News @ M-Media

Blog

  • ရေပြတ်လတ် ဒေသသို့ ပဲခူးမြို့ခံ ဘာသာပေါင်းစုံ ပရဟိတအဖွဲ့များ စုပေါင်း၍ ရေလှူဒါန်း

    ရေပြတ်လတ် ဒေသသို့ ပဲခူးမြို့ခံ ဘာသာပေါင်းစုံ ပရဟိတအဖွဲ့များ စုပေါင်း၍ ရေလှူဒါန်း

    မေ ၇ ၊ ၂၀၁၅
    M-Media
    သတင်း-သူရိန်
    70b111131300f63d5b318ab77bc637968b1ffd9ed94b3ae987a70fd975baa823
    ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် နွေရာသီကာလ အတွင်း ရေပြတ် လတ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ပဲခူးမြို့ရှိ ဘာသာပေါင်းစုံပါဝင်သော ပရဟိတ အဖွဲ့များ စုပေါင်းကာ ရေ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မေလ ၆ရက်နေ့က ပြုလုပ်ခဲ့သော ရေလှူဒါန်းမှုနှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက် လှူဒါန်း၍ လုပ်အားဒါနပြုခဲ့သည့် ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ လူငယ်တစ်ဦး က ၄င်း၏ ရေလှူဒါန်းမှု အပြုံးပီတိ စကားသံကို ယခုလိုပြောပြခဲ့ပါတယ်။

    “ကျွန်တော်အရမ်းပဲပျော်တဲ့အပ်ြင်ပီတ်ီလဲဖြစ်မိပါတယ်။ဘာလို့လဲဆိုတော့သက်ကြီးဘိုးဘွားတွေကိုကျွန်တေိာုတို့လူငယ်တွေကိုယ်တိုင်ထမ်းပို့ပေးတယ်။ ပြီးတော့ပရဟိတအသင်း သုံးလေးသင်းလောက်နဲ့ပေါင်းသွားကလို့ ခါတိုင်း၁ထမ်းပဲရတဲ့ ရွာသူရွာသားတွေက ဒီနေ့မှာအကန့်သတ်မရှိရကြပါတယ်။” ဟု M-Media သို့ရှင်းပြပါတယ်။

    ရေပြတ်လတ်ရာဒေသများသို့ သွားရောက် ရေဒါန ပြုခဲ့သည့် အဖွဲ့များမှာ ပဲခူးမြို့ မြန်မာမွတ်စလင်မ် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီ၊ IYCAP ပဲခူးအဖွဲ့၊ ထေရဝါဒကြယ်တံခွန် သာသနဝေယျာဝစ္စနှင့် ပရဟိတအသင်း၊ မြတ်ဒါန ပရဟိတအသင်း စသည့် ဘာသာပေါင်းစုံအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ ပါဝင်ကြသည်။

    ef8246a427102999c0cef15cac71c1eefce0bc4fab7e91216473269a386f8bcd

    မြန်မာမွတ်စလင်မ်ပညာရေးနှင့်ငြိမ်းချမ်းရေးကော်မတီအနေဖြင့် ရေကား၂စီး၊ YCAP ပဲခူးမှရေ၂စီး၊ ထေရဝါဒကြယ် တံခွန် အပါအဝင် ဇာတ်မင်းသား ချစ်စွမ်းသာ စသော စေတနာရှင် အလှူရှင်တို့မှ မီးသတ်ကား၅စီး စုစုပေါင်း ရေသယ်ယာဉ် ၉စီး ပါဝင်သည်ဟုသိရသည်။

    မေလ ၆ရက်နေ့တွင် ရေပြတ်လတ်ရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အောင်ဘုံကြီးကျေးရွာသို့  အဆိုပါ အဖွဲ့များက သွားရောက်လှူဒါန်းခြင်းဖြစ်သလို ယမန်နေ့ကလည်း သနပ်ပင်မြို့နယ် အောင်ချမ်းသာရွာ သို့ ပဲခူးမြို့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူငယ်အဖွဲ့မှလည်း ရေများလှူဒါန်းဒါနပြုခဲ့ကြောင်းသိရသည်။

