News @ M-Media

Blog

  • နျူးကမ့်သို့ ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟု ဂွါဒီယိုလာပြော

    နျူးကမ့်သို့ ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟု ဂွါဒီယိုလာပြော

    မေ ၆၊ ၂၀၁၅
    M-Media

    baca

    – နျူးကမ့်သို့ ပြန်လည်လာရောက်ခြင်းမှာ ဂုဏ်ပြုခံရန် လာရောက်ခြင်း မဟုတ်ဘဲ အသင်းဟောင်အား ဖြုတ်ချရန် လာရောက်ခြင်းဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ဘိုင်ယန်မှာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာစီလိုနာအသင်း၏ အိမ်ကွင်း၌ ယနေ့ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘာစီလိုနာကို နှစ်များစွာ ကိုင်တွယ်ခဲ့ပြီး ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည့် ဂွါဒီယိုလာမှာ ၂၀၁၂ ခုနှစ် ဘာကာမှ ထွက်ခွာပြီးနောက်ပိုင်း ယခု ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရင်ဆိုင်ရခြင်း ဖြစ်သည်။

    ပွဲအကြိုပြင်ဆင်မှုများတွင် ဂွါဒီယိုလာ နျူးကမ့်သို့ပြန်လည်လာရောက်မည့် ကိစ္စများကသာ လွှမ်းမိုးနေသည်။ ဂွါဒီယိုလာက အဆိုပါညမှာ စိတ်လှုပ်ရှားဖွယ်ကောင်းမည် ဖြစ်သော်လည်း ထိုခံစားမှုကို မိမိ၏ ရည်မှန်းချက် လမ်းကြောင်းအတွင်းသို့ ရောက်ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ပြန်လာရ သိပ်ကိုကောင်းပါတယ်။ ရှင်းရှင်းပြောရရင် ဒီအသင်းမှာ ကျွန်တော် နှစ်များစွာ ရှိခဲ့တာကြောင့် ကျွန်တော့်အတွက် သိပ်ကို ထူးခြားမှာပါ။ အခုတော့ ကျွန်တော်ဟာ ဘိုင်ယန် နည်းပြ ဖြစ်နေပါပြီ။ မနက်ဖြန်ပွဲအတွက် ကျွန်တော် ဒီမှာရှိနေပါတယ်။ ဒါဟာ
    ကျွန်တော့်အလုပ်ဖြစ်ပြီး အကောင်းဆုံး လုပ်ရမှာပါ” ဟု ဂွါဒီယိုလာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟုလည်း ဆိုသည်။

    “တကယ်လို့ ကျွန်တော်ဟာ အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ရင် ဒီကို ပြန်ရောက်နိုင်ချေရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ အခုအကြိမ်ကတော့ ပထမဆုံး အကြိမ်ပါပဲ။ ကျွန်တော် ဒီကို ဂုဏ်ပြုခံဖို့ လာတာ မဟုတ်ပါဘူး။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်ဖို့ပါ”

    ဂွါဒီယိုလာမှာ ကစားသမားနှင့် နည်းပြအဖြစ်ပါ ဘာစီလိုနာ၌ အောင်မြင်ခဲ့ပြီး လက်ရှိ ဘာစီလိုနာအသင်းတွင်လည်း ဂွါဒီယိုလာလက်အောက်တွင် အလုပ်လုပ်ခဲ့သည့် ကစားသမား အများအပြား ပါဝင်သည်။ ဂွါဒီယိုလာကမူ ဘာကာအကြောင်း သိထားမှုက တစ်ပန်းသာသည်ဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: Goal

  • အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် အာဖဂန်တွင် ယနေ့အမိန့်ချ၊ သေဒဏ် ၄ ဦး ပါဝင်

    အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်မှုအတွက် အာဖဂန်တွင် ယနေ့အမိန့်ချ၊ သေဒဏ် ၄ ဦး ပါဝင်

    မေ ၆၊ ၂၀၁၅
    M-Media

    afgan

    – ပြီးခဲ့သည့် မတ်လအတွင်းက ကဘူးလ်မြို့တွင် ကုရ်အာန်ကျမ်းတော်မြတ်အား မီးရှို့သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအား လူအုပ်ကြီးက ရိုက်နှက်သတ်ဖြတ်မှုတွင် အဓိကပါဝင်သူ ၄ ဦးကို အာဖဂန်တရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

    အသက် ၂၇ နှစ်အရွယ် ဖာ့က်ဟန်ဒါ အသတ်ခံရမှုအတွက် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးအပါအ၀င် စုစုပေါင်း လူ ၄၉ ဦးကို ဖမ်းဆီးထားပြီး မေလ ၂ ရက်နေ့မှ စတင်ကာ တရားစွဲဆို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးအပါအ၀င် အခြား ၈ ဦးကို ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်ခဲ့ပြီး၊ ၁၈ ဦးကို သက်သေမခိုင်လုံသည့်အတွက်ကြောင့် လွှတ်ပေးခဲ့သည်။

