News @ M-Media
Blog
  • ထိုင်းနယ်စပ် လူကုန်ကူး စခန်းများ၌ ရိုဟင်ဂျာများ သေဆုံးမှု လူမှောင်ခိုဂိုဏ်း သံသယရှိသူများ ထိုင်းရဲတပ်ဖွဲ့  ဖမ်းဆီး
    ထိုင်းနယ်စပ် လူကုန်ကူး စခန်းများ၌ ရိုဟင်ဂျာများ သေဆုံးမှု လူမှောင်ခိုဂိုဏ်း သံသယရှိသူများ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး
    မေ ၅၊ ၂၀၁၅
    M-Media
    thai
    – ဆွန်ခ်လာပြည်နယ်တွင် မြှုပ်နှံထားသည့် ရိုဟင်ဂျာများ သေဆုံးမှုတွင် ပါဝင်သော လူမှောင်ခိုဂိုဏ်း သံသယရှိသူ ဒေသတွင်း အာဏာပိုင်များကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အခြားသူများကိုလည်း လိုက်လံရှာဖွေနေသည်ဟု သိရသည်။
    ဆွန်ခ်လာပြည်နယ် ဆာဒါအိုခရိုင် ထိုင်း-မလေးရှားနယ်စပ်ရှိ ဘန်သာလိုရွာတွင် လူကုန်ကူးသူများ၏ စခန်းများဟု ယူဆရသည့်နေရာများ၌ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ရိုဟင်ဂျာများ၏ အလောင်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ရှိခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ၊ ဖမ်းဆီးမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ မြူနီစီပယ်အရာရှိဖြစ်သူ အသက် ၄၂ နှစ်အရွယ် အာဆမ် အင်သက်ဟန်နူ၊ ဘန်သာလိုရွာ ဒုတိယသူကြီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ရော်အန် ဆွန်ယာလေ၊ ဒုတိယ ရွာခေါင်းဆောင် အသက် ၄၇ နှစ်အရွယ် အလီး လာမိုဟ်နှင့် မြန်မာနိုင်ငံသား အသက် ၄၀ အရွယ့် စိုးနိုင်(ခ)အဏ္ဏဝါ တို့ ဖြစ်ကြသည်။
    အာဆန်နှင့် ရော်အန်တို့မှာ ရိုဟင်ဂျာများအား ဖမ်းဆီးထားသည့် စခန်းများကို ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့သည်ဟု စွပ်စွဲခံထားရပြီး၊ အလီးမှာ အဆိုပါ စခန်းများအား စောင့်ကြပ်သည်ဟု သံသယရှိနေသည်။ ၎င်းတို့ကမူ ယမန်နေ့က ဆွန်ခ်လာတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထိုစွဲချက်များအား ငြင်းဆိုခဲ့သည်။
    စိုးနိုင်(ခ) အဏ္ဏဝါ ကို ရိုဟင်ဂျာများအား ပြန်ပေးဆွဲကာ ပြန်ပေးငွေတောင်းမှုနှင့် လိမ်လည်မှုတို့အတွက် နာခွန် ဆီ သာမာရက်ပြည်နယ်တွင် ထိန်းသိမ်းထားသည်။ ၎င်းတို့ ၄ ဦးစလုံးမှာ လူကုန်ကူးမှု၊ ပြန်ပေးငွေအတွက် ပြန်ပေးဆွဲမှု၊ ဖမ်းဆီးမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။
    ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ အခြား လူ ၄ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည်။ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ် ပန်ပွန်မောင်က ထိုကိစ္စတွင် ပါဝင်ပတ်သက်သည့် အာဏာပိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် အခြားသော သံသယရှိသူများကိုလည်း ၀ရမ်းထုတ်ဖမ်းဆီးသွားမည်ဟု ဆိုသည်။
    ထိုစခန်းများမှ ရုပ်အလောင်း ၂၆ လောင်းကို တူးဖော်ရရှိခဲ့ပြီး အဆိုပါ ရုပ်အလောင်းများကို ကနဦးစစ်ဆေးမှုများရ ရောဂါနှင့် အစာရေစာ ပြတ်လတ်မှုကြောင့် သေဆုံးခဲ့ရသည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအမှုကို ကိုင်တွယ်နေသည့် ရဲတပ်ဖွဲ့ ဗိုလ်ချုပ် ဆွမ်ယွတ်က ပြောကြားခဲ့သည်။