    နှစ်စဉ် နွေရာသီရောက်သည့် အခါပူပြင်းခြောက်သွေ့သည့် မြန်မာနိုင်ငံဒေသအချို့တွင် သောက်သုံးရေနှင့် သုံးရေများ ရှားပါးမှုနှင့် ပြတ်လတ်မှု အခက်အခဲများ ကြုံတွေ့နေရပြီး စေတနာရှင်အလှူရှင်များ၏ ရေလှူဒါန်းပြုမှုများ လိုအပ်လျက်ရှိကြောင်းနှင့် ရေရှည်တွင် နိုင်ငံတော်အစိုးရမှ ဗျုဟာများချမှတ်ပြီး အဆိုပါ အခက်အခဲများကို စဉ်ဆက်မပြတ် ဖြေရှင်းပေးသင့်ကြောင်း အဆိုပါ ဒေသခံပြည်သူများမှ M-Media ကို ပြောကြားခဲ့ပါသည်။

    ဓါတ်ပုံများ ကြည့်ရန်


  • ဆရာဟောင်းကို မက်ဆီပညာပေးပြီး ဗိုလ်လုပွဲတက်ရေး အခြေအနေကောင်းသွားတဲ့ ဘာစီလိုနာ

    ဆရာဟောင်းကို မက်ဆီပညာပေးပြီး ဗိုလ်လုပွဲတက်ရေး အခြေအနေကောင်းသွားတဲ့ ဘာစီလိုနာ

    မေ ၇၊ ၂၀၁၅
    M-Media

    2243899_w2

    – ဒီနေ့မနက် နျူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ အသင်းဟောင်းကို ပြိုင်ဘက်အနေနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ဂွါဒီယိုလာတစ်ယောက် မျက်နှာပန်းမလှခဲ့ပါဘူး။

    ၂၀၁၃ ခုနှစ်ဆီမီးဖိုင်နယ်တုန်းက နှစ်ကျော့ပေါင်း ၇ ဂိုးပြတ်နဲ့ ဘာကာကို ဘိုင်ယန်တို့ ဖြုတ်ချနိုင်ခဲ့ဖူးပေမယ့် ဒီနေ့ပွဲမှာတော့ လုံးဝ ကွာခြားသွားခဲ့ပါတယ်။ ပွဲအစကတည်းက ဘာကာတို့ တရပ်စပ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဘိုင်ယန်ဂိုးသမား နျူအာ ကောင်းလွန်းတာကြောင့်သာ ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။

    ဘိုင်ယန်ကတော့ တစ်ပွဲလုံးမှာ အပိုင်ကန်သွင်းခွင့် ၁ ကြိမ်တောင် မရခဲ့ပါဘူး။ အိမ်ရှင်တို့ရဲ့ ခြိမ်းခြောက်မှုကို ဘိုင်ယန်တို့ ဒုတိယပိုင်းအထိ အကောင်းဆုံး ကာကွယ်ထားနိုင်ခဲ့ပေမယ့် ၇၇ မိနစ်မှာ ဂိုးစပေးလိုက်ရပါတယ်။ ဒီဂိုးကိုတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ မက်ဆီက သွင်းယူပေးခဲ့တာဖြစ်ပြီး မိနစ် ၈၀ မှာလည်း သူကပဲ နောက်ထပ်တစ်ဂိုး ထပ်သွင်းပေးခဲ့ပါတယ်။ ပွဲအပြီး နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာတော့ မက်ဆီရဲ့ ဖန်တီးပေးပို့မှုကတစ်ဆင့် နေးမာက တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

    ဘာကာတို့ကတော့ နောက်တစ်ဆင့်တက်ရေး တော်တော်လေး အခြေအနေကောင်းသွားပြီး ဒုတိယအကျော့မှာ ဘိုင်ယန် ဖောင်ဖျက်ကစားရပါလိ့မ်မယ်။