    တရားသူကြီးမှာ ရုံးချိန်းကို စနေနေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ထိုနေ့တွင် ကျန်ရှိသည့် ၁၉ ဦးအား ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကာ ၎င်းတို့အားလုံးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ သေဒဏ်ချမှတ်ခံရသူ ၄ ဦးမှာ ကြိုးပေးကွပ်မျက်ခံရမည် ဖြစ်သည်။

    တရားစွဲဆိုမှုများတွင် လက်ရောက်ကျူးလွန်မှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်စေမှုတို့ ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်ပျက်ကွက်မှုနှင့် တိုက်ခိုက်မှုကို တာဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ ပြစ်ဒဏ်ချမှတ်ခံရသူများမှာ အယူခံဝင်ခွင့် ရရှိမည်ဖြစ်သည်။

    ဖာ့က်ဟန်ဒါ၏ အကိုဖြစ်သူ မူဂျွဘ် အူလာ ဖာ့က်ဟန်ဒါကမူ အဆိုပါ ရလဒ်အား မကျေနပ်ဟု ပြောကြားခဲ့သည်။

    “သူတို့ ကျွန်တော်တို့ရဲ့ အချိန်တွေကို ဖြုန်းတီးတာပါ။ အစိုးရက ဖိအားပေးလို့ တရားစွဲဆိုမှု ဖြစ်လာတာပါ။ တကယ့် ကြိုးကိုင်သူတွေ အဲဒီအထဲမှာ မပါပါဘူး။ အစိုးရက တကယ့်လူသတ်သမားတွေကို မဖမ်းဆီးခဲ့ပါဘူး။ လမ်ပေါ်က အပြစ်မဲ့သူတွေကိုသာ ဖမ်းခဲ့ပါတယ်။
    အဲဒီအဖြစ်အပျက်မှာ လူ ၁၀၀ ကျော်လောက် ပါဝင်ခဲ့ပြီး သူတို့က ၄ ဦးကိုသာ သေဒဏ်ချခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန် အထူးသံအမတ်ကြီး David Saperstein မန္တလေးမြို့မှ သမိုင်းဝင် ပန်းသေးဗလီဝတ်ကျောင်း သို့သွားရောက်လေ့လာ

    အမေရိကန် အထူးသံအမတ်ကြီး David Saperstein မန္တလေးမြို့မှ သမိုင်းဝင် ပန်းသေးဗလီဝတ်ကျောင်း သို့သွားရောက်လေ့လာ

    မေ ၆ ၊ ၂၀၁၅
    M-Media
    .Pantay Masjid3
    မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein နှင့် အဖွဲ့ဟာ မေလ ၅ ရက်နေ့ ညပိုင်းမှာ မန္တလေးမြို့ရှိ သမိုင်းဝင် ပန်းသေး ဗလီဝတ်ကျောင်းတော်ကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။
    .
    ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာနေတဲ့ အထူးသံအမတ်ကြီး Saperstein ရဲ့ ခရီးစဉ်မှာ မေလ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး လေ့လာခဲ့ပါသေးတယ်။

    ဓါတ်ပုံ- U.S. Embassy Rangoon

    Pantay Masjid

    Pantay Masjid2
    .
    ပန်းသေးမျိုးနွယ်စုအကြောင်း ပိုစ်များ ဖတ်လိုလျှင်
    ———————————————–
    ပန်လုံ ပန်းသေးတို့၏ သမိုင်းဖြစ်စဉ် အကျဉ်း
    http://wp.me/p2QCYJ-9cj
    .
    ပန်းသေး(တရုတ်အနွယ် မွတ်စလင်မ်) အမျိုးသားများ ဆင်းသက်လာပုံ သမိုင်းအကျဉ်း
    http://wp.me/p2QCYJ-56u

  • တီဗက်ဇ်ရဲ့ ဂိုးနဲ့ ရီးယဲလ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဂျူဗီ

    တီဗက်ဇ်ရဲ့ ဂိုးနဲ့ ရီးယဲလ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဂျူဗီ

    မေ ၆၊ ၂၀၁၅
    M-Media

    champ

    – ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့အဖြစ် တူရင်မှာ ဒီနေ့မနက်ကစားတဲ့ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်တို့ရဲ့ ပွဲမှာတော့ တိုက်စစ်မှူး တီဗက်ဇ်ရဲ့ ပင်နယ်တီနဲ့ အိမ်ရှင်တို့ အနိုင်ရခဲ့ပါတယ်။

    ပွဲအစကတည်းက ခပ်သွက်သွက်စားခဲ့တဲ့ ဂျူဗီတို့ ၈ မိနစ်မှာပဲ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ရီးယဲလ်တိုက်စစ်မှူးဟောင်း မိုရာတာက ဂိုးဧရိယာအတွင်း အနီးကပ် ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ရီးယဲလ် ပြန်တင်ကစားလာခဲ့ပြီး ၂၇ မိနစ်မှာပဲ ရော်နယ်ဒိုက ခေါင်းတိုက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

    ရီးယဲလ်တို့က ဘောလုံးကို ကိုင်ပြီး ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားပေမယ့် ဂျူဗင်ပတ်စ်တို့က အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်လည်း ဂျူဗီက ပိုရခဲ့ပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ဂိုးထပ်မရခဲ့တာပါ။ ဂျူဗီအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ၅၈ မိနစ်မှာ တီဗက်ဇ်က ပင်နယ်တီက တစ်ဆင့် သွင်းယူပေးသွားတာ ဖြစ်ပါတယ်။

    ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကတော့ အသင်းဟာ စိတ်ရှည်သည်းခံမှုမရှိဘဲ၊ စွမ်းဆောင်ရည်လည်း နိမ့်ပါးခဲ့တာကြောင့် ဒီလို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

    “ကျွန်တော်တို့ဟာ မှန်ကန်တဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ရဖို့ ကြိုးစားခဲ့ပေမယ့် တစ်ပွဲလုံး မရခဲ့ပါဘူး။ ပွဲကိုထိန်းချုပ်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ ကံမကောင်းပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့က ပြန်ပေးလိုက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ပျော်ရွှင်စေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြန်လာနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ကျွန်တော်တို့မှာ ဆက်ရှိနေတုန်းပါပဲ” လို့ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။

    ဂျူဗီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တဲ့ မိုရာတာကတော့ ရီးယဲလ်ကို အိမ်ကွင်းမှာ နိုင်တာဟာ ဘာမှ မဖြစ်လောက်ဖူးလို့ ဆိုပါတယ်။

    “ကျွန်တော်တို့ နိုင်တဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ ရီးယဲလ်နဲ့ ကစားတဲ့အခါ အမြဲတမ်း ခက်ခဲပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ရလဒ်ပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ သဘောထားအရ ရီးယဲလ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်တာကြောင့် ကျွန်တော်တို့ အလုပ် ဆက်လုပ်ရပါမယ်။ သူတို့ကို ဖြုတ်ဖို့ဆိုတာ သိပ်ခက်မှာပါ” လို့ ဆိုပါတယ်။

    ရီးယဲလ်နဲ့ ဂျူဗီတို့ရဲ့ ဒုတိယအကျော့ကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ဘာနေဗျူးမှာ ကစားမှာ ဖြစ်ပါတယ်။

    Ref: UEFA.com, Goal

  • မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

    မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

    11205106_1583212588602330_4977429749082110853_n
    မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်များအပေါ် ခွဲခြားကန့်သတ်မှုများရှိနေသည်ဟု ဝေဖန်ခံနေရသော မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းမှုများအပေါ် စိုးရိမ်ပူပန်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်း တရပ် အရ သိရှိရသည်။

    သူရဦးရွှေမန်းနှင့် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တွင် တွေ့ဆုံခဲ့သော အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲ သည် အားလုံးပါဝင်နိုင်ပြီး အများကယုံကြည်လက်ခံနိုင်သည့် ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ ဖြစ်ရန် အရေးကြီး သည် ဟု အလေးပေးပြောဆိုခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

    အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ တိုင်းရင်းသား အဖွဲ့များနှင့် ပြန်လည်သင့်မြတ်မှုရရှိရန်နှင့် လူ့အခွင့် အရေး ကိစ္စများအတွက် ရေရှည်တည်တံ့မည့် အဖြေများ ရရှိရန် လိုအပ်သည်ဟု ဦးရွှေမန်းကို တိုက်တွန်းပြောဆိုသည်ဟု သိရှိရသည်။

    လူနည်းစု မူစလင်များကို ထုတ်ပေးထားသည့် White Card များ ပြန်လည် ရုပ်သိမ်းခြင်း အပေါ် အမေရိကန်နိုင်ငံက စိုးရိမ်ကြောင်း Antony Blinken က ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို အင်အားသုံးဖြိုခွဲခဲ့ခြင်း နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတခု ပြုလုပ် ရန်လည်း သူက တောင်းဆိုခဲ့သည်။

    မြန်မာအစိုးရက White Card ယာယီသက်သေခံ ကတ်ပြားများကို ပြန်လည်အပ်နှံရန် ကြေညာခဲ့ပြီး လွှတ်တော်က White Card ကိုင်ဆောင်သူများကို ပေးအပ်ထားသည့် နိုင်ငံသား အခွင့်အရေးများကိုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

    ဦးရွှေမန်း၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရတာဝန်ရှိသူများက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင် ခွင့်မှ တားဆီးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပေးရန် အလေးပေး ပြောဆိုကြောင်း သိရှိရသည်။

    ဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒရှိသော်လည်း အထွေထွေ ရွေးကောက်ပွဲ က နိုဝင်ဘာလတွင် ကျင်းပတော့ မည်ဖြစ်သည့် အတွက် အချိန်နည်းနေကြောင်း၊ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများကို အသိပေးပြောဆိုသည်ဟု သိရှိရသည်။

    ၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်အဆုံးသတ်ခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု အများစုကို ပယ်ဖျက်ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးက ရပ်တန့်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

    ဓါတ်ပုံ- အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Antony Blinken နှင့် တွေ့ဆုံဆွေးနွေး နှင့်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေးစဉ်
    Photo Credit – သူရ ဦးရွှေမန်း FB

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

    http://burma.irrawaddy.org/news/2015/05/05/74531.html