News @ M-Media

Blog

  • မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

    မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

    11205106_1583212588602330_4977429749082110853_n
    မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်များအပေါ် ခွဲခြားကန့်သတ်မှုများရှိနေသည်ဟု ဝေဖန်ခံနေရသော မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းမှုများအပေါ် စိုးရိမ်ပူပန်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်း တရပ် အရ သိရှိရသည်။

    သူရဦးရွှေမန်းနှင့် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တွင် တွေ့ဆုံခဲ့သော အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲ သည် အားလုံးပါဝင်နိုင်ပြီး အများကယုံကြည်လက်ခံနိုင်သည့် ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ ဖြစ်ရန် အရေးကြီး သည် ဟု အလေးပေးပြောဆိုခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

    အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ တိုင်းရင်းသား အဖွဲ့များနှင့် ပြန်လည်သင့်မြတ်မှုရရှိရန်နှင့် လူ့အခွင့် အရေး ကိစ္စများအတွက် ရေရှည်တည်တံ့မည့် အဖြေများ ရရှိရန် လိုအပ်သည်ဟု ဦးရွှေမန်းကို တိုက်တွန်းပြောဆိုသည်ဟု သိရှိရသည်။

    လူနည်းစု မူစလင်များကို ထုတ်ပေးထားသည့် White Card များ ပြန်လည် ရုပ်သိမ်းခြင်း အပေါ် အမေရိကန်နိုင်ငံက စိုးရိမ်ကြောင်း Antony Blinken က ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို အင်အားသုံးဖြိုခွဲခဲ့ခြင်း နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတခု ပြုလုပ် ရန်လည်း သူက တောင်းဆိုခဲ့သည်။

    မြန်မာအစိုးရက White Card ယာယီသက်သေခံ ကတ်ပြားများကို ပြန်လည်အပ်နှံရန် ကြေညာခဲ့ပြီး လွှတ်တော်က White Card ကိုင်ဆောင်သူများကို ပေးအပ်ထားသည့် နိုင်ငံသား အခွင့်အရေးများကိုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

    ဦးရွှေမန်း၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရတာဝန်ရှိသူများက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင် ခွင့်မှ တားဆီးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပေးရန် အလေးပေး ပြောဆိုကြောင်း သိရှိရသည်။

    ဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒရှိသော်လည်း အထွေထွေ ရွေးကောက်ပွဲ က နိုဝင်ဘာလတွင် ကျင်းပတော့ မည်ဖြစ်သည့် အတွက် အချိန်နည်းနေကြောင်း၊ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများကို အသိပေးပြောဆိုသည်ဟု သိရှိရသည်။

    ၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်အဆုံးသတ်ခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု အများစုကို ပယ်ဖျက်ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးက ရပ်တန့်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

    ဓါတ်ပုံ- အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Antony Blinken နှင့် တွေ့ဆုံဆွေးနွေး နှင့်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေးစဉ်
    Photo Credit – သူရ ဦးရွှေမန်း FB

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

    http://burma.irrawaddy.org/news/2015/05/05/74531.html

  • နိုင်ငံတကာသတင်းတို (မေ ၅၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၅၊ ၂၀၁၅)

    မေ ၅၊ ၂၀၁၅
    M-Media

    ထိုင်းမှာ လူကုန်ကူးစခန်းတစ်ခု ထပ်တွေ့
    ————————————-
    ပြီးခဲ့သည့် တစ်ပတ်က တွေ့ရှိခဲ့သည့် လူကုန်ကူးစခန်းနှင့် လူများအစုလိုက်အပြုံလိုက်မြှုပ်နှံထားရာ ထိုင်းနိုင်ငံ ဆွန်ခ်လာပြည်နယ်ရှိ မလေးရှားနယ်စပ်အနီး တောင်ပေါ်တွင် နောက်ထပ် လူကုန်ကူးစခန်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ စခန်းတွင် ၀ါးဖြင့်ပြုလုပ်ထားသည့် တဲ ၈ လုံး၊ အိပ်ရန်ဆောက်လုပ်ထားသည့် တဲ ၃ လုံးနှင့်
    ဖြစ်သလိုပြုလုပ်ထားသော မီးဖိုဆောင် ၂ ခု ပါဝင်ကာ လူသေများ မြှုပ်နှံထားသည့် နေရာ ၅ နေရာကိုလည်း တွေ့ရှိခဲ့သည်။ သို့သော်လည်း အလောင်းများအား တာဝန်ရှိသူများက တူးဖော်ရခြင်း မရှိသေးပေ။