    လူကုန်ကူးမှုမှာ ထိုင်းဥပဒေအရ တရားမ၀င်လုပ်ငန်းဖြစ်ပြီး ရိုဟင်ဂျာများအား ထိန်းသိမ်းထားသည့် ထိုစခန်းများကို နယ်စပ် ပတ္တရောင်ရဲတပ်ဖွဲ့ စခန်းအနီးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ မလေးရှား၊ မြန်မာအာဏာပိုင်များနှင့် ပေါင်းကာ တရားဥပဒေအရ ဆောင်ရွက်မှုများ၊ စုံးစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွမ်ယွတ်က ပြောကြားခဲ့သည်။
    အဆိုပါ စခန်းများကို ခရီးစဉ်တစ်ခုအတွက် ရိုဟင်ဂျာအမြောက်အမြားအား ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိပြီး၊ ထိုလူကုန်ကူး လုပ်ငန်းမှာ ၃၊ ၄ နှစ်ဆက်တိုက် ထိုနေရာတွင် ရှိနေခဲ့သည်ကို ထိန်းသိမ်းရေးစခန်းများ၏ အနေအထားများက ပြသနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ထိုစခန်းမှ လွတ်မြောက်လာသူများ၏ ပြောပြချက်များအရ  လူကုန်ကူးသူများမှာ ပြန်ပေးငွေ မပေးနိုင်သူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပြီး ထိုစခန်းများတွင် သေဆုံးသူ အရေအတွက်မှာ ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။
    Ref: Bangkokpost
  • ဆန်းချက်ဇ်အား ယခုလောက်အထိ မျှော်လင့်မထားဟု ၀င်းဂါးပြော
    ဆန်းချက်ဇ်အား ယခုလောက်အထိ မျှော်လင့်မထားဟု ၀င်းဂါးပြော
    မေ ၅၊ ၂၀၁၅
    M-Media
    sanchez
    – အသင်း၏ ဂိုးသွင်းစက်ဖြစ်လာသည့် တိုက်စစ်မှူး အလက်ဇစ် ဆန်းချက်ဇ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါက ချီးကျူးလိုက်ပြီး မိမိအနေဖြင့် ထိုကဲ့သို့ ဂိုးများ သွင်းနိုင်မည်ဟု မျှော်လင့်မထားခဲ့ကြောင်း ပြောကြားခဲ့သည်။
    ယမန်နေ့က ဟားလ်စီးတီးအသင်းအား အနိုင်ရခဲ့သည့်ပွဲတွင် အသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့သည့် ဆန်းချက်ဇ်မှာ လက်ရှိ၌ ပြိုင်ပွဲအားလုံးတွင် ၂၄ ဂိုး သွင်းယူပေးထားနိုင်ပြီး သီယာရီ ဟင်နရီပြီးနောက် အသင်းနှင့် ပထမဆုံးရာသီတွင် ဂိုး ၂၀ ကျော်သွင်းနိုင်သည့် ပထမဆုံး တိုက်စစ်မှူးလည်း ဖြစ်လာခဲ့သည်။
    ဆန်းချက်ဇ်မှာ ၎င်း၏ မျှော်လင့်ထားမှုများထက် ပို၍ ဆောင်ရွက်နိုင်ခဲ့ပြီလားဟု Sky Sports က မေးမြန်းရာတွင် ၀င်းဂါးက “ဟုတ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ကို ဂိုးသွင်းစက်တစ်ယောက်ထက် ဖန်တီးပေးသူတစ်ယောက်အဖြစ်ပဲ ကျွန်တော် မျှော်လင့်ခဲ့တာပါ။
    ကျွန်တော်က သူ့ကို ဂိုးသွင်းခွင့် သိပ်မရနိုင်တဲ့ တောင်ပံမှာ ထားကစားမှာကိုး။ ဒါပေမယ့် သူဟာ အချိန်အဆရှိတယ်။ ပြေးအားလည်း တော်တော်ကောင်းတယ်။ ပြီးတာ့ အဆုံးသတ်ဖို့ နေရာကောင်းလည်း ရှာတတ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ထို့ပြင် ဟားလ်စီးတီးနှင့်ပွဲ အသင်း၏ စွမ်းဆောင်ရည်ကိုလည်း ၀င်းဂါးက ချီးကျူးခဲ့သည်။ ထိုနိုင်ပွဲမှာ အာဆင်နယ်၏ နောက်ဆုံး ပရီးမီးယားလိဂ် ၁၀ ပွဲတွင် ၉ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး ဒုတိယနေရာတွင် ရှိနေသည်။