    ဂွါဒီယိုလာက မိမိတို့အသင်းဟာ အချိန်အတိုင်းအတာတစ်ခုအထိ ကောင်းခဲ့ပေမယ့် မက်ဆီက သူ့ရဲ့အဆင့်အတန်းကို ပြသသွားခဲ့တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    “ဘာကာဟာ သိပ်ကောင်းပါတယ်။ သူတို့ လိုချင်တိုင်း နေရာလွတ်တွေကို ရှာလို့ရပါတယ်။ ဒါဟာ သူတို့အသင်းရဲ့ ပါရမီဖြစ်ပြီး ကျွန်တော်တို့အတွက် အရှုံးကို ဖြစ်စေခဲ့တာပါပဲ။ နျူးကမ့်မှာ ကစားရတာ သိပ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဘာကာရဲ့ ပထမဆုံးဂိုး မရခင်အထိ ကျွန်တော်တို့က ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့အသင်း
    မထိန်းနိုင်တော့ပါဘူး။ ဒါပေမယ့် ကစားသမားတွေကို ကျွန်တော် အပြစ်တင်မှာ မဟုတ်ပါဘူး။ အသင်းဟာ ဒီနှစ်အတွင်းမှာ ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့ရပါတယ်” လို့ ဂွါဒီယိုလာက ဆိုပါတယ်။

    ဘာကာနည်းပြ လူးဝစ်အန်းရစ်ကတော့ တစ်သင်းလုံးကို ချီးကျူးခဲ့ပါတယ်။

    “ဂွါဒီယိုလာရဲ့ နည်းစနစ်တွေဟာ သူ့ရဲ့ပုံစံ၊ သူ့ရဲ့ဒဿနနဲ့ သူ့ရဲ့အသင်းအနေအထားအတိုင်း ဖြစ်သလို့ ကျွန်တော်တို့ကလည်း အမြဲတမ်းကစားနေကြအတိုင်း ကစားခဲ့တာပါပဲ။ မက်ဆီက ကျွန်တော့်ကို ထွေထွေထူးထူး မအံ့သြစေခဲ့ပါဘူး။ သူ့မှာ ပြင်းပြတဲ့ဆန္ဒနဲ့ မွတ်သိပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် မက်ဆီကသာ အသင်းရဲ့ တစ်ဦးတည်းသော ဗိသုကာလို့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က လက်ဖျားခါလောက်စရာဖြစ်ပြီး အဓိကတစ်ချက်က ကျွန်တော်တို့ တစ်ဂိုးမှ မပေးလိုက်ရတာပါပဲ။ ကျွန်တော်တို့ အခု ဗိုလ်လုပွဲနဲ့ နည်းနည်း ပိုနီးလာပါပြီ။ ဒါဟာ ပြည့်စုံတဲ့ရလဒ် ဖြစ်ခဲ့ပြီး ဘာလင်နဲ့ ပိုနီးစေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျော်ဖြတ်ဖို့ ဒုတိယအကျော့ ရှိနေပါသေးတယ်” လို့ အန်းရစ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ဘိုင်ယန်နဲ့ ဘာစီလိုနာတို့ရဲ့ ဒုတိယအကျော့ကိုတော့ လာမယ့် အင်္ဂါနေ့ညမှာ မြူးနစ်မှာ ကစားမှာဖြစ်ပါတယ်။

  • နိုင်ငံတကာ သတင်းတို (မေ ၆၊ ၂၀၁၅)