    နယူးယောက်ရဲတစ်ဦး ပစ်သတ်ခံရ
    ————————————
    စနေနေ့က သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် နယူးယောက် ရဲတပ်ဌာနမှ တပ်ဖွဲ့ဝင် ဘရိုင်ယန်မိုးမှာ ယမန်နေ့က အဆိုပါ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။ မိုးနှင့် ၎င်း၏ လုပ်ဖ်ာကိုင်ဖက်ဖြစ်သူတို့ နယူးယောက်ရှိ ကွင်းရွာတွင့် အရပ်ဝတ်ဖြင့် ကားမောင်းသွားစဉ် အသက် ၃၅ နှစ်အရွယ် ဒီမီထရီယက်စ် ဘလက်ဝဲလ်ဆိုသူက သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။ ဘလက်ဝဲလ်မှာ ခါးပတ် စောင့်ဆွဲနေသည်ကို မြင်ရသောကြောင့် မိုးက မိမိမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ခါးတွင် မည်သည့်အရာရှိသည်ကို စစ်ဆေးချင်သည်ဟု ပြောကြားရာမှ ဘလက်ဝဲလ်က ခါးမှသေနတ်ထုတ်ကာ ပစ်ခတ်ခဲ့ပြီး မိုး၏ ပါးကို ထိမှန်ခဲ့သည်။ ဘလက်ဝဲလ်မှာ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းကို ခံထားရပြီး ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆို ခံထားရသည်။

    ဟောင်ကောင်ပြန်ပေးသမားတွေ တရုတ်တွင်ဖမ်းမိ
    ———————————
    အသက် ၂၉ နှစ်အရွယ် ဟောင်ကောင် အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲခဲ့ပြီး ၎င်း၏ မိသားစုမှ ပေးခဲ့သည့် ပြန်ပေးငွေ ဟောင်ကောင်ဒေါ်လာ ၂၈ သန်း (ကန်ဒေါ်လာ ၃.၆၁ သန်း) နှင့်အတူ ထွက်ပြေးလာခဲ့သည့် ပြန်ပေးသမား ၅ ဦးကို တရုတ်နိုင်ငံ ဂွမ်ဒုန်းပြည်နယ် ရှန်ဇန်းမြို့တွင် ပြန်ပေးငွေများနှင့်အတူ ယမန်နေ့က ဖမ်းမိခဲ့သည်။ ပြန်ပေးသမားမှာ ၆ ဦးဖြစ်ပြီး တစ်ဦးကို ဟောင်ကောင်အာဏာပိုင်များက နယ်စပ်တွင် စောစာပိုင်းက ဖမ်းဆီးရမိထားသည်။

    ဥရောပသို့ ၀င်လာသူအာဖရိကန်တွေကို လစ်ဗျားတွင် ထိန်းသိမ်း
    —————————————-
    ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားစဉ် လစ်ဗျား ကမ်းခြေစောင့်တပ်ဖွဲ့မှ တနင်္လာနေ့တွင် ဖမ်းဆီးခဲ့သည့် အာဖရိကမှ ပြောင်းရွှေ့ အခြေချလာသူ ၅၀၀ ခန့်ကို လစ်ဗျားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများသို့ ယနေ့တွင် ပို့ဆောင်ခဲ့သည်။ သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ၃ ရက်တာအတွင်း ဥရောပသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ကြသည့် အာဖရိကန် ၆၇၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံး သူများလည်း ရှိခဲ့သည်။

    Ref: News Agencies

  • KFC ကြက်ကြော်ဆိုင် ရန်ကုန်တွင် မကြာမီ ဖွင့်လှစ်တော့မည်

    KFC ကြက်ကြော်ဆိုင် ရန်ကုန်တွင် မကြာမီ ဖွင့်လှစ်တော့မည်

    မေ ၅၊ ၂၀၁၅
    M-Media

    KFC

    – ကမ္ဘာတစ်ဝှမ်း ဆိုင်ခွဲအများဆုံး ဖွင့်ထားသည့် အသင့်စား စားသောက်ဆိုင်များမှ တစ်ခုဖြစ်သော အမေရိကန်အခြေစိုက် KFC ကြက်ကြော်ဆိုင်မှာ ရန်ကုန်မြို့လယ်ကောင်တွင် ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်တော့မည်ဟု မိတ်ဖက်အဖြစ် လုပ်ကိုင်ခွင့်ရထားသော Yoma Strategic က ယနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