    “စွမ်းဆောင်ရည်အတွက် တော်တော်လေး ကျေနပ်ပါတယ်။ ကျွန်တော်တို့ လွယ်လွယ်ပဲ ကစားနိုင်ခဲ့ပါတယ်”
    Ref: Goal
  • ဂါဇာတိုက်ခိုက်မှု အတွင်း မြင်သမျှ ပါလက်စတိုင်း အားလုံး ပစ်ရန် အစ္စရေး စစ်တပ် အမိန့်ပေးခဲ့ကြောင်း အစီရင်ခံစာထွက်
    ဂါဇာတိုက်ခိုက်မှု အတွင်း မြင်သမျှ ပါလက်စတိုင်း အားလုံး ပစ်ရန် အစ္စရေး စစ်တပ် အမိန့်ပေးခဲ့ကြောင်း အစီရင်ခံစာထွက်
    မေ ၅၊ ၂၀၁၅
    M-Media
    – ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာကမ်းမြှောင်အား ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သားများမှာ မြင်မြင်သမျှကို ပစ်ခတ်ရန် အမိန့်ပေးခြင်း ခံခဲ့ရပြီး ဂါဇာပြည်သူများနေထိုင်ရာ နေရာများမှာလည်း တိကျမှုမရှိသော လက်နက်များဖြင့် တမင်တကာ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု အစ္စရေး NGO အဖွဲ့တစ်ခုဖြစ်သော Breaking the Silence အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင်
    ဖော်ပြထားသည်။
    အစ္စရေးစစ်သားဟောင်းများက ဆောင်ရွက်နေသည့် အဆိုပါ NGO မှာ ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုပြီးနောက် ၈ လကြာ စုံစမ်းစစ်ဆေး မှုများ ပြလုပ်ခဲ့ပြီး ၂၃၇ မျက်နှာပါသော အဆိုပါအစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
    ရက် ၅၀ ကြာမြင့်ခဲ့သည့် ဂါဇာတိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သော အစ္စရေး ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ ဗိုလ်မှူးအဆင့်အထိ စစ်သားများကို စုံစမ်းစစ်ဆေးမှု အတွင်း တွေ့ဆုံမေးမြန်းခဲ့သည်။ အစီရင်ခံစာတွင် လည်း စစ်သားများ၏ အဆင့်နှင့် တာဝန်ထမ်းဆောင်သည့် တပ်ဖွဲ့တို့ကိုသာ ဖော်ပြခဲ့ပြီး ၎င်းတို့၏ လုံခြုံမှုကို ကာကွယ်ရန် အမည်များကို ဖော်ပြခဲ့ခြင်း မရှိပေ။
    ဟာမက်စ်မှ ဒုံးကျည်များ ပစ်လွှတ်မှုအား တုံ့ပြန်သည်ဟုဆိုကာ ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သားများ သေကြေပျက်ဆီးမှုကို ရှောင်ရှားရန် ဂရုစိုက်ခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများက ပြောကြားခဲ့သော်လည်း Breaking the Silence ၏
    တွေ့ရှိမှုများမှာ ထိုပြောကြားချက်နှင့် ကွဲလွဲနေသည်။ ဝေဖန်သူများကလည်း အစ္စရေးစစ်သားများမှာ မလျော်ကန်စွာ တုန့်ပြန်ခဲ့သည်ဟု ပြောကြားခဲ့ကြသည်။
    Breaking the Silence မှ စုဆောင်းရရှိခဲ့သည့် အစ္စရေးစစ်သားများ၏ ၀န်ခံမှုတွင် စစ်သားတစ်ဦးချင်းစီမှာ ဂါဇာပြည်သူများအား ပစ်သတ်ခြင်း၊ အခြားသော ဆောင်ရွက်မှုများကို လုပ်နိုင်သည့်အချိန်တွင် ပြည်သူများအ အသက်အန္တရာယ်ရှိစေသာ ကိစ္စများကို အစ္စရေးစစ်ဘက် ထိပ်တန်းအရာရှိများက ဆုံးဖြတ်ခြင်း စသည်တို့ ပါဝင်သည်။