    မေ ၆၊ ၂၀၁၅
    M-Media

    လက်ယာစွန်းရောက် အကြမ်းဖက်အဖွဲ့ကို ဂျာမန်ရဲ ဖမ်းဆီး
    ————————————-
    မွတ်စလင်များ၏ အိမ်များနှင့် ဒုက္ခသည်အဖြစ် နိုင်ငံအတွင်း နေထိုင်ကြသူတို့၏ အိမ်များကို ဖောက်ခွဲတိုက်ခိုက်ရန် စီစဉ်နေသည့် လက်ယာစွန်းရောက် အကြမ်းဖက်အဖွဲ့ Oldschool Society မှ အဖွဲ့ဝင် ၄ ဦးအား ဂျာမန်ရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးရမိသူများမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့နှင့်အတူ ဖောက်ခွဲရေးပစ္စည်းများလည်း ပါဝင်သည်။သို့သော်လည်း မည်သည့်နေရာကို မည်သည့်အချိန်တွင် တိုက်ခိုက်မှုပြုလုပ်ရန် သတ်မှတ်ထားသည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ကမ္ဘာတစ်ဝှမ်း ၃၈ သန်းရှိ
    ——————————
    ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအတွင်း ဖြစ်ပွားနေသော ပဋိ့ပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်မှာ ၂၀၁၄ ခုနှစ်တွင် ၃၈ သန်း ရှိလာပြီဟု နော်ဝေ ဒုက္ခသည်ကောင်စီ၏ နိုင်ငံတကာ အိုးအိမ်စွန့်ခွာထွက်ပြေးသူများ စောင့်ကြည့်ရေးစင်တာမှ ယနေ့တွင် ထုတ်ပြန်လိုက်သည်။ အီရတ်တွင် IS ကြောင့် ထွက်ပြေးရသူများမှာ ၂.၂ သန်း ရှိပြီး၊ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့တစ်ဝှမ်း၌ ထွက်ပြေးရသူများမှာ ၁၁ သန်းရှိခဲ့သည်။ ဆီးရီးယား၊ အီရတ်၊ တောင်ဆူဒန်၊ နိုက်ဂျီးရီးယားနှင့် ကွန်ဂိုနိုင်ငံများမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း၏ အရေအတွက်မှာ အားလုံးပေါင်းအရေအတွက်၏ ၆၀ ရာခိုင်နှုန်းခန့် ရှိနေသည်။

    နိုင်ငံထဲ ဒုံးကျည်ကျ၍ ယီမင်နယ်စပ်ကို ဆော်ဒီဗုံးကျဲ
    ————————————
    ယီမင်ရှိ ဟူသီသူပုန်များ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များမှာ ဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့ နဂ်ျရန်သို့ ကျရောက်ခဲ့သောကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီးနောက် ဆော်ဒီက ယီမင်အနောက်မြောက်ပိုင်း ဆော်ဒီနယ်စပ်အနီး ဆအာဒါနှင့် ဟက်ဂျာပြည်နယ်များသို့ လေကြောင်းမှ တိုက်ခိုက်မှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့သည်။ ဆော်ဒီ၏ တိုက်ခိုက်မှုအတွင်း အရပ်သား ၄၃ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဟူသီသူပုန်များဘက်မှ ပြောကြားခဲ့သည်။

    မောင်းသူမဲ့ ထရပ်ကားတွေ စမ်းပြပြီ
    ————————————
    ကမ္ဘာ့အကြီးဆုံး ထရပ်ကားထုတ်လုပ်သည့် ကုမ္ပဏီ Daimler က ၎င်းတို့၏ မောင်းသူမဲ့ ထရပ်ကားကို အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု နီဗာဒါတွင် ပြုလုပ်ခဲ့သည့် Las Vegas Motor Speedway ကားပြပွဲတွင် စမ်းသပ်မောင်းနှင်ပြခဲ့သည်။ Freightliner Inspiration ဟု အမည်ရသည့် အဆိုပါထရပ်ကားတွင် အရှေ့ကားနှင့် အန္တရာယ်ကင်းသော အကွာအဝေးတွင် ရပ်နိုင်သည့်စနစ်၊ အနီးနှင့် အဝေးတို့အား ကောင်းမွန်စွာ ထောက်လှမ်းနိုင်သည့် ရေဒါစနစ်၊ မီတာ ၁၀၀ အကွာအဝေးအထိ
    ဖမ်းယူရိုက်ကူးထားနိုင်မည့် ကင်မရာ၊ ၂၀၁၁ ခုနှစ်ကတည်းက အောင်မြင်စွာ စမ်းသပ်ပြီးခဲ့သည့် စတီရာတိုင် ဂီယာတို့ ပါဝင်သည်။ အဆိုပါ ထရပ်ကားများကို မည်သည့်အချိန်တွင် ရောင်းချမည်ကို မသိရသေးသော်လည်း ထရပ်ကား ၂ စီးကို အမေရိကန်ရှိ လမ်းမများတွင် မောင်းနှင်ရန် ခွင့်ပြုထားသည်။

