH-1Y Hueys ရဟတ်ယာဉ် ၃ စီးမှ တစ်စီးဖြစ်သည်။

    အဆိုပါ ရဟတ်ယာဉ်ရှာဖွေမှုကို စစ်သား ၄၀၀ ဖြင့် ဆောင်ရွက်နေသည်ဟု နီပေါစစ်တပ်က ပြောကြားခဲ့သည်။

    Ref: Reuters

  • မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လေယာဉ်ပစ်သေနတ်ဖြင့် ကွပ်မျက်ခံရ

    မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လေယာဉ်ပစ်သေနတ်ဖြင့် ကွပ်မျက်ခံရ

    မေ ၁၃၊ ၂၀၁၅
    M-Media

    north korea

    – သစ္စာဖောက်သည်ဟူသော စွဲချက်များဖြင့် ကာကွယ်ရေးဝန်ကြီး ဟွန် ယွန် ချိုလ်အား မြောက်ကိုရီးယားက ကွပ်မျက်လိုက်သည်ဟု တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးက ပါလီမန်တွင် ပြောကြားခဲ့သည်။

    ဟွန်အား ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် လေယာဉ်ပစ်စက်သေနတ်ဖြင့် လက်ဖြောင့်တပ်ဖွဲ့က ကွပ်မျက်ခဲ့ခြင်းဖြစ်ပြီး ထိုကွပ်မျက်မှုကို လူပေါင်း ရာနှင့်ချီ၍ ကြည့်ရှုခဲ့ကြသည်ဟု တောင်ကိုရီးယားမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ဟွန်မှာ ဧပြီလက မော်စကိုတွင်ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုတွင် ငိုက်မျည်းခဲ့ကာ ခေါင်းဆောင် ကင်ဂျုံအန်အား မလေးစားသည့်သဘောမျိုး ဖြစ်စေခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းအေဂျင်စီက ပြောကြားခဲ့သည်။

    ကင်ဂျုံအန်မှာ ၎င်း၏ အာဏာကို စိန်ခေါ်မှုအတွက် အပြစ်ပေးခြင်းအဖြစ် ယခုနှစ်အတွင်း အကြီးတန်းအရာရှိ ၁၅ ဦးကို ကွပ်မျက်ခဲ့သည်ဟု အဆိုပါ အေဂျင်စီက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

    “မြောက်ကိုရီးယားရဲ့ ပြည်တွင်းနိုင်ငံရေးက အခုရက်တွေမှာ တော်တော်လေး မတည်မငြိမ် ဖြစ်နေပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်မှုပိုင်းရဲ့ အတွင်းပိုင်းနဲ့ အလယ်အလတ်အဆင့်တွေမှာ ကင်ဂျုံအန်ကို လေစားမှု ရှိပုံမရပါဘူး” ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး 38 North တတ်သိပညာရှင်များအဖွဲ့အား ကူညီထောက်ပံ့ပေသူ မိုက်ကယ်
    မက်ဒန်က ပြောကြားခဲ့သည်။

    ထို့ပြင် ကင်ဂျုံအန်၏ ခေါင်းဆောင်မှု သို့မဟုတ် မြောက်ကိုရီးယား၏ တည်ငြိမ်မှုတို့အတွက် လက်အချိန် အန္တရာယ်မှာ ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း သို့သော်လည်း ယခုပုံစံမျိုး လာမည့်နှစ်အထိ ဆက်လက်ဖြစ်ပွားပါက ကိုရီးယားကျွန်းဆွယ်အတွက် အရေးပေါ်အစီအစဉ်တစ်ခုကို စီစဉ်ရတော့မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်ကလည်း ကင်ဂျုံအန်မှာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းတွင် ဒုတိယ သြဇာအကြီးဆုံးဟု ယူဆကြသည့် ဦးလေးဖြစ်သူ ဂျန်ဆွန်သက်ကို ချစားမှု၊ စီးပွားရေးပျက်စီးသော ရာဇ၀တ်မှုကို ကျူးလွန်မှုတို့ဖြင့် ကွပ်မျက်ခဲ့သည်။

    Ref: Todayonline

  • အိမ်ကွင်းအနိုင်နဲ့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရတဲ့ ဘိုင်ယန်

    အိမ်ကွင်းအနိုင်နဲ့ ချန်ပီယံလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရတဲ့ ဘိုင်ယန်

    မေ ၁၃၊ ၂၀၁၅
    M-Media

    cham

    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ဘိုင်ယန်တို့ ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲရောက်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

