News @ M-Media

Blog

  • စပရက်တလေကျွန်း မျက်နှာချင်းဆိုင်တွင် ရေတပ်အခြေစိုက်စခန်း ဖိလစ်ပိုင်ဆောက်မည်

    စပရက်တလေကျွန်း မျက်နှာချင်းဆိုင်တွင် ရေတပ်အခြေစိုက်စခန်း ဖိလစ်ပိုင်ဆောက်မည်

    မေ ၁၂၊ ၂၀၁၅
    M-Media

    map_palawan

    – တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်မှ စပရက်တလေကျွန်းစုနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းတွင် ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရန်မှာ မိမိတို့၏ အဓိကဦးစားပေး ဖြစ်သည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဂရီဂေါ်ရီယို ကာတာပန်က ပြောကြားလိုက်သည်။

    ပါလာဝမ်ကျွန်း အွိုင်စတာ ပင်လယ်အော်ရှိ အဆိုပါ ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရေးအစီအစဉ်မှာ လက်ရှိတွင် ဘဏ္ဍာရေးကြောင့် ကြန့်ကြာနေခြင်းဖြစ်ပြီး စီမံကိန်းပြီးဆုံးသွားပါက အမေရိကန်၊ ဂျပန်နှင့် ဗီယက်နမ်တို့မှ ရေတပ်သင်္ဘောများ
    လာရောက်ဆိုက်ကပ်မှုကို ခွင့်ပြုသွားမည်ဟု ကာတာပန်က ထည့်သွင်းပြောကြားခဲ့သည်။

    သာမန်အပန်းဖြေကျွန်းမှ စစ်ဘက်ဆိုင်ရာ နေရာတစ်ခုအဖြစ် ဖိလစ်ပိုင်၏ ထိုသို့ဖော်ဆောင်ခြင်းက စပရက်တလေကျွန်းစု အပါအ၀င် တောင်တရုတ်ပင်လယ် အားလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု ကြေညာထားသော တရုတ်နှင့် တင်းမာမှုကို ပိုမိုဆိုးဝါးသွားစေနိုင်သည်။

    ပါလာဝမ်မှာ ဖိလစ်ပိုင်ရှိ အဓိကကျွန်စုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စပရက်တလေကျွန်းစုနှင့် ၁၆၀ ကီလိုမီတာ ကွာဝေးသည်။ စပရက်တလေကျွန်းစုရှိ ကျွန်းအချို့တွင် တရုတ်နိုင်ငံက စိုးမိုးရေးလုပ်ငန်းများကို အကြီးအကျယ် လုပ်ဆောင်နေပြီး ထိုလုပ်ရပ်က အာရှနိုင်ငံများအတွက် သတိထားမှုကို ဖြစ်ပေါ်စေကာ အမေရိကန်ကလည်း ဝေဖန်ပြောကြားခဲ့သည်။

    “ထွက်ပေါ်လာတဲ့ လုံခြုံရေးအခြေအနေအတွက် ဒါဟာ နံပါတ်တစ် ဦးစားပေးဖြစ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ ကျွန်တော်တို့ ပိုက်ဆံရှိရှိခြင်း အဲဒီအခြေအစိုက်စခန်းကို ပံ့ပိုးသွားမှာပါ” ဟု ပါလာဝမ်ကျွန်း၌ ရေတပ်အခြေစိုက်စခန်း တည်ဆောက်မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ် ကာတာပန်က ပြောကြားခဲ့သည်။

    အဆိုပါစစ်စခန်း ကနဦးဆောက်လုပ်မှုအတွက် ပီဆို သန်း ၈၀၀ (ကန်ဒေါ်လာ ၁၈ သန်း) လိုအပ်မည်ဖြစ်ကာ အဓိက အခြေစိုက်စခန်းအဖြစ် အသုံးပြုနိုင်ရေးအတွက် နောက်ထပ် ပီဆို ၅ ဘီလီယံ ထပ်သုံးရမည်ဟု ကာတာပန်က ထည့်သွင်းပြောကြားခဲ့သည်။