    Ref: News Agencies

  • ယုံကြည်မှုရှိရအောင်

    ယုံကြည်မှုရှိရအောင်

    မေ ၆ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    confidence
    နေ့စဉ်ဘဝမှာ လူတိုင်းလိုလို အသက်မွေးဝမ်းကျောင်းတစ်ခုခုကို လုပ်နေကြတာမို့ လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်နှင့် မဖြစ်မနေ ဆက်ဆံရပါတယ်။ လုပ်ငန်းသဘာဝအရ ငွေကြေးနှင့် ပတ်သက်ရတာရှိသလို အလုပ်တာဝန်ပိုင်းနှင့် ဆက်စပ်ရတာမျိုးတွေ ရှိပြန်တယ်။ အလုပ်လုပ်တယ်ဆိုရာမှာ ပထမအရွယ်ကို လွန်ခြောက်လို့ ဒုတိယအရွယ် (လူငယ် သို့မဟုတ် လူလတ်) ဘဝမှာ အားတက်သရော အပြိုင်အဆိုင်ဆိုသလို စီးပွားရှာကြသည်ပဲပေါ့။ ကိုယ့်အတွက်၊ ကိုယ့်ရဲ့အနာဂတ်စိတ်ကူးကို ပုံဖော်ဖို့ (ဆိုပါစို့ ဘဝလက်တွဲဖော်နှင့် အတူနေဖို့) ဒါ့အပြင် မိသားစုအတွက် ရည်သန်ပြီး ကျားကုတ်ကျားခဲကြိုးပမ်းကြတာ ယေဘုယျ သဘာဝ တစ်ခုပါပဲ။ အောင်မြင် တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က တူချင်တူပေမယ့် တကယ်တမ်းလက်တွေ့မှာ လူတိုင်း လူတိုင်းအောင်မြင် တိုးတက်ကြတာမျိုးချည်း မဟုတ်တာတော့ လက်တွေ့သိသာနိုင်ပါတယ်။ လောကဓံရဲ့ အထိုးအနှက်ကြောင့် ပျက်စီးဆုံးရှုံးရတာပါလို့ တချို့ကအကြောင်းပြရင်း စိတ်ဓာတ်တွေ ဖရိုဖရဲလွင့်စဉ်ခဲ့ရတယ်။

    ကံကြမ္မာကြောင့်ချည်း မဟုတ်ဘဲ လူကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်တဲ့ နည်းလမ်း မဟုတ်တာကြောင့် ဘဝမှာ နာလန်မထူနိုင်အောင် အလဲလဲအပြန်ပြန်ဖြစ်တာလည်း ရှိပြန်တယ်။ အဲဒါဘာကြောင့်များလဲ။ အဖြေကရှင်းပါတယ်။ မျက်စိတစ်ဆုံး အဝေးကြီးကို မြော်မြင်ဆင်ခြင်မှု မရှိဘဲ မျက်မွှေးတစ်ဆုံး ယာယီ ခရီး တိုတိုလေးလောက်ကိုပဲ ဦးစားပေးမိတာကြောင့်ပါပဲ။ တစ်နည်းပြောရရင် တစ်နပ်စား ဥာဏ်သုံးလို့ အညာအလှိုင်းတွေကြားမှာ ခဏယာယီစီးပွားတက်လိုက်သလိုရှိပေမယ့် ကိုယ့်ရဲ့အနာဂတ် ပျောက်ကွယ်သွားတာကိုတော့ ရေရှည်မှာကြုံဆုံရမှာ အသေအချာပါပဲ။ ကောင်းပြီ အခုလို ဆုံးရှုံးနစ်နာမှုမျိုးဖြစ်ရတဲ့ အဓိကအကြောင်းရင်းကို စီစစ်ကြည့်ရင်တော့ ထင်ရှားသိသာနိုင်တာ တစ်ခုပဲရှိတယ်။ အဲဒါက “ယုံကြည်မှု”။ အမှန်ပါပဲ စီးပွားရှာကြည့်ရာမှာ အမြတ်နှင့်အရှုံးဆိုတာ ခွဲမရအောင်တတွဲတွဲကပ်ပါနေတာမျိုးလေ။