    ဂွါဒီယိုလာက အသင်းဟောင်းကို အိမ်ကွင်းမှာ အကောင်းဆုံး ဧည့်ခံကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ပထမအကျော့က နောက်ဆုံး ၁၄ မိနစ်အတွင်းမှာ ၃ ဂိုး ပေးလိုက်ရတဲ့အတွက် ဘာကာတို့ ဒီပွဲမှာ ပွဲအစကတည်းက တိုက်စစ်ဖွင့်ကစားပြီး စောစောစီးစီးပဲ ဂိုးသွင်းခွင့်တွေရခဲ့ကာ ၇ မိနစ်မှာ ဘန်နာတီယာက သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးအဖြစ် သွင်းပေးခဲ့ပါတယ်။ ဒီဂိုးကြောင် မျှော်လင့်ချက်တွေ ရှင်သန်လာတဲ့ ဘိုင်ယန်တို့ တောက်လျှောက်တင်ကစားခဲ့ပြီး လိုအပ်နေတဲ့ဂိုးတွေရဖို့ ကြိုးစားခဲ့ပါတယ်။

    ဒါပေမယ့် ဘိုင်ယန်ရဲ့ မျှော်လင့်ချက်ရောင်ခြည်ကို ဖျက်ဆီးခဲ့တာကတော့ ဘရာဇီးလ်တိုက်စစ်မှူး နေးမာဖြစ်ပြီး ၁၅ မိနစ်နဲ့ ၂၉ မိနစ်တွေမှာ ဆွာရက်ဇ်ရဲ့ ဖန်တီးပေးပို့မှုတွေကတစ်ဆင့် နောက်တစ်ဆင့်တက်ရေး သေချာစေမယ့် ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ ဘိုင်ယန်အတွက် လီဝန်ဒေါ့စကီးနဲ့ မူလာတို့က ၅၉ မိနစ်နဲ့ ၇၄ မိနစ်တို့မှာ ၂ ဂိုးပြန်သွင်းပေးခဲ့ကာ သိက္ခာဆယ်နိုင်ပွဲ ရယူပေးနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲတက်ရောက်ဖို့တော့ မဖြစ်နိုင်ခဲ့ပါဘူး။

    ဘိုင်ယန်နည်းပြ ဂွါဒီယိုလာကတော့ တပည့်ဟောင်းမက်ဆီကို ချီးကျူးခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။

    “အသင်းရဲ့စွမ်းဆေင်မှုနဲ့ပတ်သက်ပြီး ကျွန်တော် ကျေနပ်ပါတယ်။ ဒီလိုအချိန်အဆမျိုး နျူးကမ့်မှာ လိုအပ်ခဲ့တာပါ။ ဒါပေမယ့် မရခဲ့ပါဘူး။ ကျွန်တော် ပိုကောင်းအောင် ကစားစေချင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ စီမံကိန်းအတွက် အကောင်းဆုံး ကစားသမားတွေကိုလည်း ရချင်ခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေကို ချီးကျူးပါတယ်။ ဘာကာကိုလည်း ဂုဏ်ပြုပါတယ်။ သူတို့ ဘာလင်မှာကစားမယ့် ဗိုလ်လုပွဲမှာ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပွဲအပြီးမှာ ဂွါဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။

    ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က သူတို့အသင်းဟာ အမှားတွေအများကြီး လုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    “ပွဲရဲ့ပထမပိုင်းမှာ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်ရောက်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အမှားတွေအများကြီး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရလဒ်နဲ့ မောပမ်းနွမ်းလျမှုတို့က သူတို့ကို အချည်းအနှီး ဖြစ်စေခဲ့ပါတယ်။ ဒီညဟာ ပျော်ရမယ့်ညပါ။ ရည်မှန်ချက်အောင်မြင်ခဲ့ပြီး အခုလက်ရှိ ရည်မှန်းချက်ကတော့ ချန်ပီယံလိဂ်ဖလား ရဖို့ပါပဲ”

    Ref: UEFA.com, Goal

  • နိုင်ငံတကာသတင်းတို (မေ ၁၂၊ ၂၀၁၅)

    မေ ၁၂၊ ၂၀၁၅
    M-Media

    ယနေ့နံနက် နီပေါငလျင် လူအသေအပျောက်ရှိ
    ……………………………….
    ယနေ့နံနက်က နီပေါတွင် ထပ်မံလှုပ်ခတ်ခဲ့သော ပြင်းအား ၇.၃ ရှိ ငလျင်ကြောင့် အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပြီ ၁၁၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နီပေါအာဏာပိုင်များက ကြေညာခဲ့သည်။ ပြီးခဲ့သည့် နှစ်ပတ်က ငလျင်ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသည့် ခတ္တာမန်ဒူမြို့ရှိ အဆောက်အဦး ၁၀ ခုအပါအ၀င် စုစုပေါင်း အဆောက်အဦး ၁၉ လုံး ပြိုကျပျက်ဆီးခဲ့သည်။ ထိုငလျင်ကြောင့် အိန္ဒိယတွင် ၁၇ ဦးသေဆုံးခဲ့သည်။