    ထို့ပြင် ဂါဇာကမ်းမြှောင်အတွင်း တွေ့ရှိရသည့် မည်သူမဆို ရန်သူအဖြစ် ယူဆရမည်ဟု အစ္စရေးစစ်သားများအား ညွှန်ကြားထားကြောင်း၊ ထိုယူဆချက်ကြောင့် တပ်မှူးများကလည်း တွေ့ရှိသူတိုင်းကို ပစ်သတ်ရန် လက်အောက်ရှိ စစ်သားများအား အမိန့်ပေးထားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
    စစ်သားတစ်ဦကမူ စေ့စပ်မှုစည်းကမ်းများတွင် အစ္စရေးစစ်သားအချင်းချင်း ပြန်၍ မပစ်ခတ်ရဟူသော စည်းကမ်းချက်တစ်ခုသာရှိသည်ဟု ဆိုသည်။
    “တိုက်ပွဲစတိုင်းမှာ သူတို့က “မြင်မြင်သမျှ ပစ်သာပစ်” လို့ ကျွန်တော်တို့ကို ပြောပါတယ်။ IDF (အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့) က အဲဒီမှာ အရပ်သားတွေနေတယ်လို့ မယူဆပါဘူ” ဟု ၎င်းက ပြောကြားခဲ့သည်။
    အခြားစစ်သားတစ်ဦးက ချက်ခြင်းတိုက်ခိုက်မည်ဟူသော သတိပေး စာရွက်အား ဂါဇာတွင် ကြဲချခဲ့ပြီးသည့်နောက် ထိုဒေသအတွင်း ကျန်ရှိနေသူအားလုံးမှာ စစ်သွေးကြွများသာဖြစ်သည်ဟု မိမိတို့က ယူဆကြောင်း ပြောကြားခဲ့သည်။
    အဆောက်အဦးများအား ဗုံးကြဲမှုတွင်လည်း အစ္စရေးက မိမိတို့မှာ ဗုံးမကြဲခင် အရပ်သားများ တိမ်းရှောင်ချိန်ရရန်အတွက် သတိပေးဗုံးတစ်ခုကို ချပြီး ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုမှာ အနည်းဆုံး ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ထိုကဲ့သို့ မဟုတ်သည်ကိုလည်း တွေ့ရှိခဲ့ရသည်။
    အစ္စရေးစစ်သားတစ်ဦးက ခီရန်ဘတ် ခူဇာဒေသရှိ ၅ ထပ်အဆောက်အဦးအား ဗုံးကြဲရာတွင် သတိပေးဗုံးချပြီး ချက်ခြင်းဆိုသလိုပင် ဗုံးအစစ်ကို ချခဲ့ကြောင်း၊ အချိန် စက္ကန့် ၃၀နှင့် ၁ မိနစ်အတွင်း ပြည်သူများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ကြောင်း ၀န်ခံခဲ့သည်။
    Breaking the Silence ကမူ အစ္စရေးစစ်တပ်မှ လက်နက်ကြီးများ၊ မော်တာများကဲ့သို့ တိကျမှုမရှိသော လက်နက်များဖြင့် တိုက်ခိုက်ခြင်းကို ၎င်းတို့၏ အစီရင်ခံစာတွင် ရှုတ်ချခဲ့သည်။
    အစ္စရေးက ထိုအစီရင်ခံစာအား ပယ်ချခဲ့ပြီး ထိုအစီရင်ခံစာပါ အချက်များမှာ သက်သေမရှိဘဲ၊ မိမိတို့ကလည်း စုံစမ်းစစ်ဆေးမှု မပြုလုပ်နိုင်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုအစီရင်ခံစာမှာ အစ္စရေးက ဂါဇာအားတိုက်ခိုက်မှုအတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော ပါလက်စတိုင်း၏ တိုင်ကြားမှုအား ပိုမိုအားကောင်းသွားစေခဲ့သည်။
    Ref: RT, Aljazeera
    http://wp.me/p2QCYJ-awL
  • ထိုင်းနယ်စပ်က လူကုန်ကူးစခန်းများမှ လူ့အသက်ပေါင်းများစွာ
    ထိုင်းနယ်စပ်က လူကုန်ကူးစခန်းများမှ လူ့အသက်ပေါင်းများစွာ
    မေ ၅ ၊ ၂၀၁၅
    M-Media
    thailand-myanmar-bangladesh-migration-minority_ch_49919419
    – ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကူရာမီယာတစ်ယောက် နယ်စပ်ရှိ စခန်းတစ်ခုတွင် ဖမ်းဆီးခံထားရသည့် တူဖြစ်သူ ကာဇင်ကို ကယ်တင်ရန် အတွက် ဘတ် ၉၅၀၀၀(မြန်မာငွေ သိန်း ၃၀ ကျော်) ပေးခဲ့ရသည်။ သို့သော်လည်း တူဖြစ်သူအား ပြန်မတွေ့ရတော့။ ဆွန်ခ်လာပြည်နယ် ဆာဒါအိုခရိုင်ရှိ လူသေများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော နေရာမှ မကြာသေးမီက ပြန်ဖော်ခဲ့သည့် အလောင်း ၂၆ လောင်းထဲတွင် ကာဇင်၏ အလောင်းလည်း ပါလာခဲ့သည်။