    ဖိလစ်ပိုင်၏ ရေတပ်စွမ်းဆောင်နိုင်မှု တိုးမြှင့်ရေးအတွက် ကူညီနေသည် ဂျပန်နိုင်ငံက အဆိုပါ အခြေစိုက်စခန်းဝန်းကျင်ရှိ အခြေခံအဆောက်အဦးများအတွက် ရန်ပုံငွေ ထောက်ပံ့နိုင်သော်လည်း စစ်စခန်းအတွက်မှု ထောက်ပံ့သွားမည်မဟုတ်ဟု ယခုနှစ်အစောပိုင်းက ပြောကြားခဲ့သည်။

    အမေရိကန်ကမူ ၎င်းတို့ စစ်တပ်အား အာရှသို့ ပိုမိုပို့ဆောင်ရေးအဖြစ် စစ်တပ်များ၊ လေယာဉ်မျာနှင့် သင်္ဘောများ လှည့်ပတ်ချထားရေးအတွက် ဖိလစ်ပိုင်ရှိ စစ်အခြေစိုက်စခန်း ၈ ခုအား အသုံးပြုခွင့်ရရန် တောင်းဆိုထားသည်ဟု ကာတာပန်က ပြီးခဲ့သည်လတွင် ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ ငါတကောကောမှု ဖြစ်လာပြီးနောက် ဖိလစ်ပိုင်နှင့် ဗီယမ်နမ်တို့အကြားတွင်လည်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းများ တိုးလာခဲ့သည်။

    Ref: Reuters

  • ဘောလုံးကလောင်ရှင်များ၏ တစ်နှစ်တာအကောင်းဆုံးဆုကို ဟဇာ့ဒ်ဆွတ်ခူး

    ဘောလုံးကလောင်ရှင်များ၏ တစ်နှစ်တာအကောင်းဆုံးဆုကို ဟဇာ့ဒ်ဆွတ်ခူး

    မေ ၁၂၊ ၂၀၁၅
    M-Media

    hazard

    – ချယ်ဆီးအသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ အေဒင် ဟဇာ့ဒ်မှာ ဘောလုံးကလောင်ရှင်များအသင်း FWA မှ ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။

    ဘောလုံးကလောင်ရှင်များက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက PFA ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူ ဟဇာ့ဒ်က စုစုပေါင်း မဲအရေအတွက် ၅၃ ရာခိုင်နှုန်းဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

    စပါးအသင်းအတွက် ပရီးမီးယားလိဂ် ၃၂ ပွဲတွင် ဂိုး ၂၀ သွင်းယူပေးထားသည့် လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ဒုတိယနေရာ ရရှိခဲ့ပြီး ပရီးမီးယားလိဂ်၏ အကောင်းဆုံးခံစစ်မှူး ချယ်ဆီးနောက်ခံလူ ဂျွန်တယ်ရီက တတိယနေရာ ရခဲ့သည်။

    ဟဇာ့ဒ်မှာ ဂျွန်တယ်ရီနှင့် အိုင်ဗန်နိုဗစ်တို့နှင့်အတူ မော်ရင်ဟိုလက်အောက်၌ ပရီးမီးယားလိဂ် ပွဲတိုင်းကို ပါဝင်ကစားခွင့်ရခဲ့သူဖြစ်ပြီး ၁၄ ဂိုးသွင်းယူပေးထားကာ ၈ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

    Ref: Goal

  • အင်္ဂါဂြိုဟ်မှ ရှုမောစရာ နေ၀င်ဆည်းဆာ

    အင်္ဂါဂြိုဟ်မှ ရှုမောစရာ နေ၀င်ဆည်းဆာ

    မေ ၁၂၊ ၂၀၁၅
    M-Media

    Mars

    – နာဆာကနေ အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်တင်ထားတဲ့ Mars Curiosity ဂြိုဟ်ဆင်းယာဉ်ငယ်ဟာ အင်္ဂါဂြိုဟ်ရဲ့ အသက်ရှူမှားလောက်စရာ နေ၀င်ဆည်းဆာ ပုံရိပ်ကို ရိုက်ကူးပေးပို့ခဲ့ပါတယ်။