    ပီကာဆို၏ ပန်းချီ ဒေါ်လာ ၁၇၉ သန်းကျော်ရ
    ……………………………….
    ကမ္ဘာကျော် ပန်းချီပညာရှင် ပါဘလို ပီကာဆို၏ လက်ရာတစ်ခုဖြစ်သော “Women of Algiers [Version O]” ပန်းချီကားကို ယမန်နေ့က နယူးယောက်မြို့ လေလံပွဲတွင် အမည်မဖော်လိုသူတစ်ဦးက ကန်ဒေါ်လာ ၁၇၉.၄ သန်းဖြင့် ၀ယ်ယူသွားခဲ့သည်။ ထိုပန်းချီကားမှာ ၁၉၄၅ ခုနှစ်မှ ၁၉၅၅ ခုနှစ်အတွင်း ပီကာဆိုရေးသားခဲ့သည့် ပန်းချီကားများမှ တစ်ခုဖြစ်ပြီး အဆိုပါ လေလံဈေးမှာ အနုပညာလက်ရာများတွင် စံချိန်တင်ဈေးလည်း ဖြစ်ခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်ဘလော့ဂါတစ်ဦး အသတ်ခံရပြန်
    ………………………………..
    ဘင်္ဂလားဒေ့ရှ် ဘလော့ဂါတစ်ဦးဖြစ်သူ အေနန်တာ ဘီဂျိုင် ဒက်စ်မှာ နိုင်ငံအရှေ့မြောက်ပိုင်း ဆဲလ်ဟတ်မြို့တွင် ယနေ့နံနက်ပိုင်းက မျက်ဖုံးဝတ် လူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ၎င်းအလုပ်လုပ်ရာ ရုံးသို့ သွားနေစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး လူသတ်သမားမှာ ၄ ဦးဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒက်စ်မှာ ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွင်း တတိယမြောက်အသတ်ခံရသည့် ဘလော့ဂါလည်း ဖြစ်သည်။

    Ref: News Agencies

  • နာမည်ကြီးအောင်ဆောင်ရွက်ရန် စိတ်မ၀င်စားဟု ဂွါဒီယိုလာပြော

    နာမည်ကြီးအောင်ဆောင်ရွက်ရန် စိတ်မ၀င်စားဟု ဂွါဒီယိုလာပြော

    မေ ၁၂၊ ၂၀၁၅
    M-Media

    Guadiola

    – မိမိအား ကမ္ဘာ့အကောင်းဆုံး နည်းပြအဖြစ် မှတ်ယူခြင်း ရှိ၊ မရှိကို ဂရုမစိုက်ကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    အသက် ၄၄ နှစ်အရွယ်ရှိ ဂွါဒီယိုလာမှာ ဘာစီလိုနာအား ၄ နှစ် ကိုင်တွယ်ခဲ့ရာတွင် ဖလား ၁၄ လုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ဘောလုံးလောကတွင် အကောင်းဆုံးနည်းပြများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

    ဘိုင်ယန်သို့ ပြောင်းရွှေ့လာသည့်အချိန်တွင်လည်း ဘွန်ဒစ်လီဂါကို ၂ နှစ်ဆက်တိုက် ရယူထားနိုင်ပြီး ဂျာမန်ရှုံးထွက်ဖလားတစ်ကြိမ် ရယူထားနိုင်သည်။ သို့သော်လည်း ဘာစီလိုနာအား ၃ ဂိုးပြတ်ဖြင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထအကျော့ ရှုံးနိမ့်မှုအပါအ၀င် ဆက်တိုက် ရှုံးနိမ့်မှုများကြောင့် ဝေဖန်မှုများကို ခံခဲ့ရသည်။

    ဂွါဒီယိုလာကမူ မိမိနာမည်ကို ပိုကြီးအောင် ဆောင်ရွက်ရန်အတွက် စိတ်မ၀င်စားဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဒီမှာရှိနေတာဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်အဖြစ် အထင်ခံချင်လို့ မဟုတ်ပါဘူး။ ဒီမှာရှိနေရတာကို ပျော်ရွှင်ပြီး အသင်းကို ကူညီချင်ပါတယ်။ ဘာစီလိုနာမှာ ကျွန်တော် အကောင်းဆုံးပေးဆပ်ခဲ့ပြီး အခုလည်း ဒီလိုပေးဆပ်နေတာပါပဲ” ဟု ယနေ့ညတွင် အိမ်ကွင်း၌ ဘာစီလိုနာနှင့်ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိအကျော့အကြို  သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အားထုတ်မှုက ပရိသတ်များ၊ ဂျာနယ်လစ်များ၊ ဂျာနစ်လစ်ဘက်သို့ ကူးပြောင်းသွားသော ကစားသမားဟောင်းများအတွက် အဆင်မပြေပါက တောင်းပန်ကြောင်း၊ မိမိအနေဖြင့် အကောင်းဆုံး ဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဂွါဒီယိုလာမှာ မန်စီးတီးနည်းပြ ပယ်လီဂရီနီ၏ နေရာတွင် အစားထိုးခံရမည်ဟု တစ်ပြေးနေသော်လည်း ၎င်းက မိမိအနေဖြင့် လာမည့်ရာသီတွင် ဘိုင်ယန်၌သာ ဆက်ရှိနေမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    Ref: Goal