    ထိုကံကြမ္မာဆိုးက လွတ်မြောက်လာသည့် ရွှေ့ပြောင်းလုပ်သားတစ်ဦးက အာနူဝါဟုခေါ်သော လူကုန်ကူးသူတစ်ယောက်နှင့် ၎င်း၏ လူယုံတစ်ဦးတို့မှာ ကာဇင်အား သေသည်အထိ ရိုက်ခဲ့သည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ အမည်မဖော်လိုသည့် အခြေအနေတွင် စကားပြန်မှတစ်ဆင့် ၎င်းက ပြောကြားရာတွင် လူကုန်ကူးခံရသူများ သို့မဟုတ် ပြန်ပေးဆွဲခံရသူများအား ဖမ်းဆီးထိန်းသိမ်းထားသော  ထိုင်း-မလေးရှား နယ်စပ်တစ်လျှောက်ရှိ စခန်းများတွင် လူပေါင်း ၅၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ကြားခဲ့သည်ဟု ဆိုသည်။
    “အဲဒီစခန်းတွေမှာ ရိုဟင်ဂျာရွှေ့ပြောင်းသူတွေ ရှိနေပြီး ကတိပေးထားတဲ့အလုပ် ရဖို့ ဒါမှမဟုတ် ပြန်ပေးငွေ လာဖို့ စောင့်နေကြပါတယ်” ဟု သူက ပြောကြားခဲ့သည်။
    သူက မိမိမှာ မလေးရှားတွင် အလုပ်ရှာပေးမည်ဟုသော ကမ်းလှမ်းမှုဖြင့် လွန်ခဲ့သည့် ၆ လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းမှာ လူ ၇၀၀၊ ၈၀၀ ခန့်ကို ဖမ်းဆီးထားသည့် ထိုစခန်းတွင် ကာဇင်ကဲ့သို့ပင် နေထိုင်ခဲ့ရသည်။
    “ကျွန်တော့်အတွက် ပြန်ပေးငွေပေးဖို့ အမေက ခြံရောင်းခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော် အသက်ရှင်နေသေးတာပေါ့” ဟု သူက ဆိုသည်။
    အာနူဝါက ၎င်းအား ပထမဆုံး ဆက်သွယ်သည့်အချိန်တွင် ကာဇင်လွတ်မြောက်ရေးအတွက် ဘတ် ၉၅၀၀၀ ပြန်ပေးငွေပေးချေရန် သဘောတူခဲ့သည်ဟု ကူရာမီယာက ပြောသည်။
    c1_548439_150501171954_620x413
    “ဒါပေမယ့် ကျွန်တော် ပိုက်ဆံလွှဲပြီးတဲ့နောက်မှာ သူ့ဘက်က ဘာမှ အသံမကြားတော့ပါဘူး။ အဲဒီနောက် ၁၅ ရက်လောက်အကြာမှာ သူက ဘတ် ၁၂၀၀၀၀ (ကျပ် သိန်း ၄၀)  ထပ်တောင်းပါတယ်” ဟု ကူရာမီယာက ကြေကွဲဆို့နင့်စွာပြောသည်။
    သူက မိမိတွင် ပိုက်ဆံ ထပ်မရှိတော့ဟု ပြန်ပြောခဲ့ပြီး ထိုင်းနိုင်ငံ နာခွန် ဆီ သမ်မာရက်ပြည်နယ်ရှိ ရဲတပ်ဖွဲ့သို့ သွားရောက်တိုင်ကြားရန် ဆုံးဖြတ်ခဲ့သည်။ ထိုကဲ့သို့ တိုင်ကြားပြီးနောက်ပိုင်းတွင် ကာဇင်မှာ အာနူဝါနှင့် လူယုံတို့၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ကြားခဲ့ရကြောင်း ကူရာမီယာက ပြောကြားခဲ့သည်။
    အသက်ရှင်ကျန်ရစ်သူက သက်သေအဖြစ် ထွက်ဆိုခဲ့သောကြောင့် ရဲတပ်ဖွဲ့က အာနူဝါအား ဖမ်းဝရမ်းထုတ်ခဲ့ပြီး ယခုအချိန်တွင် ဖမ်းဆီးရမိခဲ့ပြီ ဖြစ်သည်။
    ထိုကိစ္စအတွက် ဆက်လက်စုံစမ်းမှုများ ပြုလုပ်ရာတွင် ဆာဒါအိုရှိ စခန်များကို ထပ်တွေ့ခဲ့ရပြီး အလောင်းအများစု မဖော်ရသေးသည့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောနေရာများကိုလည်း တွေ့ရှိခဲ့ရသည်။
    Thailand Bodies Discovered-1
    စခန်းမှ လွတ်မြောက်လာသူက ၎င်းရှိနေသည့်အချိန်တွင် ၁၇ ဦးမှ ၂၀ ကြား အသတ်ခံခဲ့ရသည်ဟု ဆိုသည်။
    “သူတို့တွေဟာ သေနတ်နဲ့ရော တုတ်နဲ့ပါ ပစ်သတ်၊ ရိုက်သတ် ခံခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
    ဆွေမျိုးများက ပြန်ပေးငွေ မပေးနိုင်သည့် သူများမှာ ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံရမည် သို့မဟုတ် အစာမကြွေး၊ ရေမတိုက်ဘဲ သေသည်အထိ စွန့်ပစ်ထားခံရမည်ဟု ဆိုသည်။
    အမျိုးသား လက်ထောက်ရဲမင်းကြီး ဗိုလ်ချုပ် ဂျာရမ်ပွန် ဆူရာမန်းနီးက အဆိုပါ စခန်းမှ တူးဖော်ရရှိသည့် အလောင်းအများစုမှာ အရိုးများကျနေပြီး၊ အလောင်း ၆ ခုသာ ပျက်ဆီးနေသော အလောင်းများဖြစ်သည်ဟု ယမန်နေ့ (မေ ၃ ရက်နေ့) တွင် ပြောကြားခဲ့သည်။
    “ဒဏ်ရာရတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့် အများစုဟာ ရောဂါ ဒါမှမဟုတ် အဟာရပြတ်လတ်ပြီး သေဆုံးသွားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု သူက ပြောကြားခဲ့သည်။
    rohingya_dst02_49896755
    ဂျာရမ်ပွမ်က အဆိုပါ အလောင်းများကို ဦးခေါင်းများ မြောက်ဘက်သို့ထားကာ ဘာသာရေး ထုံးတမ်းစဉ်လာများဖြင့် သင်္ဂြိုဟ်ပြီးခဲ့ပြီဟု ပြောကြားခဲ့သည်။
    ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ပရာဝွတ် သာဗွန်ဆီရီက ယခုအဖြစ်အပျက်တွင် အပြစ်ရှိသူများကို တရားဥပဒေရှေ့မှောက်သို့ မဖြစ်မနေ ခေါ်ဆောင်လာရမည်ဟု ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဒုတိယ၀န်ကြီးချုပ် ပရာဝစ် ၀ွန်ဆူဝန်တို့က ပြတ်ပြတ်သားသား ပြောကြားခဲ့သည်ဟု ဆိုသည်။
    အမျိုးသားရဲတပ်ဖွဲ့ မဟာမင်းကြီး ဗိုလ်ချုပ်ကြီး ဆွမ်ယွတ် ပွန်ပန်မောင်က အထူးစုံးစမ်းစစ်ဆေးရေး အဖွဲ့ကို ဦးဆောင်ရန် လက်ထောက်မဟာမင်းကြီး ဗိုလ်ချုပ်ကြီး ဂျက်သစ်ပ် ချိုင်ချင်ဒါကို တာဝန်ပေးခဲ့သည်။
    “ဒီအဖွဲ့ဟာ တောင်ပိုင်းကိုသွားပြီး ဒီပြဿနာကို ဖြေရှင်းမှာပါ” ဟု ပရာဝွတ်က ဆိုသည်။
    ကာဇင်၏ အမှုအတွက် သက်သေအဖြစ် ထွက်ဆိုထားသည့် လွတ်မြောက်လာသူက ထိုင်းလူမျိုး ဇနီးမောင်နှံဖြစ်ပြီး ဘန်ချီးနှင့် ဖရီဒါဟုသာ သိရသော ဇနီးမောင်နှံ ၂ ဦးမှ ၎င်းနှင့် ကာဇင်တို့ ထိန်းသိမ်းခံထားရသော စခန်းကို ပိုင်ဆိုင်သည်ဟု ပြောကြားခဲ့သည်။
    “သူတို့က စခန်းထဲကိုလာပြီး လူအရေအတွက်နဲ့ ပြန်ပေးငွေတွေကို စစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
    တာ့က်ပြည်နယ်မှ ရဲတပ်ဖွဲ့ကလည်း မြန်မာအမျိုးသမီး ၂ ဦး ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဖျားယောင်းသွေးဆောင်ခြင်းခံခဲ့ရပြီး ဘန် ဟွေ နော့က် ဒေသရှိ စိုက်ပျိုးရေးခြံတစ်ခုတွင် ထိန်းသိမ်းခံထားရသည်ဟူသော သတင်းအား လိုက်နေကြသည်။
    အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးငယ် ၂ ဦးမှာ နယ်စပ်ရှိရွာမှ အမျိုးသားတစ်ဦးနှင့် ထွက်သွားစဉ်ကတည်းက တစ်ကြိမ်သာ မိသားစုကို အဆက်အသွယ်လုပ်ခဲ့သည်။ ၎င်းတို့၏ မိသားစုကမူ အတူပါသွားသူ အမျိုးသားမှာ လူကုန်ကူးသူတစ်ယောက် ဖြစ်ပုံရသည်ဟု အာဏာပိုင်များအား ပြောကြားခဲ့သည်။