    ရောက်စုံဓာတ်ပုံဖြစ်တဲ့ အဲဒီဓာတ်ပုံဟာ အင်္ဂါဂြိုဟ်ပေါ်ရောက်ပြီး ၉၅၆ ရက် (အင်္ဂါဂြိုဟ် နေ၀င်နေထွက်ဖြင့် ရက်ကို သတ်မှတ်သည်) အကြာ ၂၀၁၅ ခုနှစ် ဧပြီ ၁၅ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး နာဆာက ယမန်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာမြေရဲ့ နေ၀င်ဆည်းဆာနဲ့ ကွာခြားတာကတော့ အင်္ဂါဂြိုဟ်ပေါ်က နေ၀င်ဆည်းဆာ အချိန် ကောင်းကင်ရဲ့ အရောင်ဟာ တော်တော်လေး လှပညက်ညောတဲ့ အပြာရောင်ဖြစ်နေတာပါပဲ။

    သိပ္ပံပညာရှင်တွေကတော့ ဒီလိုအပြာရောင်ဖြစ်တာဟာ အင်္ဂါဂြိုဟ်ရဲ့ လေထုထဲမှာရှိတဲ့ အမှုန်တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပုံဟာ Mars Curiosity ယာဉ်ကနေ ပေးပို့တဲ့ ပထမဆုံး ရောင်စုံဓာတ်ပုံလည်းဖြစ်ပါတယ်။

    Ref: The Independent

  • နီပေါ၌ အင်အားပြင်းငလျင်တစ်ခု ယနေ့တွင် ထပ်မံလှုပ်ခတ်

    နီပေါ၌ အင်အားပြင်းငလျင်တစ်ခု ယနေ့တွင် ထပ်မံလှုပ်ခတ်

    မေ ၁၂၊ ၂၀၁၅
    M-Media

    Untitled

    – နီပေါနိုင်ငံ အရှေ့မြောက်ပိုင်း ကိုဒါရီပြည်နယ်တွင် ယနေ့ နေ့လည်ပိုင်းက အင်အား ၇.၄ မဂ္ဂနီကျုရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု သိရသည်။

    ဧ၀ရက်တောင်ခြေရှိ နမ်ချီဘဇားမြို့အနောက်ဘက် ၆၈ ကီလိုမီတာအကွာကို ဗဟိုပြု၍ စက္ကန့် ၃၀ ကျော်ကြာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပျက်အဆီးသတင်းကို သိရှိရခြင်း မရှိသေးပေ။ ထိုငလျင်ပြီးနောက် နောက်ဆက်တွဲငလျင်များလည်း ဆက်လက်လှုပ်ခတ်ခဲ့ပြီး အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနှင့် အာဖဂန်နစ္စတန်တို့တွင်ပါ အဆိုပါငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

    ပြီးခဲ့သည့် နှစ်ပတ်ကျော်က ငလျင်ဒဏ်ကို ဆိုးဆိုးဆိုးဝါးဝါး ခံစားခဲ့ရသည့် ခတ္တာမန်ဒူမြို့မှ နီပေါပြည်သူများမှာလည်း ထိုငလျင်ကြောင့် လမ်းမပေါ်သို့ ထွက်လာခဲ့ကြသည်။

    ခတ္တာမန်ဒူတွင် လှုပ်ခတ်သွားသည့် ငလျင်မှာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိပြီး အဆိုပါငလျင်ကြောင့် ယခုအချိန်အထိ လူပေါင်း ၈ ထောင်ကျော်သေဆုံးခဲ့ကာ ရှာဖွေမှုများကိုလည်း ဆက်လက်ပြုလုပ်နေသည်။