    ဒီတော့လုပ်ငန်းလုပ်ရင်းကိုင်ရင်းငွေကြေးဆုံးရှုံးသွားတာ သိပ်ပြီးဆန်းလှတယ်တော့ မဟုတ်ဘူးပေါ့။ ငွေမျောမှာတော့ လိုက်ရမှာက ငွေပဲလေ။ ငွေကြေးဆုံးရှုံးတာ ဆုံးရှုံးမှုတစ်ခုပဲလို့ ဆိုနိုင်သလို မိတ်ဆွေကောင်းဆုံးရှုံးတာပိုပြီး ဆုံးရှုံးတဲ့သဘော။ အကျင့်စာရိတ္တ ဆုံးရှုံးလို့ကတော့ အရာခပ်သိမ်းဆုံးရှုံးသွားပြီဆိုတဲ့ကြားဖူးနေကျ အဆိုအမိန့်အတိုင်းပါပဲ။

    အကျင့်စာရိတ္တရဲ့ သော့ချက်ဟာ ရိုးသားဖြောင့်မတ်ခြင်းအပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ “ယုံကြည်မှု” ပါလို့ဆိုရမှာပါ။ လူ့အသိုင်းအဝိုင်းမှာ ပေါင်းသင်းဆက်ဆံရေး၊ အဖွဲ့အစည်းတွေအောင်အောင်မြင်မြင် ရပ်တည်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ အဆင်ပြေလွယ်ကူရေးစတာတွေအတွက် ယုံကြည်မှုဟာ မဖြစ်မနေအရေးပါတဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။

    ယုံကြည်မှုမရှိခဲ့ရင် သူစိမ်းတစ်ရံဆံတွေနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေမှု လုံးဝမရှိနိုင်ပါဘူး။ အောင်မြင်တဲ့ခေါင်းဆောင်ကောင်း၊ အုပ်ချုပ်ရေးမှူး (မန်နေဂျာ)၊ အရောင်းမြှင့်တင်ရေးဝန်ထမ်း၊ အဖွဲ့အစည်းတစ်ခုရဲ့အသင်းဝင်၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ၊ သူနာပြုနှင့်နည်းပြ၊ ဆရာဝန်နှင့် သူနာပြုအစရှိတဲ့ လူတန်းစာအလွှာအသီးသီးအပြင် အလုပ်ရှင်နှင့် အလုပ်သမားစသူတွေအတွက် လုပ်ငန်းအဆင်ပြေချောမွေ့ ယုံကြည်မှုကအဓိကအကျဆုံးအရာတစ်ခုပါ။ အခြေအနေတစ်ခုခုမှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအားနည်းသွားခဲ့ရင် ရန်လိုမှု၊ နာကြည်းမုန်းတီးမှုတွေက ရှိရင်းစွဲအဖြူရောင် ခင်မင်ရင်းနှီးမှုကို ဖျက်ဆီးပစ်လိုက်မှာ သေချာတယ်။