    ထိုင်းအစိုးရမှ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဆန်ဆန် ကွဲကမ်နာ့ဒ်က ၀န်ကြီးချုပ် ပရာယွတ်မှာ ရိုဟင်ဂျာများအား လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်သည့် အစိုးရ၀န်ထမ်းများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် အမိန့်ပေးမည်ဟုဆိုပြီး ၀န်ကြီးချုပ်က လိုအပ်သည်ဟု ယူဆပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၄၄ ကို ကျင့်သုံးကောင်း ကျင့်သုံးနိုင်သည်ဟု ပြောကြားခဲ့လေသည်။
    Ref: The Nation
    လေးမောင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
  • လူနည်းစု ဘာသာဝင်တွေ အခက်ကြုံနေရကြောင်း ကန် ဘာသာရေး အထူးသံ ဝေဖန်
    လူနည်းစု ဘာသာဝင်တွေ အခက်ကြုံနေရကြောင်း ကန် ဘာသာရေး အထူးသံ ဝေဖန်
    VOA(မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .AD4C4AE6-8502-42B3-8684-722792388464_w640_r1_cx0_cy24_cw0_s
    မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တိုးတက်မှုတွေရှိနေပေမယ့် ဘာသာရေးဆိုင်ရာမှာ တင်းမာမှုတွေရှိနေဆဲဖြစ်ပြီး လူနည်းစုသာ ကိုးကွယ်တဲ့ ဘာသာတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein က မြန်မာနိုင်ငံ ခရီးစဉ်မှာ သုံးသပ်လိုက်ပါတယ်။ ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာနေတဲ့ အထူးသံအမတ်ကြီး Saperstein ရဲ့ ခရီးစဉ်အကြောင်းကိုတော့ လိုက်ပါ သတင်းယူထားတဲ့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။
    .
    ပြုပြင်ပြောင်းလဲနေတဲ့ကာလအတွင်း မြန်မာနိုင်ငံမှာ မှန်ကန်တဲ့ တိုးတက်မှုတွေရှိနေပေမယ့်လည်း လူနည်းစုကိုးကွယ်တဲ့ဘာသာတွေမှာ လွတ်လပ်မှုမရှိဘဲ ဘာသာဝင်အနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူး သံအမတ်ကြီး David Saperstein က VOA ကို အခုလို ပြောဆိုလိုက်ပါတယ်။
    .
    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းတဲ့ခရီးမှာ တိုးတက်မှုတွေရှိနေပေမယ့်လည်း ဘာသာရေးလွတ်လပ်မှုအပိုင်းမှာတော့ ဘာသာရေးတင်းမာမှုတွေ၊ လူနည်းစု ကိုးကွယ်တဲ့ ဘာသာတွေအနေတဲ့ တူညီတဲ့အခွင့်အရေးမရတာတွေ၊ စတဲ့အခြေအနေအေပေါ်မှာ စိုးရိမ်စရာတွေရှိပါတယ်။ နိုင်ငံတွင်းမှာ ဘုရားကျောင်းဆောက်ခွင့်မပြုတဲ့ တားမြစ်ချက်မျိုးတွေရှိနေသလို လူမှုရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လူနည်းစုဘာသာဝင်တွေ နေထိုင်ရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်တာမျိုး၊တွေလည်း ရှိနေပါတယ်။”
    .
    အထူးသံအမတ်ကြီးဟာ ရန်ကုန်မြို့ကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိပြီး ဘာသာပေါင်းစုံက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဘာသာပေါင်းစုံက ဘာသာဝင်တွေ ညီညွတ်ကြဖို့ အားပေးသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ ဒီခရီးစဉ်မှာ အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် လိုအပ်ချက်တွေကို ထောက်ပြပြောဆိုသွားမယ်လို့လည်း သူက ဆိုပါတယ်။
    .
    “ဒီခရီးစဉ်မှာ ကျနော်တို့ အဓိကကျတဲ့ ဘာသာကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးပါပြီ။ အချင်းချင်း သိပြီးသားတွေပါသလို မသိတဲ့လူတွေလည်း ပါပါတယ်။ ဒီခရီးစဉ်မှာတော့ ကျွန်တော်က သူတို့တွေအားလုံးကို စုစုစည်းစည်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပေးလိုက်ပါတယ်။ အစိုးရအဖွဲ့နဲ့လည်းတွေ့ပြီး လူနည်းစုဘာသာဝင်တွေ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်အောင်၊ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းအောင်၊ လူနည်းစုဘာသာဝင်ဝန်ထမ်းတွေကို အစိုးရဌာနတွေ၊ စစ်တပ်တွေထဲမှာ ရာထူးတိုးပေးဖို့၊ ဘာသာရေးအဆောက်အအုံတွေ ဆောက်ခွင့်မပေးတဲ့ တားမြစ်ချက်ကို လျော့ပေါ့စေဖို့ စတာတွေ နှိုးဆော်သွားမှာပါ။ တဆင့်ပြီးတဆင့် ဆောင်ရွက်မှသာ နောက်ပိုင်းမှာ စင်စစ်ပြောင်းလဲမှုဖြစ်လာပြီး ဘာသာရေးလွတ်လပ်ခွင့်တွေ တိုးတက်လာမှာပါ။”
    .
    ပြဌာန်းဖွယ်ရှိနေတဲ့ မျိုးစောင့်ဥပဒေမူကြမ်း ၄ ရပ်ဖြစ်တဲ့ ဘာသာကူးပြောင်းခြင်း၊ ဘာသာခြားချင်းလက်ထက်ထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ်နဲ့ လူဦးရေတိုးပွားနှုန်း စတာတွေဟာ လူ့အခွင့်အရေးကို ထိခိုက်နေတယ်လို့လည်း အထူးသံအမတ်ကြီး David Saperstein က သုံးသပ်ပါတယ်။ မျိုးစောင့်ဥပဒေကို အတည်ပြုလိုက်ခြင်းအားဖြင့် ဒီမိုကရေစီစနစ် အားနည်းလာနိုင်ကြောင်း မြန်မာအစိုးရကို သတိပေးသွားမယ်လို့လည်း ဆိုပါတယ်။
    .
    “ဒီလူနည်းစုဘာသာဝင်တွေအားလုံးကို သူတို့ရဲ့ ဘာသာရေးဆိုင်ရာ ယုံကြည်သက်ဝင်မှုတွေအတိုင်း လက်ခံဆောင်ရွက်ပေးသွားနိုင်ဖို့ အစိုးရကို ကျနော်တို့ဘက်က ကြိုးစား တိုက်တွန်းနေပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတဲ့နိုင်ငံမှာ လူနည်းစုဘာသာဝင်တွေအနေနဲ့ သူတို့ရဲ့ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတဲ့အခါ ပဋိပက္ခတွေ ဖြစ်လာပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိတော့ဘဲ ဒီမိုကရေစီလည်း တဖြည်းဖြည်း အားနည်းလာပါ လိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ အစိုးရအနေနဲ့ ဒီမျိုးစောင့်ဥပဒေကို အတည်မပြုဖို့ မျှော်လင့်ပါတယ်။ အတည်ပြုလိုက်မယ်ဆိုရင်လည်း အခြေခံလူ့အခွင့်အရေးတွေကို တင်းတင်းကျပ်ကျပ်ကာကွယ်ထားရပါမယ်။ ဒါမှလည်း လူနည်းစုဘာသာဝင်တွေကို မထိခိုက်နိုင်မှာပါ။”
    .
    မြန်မာနိုင်ငံကို မေလ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ သံအမတ်ကြီး David Saperstein ဟာ ရန်ကုန်မြို့ထဲက ဗလီ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ ဂျူးဘုရားရှိခိုးကျောင်းတွေကို သွားရောက်ပြီး ဘာသာဝင်တွေရဲ့ အခြေအနေတွေကို လေ့လာခဲ့ပါတယ်။ ဒီနေ့ မေလ ၄ ရက်နေ့မှာတော့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး နောက်နေ့တွေမှာတော့ မန္တလေးနဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ကိုလည်း သွားဖို့ရှိပါတယ်။
    .
    ဓါတ်ပုံ-အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein
    http://burmese.voanews.com/content/ameican—-speial-relious-envoy-criticitizes-on-minority-religious-difficulties-/2747639.html