    ထိုသို့ ဖွင့်လှစ်လိုက်ပါက မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည့် ပထမဆုံး အမေရိကန် အသင့်စား စားသောက်ဆိုင် ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း ကြေညာချက်တွင် ဖွင့်လှစ်မည့်နေ့ရက် အတိအကျကို ဖော်ပြထားခြင်း မရှိပေ။

    Yoma ကမူ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် ဆိုင်ခွဲပေါင်းများစွာကို ယခုနှစ်အကုန်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။

    အနောက်နိုင်ငံများက ပိတ်ဆို့မှုများအား ရုပ်သိမ်းစေခဲ့သည့် ၂၀၁၁ ခုနှစ် အရပ်သားတစ်ပိုင်းအစိုးရ တက်လာပြီးနောက်ပိုင်းတွင် နိုင်ငံရပ်ခြားမှ လုပ်ငန်းများမှာ မြန်မာနိုင်ငံသို့ ဒလဟော ၀င်ရောက်လာခဲ့သည်။

    ကိုကာကိုလာအချိုရည်၊ ကားကုမ္ပဏီ Chevrolet နှင့် Ford တို့အပါအ၀င် အမေရိကန်မှ စီးပွားရေးလုပ်ငန်းအချို့မှာလည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ၀င်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။

    KFC မှာ ကမ္ဘာတစ်ဝှမ်းတွင် ဆိုင်ခွဲပေါင်း ၁၅၀၀၀ ကျော် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတွင် ဖွင့်လှစ်ပြီးပါက အရှေ့တောင်အာရှတွင် KFC စားသောက်ဆိုင်မရှိသည့်နိုင်ငံမှာ လာအိုတစ်နိုင်ငံတည်းသာ ရှိတော့မည်ဖြစ်သည်။

    KFC Myanmar ၏ Facebook စာမျက်နှာတွင် like လုပ်သူအရေအတွက် ၁၂၀၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်သည်။ တောင်ကိုရီးယားမှ Lotteria ဘာဂါစားသောက်ဆိုင်မှာလည်း ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်း ဆိုင်ခွဲပေါင်း ၇ ဆိုင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

    Ref: GMA News

  • အိုကလာဟိုးမားရှိ မွတ်စလင်စာသင်ကျောင်းတစ်ခု ဖျက်ဆီးခံရ

    အိုကလာဟိုးမားရှိ မွတ်စလင်စာသင်ကျောင်းတစ်ခု ဖျက်ဆီးခံရ

    မေ ၅၊ ၂၀၁၅
    M-Media

    aa

    – အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့ရှိ မွတ်စလင် စာသင်ကျောင်း Tulsa Peace Academy ဖျက်ဆီးခံရမှုအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ အသက် ၁၀ နှစ် ခန့်ရှိသည့် ကလေးငယ်များက ထိုသို့ ဖျက်ဆီးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    “တစ်ချို့ဆေးတွေဟာ လျှောက်လမ်းမကြီးတစ်လျှောက်လုံးမှာ ပြန့်ကျဲနေပြီး ကျောင်းသားတွေ ပစ္စည်းသိမ်းတဲ့ ဗီဒိုအားလုံရဲ့ သော့တွေလည်း ပွင့်နေပါတယ်။ ပြီးတော့ ဗီဒိုထဲမှာရှိတဲ့ ပစ္စည်းတွေကို ဆွဲထုတ်ပြီး လျှောက်လမ်းပေါ်မှာ ပစ်ထားပါတယ်” ဟု Tulsa Peace Academy မှ ကျောင်းအုပ်ကြီး ဇာဟီရန် အာရက်စ်တူက မေလ ၃ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ဖျက်ဆီးခံရမှုမှာ စနေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လုံခြုံရေးကင်မရာ မှတ်တမ်းများအရ အသက် ၁၀ နှစ်မှ ၁၂ အကြားရှိ ကလေး ၃ ဦးက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အာရက်စ်တူက ရှင်းပြခဲ့သည်။ ထို့ပြင် အဆိုပါ ကျောင်းမှာ မီးနည်းငယ်လောင်ခဲ့ပြီး မီးရှို့သူများမှာလည်း ၎င်းတို့ပင်ဖြစ်မည်ဟု ယုံကြည်ရသည်။