    Ref: Aljazeera

  • ဆွမ်းဆီးအရှုံးအတွက် ၀င်းဂါး စိတ်ပျက်

    ဆွမ်းဆီးအရှုံးအတွက် ၀င်းဂါး စိတ်ပျက်

    မေ ၁၂၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့အသင်းမှာ အခွင့်အရေးများကို ဖြုန်တီးခဲ့သောကြောင့် ဆွမ်ဆီးအသင်းအား ရှုံးနိမ့်ရခြင်းဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့နံနက်က အီမရိတ်ကွင်း၌ ကစားခဲ့သော အဆိုပါပွဲတွင် အာဆင်နယ်မှာ ဂိုးရနိုင်မည့် အခွင့်အရေး အတော်များများ ရခဲ့သော်လည်း အဆုံးသတ်မသေချာမှုနှင့် ဆွမ်းဆီးဂိုးသမား ဖေဘီယန်စကီး၏ လက်စွမ်းပြမှုတို့ကြောင့် ဂိုးရရှိခဲ့ခြင်းမရှိဘဲ ဂိုမစ်၏ နောက်ကျဂိုးဖြင့် ဆွမ်ဆီးအား အရှုံးပေးခဲ့ရသည်။

    အာဆင်နယ်ဂိုးသမားဟောင်း ဖေဘီယန်စကီးမှာ အသင်းမှ ထွက်ခွာပြီးနောက်ပိုင်း အီမရိတ်တွင် ပထမဆုံးအကြိမ် အသင်းဟောင်းအား ပြန်လည် ရင်ဆိုင်ရခြင်းဖြစ်သည်။ ၀င်းဂါးကမူ ထိုအရှုံးအတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။

    “ရှုံးသွားတာ စိတ်ပျက်စရာဖြစ်ပေမယ့် ကောင်းတဲ့အချက်တွေတော့ တော်တော်များများ ရှိခဲ့ပါတယ်။ ဒီလိုပွဲမျိုး ၂၀ လောက်ကစားရင် ၁၉ ပွဲကနိုင်မှာပါ။ ရှုံးတဲ့တစ်ကြိမ်ကလည်း ဒီညပါပဲ။ အဆုံးသတ် ပိုကောင်းနိုင်သလား၊ ပိုပြီး စိတ်ရှည်မလားဆိုတာနဲ့ နောက်တန်းမှာ အမှားတွေမလုပ်နိုင်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။ ကျွန်တော်တို့ ကောင်းခဲ့ပါတယ်။ ကစားသမား တစ်ဦးတစ်ယောက်ချင်းစီကို ကျွန်တော် အပြစ်ပြောလို့ မရပါဘူး။ အဆုံးသတ်ပိုင်းမှာ ကျွန်တော်တို့ လုံလောက်အောင် တည်ငြိမ်မှုမရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အလျင်လိုခဲ့ပြီး နည်းစနစ်တွေ ပိုပြီး လိုအပ်ခဲ့ပါတယ်” ဟု ၀င်းဂါးက Sky Sports သို့
    ပြောကြားခဲ့သည်။

    ထိုပွဲအရှုံးကြောင့် အာဆင်နယ်မှာ တစ်ပွဲလျော့ဖြင့် ဒုတိယနေရာမှ မန်စီးတီးနှင့် ၃ မှတ်အကွာ တတိယနေရာတွင် ရှိနေပြီး ဂိုးကွာခြားချက်တွင် မန်စီးတီးက သာနေသည်။ လာမည့်သီတင်းပတ်တွင် အာဆင်နယ်မှာ မန်ယူနှင့် ကစားရမည်ဖြစ်သည်။

    “နောက်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ ကစားသမားတွေက စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ကာရမှာဖြစ်ပြီး တနင်္ဂနွေပွဲမှာ နိုင်အောင်လုပ်ရပါမယ်။ အဲဒီပွဲဟာ အရေးကြီးတဲ့ပွဲပါ” ဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal