News @ M-Media

Blog

  • ဦးရွှေမန်း၏ ပူးပေါင်းလိုသည့် စိတ်ဓာတ်ကို ဒေါ်စု ချီးကျူး

    ဦးရွှေမန်း၏ ပူးပေါင်းလိုသည့် စိတ်ဓာတ်ကို ဒေါ်စု ချီးကျူး

    မေ ၇၊ ၂၀၁၅
    M-Media

    aung-san-suu-kyi-1

    – နိုင်ငံရေးပြိုင်ဘက်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ သူရဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်အား ချီးကျူးသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောကြားလိုက်သည်။

    ဦးရွှေမန်းမှာ ပြီးခဲ့သည့်တစ်ပတ်က သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မည်သူနှင့်မဆို တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ကာ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲစည်းပုံ အခြေခံဥပဒေအရ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိပေ။

    ရွေးကောက်ပွဲအပြီး လွှတ်တော်မှ ရွေးချယ်မည့် သမ္မတနေရာအတွက် လက်ရှိအချိန်တွင် အတိုက်အခံဘက်မှ မည်သူမှ ပေါ်ထွက်လာခြင်း မရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်ဥက္ကဌ ဦးရွှေမန်းနှင့် မဟာမိတ်ဖွဲ့မည်ဟုလည်း ကောလဟာလများ ထွက်ပေါ်နေသည်။

    မည်သူနှင့်မဆို မဟာမိတ်ဖွဲ့ရန် အဆင်သင့်ရှိသည်ဟူသော ဦးရွှေမန်း၏ စကားကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့သည်။

    “ဒီလို ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်ဓာတ်ဟာ သိပ်ကောင်းပါတယ်။ ကျွန်မတို့ ဒါကို ကြိုဆိုပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် AFP သတင်းဌာနသို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ယခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်အုပ်ချုပ်မှုမှ တိုက်ရိုက်ဖြစ်လာသည့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေအတွက် အဓိကစမ်းသပ်မှုအဖြစ် ရှုမြင်နေကြသည်။ ထို့ပြင် နိုင်ငံအား ဒီမိုကရေစီသို့ တစ်ဆင့်ပိုနီးလာစေရန်အတွက် ဆယ်စုနှစ်များတွင်း အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်လာနိုင်သည်။

    ဦးရွှေမန်းက မဟာမိတ်အဖြစ် ပူးပေါင်းရန်အသင့်ဟု ပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ လက်ရှိအချိန်တွင် မဟာမိတ်ဖွဲ့ရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့ပြီး၊ ရွေးကောက်ပွဲအား သပိတ်မှောက်ကောင်းမှောင်နိုင်မည်ဆိုသည်ကိုလည်း
    ငြင်းဆိုခဲ့ခြင်းမရှိချေ။

    Ref: Channelnewsasia

  • ကွင်းလယ်လူ ယာယာတိုးယေး မန်စီးတီးမှ ထွက်ခွာရန် သေချာနေ

    ကွင်းလယ်လူ ယာယာတိုးယေး မန်စီးတီးမှ ထွက်ခွာရန် သေချာနေ

    မေ ၇၊ ၂၀၁၅
    M-Media

    toure

    – မန်စီးတီးအသင်း၏ အားထားရသည့် ကွင်းလယ်ဖန်တီးရှင် ယာယာတိုးယေးမှာ ရာသီကုန်လျှင် အသင်းမှထွက်ခွာရန် ၉၀ ရာခိုင်နှုန်း သေချာနေပြီဟု ၎င်း၏ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။

    တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းရနေသည့် တိုးယေးမှာ မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပြီး မကြာမီ ၎င်း၏ အနာဂတ်အတွက် မန်စီးတီး အကြီးအကဲများနှင့် ဆွေးနွေးမည်ဖြစ်သည်။

    မန်စီးတီးမှာ သက်ကြီးကစားသမားများ များပြားနေသည့် အသင်းမှ ကစားသမားများကို လာမည့် နွေရာသီတွင် လျှော့ချချင်နေပြီး တိုးယေးမှာလည်း ထိုအထဲတွင် ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

    မေလ ၁၃ ရက်နေ့တွင် အသက် ၃၂ နှစ်ပြည့်မည့် တိုးယေးကို အင်တာကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကာ နည်းပြမန်စီိနီက တိုးယေးမှာ မိမိနှင့် သားကဲ့သို့ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

    အေးဂျင့်ဖြစ်သူ ဒီမီထရီ ဆီလက်က်ကလည်း တိုးယေး၏ အနာဂတ်မှာ ပရီးမီးယားလိဂ်အပြင်ဘက်တွင် ဖြစ်မည်ဟုဆိုသည်။

    “ဒီနှစ်နွေရာသီမှာ သူဟာ မန်စီးတီးကို စွန့်ခွာမယ်ဆိုတာ ၉၀ ရာခိုင်နှုန်း သေချာပါတယ်။ ဘာမှတော့ မဆုံးဖြတ်ရသေးပါဘူး။ ရာသီကုန်တာကို ကျွန်တော်တို့ စောင့်နေတာပါ” ဟု Sky Sports သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ရည်းစား၏ ဖမ်းဆီးခြင်းခံထားရသူ Pizza Hut မှ တစ်ဆင့် အကူအညီခေါ်ခဲ့

    ရည်းစား၏ ဖမ်းဆီးခြင်းခံထားရသူ Pizza Hut မှ တစ်ဆင့် အကူအညီခေါ်ခဲ့

    မေ ၇၊ ၂၀၁၅
    M-Media

    CEVPlFxW0AAVrB4

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှ အမျိုးသမီးတစ်ဦးမှာ ကလေးငယ်များနှင့်အတူ ဖမ်းဆီးထားခြင်းခံရစဉ် ပီဇာအော်ဒါမှတစ်ဆင့် အကူအညီတောင်းခဲ့သည်ဟု သိရသည်။

    ချယ်ရီ ထရက်ဒ်ဝေးဆိုသူ အမျိုးသမီးဖြစ်ပြီး တနင်္လာနေ့တွင် ရည်းစားဖြစ်သူက ဓားဖြင့်ခြိမ်းခြောက်ကာ ကလေးငယ် ၃ ဦးနှင့်အတူ နေအိမ်တွင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ထို့နောက် ထရက်ဒ်ဝေးက ရည်းစားကို ဖျားယောင်းကာ Pizza Hut တွင် ဖုန်းဖြင့် အွန်လိုင်းမှ တစ်ဆင့် ပီဇာမှာမည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် မိမိတို့မှာ အဖမ်းခံထားရပြီး အကူအညီလိုနေကာ၊ ရဲတပ်ဖွဲ့အား အကြောင်းကြားပေးရန် Pizza Hut ၏ အော်ဒါတွင် ရေးသားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထရက်ဒ်ဝေးမှာ ဟိုက်လန်းကောင်တီ၏ Pizza Hut ဆိုင်ခွဲတွင် မကြာခဏ ၀ယ်စားနေသူဖြစ်ပြီး ဆိုင်ဝန်ထမ်းများကလည်း သိနေကာ အော်ဒါရောက်လာပြီးနောက် ဆိုင်ဝန်ထမ်းများအားလုံးမှာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့ကြသည်။

    “ကျွန်တော်တို့ ဒါမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီမှာ အလုပ်လုပ်နေတာ၂၈ နှစ်ရှိပါပြီ။ ဒါမျိုး ဘယ်တုန်းကမှ မမြင်ဖူးပါဘူး” ဟု အဆိုပါ Pizza Hut ဆိုင်ခွဲ၏ မန်နေဂျာ ကန်ဒီ ဟာမီလ်တန်က ပြောကြားခဲ့သည်။

    အော်ဒါရပြီးနောက် Pizza Hut က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့က ထရက်ဒ်ဝေး အိမ်သို့ သွားရောက်ကာ အခြေအနေကို ထိန်းသိန်းနိုင်ခဲ့သည်။ ဓားဖြင့် ခြိမ်းခြောက်ကာ ထရက်ဒ်ဝေးတို့ မိသားစုအား ဖမ်းဆီးထားသည့် အီသန် နစ်ကာဆန်ဆိုသူကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

    ရဲတပ်ဖွဲ့က နစ်ကာဆန်နှင့် ထရက်ဒ်ဝေးတို့မှာ အမြဲတမ်းလိုလို စကားများကြပြီး ထိုနေ့က ကလေးများအား ကျောင်းကြိုပြီးနောက် ထိုကဲ့သို့ အကြပ်ကိုင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် နစ်ကာဆန်ကို တရားစွဲဆိုထားသည်။

    Ref: CNN

  • မန်ယူအား ဗန်ဂါးလ်က ပြန်မတင်ပေးလျှင် အခြားလူမရှိဟု ဗန်ဒါဆားပြော

    မန်ယူအား ဗန်ဂါးလ်က ပြန်မတင်ပေးလျှင် အခြားလူမရှိဟု ဗန်ဒါဆားပြော

    မေ ၇၊ ၂၀၁၅
    M-Media

    vangal

    – လူးဝစ်ဗန်ဂါးလ်မှာ မန်ယူတွင် အောင်မြင်မည်ဖြစ်ပြီး အသင်း၏ကံကြမ္မာ ကောင်းမွန်လာအောင် ဗန်ဂါးလ်မှ ဆောင်ရွက်မပေးနိုင်လျှင် အခြားသူ မရှိတော့ဟု ဂိုးသမားဟောင်း ဗန်ဒါဆားက ပြောကြားလိုက်သည်။

    ဗန်ဂါးလ်မှာ ယခုနှစ်ရာသီအစမှနေ၍ မန်ယူအား ကိုင်တွယ်ခဲ့ပြီး အများမျှော်လင့်ထားသကဲ့သို့ ဖြစ်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိသေးဘဲ အသင်းမှာလည်း မက်လောက်စရာ ခြေစွမ်းကို ပြသနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာအတွက် စိုးရိမ်စရာအနေအထား ဖြစ်လာပြီးနောက် ဗန်ဂါးလ်၏ စွမ်းဆောင်မှုအတွက် ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း အေဂျက်တွင် ဗန်းဂါလ်းလက်အောက်၌ ကစားဖူးသည့် မန်ယူကစားသမားဟောင်း ဗန်ဒါဆားက မန်ယူအသင်းကို ပရီးမီးယားလိဂ် ထိပ်တန်းနေရာသို့ ပြန်လည် ယူဆောင်လာပေးရန် ဗန်ဂါးလ်သာလျှင် လုပ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    “လူးဝစ် (ဗန်းဂါးလ်) ဟာ သူရဲ့ဘ၀မှာ သံသယတွေအများကြီး မကြုံခဲ့ရပါဘူး။ ဒါဟာ သိပ်ကောင်းပါတယ်။ ကစားသမားတွေကို တကယ်သိတဲ့ နည်းပြကောင်းကောင်းတစ်ယောက်ရှိဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အေဂျက်၊
    ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဟော်လန်လက်ရွေးစင်အသင်းတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ တကယ်လို့ သူဟာ (မန်ယူရဲ့ကံကြမ္မာ ပြန်ကောင်းလာအောင်) မလုပ်နိုင်ဘူးဆိုရင် အဲဒီလိုလုပ်နိုင်မယ့်လူ ရှာဖို့ သိပ်ခက်ပါတယ်” ဟု ဗန်ဒါဆားက Daily Express သို့ ပြောကြားခဲ့သည်။

    မန်ယူတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့သည့် ဗန်ဒါဆားမှာ အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

    ဗန်ဂါးလ်မှာ အတွေ့အကြုံများပြီး မည်ကဲ့သို့ အလုပ်လုပ်ရမည်ဆိုသည့် ကိုယ်ပိုင် ဒဿနရှိကြောင်း၊ ၎င်းမြင်ချင်သည့် ဘောလုံးရသမျိုးကို မည်ကဲ့သို့ ထုတ်လုပ်ရမည်ကိုလည်း သိကြောင်း ဗန်ဒါဆားက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဘောလီးဝုဒ်မင်းသား ဆလ်မန်းခန်း ကားတိုက်မှုဖြင့် ထောင် ၅ နှစ်ကျ

    ဘောလီးဝုဒ်မင်းသား ဆလ်မန်းခန်း ကားတိုက်မှုဖြင့် ထောင် ၅ နှစ်ကျ

    မေ ၇၊ ၂၀၁၅
    M-Media

    ZA5_salman-khan

    – ဘောလီးဝုဒ် နာမည်ကြီး ရုပ်ရှင်မင်းသားဖြစ်သူ ဆလ်မန်းခန်းအား လွန်ခဲ့သည့် ၁၂ ခန့်က အမျိုးသားတစ်ဦးကို ကားဖြင့်တိုက်မိမှုဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် မွမ်ဘိုင်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဆလ်မန်းခန်းမှာ ၂၀၀၂ ခုနှစ်က ဘားမှအပြန် မွမ်ဘိုင်းမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ၎င်းမောင်းလာသည့်ကား အရှိန်များသွားရာမှ လမ်းပေါ်တွင် အိမ်နေသော အမျိုးသား ၅ ဦးကို တိုက်မိခဲ့သည်ဟု တရားသူကြီးများက ပြောကြားခဲ့သည်။

    ထိုတိုက်မိမှုအတွင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အခြား ၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဆလ်မန်းခန်းက ကားမောင်းသူမှာ ၎င်း၏ ဒရိုင်ဘာဖြစ်သည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။ သို့သော်လည်း ဆလ်မန်းခန်း မောင်းနှင်သည်ကို တွေ့မြင်ခဲ့သော မျက်မြင်သက်သေများ ရှိနေခဲ့ပြီး တရားသူကြီးများကလည်း အခင်းဖြစ်ပွားချိန်တွင် ဆလ်မန်းခန်းမှာ အရက်မူးနေသည်ဟု ဆိုသည်။

    ၎င်းမှာ လူသတ်မှုနှင့် အခြားသော စွဲချက် ၇ ခုဖြင့် တရားစွဲဆိုခံခဲ့ရပြီး အများဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်သော်လည်း တရားသူကြီးများက ၅ နှစ်သာ ချမှတ်ခဲ့သည်။ လက်ရှိအချိန်တွင် အယူခံဝင်ထားပြီး ဆလ်မန်းခန်းမှာ အာမခံဖြင့် လွတ်မြောက်နေသည်။

    ဆလ်မန်းခန်းမှာ ဘောလီးဝုဒ် ရုပ်ရှင်လောကတွင် တွမ်ခရုဇ်၊ ဘရက်ပစ်နှင့် ဂျော့ဂ်ျကူလ်နေးတို့ကဲ့သို့ အဆင့်ရှိပြီး၊ People Magazine မှ ရွေးချယ်သည့် ကမ္ဘာ့ရုပ်အဖြောင့်ဆုံး အမျိုးသားများ စာရင်းတွင်လည်း အဆင့် ၇ နေရာကို ရရှိထားသူဖြစ်သည်။ ရုပ်ရှင်ဆိုင်ရာ ကျွမ်းကျင်သူများကမူ ဆလ်မန်းခန်း ဘောလီးဝုဒ်တွင် မရှိခြင်းက အိန္ဒိယရုပ်ရှင်လောကအတွက် ကန်ဒေါ်လာ ၃၁ သန်းခန့်
    ဆုံးရှုံးနိုင်မည်ဟု ခန့်မှန်းထားသည်။

    Ref: CNN