    ဘဝမှာ ကြုံတွေ့ဆက်ဆံနေကြရသရွေ့တော့ အချင်းချင်း ယုံကြည်မှုရှိမှဖြစ်မယ်ဆိုတာကိုတော့ ပညာရှင်အသီးသီးက အထပ်ထပ်ပြောလေ့ရှိကြပါတယ်။ လွယ်လွယ်ကူကူလေးနှင့်ပဲ လူတကာရဲ့ ယုံကြည်မှု၊ ကိုးစားမှု ခံရအောင် လေ့ကျင့် ယူနိုင်ကြောင်းလည်း နည်းပေးလမ်းပြ ပြုထားကြတယ်။

    ဒီတော့ပညာရှင်တွေရဲ့ ညွှန်းဆိုတာတွေကို လေ့လာကြည့်နိုင်သလို ကိုယ့်ရဲ့မိသားစုဝင်တွေ၊ ဦးစီးဦးဆောင်လုပ်နေသူတွေ လုပ်ဖော်ကိုင်ဖက်နှင့် နီးစပ်ရာ ပတ်ဝန်းကျင်ကို မျှဝေလို့လည်း ရနိုင်ပါတယ်။

    ကိုယ်တကယ်တမ်းလုပ်မယ်လို့ ရည်ရွယ်ထားတာကိုပြောပြခဲ့ရင် ပြောတဲ့အတိုင်းဖြစ်အောင် ဆောင်ရွက်ရပါလိမ့်မယ်။

    ရိုးရိုးသားသားနှင့်ပဲ ကိုယ့်အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် တို့ကို မကြာမကြာဆက်သွယ်ရင်း ယုံကြည်မှုကို တည်ဆောက်နိုင်တယ်။ လုပ်ငန်းသဘောအရ ဆက်သွယ်နေသူတွေ၊ ကိုယ့်ရဲ့ဘဝလက်တွဲဖော်တွေနှင့်လည်း ရိုးသားဖြောင့်မတ်မှုအပြည့်နှင့် စဉ်ဆက်မပြတ်ဆက်ဆံနေခြင်းကလည်း ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။

    အနှစ်နှစ်အလလ တည်ဆောက်လာတဲ့ ယုံကြည်ဆက်ဆံမှု၊ တစ်ရက်တည်းနှင့် ရရှိခဲ့တဲ့ယုံကြည်မှု။ ဘာပဲဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်းမှာ ပျက်ဆီးသွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့်ပေါ့။ ဒီတော့ အသေအချာဆင်ခြင် သုံးသပ်ပြီးမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချသင့်တယ်။

    ခဏယာယီ အဆင်ပြေအောင်မြင်မှုရဖို့ထက် ရေရှည်ဆက်ဆံနိုင်အောင် ယုံကြည်မှုအပြန်အလှန်ထားတတ်ဖို့တော့လိုတယ်။ ကိုယ့်ရဲ့လက်အောက်ဝန်ထမ်းတွေ၊ အထက်အရာရှိတွေ အားလုံးကိုယ့်အပေါ်ယုံကြည်မှုအပြည့်ရှိအောင် နေထိုင်ပြောဆိုတတ်ဖို့ အရေးကြီးဆုံး။ ဒါမှမဟုတ် အောင်မြင်မှုနှင့်အဝေးမှာ သေချာတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်မှုရှိပြီး ကိုယ့်အထက်အရာရှိ (အလုပ်ရှင်) ကို လေးစားယုံကြည်မှုရှိလို့ကတော့ လုပ်ငန်းအောင်မြင်ဖို့က တကယ့်ကိုကျိန်းသေပဲလို့ ဆိုရမှာပါ။ အလိမ်အညာတွေက ခဏယာယီ စိတ်ကိုနှစ်သိမ့်နိုင်သည်ပဲထား ရေရှည်အတွက် မျှော်မှန်းရင်တော့ ယုံကြည်မှုကို အသက်လိုတန်ဖိုးထားရလိမ့်မယ်။ လူသားအချင်းချင်း စာနာနားလည်ပေးရင်း ကောင်းကျိုးဆောင်ရွက်သူကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ယုံကြည်မှု အပြည့်အဝထားမှာဖြစ်လို့ ရိုးသားဖြောင့်မတ်ခြင်းက ယုံကြည်မှုရဲ့အခြေခံ ဒေါက်တိုင်တွေလိုပါပဲလို့။

    နှင်းဆီခင်

  • နျူးကမ့်သို့ ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟု ဂွါဒီယိုလာပြော

    နျူးကမ့်သို့ ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟု ဂွါဒီယိုလာပြော

    မေ ၆၊ ၂၀၁၅
    M-Media

    baca

    – နျူးကမ့်သို့ ပြန်လည်လာရောက်ခြင်းမှာ ဂုဏ်ပြုခံရန် လာရောက်ခြင်း မဟုတ်ဘဲ အသင်းဟောင်အား ဖြုတ်ချရန် လာရောက်ခြင်းဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက ပြောကြားလိုက်သည်။

    ဘိုင်ယန်မှာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာစီလိုနာအသင်း၏ အိမ်ကွင်း၌ ယနေ့ညတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဘာစီလိုနာကို နှစ်များစွာ ကိုင်တွယ်ခဲ့ပြီး ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည့် ဂွါဒီယိုလာမှာ ၂၀၁၂ ခုနှစ် ဘာကာမှ ထွက်ခွာပြီးနောက်ပိုင်း ယခု ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရင်ဆိုင်ရခြင်း ဖြစ်သည်။

    ပွဲအကြိုပြင်ဆင်မှုများတွင် ဂွါဒီယိုလာ နျူးကမ့်သို့ပြန်လည်လာရောက်မည့် ကိစ္စများကသာ လွှမ်းမိုးနေသည်။ ဂွါဒီယိုလာက အဆိုပါညမှာ စိတ်လှုပ်ရှားဖွယ်ကောင်းမည် ဖြစ်သော်လည်း ထိုခံစားမှုကို မိမိ၏ ရည်မှန်းချက် လမ်းကြောင်းအတွင်းသို့ ရောက်ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ပြန်လာရ သိပ်ကိုကောင်းပါတယ်။ ရှင်းရှင်းပြောရရင် ဒီအသင်းမှာ ကျွန်တော် နှစ်များစွာ ရှိခဲ့တာကြောင့် ကျွန်တော့်အတွက် သိပ်ကို ထူးခြားမှာပါ။ အခုတော့ ကျွန်တော်ဟာ ဘိုင်ယန် နည်းပြ ဖြစ်နေပါပြီ။ မနက်ဖြန်ပွဲအတွက် ကျွန်တော် ဒီမှာရှိနေပါတယ်။ ဒါဟာ
    ကျွန်တော့်အလုပ်ဖြစ်ပြီး အကောင်းဆုံး လုပ်ရမှာပါ” ဟု ဂွါဒီယိုလာက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဂုဏ်ပြုခံရန် လာရောက်ခြင်းမဟုတ်ဟုလည်း ဆိုသည်။

    “တကယ်လို့ ကျွန်တော်ဟာ အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ရင် ဒီကို ပြန်ရောက်နိုင်ချေရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ အခုအကြိမ်ကတော့ ပထမဆုံး အကြိမ်ပါပဲ။ ကျွန်တော် ဒီကို ဂုဏ်ပြုခံဖို့ လာတာ မဟုတ်ပါဘူး။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်ဖို့ပါ”

    ဂွါဒီယိုလာမှာ ကစားသမားနှင့် နည်းပြအဖြစ်ပါ ဘာစီလိုနာ၌ အောင်မြင်ခဲ့ပြီး လက်ရှိ ဘာစီလိုနာအသင်းတွင်လည်း ဂွါဒီယိုလာလက်အောက်တွင် အလုပ်လုပ်ခဲ့သည့် ကစားသမား အများအပြား ပါဝင်သည်။ ဂွါဒီယိုလာကမူ ဘာကာအကြောင်း သိထားမှုက တစ်ပန်းသာသည်ဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: Goal