    “သူတို့ဟာ ဇာတ်လမ်းတစ်ချို့ပါတဲ့ ဗီဒီယိုတော်တော်များများကို ကြည့်ပုံပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျောင်းထဲကို သူတို့ဝင်လာတဲ့အခါမှာ မျက်နှာကို အ၀တ်စည်းထားပါတယ်။ ဒါမျိုးဟာ စိုးရိမ်စရာကောင်းပါတယ်” ဟု ကျောင်းအုပ်ကြီးက
    ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါကလေးငယ်များမှာ စာသင်ခန်း ၆ ခုကို ဖျက်ဆီးခဲ့ပြီး စာရွက်များ၊ ဆေးများကို လျှောက်လမ်းမပေါ်တွင် လွှင့်ပစ်ခဲ့ကာ သိပ္ပံဓာတ်ခွဲခန်းကိုလည်း မီးရှို့ရန် ကြိုးစားခဲ့သည်။ ထို့ပြင် ဖော်မယ်ဒီဟိုက် နမူနာများကိုလည်း ဖျက်ဆီးခဲ့ကြသည်။

    ထိုတိုက်ခိုက်မှုပြီးနောက် ပတ်ဝန်းကျင်မှဒေသခံများမှာ မွတ်စလင်များနှင့် အတူရှိကြောင်း ပြသခဲ့ပြီး ဖျက်ဆီးခံခဲ့ရသည့် အဆိုပါ စာသင်ကျောင်းအား လာရောက် ရှင်းလင်းပေးခဲ့သည်။

    ထိုတိုက်ခိုက်မှုမှာ အမုန်းတရားကြောင့်မဟုတ်ဟု တွေ့ရှိခဲ့ရပြီးနောက် အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသားမိဘများမှာ စိတ်သက်သာရာ ရခဲ့သည်။

    အာရက်စ်တူကမူ မိမိတို့ကျောင်းမှာ ပညာတတ်များကို မွေးထုတ်ပေးနိုင်ပြီး ယခုအဖြစ်အပျက်က ထိုအခြေအနေကို ပြောင်းလဲစေမည်မဟုတ်ကြောင်း၊ အန္တရာယ်ရှိသည့် အဖွဲ့တစ်ခုခုက ဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် စိတ်ချမ်းသာမိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    အိုကလာဟိုးမားတွင် လွန်ခဲ့သည့် ၃ လခန့်က အဖွဲ့တစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆိုပါအဖွဲ့က အမေရိကန်မှာ ခရစ်ယာန်နိုင်ငံဖြစ်သည်ဟု ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကာ အစ္စလာမ်ဆန့်ကျင်ရေး အမုန်းတရားများကိုလည်း ဖြန့်ဖြူးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်လအတွင်း
    ပြည်နယ်မြို့တော်တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်၏ ပထမဆုံး မွတ်စလင်နေ့ အခမ်းအနားကိုလည်း ၎င်းတို့က လာရောက်နှောက်ယှက်ခဲ့သည်။

    Ref: Onislam

  • မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ပွဲ သံသယဖြစ်စရာတစ်ခု ထွက်ပေါ်

    မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ပွဲ သံသယဖြစ်စရာတစ်ခု ထွက်ပေါ်

    မေ ၅၊ ၂၀၁၅
    M-Media

    – ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ရာစုနှစ်ရဲ့ အကောင်းဆုံးပွဲလို့ သတ်မှတ်ကြတဲ့ အမေရိကန် လက်ဝှေ့ကျော် မေ၀ယ်သာနဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့ရဲ့ပွဲမှာ ၁၂ ချီအပြည့်ထိုးသတ်ပြီးတဲ့နောက် အမှတ်နဲ့ ဆုံးဖြတ်တဲ့အခါ ဒိုင်လူကြီး ၃ ဦးစလုံးက မေ၀ယ်သာကို အနိုင်ပေးလိုက်ပါတယ်။

    ဒါပေမယ့် လက်ဝှေ့ပရိသတ်တွေကတော့ ဒီလိုအနိုင်ပေးလိုက်တာကို မကျေနပ်ကြပါဘူး။ ပက်ကွီအိုကသာ အနိုင်ရသင့်တယ်လို့ ပြောခဲ့ကြပြီး တိုက်စစ်အားသန်တဲ့ ပက်ကွီအိုက တစ်ပွဲလုံး လိုက်ထိုး၊ မေ၀ယ်သာက ပတ်ပြေးနေရတာကို ထောက်ပြခဲ့ကြပါတယ်။

    တာဝန်ရှိသူတွေကတော့ ထိုးတာထက် ထိချက်ပေါ်မှာ အမှတ်ပေးတာဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ကြပေမယ့် လက်ဝှေ့ဆိုင်ရာ ကျွမ်းကျင်သူတွေတစ်ချို့က ထိချက်အရလည်း ပက်ကွီအိုကသာ နိုင်သင့်တယ်လို့ အထောက်အထားတွေနဲ့ ဆိုခဲ့ကြပါတယ်။

    ဒါနဲ့ပတ်သက်လို့ သံသဖြစ်စရာ၊ အငြင်းပွားစရာ ကိစ္စတစ်ခုကလည်း အခုရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒါကတော့ ပြိုင်ပွဲရဲ့ တရားဝင်အမှတ်ပေးဇယားမှာ ဒိုင်လူကြီး ၃ ယောက်စလုံးဟာ မေ၀ယ်သာနဲ့ ပက်ကွီအိုတို့ရဲ့ ကြိုးဝိုင်းထောင့် အရောင်တွေကို မှားယွင်း
    ရေးသားထားတာပဲ ဖြစ်ပါတယ်။

    အဲဒီအမှတ်ပေးဇယားမှာ ဒိုင်လူကြီး ဂလင်း ဖဲလ်ဒ်မန်၊ ဘာ့တ် ကလီးမန့်နဲ့ ဒေ့ဗ် မိုရက်တီတို့ကို အဖြူရောင် (White)၊ အပြာရောင် (Blue)နဲ့ ပန်းရောင် (Pink) လို့ သတ်မှတ်ထားပါတယ်။ မေ၀ယ်သာကို အမှတ်ပေးထားတဲ့ ကော်လံမှာ ကြိုးဝိုင်းထောင့် အနီရောင် သင်္ကေတ (R) ကို ရေးသားထားပြီး ပက်ကွီအိုကို အမှတ်ပေးတဲ့ ကော်လံမှာတော့ ကြိုးဝိုင်းထောင့် အပြာရောင်
    သင်္ကေတ (B) ကို ရေးသားထားပါတယ်။

    တကယ်တော့ မေ၀ယ်သာက အပြာထောင့်ကနေ ထိုးတာဖြစ်ပြီး ပက်ကွီအိုက အနီထောင့်ကနေ ထိုးတာဖြစ်ပါတယ်။ ဒီလိုမှားယွင်းမှုကြောင့် ဒိုင်လူကြီးတွေက မှားယွင်းပြီး မေ၀ယ်သာကို အနိုင်ပေးလိုက်တာလားဆိုပြီး စောဒကတက်တာတွေ ရှိလာပါတယ်။

    ဒီလိုမှားယွင်းမှုမျိုးဟာ မတော်တဆ မှားယွင်းမှုမျိုး ပိုဖြစ်နိုင်ပြီး ဒိုင်လူကြီးတွေဘက်ကလည်း ရည်ရွယ်ချက်ရှိရှိ မှားယွင်းတာမျိုး မဖြစ်နိုင်လောက်ပါဘူး။ ဒိုင်လူကြီး မိုရက်တီရဲ့ အမှတ်ပေး ဇယားကွက်အောက်မှာ “ဒိုင်လူကြီးအားလုံးရဲ့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်နဲ့ မေ၀ယ်သာ နိုင်သည်” လို့ လက်ရေးနဲ့ ရေးထားပါတယ်။

    ဒီမှားယွင်းမှုကို မေးခွန်းထုတ်ခဲ့သူတွေထဲက တစ်ဦးကတော့ နာမည်ကျော် လက်ဝှေ့သမားဟောင်း ဟိုလီဖီးဖြစ်ပြီး “သိပ်မကောင်းတဲ့ ဒီပွဲမှာ ပက်ကွီအို နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

    လက်ဝှေ့ပရိတ်သတ် တော်တော်များများကလည်း ဒီအမှတ်ပေးဇယားက မှားယွင်းမှုအတွက် ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ခဲ့ကြပါတယ်။

    ပက်ကွီအို အနိုင်မရခဲ့လို့ မကျေနပ်တဲ့ ပရိတ်သတ်တွေအတွက် ဒါက ထောက်ကွက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကြိုးဝိုင်းအတွင်းမှာ မနိုင်မရခဲ့တဲ့ ပက်ကွီအို ပရိတ်သတ်တွေရဲ့ နှလုံးသားကို သိမ်းကြုံးယူသွားနိုင်တာကတော့ သေချာပါတယ်။

    Ref: Dailymail